(၁)
သူ့ကို ကျွန်တော်က “ဇော်” ဟုချစ်စနိုးနှင့်ခေါ်တတ်ပါသည်။ ကျွန်တော်တို့နှစ်ယောက်အဆင်ပြေ သွားသည့်အချိန်တွင်ပေါ့။ ရန်သူမဟုတ်သော်လည်း ခင်မင်ရသည့်သူငယ်ချင်းလည်းမဟုတ်သည့် ကာလများတွင်တော့ သူ့ကို ကျွန်တော် “ကောင်းစည်သူဇော်” ဟုပင်နာမည်ရင်းအတိုင်းခေါ်ပါသည်။ သူ ကတော့ ကျွန်တော့်ကို “မိုးစွေ” ဟုပင်တစ်လုံးတစ်ခဲကြီးခေါ်တတ်သည်။ သူက ကျွန်တော့်ထက် သုံး လအတိငယ်လေသည်။
ဘယ်တော့မှ သူငယ်ချင်းဖြစ်မည်မဟုတ်သော ဆုံတွေ့မှုဖြင့် သူနှင့်ကျွန်တော်တို့တွေ့ဆုံမှုအစနေ့ ရက်များကိုဖြတ်သန်းခဲ့ရပါသည်။ ကျွန်တော်က အတန်းထဲတွင် လူအများ၏ မျက်စိစပါးမွှေးစူးစရာ လူတစ်ယောက်ဖြစ်ခဲ့ရသည်ပင်။ ကျွန်တော့်ကိုကြည့်မရကြောင်း၊ အပေါင်းအသင်းမလုပ်လိုကြောင်း ကိုလည်း မည်သူကမျှပြောဆိုခြင်းမရှိခဲ့သော်လည်း သူတို့၏မျက်ရိပ်မျက်ကဲကိုကြည့်ခြင်းအားဖြင့် အတပ်သိနိုင်ခဲ့လေသည်။ ကျွန်တော်တို့က အထက်တန်းကျောင်းသားများမဟုတ်၊ တက္ကသိုလ် ကျောင်းသားများမဟုတ်ဘူးလေ။
ဒီပလိုမာတန်းမို့ အားလုံးလိုလိုက အလုပ်အကိုင်ကိုယ်စီ၊ အနေအထားကိုယ်စီဖြင့်အရွယ်ရောက်ပြီး လူကြီးများချည်းသာပင်။ ထို့ကြောင့် သူတို့သည် ကျွန်တော့်ကိုမြင်လျှင်ခေါင်းညိတ်ပြရုံကလွဲ၍ ပြုံးမ ပြကြ၊ စကားဝိုင်းထဲဆွဲမခေါ်တတ်ကြသလို ကန်တင်းသွားလျှင်လည်းမခေါ်တတ်ကြ။ ကျွန်တော် ကိုယ်တိုင်ကလည်း အရွဲ့တိုက်တတ်သူပီပီ သူ့တို့ရှေ့တွင်မျက်နှာကြောတင်းတင်းဖြင့်နေတတ်လေ သည်။ ကျောင်းကအပြန် ကားရပ်ထားရာနေရာသို့အသွားတစ်ယောက်ယောက်နှင့်တွေ့ပါကလည်း မမြင်ချင်ယောင်ဆောင်ကာ မျက်နှာလွှဲပစ်လိုက်မိသေးသည်။ ကျောင်းကိစ္စတစ်ခုခုလာပြောပါက လည်းအမြဲတမ်းဘုနှင့်ဘောက်မို့ ကန့်လန့်ကောင်ဟု ကွယ်ရာတွင်ခေါ်တတ်ကြသေးသည်။ ဒီပလိုမာ တန်းကျောင်းသားများမို့ အတန်းဖော်ကို သိပ်ဂရုမထား၊ ဆရာကြီး၊ ဆရာမကြီးတို့၏လက်ချာကိုသာ အာရုံစိုက်ရန် ကျွန်တော်ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် မပတ်သက်၍ဘာမျှမဖြစ် သလို သူတို့ကလည်း ကျွန်တော့်ကိုအရေးမလုပ်တတ်။ သူ့ကိုတော့ နေ့တိုင်းလိုလိုကြည့်ဖြစ်သည်ကို တော့ဝန်ခံရပါမည်။
သူအတန်းထဲကို ဝင်လာသည့်အချိန်၊ လက်မှတ်ထိုးသည့်အချိန်၊ လက်ချာယူနေသည့်အချိန်၊ ဆရာမ နှင့်ဆွေးနွေးသည့်အချိန်၊ အတန်းထဲကလစ်ထွက်သည့်အချိန် စသည်ဖြင့် သူနှင့်ပတ်သက်၍ အသေး စိတ်ကို ကျွန်တော့်မသိစိတ်ကကြည့်နေမိခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်နှင့်သူ အမြီးအမောက် မတည့်ခဲ့ပါ။ သွယ်တန်းနေသောမျက်ခုံးမွှေး၊ ဖောင်းအိနေသည့်ပါးပြင်၊ နှာတံစင်းစင်း၊ နှုတ်ခမ်းပါးပါး တို့ကိုပိုင်ဆိုင်ထားသည့် သူ့အပြုံးများသည် နှစ်လိုဖွယ်ကောင်းလှ၏။ သူရယ်လိုက်ပြီဆိုလျှင် မျက် ပေါက်က ကျဉ်းသွားတတ်သည်။ မျက်လုံးခပ်မှေးမှေးကောင်လေးပေါ့။ သူ့ဆံပင်ပျော့ပျော့များကို ဒီ အတိုင်းအရှေ့မျက်ခုံးနားအထိ ပိုသီပက်သီချထားတတ်ပြီး ဂျယ်လိမ်းဖြီးသင်တာမျိုးတစ်ခါမျှပင်မ တွေ့ဖူးပါ။
ကျွန်တော့်မျက်ခုံးများကသူ့လောက်မကောင်းသော်လည်း သူ့ထက်ထူပါသည်။ ကျွန်တော့်မျက်လုံး များက သူ့ထက်အရောင်ပိုတောက်သည်ဟုဆိုရမည်။ ကျွန်တော်သည်လည်း သူ့လိုပင် ပါးပြင်းဖောင်း အိအိကိုပိုင်ဆိုင်ထားက နှာတံစင်းစင်း၊ ကော့ညွှတ်နေသည့်နှုတ်ခမ်းများကြောင့် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဟု အများက သတ်မှတ်ထားကြသည်။ ဆံပင်ကို ကျော့နေအောင်ဖြီးသင်လိုက်သည့်အခါ ကောင်မလေးတော်တော်များများ၏ အကြည့်က ကျွန်တော့်ဆီကို သမင်လည်ပြန်ရောက်လာတတ် သည်။
“ဟိုတလောကလုပ်တဲ့ပွဲမှာ Mr ရသွားတဲ့တစ်ယောက်လေ” ဟု တီးတိုးတီးတိုးသဖန်းပိုးလုပ်ကာ ကျွန်တော့်ကိုလိုက်ကြည့်တတ်ကြသည်။ ဖက်ရှင်ကုမ္ပဏီတစ်ခု ၏ မစ္စတာ (Mr) ရွေးပွဲတွင် ကျွန်တော်ဆုရဖူးမှန်း ဘယ်သူက သတင်းယူဆောင်လာသလဲတော့ အတိအကျမသိ။ ကျွန်တော် တက်နေသည့် ရန်ကုန်တက္ကသိုလ်၊ အသုံးချစိတ်ပညာ ဒီပလိုမာတန်းတွင် ထိုသတင်းကအပြန့်မြန် ကာ ကျွန်တော့်ကို အမြင်စောင်းသူများရှိနှင့်နေခဲ့သည်။
“Mr ရတယ်ဆိုပြီး ချေ တဲ့ကောင်လေ၊ စကားပြောလည်းအကောင်းပြန်မပြောဘူး၊ သွေးနားထင် ရောက်နေတာ၊ ကြည့်မရဘူး”
ပထမတုန်းကတော့ သိပ်သတိမထားမိခဲ့။ နောက်တော့လည်း လူတော်တော်များများက ကျွန်တော့် ကို လှိုက်လှိုက်လှဲလှဲမရှိသလိုခံစားရလာသည်မို့ ရှောင်နေလိုက်တာလည်းပါမည်ထင်ပါသည်။ ဒီပလို မာတန်းသည် ဆယ်ကျော်သက်အရွယ်တက်သည့်ကျောင်းမဟုတ်သည်မို့ အချစ်နှင့်ပတ်သက်၍ အလှ အပနှင့်ပတ်သက်၍ သိပ်အရေးမပါသလို ထင်ပေါ်ကျော်ကြားမှုလည်းသိပ်အရေးမကြီးတော့ပါ။ တစ် ချို့တစ်ဝက်က အိမ်ထောင်သည်ဖြစ်ပြီး တော်တော်များများကလည်း ရည်းစားသနာရှိပြီးသူများလေ သည်။
ကျွန်တော့်အပေါ်တွင် “ဇော်” အပါအဝင် လူတော်တော်များများ၏ အမြင်မကြည်လင်မှုများ ကိုအလုပ် အတူတွဲလုပ်ရသည့်အချိန်ကျမှ ကွင်းကွင်းကွက်ကွက် သိရှိရာမှ ကျွန်တော့်ဘဝ၏ အချိုးအကွေ့ အဖြစ်အပျက်အချို့စတင်ခဲ့ခြင်းဖြစ်သည်။ ဇော် နှင့်ကျွန်တော်တို့၏ ပတ်သက်မှုအစ ဟု ဆိုရမည်ပင်။ မနက် ရှစ်နာရီဆိုလျှင် အတန်းထဲကိုရောက်လာ၊ ဆရာရောက်သည်နှင့်လက်ချာယူ အတန်းပြီးလျှင်ပြန် ဆိုသည့်သမားရိုးကျအဖြစ်အပျက်ထက် ပိုသည့် အတန်းတွင်းလှုပ်ရှားမှုအချို့ကို ပူးပေါင်းဆောင်ရွက်ရန်အခွင့်အရေးပေါ်လာခဲ့ခြင်းပင်။ ဇော် တို့နှင့် အလုပ်အတူလုပ်ရသည့်အချိန် များသည် အရာအားလုံးအမှတ်တရတွေချည်းပင်။ ပထမ တစ်လနှစ်လတွင် သူတို့သည်ကျွန်တော့် အပေါ်ကို ဘယ်လိုမှကြည့်မရခဲ့သလို ဆိုခဲ့ပြီးသည့်အတိုင်း ကျွန်တော့်အကြောင်းကိုလည်းတီးတိုးတီး တိုးလုပ်တတ်ကြသေးသည်။
အဖွဲ့လိုက်ခွဲပြီး Group Presentation လုပ်ရမည့်အချိန်မတိုင်ခင်အထိ ကျွန်တော်သည်မည်သူနှင့်မျှ စကားကောင်းကောင်းမပြောခဲ့ဖူးပါ။ သူ့ကိုခိုးကြည့်မိသည်မှာလည်းမသိစိတ်ကဖြစ်ပြီး သူသည်လည်း ကျွန်တော်နှင့်သိပ်အကြောမတည့်ဘူးဟုထင်မှတ်ယူဆထားပုံရပါသည်။ ဂျစ်ကန်ကန်၊ မာနကြီးလွန်း သည့်ကောင်အဖြစ်သာ ကျွန်တော့်ကို ကင်ပွန်းတပ်ချင်ကြသည်။ ကျွန်တော်ဂရုမစိုက်ခဲ့ပါ။
သို့သော် ဇော် တို့နှင့် ကျွန်တော်တစ်ဖွဲ့တည်းကျလာခဲ့သည့်ဖြစ်ရပ်က ကျွန်တော်ဂရုစိုက်ရမည့်အခြေ အနေဖြစ်လာခဲ့တော့သည်။ ဇော်တို့သူငယ်ချင်းလေးယောက်နှင့်အတူ အသုံးချစိတ်ပညာ အတန်းထဲ ၌ အဖွဲ့လိုက် Presentation လုပ်ရန် အခွင့်အရေးကျရောက် လာခဲ့ ခြင်းက ကျွန်တော့် မသိစိတ်က မျှော်လင့်ခဲ့မိသော အဖြစ်အပျက်တစ်ခုဟုဆိုရမည်ပင်။ ကျွန်တော်သည် ဇော်နှင့်စကားပြောချင်ပြီး ဇော်နှင့်အတူ ဟိုသွားဒီလာလုပ်ချင်စိတ်များကိန်းအောင်းနေခဲ့သည်ကို ကျွန်တော့်ကိုယ်ကျွန်တော် တောင်မဆင်ခြင်ခဲ့မိပါ။
Child Psycho ဘာသာရပ်အတွက် Presentation ကို “ကလေးများအားငယ်စဉ်ကပင် ဂရုတစိုက် ပြုစု စောင့်ရှောက်သင့်ရန်လိုအပ်သည့်အကြောင်းအရာ” ဖြင့်ပြုလုပ်ရမည်ဖြစ်သည်။ ကိုယ့်အဖွဲ့သူ့ အဖွဲ့ စ သည်ဖြင့် ခင်ရာမင်ကြောင်းသူငယ်ချင်းအချင်းချင်းအဖွဲ့ဖွဲ့ကြခြင်းမို့ ကျွန်တော့်လိုအဖွဲ့ကွဲ နေသူက ဘက်ပဲ့နေခဲ့သည်။ အတန်းထဲတွင် ကျွန်တော်၏တစ်ဦးတည်းသော သူငယ်ချင်းကျော်ဇော ကလည်း အတန်းလာတစ်ချက် မလာတစ်ချက်မို့ ဘယ်အဖွဲ့ထဲပါလို့ပါနေမှန်းမသိ။ အတန်းကိုကြီး ကြပ်နေရ သည့် ဆရာမကလည်း အဖွဲ့နာမည်များတောင်းနေပြီမို့ ကျွန်တော်သည် ဇော့်ကိုစကား ပြောရန်စတင် ခဲ့တော့သည်။ ဇော်တို့အဖွဲ့ထဲပါရန် အစတုန်းကတော့ မဝံ့မရဲဖြစ်မိသေးသည်။ သို့သော်လည်း ကျွန် တော့်မသိစိတ်ကဇော်နှင့်နီးစပ်လိုသည့်အခြေအနေကို သိစိတ်ကတွန်းပို့ပေးခဲ့ သည်။ ထို အခွင့်အရေး ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တော့။ ကျွန်တော့်ကို အဖွဲ့ထဲပါဖို့ သွားတောင်းဆို ခဲ့တော့ သူတို့အားလုံး အံအားသင့်နေကြသည်။
“တစ်ယောက်တည်းဘက်ပဲ့နေတယ်ဆိုတော့လည်း ပါလေ၊ ရပါတယ်၊ အတန်းဖော်အချင်းချင်းပဲ ရိုင်း ပင်းကူညီရတာပေါ့၊ လုပ်စရာရှိဝိုင်းလုပ်ကြတာပေါ့၊ ငါတို့အဖွဲ့မှာလည်း တစ်ယောက်ထပ်ထည့်လိုက် လို့တော့ ဘာမှမဖြစ်ပါဘူး”
အစပိုင်းတုန်းကတော့ ဇော်တို့သည် ကျွန်တော့်ကိုကြည့်ပြီး အဖွဲ့သားအချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အင်တင်တင်လုပ်နေကြပေမယ့် နောက်ဆုံးမှာတော့ကြည်ကြည်ဖြူဖြူပဲ ပါဝင်ခွင့်ရရှိခဲ့ပါသည်။ ကျွန်တော်တို့သည့် အဖွဲ့လိုက် Group Presentation ကို ပြင်ဆင်ပြီး အတန်း ရှေ့တွင်မျှဝေပြောကြားရမည်ဖြစ်သည်။
“ကန့်လန့်ကောင်နဲ့များ အလုပ်တူတူလုပ်ရမယ်လို့ဟယ်၊ တွေးမတွေးမိပေါင်”
ဇော်တို့အဖွဲ့က ကျွန်တော့်ကိုခပ်တိုးတိုးလေးအတင်းအုပ်ကြသေးသည်။ ကျွန်တော်မသိချင်ယောင် ဆောင်နေခဲ့ပါသည်။ ဇော် နှင့်အတူအလုပ်လုပ်ရတော့မည်၊ စာလုပ်ရတော့မည်ဟုတွေးလိုက်သောအ ခါ ကျွန်တော်ရင်ဘတ်ကနွေးလာလေသည်။ ထို့နောက် ကြည်နူးမှုကိုတစ်ပြိုင်တည်းရရှိလေ၏။
“မိုးစွေ၊ Presentation အတွက် ငါတို့ meeting လုပ်မယ်၊ အတန်းပြီးရင် ဦးချစ်ကိုလာခဲ့”
ဇော် တို့အဖွဲ့ထဲကတစ်ယောက်က ကျွန်တော့်ကိုလာခေါ်သည်။ အတန်းပြီး၍ ကျွန်တော်ရောက်သွား ချိန်တွင် သူတို့လေးယောက်ဆုံနေခဲ့ပြီ။ တကယ်တမ်း လက်ချာပြီးချိန်တွင် တစ်ခါတည်းစောင့်၍ခေါ် သင့်သည်။ သူတို့လေးယောက်ကို ကျွန်တော် ကွက်ကြည့်ကွက်ကြည့် လုပ်နေခဲ့သော်လည်းသူ တို့ကတော့ စကားကို ကရားရေလွှတ်ပြောမဆုံးဘဲ ကန်တင်းရှိရာသို့ ရယ်ရယ်မောမောပင်သွားနေခဲ့ ကြသည်။
ကျွန်တော်ကလည်း ဆရာမနှင့်စကားပြောစရာရှိသည်မို့ အခွင့်အရေးရတုန်း လက်ချာအကြောင်း အနည်းငယ် မေးနေခဲ့ရာမှ နောက်ကျခဲ့ခြင်းပင်။ သူတို့လေးယောက်သည် ကန်တင်းတွင်လည်းစ ကားအမျှင်မပြတ်။ ပြောဆိုနေကြဆဲပင်။ ကျွန်တော်တစ်ယောက်သာ သူတို့နှင့် သူစိမ်းပြင်ပြင်ဖြစ်နေ မိခဲ့သည်။ သူတို့ပြောသည်ကို ကျွန်တော်ကနားထောင်ရုံပေါ့။
“အော်”
ကျွန်တော့်ကိုမြင်သည်နှင့် သူတို့က မီးကိုရေနှင့်ပက်သလို ငြိမ်းသွားတော့သည်။ စကားဝိုင်းကရုတ် တရက်အသံတိတ်သွားတော့၏။
“မိုးစွေ လာထိုင်လေ”
သူက ကျွန်တော့်ကို စခေါ်ပြီး အားလုံးနှင့်မိတ်ဆက်ပေးသည်။ ကျွန်တော့်နာမည်ကိုတော့သူတို့က သိ ထားနှင့်ကြပြီးဖြစ်သည်။
“ငါက ကောင်းစည်သူဇော်၊ ဟိုဖက်က ဝေယံ၊ ဟိုတစ်ယောက် ဖြူစင် တဲ့၊ ဟိုဖက်ကတစ်ယောက်က တော့ နန်းခမ်းလှိုင်၊ အတန်းထဲမှာလည်းဆရာမက နာမည်ခေါ်တာဆိုတော့ သိကောင်းသိမှာပေါ့၊ ငါတို့တစ်ဖွဲ့တည်းစာလုပ်ရတော့မှာဆိုတော့ မသိရင်လည်းမှတ်ထားလေ”
သူ့လေသံက အပေါ်စီးအနည်းငယ်ဆန်သော်လည်း ကျွန်တော်အပြစ်မပြင်ရက်ခဲ့ပါ။ သိပ်ကြည့်မရ တာပဲရှိသည်။ သူ့ကိုရော သူ့အဖွဲ့ကိုရော အမြင်တော့သိပ်မကြည်မိပါ။ ကျွန်တော့်အကြောင်းကို အ တင်းပြောတတ်သည်ကို ကျွန်တော်မျက်ဝါးထင်ထင်တွေ့နေရသည်မဟုတ်ပါလား။
“Presentation နာမည်ကို ဘယ်လိုပေးကြမလဲ၊ မိုးစွေ မင်းစဉ်းစားထားတာရှိလား”
ကျွန်တော်ခေါင်းခါလိုက်သည်။
“နောက်နေ့ကျရင် အိမ်ကနေ စဉ်းစားလာကြမယ်၊ တစ်ယောက်တစ်ခုစီပေါ့၊ အဲဒီအထဲက အကြိုက် ဆုံးတစ်ခုကိုမဲပေးပြီးရွေးကြမယ်”
“ကောင်းပြီလေ၊ ငါစဉ်းစားလာခဲ့ပါမယ့်”
“နောက်ပြီးတော့လေ မိုးစွေ၊ လာမယ့်တနင်္ဂနွေမှာ စိတ်ပညာဆိုင်ရာဟောပြောပွဲတစ်ခုရှိတယ်၊ အဲဒါကို ငါတို့အားလုံး ကိုယ်စားသွားနားထောင်ပေးနိုင်မလား၊ ငါတို့ Presentation အတွက်လည်း အသုံးဝင်မယ်၊ ခေါင်း စဉ်က ကလေးစိတ်ပညာဆိုင်ရာနဲ့ပတ်သက်တယ်လေ”
“ဟာ ငါအဲလောက်ထိ မအားဘူး”
တကယ်တော့ ကျွန်တော်မအားဘူးဟုပြောခြင်းပင်။ သို့သော်လည်း ငါအဲလောက်ထိမအားဘူး ဆို သည့်စကားလုံးထွက်သွားသည်။ စကားကိုပြန်ထိန်းချိန်မရလိုက်။ ကျွန်တော့်စကားကြောင့်အားလုံး ၏ မျက်နှာက ရုတ်တရက်တင်းမာသွားလေသည်။
“အေး၊ ငါတို့ကလည်း အဲဒီနေ့အကုန်လုံးအလုပ်တွေကိုယ်စီနဲ့မို့ မင်းအားမယ်ထင်လို့အကူညီ တောင်း ကြည့်တာပါ၊ ရတယ်လေ၊ မအားလည်း အဆင်ပြေတဲ့တစ်ယောက်ယောက်ပဲညှိပြီးသွား လိုက်ပါ့မယ်”
“မအားရင် ဘယ်သူမှမသွားနဲ့လေ၊ သွားနားမထောင်လည်းလုပ်လို့ရနေတာပဲမှလား”
“မဟုတ်သေးဘူးလေ မိုးစွေ”
ကောင်းသောအကြံပေးလိုက်ခြင်းပင်။ ထိုဟောပြောပွဲကိုမသွား၍လည်း ကျွန်တော်တို့ဖြစ်အောင် လုပ်နိုင်မည်ဟုယူဆပြီး ပြောလိုက်သော်လည်း သူတို့စိတ်ထဲတွင်တော့ ကျွန်တော့်ကိုကြည့်မရ၊ မ ကြည်လင်သော သဘောထားကရှိနှင့်နေခဲ့သည်မို့ တင်းမာလာကြသည်။
“အင်တာနက်ကကြည့်၊ သူများလုပ်တဲ့ပုံစံတွေကိုနမူနာယူ ဒါမျိုးကတော့ လူတိုင်းလုပ်တတ်တယ်၊ ဒီလိုဟောပြောပွဲမှာ နားထောင်လို့ သူများနဲ့မတူတဲ့အကြံဉာဏ်ကောင်းမရနိုင်ဘူးလို့နင်ပြောနိုင်သ လား”
“စည်းစည်းလုံးလုံးနဲ့ ဒါအောင်အောင်မြင်မြင်ပြီးဖို့ဆန္ဒတစ်ခုတည်းနဲ့လုပ်တာမိုးစွေ၊ ငါးယောက်မှာ လေးယောက်ရဲ့ဆန္ဒကိုပြောတာလုပ်တာမလုပ်တာ မင်းအပိုင်းပဲ”
“တနင်္ဂနွေဆိုအားကြတာများတယ်လေ၊ ငါတို့က အစောကြီးကတည်းကစီစဉ်ထားတဲ့ကိစ္စရှိနေလို့ မသွားနိုင်တာပါ”
ဇော်ကျွန်တော့်ကို စိတ်တိုစပြုနေပြီ။
တကယ်တမ်းလည်း ကျွန်တော်မအားသည့်အကြောင့်ရှိနေသည်မို့ ငြင်းလိုက်ခြင်းဖြစ်ပါသည်။ သူတို့ နှင့်ဆက်နေပါက ပိုပြီးတင်းမာလာနိုင်ခြေရှိသည်မို့ ကျွန်တော်ရှောင်ထွက်သွားရန်ကြံရတော့သည်။
“ငါတကယ်မအားလို့ပြောတာ၊ ကျန်တဲ့လုပ်ပေးနိုင်တဲ့အပိုင်းလုပ်ပေးမယ်၊ အဲဒါပါပဲ၊ ငါသွားပြီ၊ ကျန် တာမင်းတို့ဆက်ပြောကြတော့”
ထထွက်လာခဲ့တော့သည်။
ဇော်နှင့် ကျွန်တော်တို့၏ အကြာရှည်ဆုံးစကားဝိုင်းကထိုမျှဖြစ်ပါသည်။ စိတ်အခန့်မသင့်၍ထထွက် လာခဲ့သော်လည်း ကျွန်တော့်အတွေးအာရုံများသည် ဇော့်ထံတွင် ကျန်ခဲ့သည်ဟုဆိုရမည်ပင်။ သူကျွန် တော့်ကို စိတ်ခုသွားလေမလား၊ စိတ်ဆိုးသွားပြီလားဟူသည့်အတွေးများက ကားပေါ်ရောက်သည့် တိုင်အောင် လွှမ်းမိုးနေဆဲပင်။ လနှင့်ချီ၍စောင့်ဆိုင်းခဲ့ရသော ဇော်နှင့်ပတ်သက်မှုသည် ထိုမျှလောက် မလှမပဖြစ်လာခဲ့လိမ့်မည်ဟု ကျွန်တော်မမျှော်မှန်းခဲ့သည်မှာတော့အမှန်ပင်။ ကျွန်တော့်အတွက်အ ချိန်ရှိပါသေးသည်။ ဇော်နှင့် အဆင်ပြေပြေနေနိုင်မည့်အခွင့်အရေးများကို ကျွန်တော်ဖန်တီးခွင့်ရှိပါ သေးသည်။ ထို့ကြောင့် ကျွန်တော် ထိုအခွင့်အရေးများကို ထိရောက်အောင်အသုံးချရမည်ဟုဆုံးဖြတ် မိလိုက်သည်။
>>>>>
ဆက်ပါဦးမည်။