(၉)
“ပြန်ရောက်ပြီလား၊ ပြန်ရတာအဆင်ပြေရဲ့လား”
မိုးစွေထံမှ မတ်ဆေ့ချ်ရောက်ရှိလာသည့်အခါ သူ့အတွေးများပို၍ရှုပ်ထွေးလာခဲ့သည်။ သူ့ဖုန်းနံပါတ် ကို စတင်သိရှိပြီးသည့်နောက်ပိုင်းမှစ၍ နေ့တိုင်းလိုလိုပင်ဖုန်းဆက်တတ်သလို မတ်ဆေ့ချ်ပေါင်းများ စွာလည်းပို့တတ်သည်။ တစ်ရက်လျှင်အနည်းဆုံးငါးစောင်ထက်မနည်းသော မတ်ဆေ့ချ်များသည် အိပ်ရာဝင်ခါနီးပြန်ဖတ်လျှင်ကြည်နူးစရာများပင်ဖြစ်တော့သည်။
အိမ်ဆီကိုလျှောက်လာသည့် သူ့ခြေလှမ်းများသည် မြေကြီးနှင့်မထိသလိုထင်ရပြီး အရာရာဝေဝါးမှိုင် တွေလျက်ရှိနေလေ၏။
“အင်း အခုပဲ အိမ်ကိုလမ်းလျှောက်ဝင်နေတယ်”
မတ်ဆေ့ချ်ပြန်ပို့လိုက်၏။ ဝေယံတို့ပြောခဲ့သည့်စကားများကို ပြန်လည်ကြားယောင်လာသည်။ သူ ငယ်ချင်းများက သူ့အတွက်စုံစမ်းပေးခဲ့ကြသည်မှာ သူ့ကောင်းကျိုးကိုရည်ရွယ်၍မှန်းနားလည်သိရှိ သဘောပေါက်ပါသည်။ ထိုအမှန်တရားသည် သူ့အတွက်လက်ခံနိုင်ဖို့လည်း ခဲယဉ်းလှ၏။
“ခဏလာတွေ့မယ် အိမ်ထဲမဝင်နဲ့ဦး၊ အခုရောက်တဲ့နေရာမှာပဲစောင့်နေ ခဏလေးပဲ”
မိုးစွေ၏ မတ်ဆေ့ချ်အားဖတ်မိလိုက်သောအခါ ကြည်နူးမိပြန်သည်။ တစ်မနက်လေးအတူတူမပြန်ရ သည်ကိုပဲ ရက်ပေါင်းများစွာဝေးကွာနေသလို သတိရလာသည်။ မိုးစွေနှင့်တွေ့ချင်နေမိသည်။ မသိ စိတ်က ဖြစ်ပေါ်နေသော တမ်းတစိတ်ကို သူက လှုံ့ဆော်နိုင်ရက်သောအခါ ငြင်းနိုင်စရာအင်အားမရှိ တော့ပါ။ ရပ်စောင့်ရင်းသိပ်မကြာခင်အချိန်အတွင်း သူရောက်လာခဲ့သည်။
“ဇော်”
သူအသံကတိုးလျလျ။ သူနေကောင်းသွားပုံရသော်လည်း မျက်နှာလေးညိုးနွမ်းနေပါသည်။ သူ့ကိုမြင် လိုက်ရသည့်အခါ ဝေယံတို့ပြောခဲ့သည့်အကြောင်းအရာများကြောင့်စိတ်တိုစိတ်ဆိုးနေရသည့်အစား သနားကြင်နာစိတ်၊ လွမ်းဆွတ်သတိရစိတ်များဖြစ်လာခဲ့တော့သည်။ “ကောင်းစည်သူဇော်….မင်းအ မှန်တရားကိုလက်ခံဖို့ကြိုးစားစမ်း၊ မင်းသူ့ကို လုံးဝသနားလို့မဖြစ်ဘူး၊ ဝေယံတို့ပြောတဲ့စကားကမ မှားနိုင်ဘူး၊ မင်းကို သူလှည့်စားနေတာ” ဟု အားတင်းတွေးလိုက်သည်။ ထိုသို့သောအခါ သူ့မျက်နှာ က ခပ်တင်းတင်းဖြစ်သွားပါလိမ့်မည်။
“ဇော် နေရောကောင်းရဲ့လား၊ မင်းမျက်နှာက တစ်မျိုးဖြစ်နေသလားလို့”
သူက မြင်မြင်ချင်းတန်းသိသည်။
“နေကောင်းပါတယ် မိုးစွေ၊ မင်းရော သေချာသက်သာသွားပြီလား”
“နှာနည်းနည်းစေးနေသေးတယ်၊ နေလို့သိပ်မကောင်းသေးဘူးဇော်”
“အင်း၊ ဂရုစိုက်ဦးလေကွာ”
“ငါ..ငါ နေမကောင်းရင် အားငယ်တတ်တယ်ဇော်၊ အဲဒါ မင်းငါ့ကို ဖေးမပေးမှရမှာ”
“အင်းပါ၊ နောက်နေ့ကျရင် လာဖေးမပေးမယ်နော်”
“ကျေးဇူးပါ ဇော်”
သူ့ကို ကြည်နူးစွာကြည့်ကာ သူ့ဆံပင်များကိုသပ်ပေးပါသည်။ ချစ်သူ၏ အယုအယသည် ကမ္ဘာပေါ် တွင် ဇိမ်အရှိဆုံးနှင့်တန်ဖိုးအကြီးဆုံးသောခံစားမှုဖြစ်လေသည်။
“သူတို့ ဇော့်ကိုဘယ်ခေါ်သွားကြတာလဲ”
“ဝေယံ မိန်းမခိုးပြေးမလို့ကြံနေတာလေ၊ မနက်ဖြန်ကျရင် သူ့ကို မိန်းမခိုးပေးဖို့အားလုံးကစီစဉ်ပေး နေရတယ်မိုးစွေ၊ အဲဒါ ငါ မင်းနဲ့ မနက်ဖြန်မတွေ့နိုင်လောက်ဘူး၊ လှည်းကူးဖက်ကိုသွားပြီးဟိုမှာနေ ရာတကျစီစဉ်ပေးပြီးမှ ပြန်လာရမှာဆိုတော့လေ”
“ဟင် ဒီကောင်က ဇော်တို့လုပ်ပေးမှ ရမှာတဲ့လား”
“အားကိုးတာပေါ့မိုးစွေရာ၊ သူငယ်ချင်းအရင်းကြီးတွေပဲဉစ္စာကို ..ပြီးတော့ မင်းအမေရောက်နေတယ် ဆိုတော့ အမေနဲ့လည်းအေးအေးဆေးဆေးနေပေးလိုက်ပါ၊ မနက်ဖြန်တစ်ရက်တော့ ငါ့ကိုနားလည် ပေးလေ ချစ်သူရာ”
“နားလည်ပါတယ်၊ ဒါပေမဲ့ ငါမင်းကို တစ်ရက်ကလေးမှ မတွေ့ရရင်မနေနိုင်အောင်ဖြစ်နေမိတယ် ဇော်ရယ်”
“အေးပါ၊ အခုက လှည်းကူးဖက်မို့လို့တော်သေး၊ အစတုန်းက မော်လမြိုင်ကိုစီစဉ်ထားသေးတယ်၊ ငါ တို့အမျိုးအိမ်ကိုပို့လိုက်မလို့ပဲ၊ အဲဒီမှာဆို ညအိပ်ပါသွားရမှာ”
“အဲကျတော့ ငါလည်းလိုက်မှာပေါ့ဇော်ရာ၊ မော်လမြိုင် တစ်ဝိုက်က ငါ့နယ်မြေပဲ ငါကပိုပြီးကျွမ်းပါ တယ်၊ အကူအညီလည်းပိုဖြစ်မှာပါ”
“အေးပါ အခုလှည်းကူးပဲ မနက်သွားညနေရောက်မယ်၊ အသွားရော အပြန်ရော ဘာတွေလုပ်နေသလဲ ဆိုတာရော မတ်ဆေ့ချ်ပို့မယ်လေကွာ”
မိုးစွေက ပြုံးကာခေါင်းညိတ်ပြသည်။ ထို့နောက် သူ့ကိုနှုတ်ဆက်ကာပြန်သွားတော့သည်။ မိုးစွေသည် လက်ရှိအချိန်အထိ သူ့အပေါ် ချစ်သူတာဝန်လစ်ဟင်းမှု တစ်စက်ကလေးမျှပင်မရှိခဲ့ပါ။ သူနှင့်မတွေ့ ရသည့်ရက်လည်းမရှိခဲ့ဖူးပါ။ မနက်ဖြန်သည် သူနှင့် မိုးစွေတို့ ချစ်သူဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအ ဖြစ်လူချင်းမတွေ့ရမည့်ရက်လည်းဖြစ်လာလိမ့်မည်။ ထို့နောက် ဘယ်တော့မှပြန်လည်မဆုံတွေ့လို သော စိတ်များလည်းဖြစ်ပေါ်လာလိမ့်မည်မှန်းကြိုသိခဲ့ပါလျှင် ဝေယံတို့၏အစီအစဉ်ကို သူလက်ခံခဲ့ လိမ့်မည်မဟုတ်ဘူးဟုတောင် ထင်မိလေသည်။
ဖြူစင်တို့ပြောပုံအရဆိုပါလျှင် မိုးစွေ၏ သိက္ခာမှာ ရစရာမရှိတော့။ သူ ဘယ်လိုလုပ်ယုံရပါ့မလဲ။ ဘုရား . . . ဘုရား . . . မိုးစွေရယ်။
နောက်တစ်ရက်သည် ကျောင်းပိတ်ရက်ဖြစ်သည့်အပြင်အားလုံးအားလပ်သောရက်လည်းဖြစ်လေ သည်။
“သူ့စပွန်ဆာနဲ့အတူ အိမ်မှာ ရှိကိုရှိနေလိမ့်မယ်”
သူငယ်ချင်းတွေက မိုးစွေအကြောင်းကို ဂဃနဏသိအောင်စုံစမ်းပြီးသား။
“နင်တို့ဘယ်လိုစုံစမ်းခဲ့တာလဲဟင်”
“သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ကောင်းစည်သူရာ၊ ဒီလိုကိစ္စတွေက ဖုံးလို့ဖိလို့ရတဲ့အရာမဟုတ်ဘူး လေ၊ လူသတင်းလူချင်းဆောင်ပါတယ်၊ အဲဒီအသိုင်းအဝိုင်းထဲကိုဝင်ကြည့်လိုက်ရင်တော့ အဲဒီသတင်း ရပါတယ်၊ ငါတို့နင်တို့က အဖြူထည်တွေမို့မသိကြတာ”
“အေး အဲဒီလိုမသိလို့ ဂျင်းထည့်ခံရတာပေါ့”
ဝေယံယူလာသည့် စူပါကာစတန်ကားထဲတွင် လေးယောက်သားထိုင်ကာ အခြေအနေကိုစောင့်ကြည့် နေမိခဲ့သည်။ မနက် ၆ နာရီကတည်းက လူဆုံကာစောင့်နေကြခြင်းဖြစ်ပြီး အစားအသောက်များကို လည်း ကားပေါ်တွင်ယူဆောင်ထားကာ မိုးစွေအကြောင်းစုံစမ်းရန် တစ်နေကုန်အချိန်ပေးထားမိလေ သည်။
“ငါတို့ သွားနေပြီမိုးစွေ၊ မင်းဘာလုပ်နေလဲ”
သူက ပထမဆုံးမတ်ဆေ့ချ်ပို့လိုက်၏။ နာရီဝက်လောက်ကြသည့်အချိန်မှသာ မတ်ဆေ့ချ်ပြန်ရောက် လာသည်။
“အခုမှ နိုးတာ၊ ၉ နာရီကျရင် အမေ့ကို ဗိုလ်ချုပ်ဈေးလိုက်ပို့ပေးမလို့”
အားလုံးခေါင်းချင်းဆိုင်ဖတ်လိုက်ကြပြီး မိုးစွေနေထိုင်သော ကွန်ဒိုနှင့် အနီးကပ်ဆုံးနေရာပတ်ဝန်း ကျင်များကိုလေ့လာနေမိသည်။
“ဟဲ့ ဟိုမှာ အမျိုးသမီးတစ်ယောက်တိုက်ခန်းပေါ်ကိုတက်တော့မယ်”
ဖြူစင်က ကားထဲကနေလက်ညိုးထိုးပြလိုက်တော့ သူတို့အားလုံးကြည့်လိုက်ကြသည်။
“အဲလိုပုံစံမဟုတ်ဘူး၊ ဒီနေ့က ဒီကောင့်အခန်းကို ဘယ်ဧည့်သည်မှမလာအောင်လည်း ဒီကောင်က အကွက်ရွှေ့ထားတယ်၊ ပြီးတော့ ဒီအခန်းမှာ သူက သူ့ဖောက်သည်တွေကို တွေ့လေ့မရှိဘူး၊ ပြီးတော့ သူ့ဆီကိုဂွမ်းစိန်တွေမလာဘူး၊ ခပ်လန်းလန်းအသက်သုံးဆယ်ကျော်အရွယ်တွေပဲလာမှာ၊ အခုနောက် ပိုင်းကျတော့ ဒီကောင်က အကြီးကြီးတွေပဲကိုင်တော့တယ်၊ မိုးစွေရဲ့ လက်ရှိကာစတန်မာက သုံး ယောက်ပဲရှိတယ်၊ အဲဒီသုံးယောက်စလုံးကို ငါသိပြီးသွားပြီ၊ ငါတို့ကို သူ့အမေလို့ပြောတဲ့ တစ် ယောက်ကတော့ ပင်တိုင်ကာစတန်မာ၊ သကြားမေမေပေါ့၊ ဒီကွန်ဒိုကိုငှားပေး ထားတဲ့သူလည်း ဖြစ်တယ်၊ လေးငါးလတစ်ခါလောက်ပဲ ရန်ကုန်ကိုလာပြီးသူနဲ့တွေ့တယ်၊ မိုးစွေကို အအမ်းနိုင်ဆုံးလူ လည်းဖြစ်တယ်၊ နောက်တစ်ယောက်ကတော့ စိန်တိုက်ပိုင်ရှင်၊ သူကတော့ သူ့အိမ်မှာပဲ မိုးစွေကိုခေါ် တွေ့တတ်တယ်၊ တစ်ခုလပ်အပျိုကြီးပေါ့၊ နောက်တစ်ယောက် ကတော့ ယောင်္ကျားကြီးတစ် ယောက်၊ ရေလျှံတယ်၊ အရင်အစိုးရလက်ထက် ခရိုနီအသိုင်းအဝိုင်းထဲကတစ်ယောက်ပေါ့”
ဝေယံ၏ လေကြောတွင်အားလုံးက မျှောပါသွားမိသည်။ ထိုမျှလောက်အထိ စုံစမ်းထားလိမ့်မည်မှန်း သူလုံးဝထင်မထားမိပါ။
“ဟုတ်လှချည်လား ဝေယံ၊ မင်းလည်း အဲဒီလိုင်းထဲဝင်နေပြီလား”
စလိုက်သော်လည်း စိတ်ထဲတွင်တော့ အောင့်သက်သက်ဖြစ်မိပါသည်။ ချစ်သူအကြောင်းကို သူမသိ နိုင်ခဲ့ဘူးလေ။
“အံမယ်၊ ငါဝင်ချင်တိုင်းဝင်မရဘူးကွ၊ ငါ့လိုရုပ်နဲ့မရဘူး၊ ချောရမယ်၊ ပြီးတော့ ချူ တတ်ရမယ်”
“မိုးစွေက အတန်းထဲမှာလို ဂျစ်ကန်ကန်အချိုးမပြေဘဲနဲ့ အဲလိုချူတတ်ပါ့မလား”
“အဲဒါက သူ့စရိုက်ကို ဆန့်ကျင်ဘက်ဖြစ်အောင်တမင်လုပ်ထားတာနေမှာပါ”
“ငါမရတော့ဘူးကွာ၊ သွားချင်လာပြီ ဒီကောင့်အခန်းဆီကိုတက်သွားတော့မယ်၊ သော့လည်းရှိတာပဲ၊ တန်းဝင်သွားလိုက်မယ်”
သူ သည်းမခံချင်တော့။ ဆုံးဖြတ်ချက်ချလိုက်ကာ ကားထဲမှ ထွက်ရန်ပြင်လိုက်သည်။
“မင်း ဆန္ဒမစောနဲ့လေ ကောင်းစည်သူ”
“ငါအရမ်းသိချင်နေပြီလေကွာ၊ သူ…သူက ငါ့ချစ်သူလေ”
“ငါတို့နားလည်ပါတယ်ကွာ၊ ဒါကြောင့်မို့ မင်းကို အချိန်မလွန်ခင်တားနိုင်ဖို့ အခုလိုသေသေချာချာ စုံ စမ်းပေးတာပေါ့၊ အခုစောင့်ကြည့်တယ်ဆိုတာကလည်း မိုးစွေက အခန်းထဲမှာ တကယ်ရှိမရှိနဲ့ ရှိခဲ့ရင် လည်း ဟိုအမျိုးသမီးနဲ့အပြင်ထွက်မထွက်ဆိုတဲ့ လှုပ်ရှားမှုတွေကို သိချင်လို့လေ”
“သေချာတာကတော့ အခု သူအခန်းမှာရှိနေတယ်၊ ဟိုအမျိုးသမီးလည်းသူနဲ့အတူရှိနေလိမ့်မယ်”
“အင်း ဒါပေမဲ့ ငါတို့စောင့်ကြည့်ရဦးမယ်လေ၊ သူတို့အပြင်ကိုသွားတာ ဘယ်လိုပုံစံလဲ၊ လက်ချင်းချိတ် ပြီးသွားသလား၊ ဘယ်နေရာတွေသွားသလဲ၊ ဘယ်လိုပြန်လာသလဲ အဲဒါတွေကိုလိုက်ကြည့်ပြီး ဓါတ်ပုံ ရိုက်သင့်တာရိုက်၊ ဗီဒီယိုခိုးရိုက်သင့်ရင်ရိုက်ပြီး လက်ဆုတ်လက်ကိုင်သက်သေလုပ်ပြီး မိုးစွေကိုဖြေ ရှင်းခိုင်းရမှာလေ”
“ရတယ် အဲထက်ကောင်းတဲ့ဖြေရှင်းနည်း ငါ့မှာရှိတယ်”
“ဘာလဲ ကောင်းစည်သူ”
“သူ့အခန်းကို ရုတ်တရက်ဝင်ပြီး သူတို့ကို အငိုက်ဖမ်းမယ်”
“ဟာ ဟေ့ကောင်”
သူ့ကိုဝိုင်းတားနေသော်လည်း သူကားထဲမှ ထွက်လိုက်တော့သည်။ စိတ်မရှည်တော့။ သိချင်လှပြီဖြစ် သည်။ မိုးစွေနှင့်ပတ်သက်၍ သူအလိမ်ခံထားရသည်လား။ မိုးစွေဟာ တကယ်ပဲရိုးသားသူလားမရေ ရာသော ဇုန်အတွင်းသူမနေလိုပါ။ သေချာသလောက်ဖြစ်နေသည့် ကိစ္စကို ပို၍သေချာအောင်သိချင် သလို မသေချာဘူးဟု မိုးစွေငြင်းမည့်အကြောင်းပြချက်ကိုလည်း သိလိုပါသည်။
သူသည် မိုးစွေနေထိုင်ရာ ကွန်ဒိုဆီကိုတက်လာခဲ့သည်။ ခါတိုင်းနှင့်မတူသော ခြေလှမ်းများကလေးလံ ထိုင်းမှိုင်းစွာ။ အခန်းရှေ့ကိုရောက်သည့်အချိန်တွင်တော့ သူ့ရင်ခုန်နှုန်းက အမြင့်ဆုံးအနေအထားဆီ ကို ရောက်လာခဲ့ပြီ။
သော့ကိုခပ်ဖွဖွလေးဖွင့်လိုက်သည်။ ကတ်သော့မို့ ချောက်ခနဲမြည်သွားသည်။ သို့သော် အသံကညင် သာလှသည်မို့ အတွင်းခန်းထဲမှ မကြားနိုင်ပါ။ အကယ်၍သာ အထဲမှ တံခါးသော့တစ်ချက်ကိုထပ်ပိတ် ထားလျှင်တော့ သူတံခါးခေါက်ရန်လိုပါသည်။ ကံကောင်းစွာပင် အတွင်းတံခါးချက်မချထား၍ အ လွယ်တကူတွန်းဖွင့်ဝင်နိုင်ခဲ့တော့သည်။ ထိုအရာသည် ကံအဆိုးဆုံးအရာလည်းဖြစ်တော့သည်။
မိုးစွေအသံစကြားရပြီး သူတို့နှစ်ယောက်အပြန်အလှန်ပြောနေကြလေသည်။ သက်သာ လား ဘာညာအစချီသည့် စကားများကို သူခြေဖွဖွနင်းကာ သူခိုးနားဖြင့်နားထောင်တော့သည်။ အသံများ က မိုးစွေနှင့်သူ အတူအိပ်စက်ခဲ့ဖူးသော အခန်းထဲက အသံပင်ဖြစ်သည်။ အခန်းတံခါးကို ဖြစ်သလိုဟ ထားသည်မို့ အသံက အတိုင်းသားကြားနေရသည်။
မိုးစွေ၏ ကွန်ဒိုခန်းကိုဝင်လိုက်သည်နှင့် ဘယ်ဖက်တွင် ရေချိုးခန်း၊ ညာဖက်တွင် ဧည့်ခန်းရှိလေ သည်။ ဧည့်ခန်းကိုကျော်လွန်မှသာ မိုးစွေ၏ အိပ်ခန်းကိုရောက်မည်။ ထိုအိပ်ခန်းပြီးလျှင်တော့နောက် ဖေးမီးဖိုချောင်ကိုတွေ့ရမည်ဖြစ်သည်။ ရေချိုးခန်းဘေးတွင်တော့ စာကြည့်ခန်းနှင့် အခြားအခန်းပို တစ်ခန်းလည်းရှိနေပါသည်။
“အားမငယ်ပါနဲ့ သားရယ်၊ မ တစ်ယောက်လုံးရှိနေတာပဲ၊ နေကောင်းအောင်နေ၊ ကျောင်းမှန်မှန် တက်၊ သားနဲ့တွေ့ရတဲ့ အချိန်သိပ်နည်းတယ်ကွယ်”
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ သူ့ခေါင်းပေါ်တည့်တည့်ဆီကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သံသယများမဟုတ်တော့။ နားနှင့်ဆတ်ဆတ်ကြားနေရသော စကားများပင်။
“မ အခုတစ်ခေါက်ကောဘယ်လောက်ကြာနေမှာလဲ”
“သား မနှင်သရွေ့ပေါ့”
“အော် မရယ်၊ ကျွန်တော်က နှင်ချင်ပါ့မလား၊ မ ပဲ ဟိုလူကြီးကို သတိရပြီးသုံးလေးရက်ကြာရင်ပြန် သွားတတ်တာပဲမှလား”
“မဟုတ်ပါဘူးကွာ၊ ဖြစ်နိုင်ရင် သားနဲ့ပဲ တစ်သက်လုံးအတူနေချင်တာ၊ အဲဒီလူကြီးကိုမလွန်ဆန်နိုင်တဲ့ အကြောင်းတွေလည်းရှိနေသေးလို့ပါ၊ သတိရလို့တော့မဟုတ်ပါဘူး၊ ရန်ကုန်မှာလည်း သူ့လူတွေရှိနေ တော့ လွတ်လွတ်လပ်လပ်နေရတာမဟုတ်ဘူး၊ ဒီကွန်ဒိုမှာတင် သူ့အသိတွေမနည်းဘူးပဲ၊ ဒါကြောင့် မရိပ်မိအောင် စောစောပြန်ရတာပါ”
“ဟုတ်ပါပြီ၊ ရန်ကုန်မှာနေမယ့် တစ်ပတ်လောက်ကို မ ကို ကျွန်တော်ကောင်းကောင်းပြုစုပါ့မယ်၊ အဲ ဒီအကြောင်းလည်းတွေးမနေနဲ့တော့၊ ပျော်ပျော်နေ၊ ဟုတ်ပြီလား”
“အလိုက်သိတတ်သူလေး”
အမျိုးသမီးကြီး၏ တခစ်ခစ်ရယ်သံက သူ့နားထဲကို သံရည်ပူများလောင်းထည့်သလိုနာကျင်ရသည်။ သေချာပါပြီ။ ဝေယံတို့ပြောပြခဲ့သည့်အကြောင်းအရာများသည် ရာနှုန်းပြည့်သေချာ၍နေခဲ့လေပြီ။ ထို ထက်သေချာရန်နည်းလမ်းမှာ တစ်ခုသာရှိတော့သည်။ သူသည် ခပ်ဟဟဖြစ်နေသော တံခါးကိုဘတ် ခနဲတွန်းပစ်လိုက်တော့သည်။
ထို့နောက် ကုတင်ပေါ်တွင်ကျီစယ်ကလူပြုနေသည့် သူတို့နှစ်ယောက်ကို အတိုင်းသားတွေ့လိုက်ရ တော့သည်။ သူတို့လည်း မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် သူ့ကိုကြည့်၊ သူကလည်းတအံတဩဖြစ်ကာ သူတို့ကိုကြည်လျက် ခတ္တမျှငြိမ်သက်သွားမိကြသည်။
“ဇော်”
သူ့ခေါ်သံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပဲ့တင်ထပ်သွားတော့သည်။
မိုးစွေနှင့် ထိုအမျိုးသမီးသည် အပေါ်ပိုင်းအဝတ်ဗလာများနှင့်ဖြစ်သည်။ သူ့ကိုမြင်ပြီးအသိဝင်လာခဲ့ သည့် အခိုက်အတန့်တွင် အဝတ်အစားများကို ကဗျာကယာဝတ်ကြသည်။ ထိုအမျိုးသမီးကြီးကတော့ သူ့ကို တစ်ချက်မျှကြည့်ကာ ပိုက်ဆံအိတ်နှင့်ကားသော့တစ်ချောင်းကိုယူပြီး အခန်းထဲမှ ထွက်သွား ရန်ဆိုင်းပြင်လိုက်သည်။ စားပွဲပေါ်တွင်တင်ထားသည့် ပိုက်ဆံအိတ်ကိုယူနေသည့်ခဏတွင် စိတ်လှုပ် ရှားမှုကြောင့် စားပွဲပေါ်ရှိပစ္စည်းများကိုပါ သပ်ယူချသလိုဖြစ်ပြီး ပြန့်ကျဲကုန်တော့သည်။ မိုးစွေက အ ပြေးအလွှားရောက်လာကာ ပစ္စည်းတစ်ခုချင်းကို သိမ်းရန်ပြင်သည်။
“သွားပြီ မိုးစွေ၊ အားလုံးသွားပြီ”
အဲဒီ တဒင်္ဂအတွင်း သူ၏ မိုးစွေအပေါ် အမြင်ကတ် စက်ဆုပ်မှုများက အထွဋ်အ ထိပ်ကို ရောက်သွား ခဲ့ပါသည်။ အရာအားလုံး သဲထဲရေသွန်ဖြစ်ခဲ့ပြီ။ သူ အမုန်းဆုံးအရာတစ်ခု မိုးစွေထံတွင်ရှိနေခဲ့လေပြီ။
“ဇော်”
“မင်း…မင်း ဘာအငြိုးနဲ့ငါ့ကို အဲလိုလုပ်ရက်ရတာလဲ မိုးစွေ”
သူမျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာမိတော့သည်။ အနာကျင်ဆုံးစကားလုံးများသုံးကာမိုးစွေကို ပစ်ပေါက်နှိပ်စက်ချင်မိသည်။ စိတ်များကယောက်ကယက်ဖြစ်၍နေခဲ့တော့သည်။ မိုးစွေ၏မျက်ဝန်း တွင်လည်း အငိုက်မိခံရသည့် ညိုးငယ်မှုအချို့ကိုတွေ့လိုက်ရသော်လည်း သူမသနားနိုင်တော့ပါ။
>>>>>