(၈)
သူတို့နှစ်ယောက်၏ ချစ်သူဘဝနေ့ရက်များသည် အေးချမ်းသာယာသည် ဟုအကြမ်းဖျင်းအားဖြင့် သတ်မှတ်၍ရပါသည်။ မိုးစွေက သူ့ကို အိမ်နားလမ်းထိပ်အထိလာကြိုကာ ကျောင်းအတူသွားကြ သည်။ လက်ချာယူချိန်တွင် ရှေ့ဆင့်နောက်ဆင့်ထိုင်ကြသည်။ တစ်ခါတစ်ရံ မိုးစွေက သူ့ကိုအနောက် ထိုင်ခုံမှနေ၍ ကျောပြင်ကိုမသိမသာလှမ်းပွတ်၍စခြင်း၊ ခါးလှမ်းတို့ခြင်းတို့ပြုကာ ကလိတတ်သည်။ အတန်းကို ပြီးအောင်အထိတက်ပြီး ဦးချစ်ကန်တင်းတွင်အတူထိုင်ကြသည်။ သူ့သူငယ်ချင်းလေး ယောက်နှင့်လည်း စကားပြော၊ စာအကြောင်းဆွေးနွေးကြဖြင့် ပျော်ရွှင်ဖွယ်ရာနေ့ရက်အတော်များ များကို ဒီပလိုမာတစ်နှစ်လုံးနီးပါးဖြတ်သန်းခဲ့နိုင်သည်။
သူက ခဏခဏစိတ်ဆိုးတတ်ပြီး မိုးစွေကလေပြေကလေးနှင့်ချော့မြူတတ်သည်။ သူငယ်ချင်းများက လည်း တက္ကသိုလ်ကတည်းကပေါင်းလာခဲ့ကြသူများပီပီ သူ့အထာကိုကောင်းကောင်းနပ်သည်။ သူနှင့် မိုးစွေတို့၏အခြေအနေကို သူငယ်ချင်းများမရိပ်မိအောင်နေခဲ့သော်လည်း အထိုက်အသင့်တော့သိ ထားနှင့်ကြပါလိမ့်မည်။
“နန်းခမ်းလှိုင် နင်တော့ နောက်ကောက်ကျန်ခဲ့ပြီနော်”
ဝေယံက မိုးစွေမရှိတုန်း သူ့ကိုမထိတထိလှမ်းစတတ်လျှင် သူက မျက်နှာကိုစူပုပ်ထားပစ်လိုက်သည်။ စိတ်ဆိုး၍မဟုတ်သော်လည်း ထပ်မစစေရန်ဖြစ်သည်။
“ကောင်းစည်သူ မင်းကငါတို့သူငယ်ချင်းအရင်းပါ၊ မင်းနဲ့ပတ်သက်လို့ တစ်ခုခုများအမြင်မတော်တာရှိ လာရင် ငါတို့စွတ်ဖက်ရမှာပဲနော်”
ဝေယံသည် ထိုစကားကို အတော်လေးချင့်ချိန်ပြီးမှ သူ့ကိုပြောခဲ့မှန်းနောင်တစ်ချိန်တွင်သိခဲ့ရသည်။
တစ်ရက်ပေါ့။ ထိုတစ်ရက်သည် မိုးစွေကျောင်းလာသောနောက်ဆုံးနေ့လည်းဖြစ်မှန်းမသိဖြစ်ခဲ့ရသော ရက်ပင်။ ဦးချစ်ကန်တင်းတွင် လူစုံသည့်အခါ ဖြူစင်က စကားတစ်ခွန်းစပြောသည်။ မိုးစွေကိုရည် ရွယ်ပြီးတမင်ပြောလိုက်ခြင်းပင်။
“ငါ မနေ့က မနှစ်ကငါတို့အတန်းကိုတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖြစ်သေးတယ်၊ စာမေး ပွဲအကြောင်းတွေရော အခြားအတင်းအဖျင်းတွေရော အကုန်အစုံပဲပြောကြတာ နေ့လည်ကနေညနေ စောင်းသွားတဲ့အထိပဲ”
“နင်တော်တော် အတင်းပြောသန်တာပဲ ဖြူစင်”
“ဟဲ့ တွေ့တုန်းလေးပြောရတာလေ၊ ပြီးတော့…အော် ငါလေ မဝင်းလဲ့ရွှေရည်နဲ့လည်းတွေ့ခဲ့တယ်မိုး စွေ၊ သူ့ရွှေဆိုင်ကတော့ လော့ကတ်သီးဝယ်ခဲ့သေးတယ်”
မိုးစွေမျက်နှာပျက်ထွက်သွားသည်။
“နင့်ကို အစ်မက ကောင်းကောင်းသိတယ်နော်၊ ဟိုတစ်နေ့ကပဲဆိုင်ကို လာသွားသေးတယ်ဆို”
“အင်း ဟုတ်တယ်၊ ငါ့အမေက ပစ္စည်းတစ်ခုသွားကြည့်ခိုင်းတာနဲ့”
“ဟင် မိုးစွေ၊ မင်းအမေပြန်ရောက်နေတာလား၊ ငါ့ကိုမပြောဘူးကြည့်စမ်းခွေးကောင်”
“ဆောရီး ဇော်၊ ငါမေ့နေလို့၊ ဟို ပြီးတော့ ငါ ဒီရက်ပိုင်း လေးငါးရက်လောက် ကျောင်းပျက်လိမ့်မယ်၊ ငါ့အမေကိစ္စတွေလိုက်လုပ်ပေးနေရတာမို့လို့၊ အမေက တစ်ပတ်ပဲနေပြီး ပြန်မှာဆိုတော့”
“နင့်အမေက ဟောင်ကောင်မှာနေတာဆို၊ အင်္ကျီအလန်းစားကြီးတွေ နင်ရပြီပေါ့”
မိုးစွေသည် သူနှင့်ပတ်သက်သောအကြောင်းအရာများကို ပြောရန်သိပ်အားမသန်ခဲ့။ အင်းအဲလုပ်နေ ရင်းစကားလမ်းကြောင်းလွှဲခဲ့တော့သည်။
“အော် မိုးစွေ၊ ငါတို့ဒီနေ့ ဇော်ကို တစ်နေရာခေါ်သွားစရာရှိလို့ အဲဒါ မင်းအရင်ပြန်နှင့်လိုက်လို့ရမ လား၊ ငါတို့ သူ့ကိုသေချာပြန်လိုက်ပို့လိုက်မယ်လေ”
သူ့သူငယ်ချင်းများနှင့် မိုးစွေတို့အကြား ထိုစကားလုံးများပြောလာသည့်အချိန်တွင် အခြေအနေတစ်ခု ခုထူးခြားခဲ့ပြီမှန်း သူသဘောပေါက်လိုက်သည်။
“ဘယ်ကိုလဲ ငါ့ကိုလည်းကြိုမပြောဘဲနဲ့ ငါမိုးစွေနဲ့ပဲပြန်မှာ”
“အရေးကြီးလို့ ကောင်းစည်သူရဲ့၊ အကူအညီတောင်းတာပါဟယ် နင်ကလည်း”
ဖြူစင်က သူ့လက်မောင်းကိုပုတ်သလိုနှင့် ဆွဲဆိတ်လိုက်ကာ မိုးစွေကို ပထုတ်တော့သည်။ မိုးစွေက လည်းသဘောပေါက်မြန်ကာ ခေါင်းညိတ်ပြီး တစ်ယောက်တည်းအိမ်ပြန်သွားခဲ့တော့သည်။ သူနှင့် ချစ်သူဖြစ်ပြီးကတည်းက ကျောင်းလာတိုင်းအတူတူလာ၊ ပြန်တော့လည်းအတူတူပြန်နေကျမို့ ထိုကဲ့ သို့သော အဖြစ်အပျက်ကိုရင်ဆိုင်ရသည့်အခါ စိတ်ထဲမကောင်းလှသလိုခံစားရပြန်သည်။
သူရော မိုးစွေရော ကုမ္ပဏီအလုပ်လုပ်ကြသူများမဟုတ်ပါ။ ထို့ကြောင့် သူများထက်အချိန်ပိုရတတ် ကြ၍ အတန်းမရှိသောရက်များဆိုပါကလည်း မိုးစွေနေထိုင်ရာဆီကိုလိုက်သွားတတ်သည်။ ထမင်းအ တူချက်စား၊ နေ့လည်ဖက်အတူ တစ်ရေးတစ်မောအိပ်၊ ဇာတ်လမ်းကြည့်၊ စာအုပ်ဖတ် စသည်ဖြင့်အ ချိန်တော်တော်များများကို ကြည်နူးပျော်ရွှင်စွာဖြတ်သန်းတတ်ကြပါသည်။ သူအိမ်မှာနေရင်း ပျင်းလာ သည့်အခိုက်အတန့်များတွင်လည်း မိုးစွေဆီကိုလာကာ ကန်တော်ကြီးဖက်ဆီကိုလမ်းအတူလျှောက် တတ်ကြသေးသည်။ မိုးစွေနေထိုင်ရာသည် သူ့အတွက်တံခါးမရှိ၊ ဓါးမရှိဝင်ထွက်သွားလာနိုင်ခဲ့သည်။
“နောက်ဆို ငါ့ကိုတံခါးခေါက်ပြီးမခေါ်နဲ့တော့၊ ရော့ ဒီမှာ ငါ့အိမ်သော့၊ ကြိုက်တဲ့အချိန်ဝင်လာပြီးငါ့ ဘေးမှာ လာအိပ်လို့ရတယ်၊ ငါမသိအောင် စပရိုက်တိုက်လို့ရတယ်” ဟုဆိုကာ မိုးစွေ၏အိမ်သော့အား သူ့ကိုပေးထားခဲ့သည်။
“ငါလာလို့ မင်းအိမ်မှာရှိမနေရင်ရော”
“ငါအပြင်သွားမယ်ဆို မင်းကိုဖုန်းဆက်ပြောသားပဲ၊ ပြန်ရောက်ရင်လည်းမင်းကိုပြောတယ်လေ၊ မ ပြောရင်တော့ ငါအိမ်မှာရှိနေလို့ပေါ့ ဇော်ရဲ့”
မိုးစွေသည် သူ့အတွက် သဝန်တိုစရာမရှိ၊ စိတ်ချရသော ချစ်သူကောင်းလေးအဖြစ်သတ်မှတ်ထားခဲ့ သည်ပင်။ သူစိတ်တိုမှာ ငြိုငြင်မှာ အင်မတန်ကြောက်သူလည်းဖြစ်လေသည်။
ထို့နေ့က မိုးစွေထွက်သွားတော့ ဝေယံတို့က စကားစတော့သည်။ သူလုံးဝထင်မှတ်မထားခဲ့သောစ ကားလုံးများပင်။
“မင်းတို့ချစ်သူတွေဖြစ်တာ ဘယ်လောက်ကြာပြီလဲ ကောင်းစည်သူ”
တည့်တည့်ကြီးမေးချလိုက်သည့်အခါ သူ့ခဏတာမျှကြောင်သက်သွားမိသည်။ သို့သော်လည်း ဘာ ဖြစ်သေးလဲ။
“ငါတို့ချင်းကြိုက်တာ ငါသူငယ်ချင်းတွေဖြစ်တဲ့ မင်းတို့အတွက်အဆင်မပြေဘူးဆိုရင်လည်းရပါတယ်၊ ငါ အဖွဲ့ထဲကနေထွက်သွားပေးပါ့မယ်”
“ကောင်းစည်သူ၊ မဆိုင်တာတွေမပြောနဲ့၊ ငါတို့အဲလောက်အမြင်ကျဉ်းမယ့်သူတွေမဟုတ်ဘူး၊ နင့်ကို ချစ်တဲ့သူဘယ်သူ့ကိုမဆိုငါတို့လည်းချစ်မှာပဲ ဒါပေမဲ့ အခုက”
“နင်တို့ ဒီအခြေအနေထိတောင် ရောက်သွားပြီပဲ ကောင်းစည်သူ၊ နင် အဲဒီကောင်အကြောင်း ဘယ်လောက်သိထားလို့လဲ၊ သူ့ကို ဘယ်လိုကောင်လို့ နင်ထင်လဲ။ အဲဒီကောင်လိုလူမျိုးက လောက ကြီးမှာရှိမနေသင့်တဲ့ ကောင်ဟ၊ နင်သိလား”
ထူးဆန်းသည့်စကားလုံးများကြောင့် သူတအံတဩဖြစ်နေမိခဲ့သည်။ မိုးစွေသည် သူ့အတွက်ချစ်သူ ကောင်းတစ်ယောက်အဖြစ်တောက်လျှောက်ရှိနေပေးခဲ့သည်။ သူ့အတွက် ဘာမဆိုဖြည့်ဆည်းပေး သည့်သူတစ်ယောက်ဖြစ်ခဲ့သည်။ ဒါနှင့်များဘာကြောင့် ထိုစကားကိုပြောရပါသလဲနားမလည်နိုင်။
“မင်း အခြားကောင်တစ်ယောက်နဲ့ချစ်သွားလို့ပြဿနာမရှိပေမယ့် သူနဲ့က ချစ်သူတွေမဖြစ်သင့်ဘူး ကောင်းစည်သူ”
“အမှန်အတိုင်းပြောရင် သူက ငါတို့နဲ့အပေါင်းအသင်းမဖြစ်ထိုက်တဲ့သူတစ်ယောက်ပဲ”
တစ်ယောက်တစ်ခွန်းစီ မိုးစွေကိုဝိုင်းပြီးနှိပ်ကွက်နေသည့်အခါ သူမကျေနပ်နိုင်တော့။
“မိုးစွေက ငါ့ချစ်သူဖြစ်နေတာ မင်းတို့အားလုံးသိနေပြီပဲ၊ ဘာလို့အဲလောက်ကြီး ပစ်ပစ်ခါခါပြောရ တာလဲ၊ ငါဖြင့်နားမလည်တော့ဘူး”
“ကောင်းစည်သူ၊ ငါတို့က နင့်သူငယ်ချင်း အရင်းကြီးတွေပါ၊ အခုကိစ္စက နင့်အတွက် အရမ်း အရေး ကြီးမယ်၊ နင်က ဟိုကောင့် မှိုင်းမိနေတာကိုး၊ မိုးစွေဆီမှာ နင်မသိတဲ့ စာမျက်နှာတစ်ဖက်ရှိသေး တယ်၊ ငါတို့လည်း အဲဒါကို တောက်လျှောက်စုံစမ်းနေတာ အခုမှ သေသေချာချာသိရလို့ နင့်ကိုပြော ပြမလို့”
“ဘယ်လို”
“ဟုတ်တယ်ကောင်းစည်သူ၊ မိုးစွေဆိုတဲ့ကောင်က ငါတို့မင်းတို့သိထားတဲ့မိုးစွေမဟုတ်သေးဘူး၊ သူ့ အခြားစာမျက်နှာက ငါတို့ထင်ထားတာထက်ပိုတယ်၊ သူက…သူက ပိုက်ဆံရှိတဲ့မိန်းမတွေဆီကချူ စားနေတဲ့ကောင်တဲ့၊ ကားတွေတစ်စီးပြီးတစ်စီးလဲတယ်ဆိုတာကလည်း ဟိုကဒီက အမ်းထားတဲ့ဟာ တွေလေ၊ မင်းသူ့ကိုကြည့်ပါလား၊ ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ Rich Kid လို နေနိုင်တယ်လေ”
“ဟာ ဟုတ်လို့လားကွာ၊ သူ့အမေက ဟောင်ကောင်ကနေပံ့ပိုးနေတာမဟုတ်လား”
မျှော်လင့်မထားသည့်စကားလုံးများမို့ သူလက်မခံချင်ပါ။ တစ်ဖက်ကလည်း သူငယ်ချင်းများကမသေ ချာဘဲပြောမည်မဟုတ်ဆိုသည့်အချက်ကိုလည်းတွေးမိပြန်လေသည်။
“သူ့မှာ အမေမရှိဘူး၊ ဘာအသိုင်းအဝိုင်းမှလည်းမရှိဘူး၊ တစ်ကောင်ကြွက်၊ သူပြောတဲ့အမေဆိုတာ သူ့ရဲ့သိကြားမေမေကြီးတဲ့၊ ဟောင်ကောင်မှာနေတာတော့မှန်တယ်၊ ရန်ကုန်မှာ သူ့ကို ယောင်္ကျားကီ ပင်အနေနဲ့ထားတာပေါ့ကွာ၊ ကွန်ဒိုဝယ်ထားပေးတယ်၊ လစဉ်ထောက်ပံ့တယ်၊ ဒါနဲ့တင်မကသေးဘူး၊ မိုးစွေက ပိုက်ဆံရှိအသိုင်းအဝိုင်းကတော်တွေ၊ လူကြီးတွေရဲ့လက်သုံးတော်ခံလည်းဖြစ်တယ်”
“ငါတို့သိတာတော့ ကြာပြီ၊ သေချာချင်လို့စုံစမ်းနေတာ ကောင်းစည်သူရဲ့၊ မဝင်းလဲ့ရွှေရည်လည်းဒီကိ စ္စကိုကောင်းကောင်းသိတယ်၊ သူလည်း မိုးစွေရဲ့ ဖောက်သည်ထဲကတစ်ယောက်ပဲ၊ အစ်မက ပွင့်လင်း တော့ နည်းနည်းအစ်အောက်မေးလိုက်တာနဲ့ထွက်လာတော့တာပဲ”
မိုးစွေရဲ့ဘဝစာမျက်နှာတစ်ဖက်အကြောင်းတဲ့။ သူဘယ်လိုယုံကြည်ရမလဲ။ အသက်ကြီးကြီး မိန်းမ တွေဆီက၊ အာသာဖြေလိုသည့်ယောင်္ကျားများဆီက လိုအပ်သောအထောက်အပံ့ များရရှိရန် မိုးစွေ ဘာတွေများပေးဆပ်ရမလဲ။
ဘုရား။ အောက်တန်းကျလိုက်တာ။ ဒါအမှန်ပဲလားဆိုတာ မိုးစွေကို ဘယ်လို မေးရပါ့မလဲ။
လူတစ်ယောက်၏အကြောင်းကိုစုံစမ်းဖို့ ဝေယံတို့အတွက် သိပ်ခက်ခဲကြဟန် မတူပါ။ အထူးသဖြင့် မိုးစွေလိုလုပ်စားနေသည့်လူများ အကြောင်းဆိုပိုတောင်လွယ်ပုံရသည်။ အကြောင်းအရာ အားလုံးက မယုံကြည်နိုင်စရာတွေချည်းဖြစ်သည်။
“ဟုတ်လို့လားကွာ”
“သိပ်သေချာတာပေါ့ကောင်းစည်သူရာ”
“စပွန်ဆာတဲ့ ဟား၊ ဘာတွေလဲကွာ၊ ဘာတွေလဲ”
“ကောင်းစည်သူ၊ နင်စိတ်အေးအေးထားပါ၊ စပွန်ဆာရှာတယ်ဆိုတာ အခုခေတ်မှာသိပ်တော့မဆန်း တော့ပါဘူး၊ နှစ်ဦးနှစ်ဖက် အပေးအယူနဲ့ကျေနပ်သဘောတူကြလို့ ဒီလိုဖြစ်လာကြတာပဲ၊ ဒါ အပြစ် ပြောလို့မရပါဘူး၊ သူ့ကံကြမ္မာကို သူဖန်တီးတာပဲလေ၊ အေး ဒါပေမဲ့ ငါတို့သူငယ်ချင်း နင့်ကိုတော့ ရိုးရိုးစပွန်ဆာမဟုတ် ဘဲ ယောင်္ကျားပြည့်တန်ဆာတစ်ယောက်လိုဖြစ်နေတဲ့ကောင်နဲ့တော့ ဘယ်လိုမှ သဘောမတူနိုင်ဘူး”
“ငါ မယုံနိုင်လောက်အောင်ပဲဟာ”
“နင်မယုံနဲ့ကောင်းစည်သူ၊ ငါတို့က နင့်သူငယ်ချင်းတွေမို့လို့ ငါတို့ပြောသမျှမယုံပါနဲ့၊ ငါတို့တွေလက် တွေ့သွားဖမ်းကြရင်မကောင်းဘူးလား၊ သူတို့အတူရှိနေတဲ့အချိန်ကို အငိုက်ဖမ်းတာမျိုးလေ၊ နင် လည်းသံသယရှင်းသွားတာပေါ့”
“တကယ်ဆိုရင်ဘယ်လိုလုပ်မလဲ ဖြူစင်ရဲ့၊ ငါ ..ငါသူ့ကိုချစ်ခဲ့တာ ဒီလိုစိတ်ဆင်းရဲစရာတွေကြုံဖို့မ ဟုတ်ဘူးလေ၊ ငါသူနဲ့တစ်သက်လုံးလက်တွဲသွားဖို့ဆုံးဖြတ်ထားပြီးသား၊ သူကလည်း ငါထင်ထားတာ ထက်တောင်ငါ့ကိုချစ်နေတဲ့သူလို့ ငါသတ်မှတ်ထားခဲ့တာ”
“မင်းခံစားချက်ကို ငါတို့နားလည်ပါတယ်သားကြီးရာ၊ ဒီအတိုင်းရေလိုက်ငါးလိုက်မျောသွားတာထက် စာရင် အခုလိုစောစောစီးစီးသိတော့ တစ်ခုခုကိုဆုံးဖြတ်လို့ရတာပေါ့၊ မင်းသူ့ကိုဖြတ်မလား ဒါမှမ ဟုတ်တစ်သက်လုံးခွင့်လွှတ်သွားမလား”
“ဟင့်အင်း၊ ဒီလိုကိစ္စမျိုးကို ငါကဘာလို့ခွင့်လွှတ်မှာလဲ၊ တကယ်သာမှန်နေခဲ့ရင် ငါဘယ်လောက်ပဲနာ ကျင်ရပါစေ ငါသူ့ကိုမုန်းပစ်လိုက်တော့မယ်ဝေယံ၊ ငါ ဆယ်တန်းနှစ်တုန်းက အဲဒီ ကီပင်ဆိုတဲ့ကိစ္စနဲ့ ငါတို့မိသားစု အကြီးအကျယ်ပြဿနာတက်ဖူးတယ်၊ ငါ့ဘဝမှာ ဒဏ်ရာတွေလည်းရခဲ့ဖူးတယ်၊ သူ တစ်ပါးအိမ်ထောင်ကိုဖျက်ဆီးနေတဲ့သူတွေနဲ့ ငါဘယ်တော့မှမပတ်သက်ဘူး”
“အေး ဒါဆိုလည်းရှင်းတယ်၊ မင်းသူ့အိမ်ကိုသိတယ်မှလား၊ တစ်ရက်လောက် အငိုက်သွားဖမ်းကြ မယ်၊ သူ့စပွန်ဆာကြီးလည်းရောက်နေတယ်ဆိုတော့ အိမ်မှာပဲသူအချိန်တွေကုန်နေလိမ့်မယ်”
“ကောင်းပြီ၊ ငါတို့မနက်ဖြန်ပဲရှင်းကြတာပေါ့”
>>>>>
ဆက်ပါဦးမည်။