(၇)
“ငါ လည်းမင်းကို သဘောကျပါတယ် မိုးစွေ”
အရာအားလုံးသည် အစကနဦးတုန်းကနှင့်မတူတော့။ သူအမြင်မကြည်ခဲ့သောမိုးစွေသည် သူအချစ် ရဆုံးသောလူတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့ပြီ။ အချစ်ကဆန်းကြယ်သည်ဆိုသောစကားကို သူကိုယ် တိုင်ကြုံတွေ့ခဲ့ရပြီ။ သူနှင့်မိုးစွေသည် ရန်သူများမဟုတ်ကြသည့်တိုင် ခင်မင်ချစ်ရသည့်မိတ်ဆွေများ လည်းမဟုတ်ခဲ့ပါ။ သူက မိုးစွေကို သိပ်ကြည့်မရဘဲ ဂျစ်ကန်ကန်ကောင်ဟုပင်သတ်မှတ်ထားခဲ့ဖူးပါ သည်။ အခုတော့လည်း သူအချစ်ရဆုံးသောလူတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့လေသည်။
မိုးစွေကို သူချစ်ဖို့ ဘယ်သူကမှတွန်းအားပေးခဲ့ခြင်းမဟုတ်ပါ။ သူကိုယ်တိုင်က လိုလိုလားလားနှင့်ချစ် ခင်လာအောင် မိုးစွေကဖန်တီးတတ်ခဲ့သည်မဟုတ်ပါလား။ ခပ်အေးအေးစကားပြောတတ်ပုံများ၊ တစ် ခုခုအဆင်မပြေလျှင်မျက်လွှာချကာ သက်ပြင်းခပ်သဲ့သဲ့ရှိုက်ထုတ်တတ်ပုံများသည် ချစ်စရာအပြင် သ နားကြင်နာစရာရသများကိုပါပေးစွမ်းစေခဲ့သည်။ ပုံမှန်ချစ်ခြင်းထက် သနားသည့်ချစ်ခြင်းကပိုမိုကြီး မားတတ်သည်ကို သူကြုံတွေ့ခဲ့ရပြီ။
“ငါ့မှာ မိဘအသိုင်းအဝိုင်းမှ မရှိတာ၊ အဲတော့ အမျိုးတွေရဲ့ကိစ္စလည်းမရှိဘူးလေ”
သူ့မိဘများဆိုင်ထိုင်ရာဆီကို ထမင်းချိုင့်ပို့ပေးခြင်း၊ အစ်ကိုကြီးရုံးကို ပစ္စည်းပို့ခြင်းစသည့် ဗာရီဟအ လုပ်များကို မိုးစွေက စိတ်လိုလက်ရလိုက်လံဆောင်ရွက်ပေးတတ်သည်။ ထိုသို့ပြုလုပ်ရခြင်းကိုလည်း ပျော်သည်ဟုဆိုသည်။ အသိုင်းအဝိုင်းမရှိ၍ သိမ်ငယ်နေသည့် မိုးစွေကို သူကတတ်နိုင်သရွေ့ဖျောင်း ဖျရသည်။
“ငါက မင်း ငါ့ကိုချစ်တယ်ပြောတယ်ဆိုတာကို ကြားချင်တာ”
မိုးစွေသည် သူ့ကိုအပျော့ဆွဲဖြင့် လွှမ်းမိုးတတ်သူလည်းဖြစ်သည်။ မိုးစွေကို အဖြေပေးသည့်နေက သူ ပြောရမှာရှက်နေသည့် စကားကို မရရအောင်ပြောခိုင်းစေခဲ့သည်။
“အေးကွာ ငါမင်းကို ချစ်တယ်မိုးစွေ၊ ငါ မင်းကို သိပ်ချစ်တယ်”
ရုပ်ရှင်ထဲကမင်းသားကဲ့သို့ လေပေါ်သို့လက်သီးမြှောက်ထိုးသည့်အမူအရာကို မိုးစွေမလုပ်ခဲ့သော် လည်းသူ့ပါးကို လက်သီးဖွဖွလေးဖြင့်မနာအောင်လှမ်းထိုးလိုက်ပါသည်။ ပြီးတော့ သူ့ကိုလည်းအနမ်း တစ်ပွင့်ရွှတ်ခနဲပေးလိုက်သေးသည်။
“ဟာ မိုးစွေ မင်းဘယ်လိုလုပ်တာလဲ လူတွေအများကြီးပဲလေ”
“ဘာဖြစ်သေးလဲ ချစ်လို့လုပ်တာကို”
“ငါတို့က ပုံမှန်မဟုတ်ဘူးလေ”
“ဟာကွာ ဇော်ကလည်း ချစ်တတ်စိတ်ရှိတာက ပုံမှန်ပဲလေ၊ မင်းကို ငါချစ်တာပုံမှန် မင်းကငါ့ကိုချစ် တာလည်းပုံမှန်ပဲ၊ အချစ်ကို အချစ်လို့မမြင်ဘဲ ယောင်္ကျားမှ မိန်းမမှ ဆိုပြီး ပဉာတ်ချက်တွေတပ်နေ တာကမှ ပုံမှန်မဟုတ်တာလေ”
“လူတွေက နားမလည်ကြဘူးလေ မိုးစွေရဲ့”
“အတွေးအခေါ်နိမ့်တဲ့သူတွေနားမလည်ဘူးလို့ပြောပါဇော်ရာ၊ မင်း ဘယ်ရာစုမှာ နေနေတာလဲ၊ ငါတို့ ရဲ့အချစ်ကို ဘယ်သူကလက်ခံမလဲ၊ ဘယ်သူကလက်မခံဘူးလဲဆိုတာ ငါတို့လိုက်မေးမလားကဲပြော၊ လက်ခံတဲ့သူများရင် ငါနိုင်တယ် နည်းရင်တော့ မင်းနိုင်တယ်၊ ဘယ်လိုလဲ”
“မင်း အဲလိုစကားတွေကျ ပြောထွက်လိုက်တာ မိုးစွေ၊ အတန်းထဲမှာကျသူမဟုတ်သလိုနဲ့”
“ဒါကတော့ မင်းကိုချစ်လို့လေကွာ”
ထိုနေ့က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ရှေ့မှသည် မိုးစွေ၏ကားရပ်ထားရာတောင်ငူဆောင်နား သည့်တိုင်အောင် ပခုံးဖက်လမ်းလျှောက်ခဲ့လေသည်။ သူက ငြင်းဆန်သော်လည်း မိုးစွေကမရမက သူ့ ပခုံးကို သိုင်းဖက်ထားကာ ပခုံးသားကိုဆွဲညှစ်ထားလိုက်သေးသည်။ နာတယ်ဟု သူကငြင်းတော့ အ သည်းယားလို့ဟု အကြောင်းပြချက်ပေးပြန်သည်။
သောကြာနေ့မို့ အတန်းမရှိသော်လည်း Presentation ကိစ္စဆွေးနွေးရန် ကန်တင်းတွင်ချိန်းထားကြ သည်။ သူတို့နှစ်ယောက် ဦးချစ်ဆိုင်ကိုရောက်သည့်အခါတွင်တော့ လူစုံနေနှင့်ခဲ့ပြီ။
“မင်းတို့အတူတူလာတာလား”
“အင်း ဟုတ်တယ်”
သူကငြင်းရန် ခေါင်းခါလိုက်သော်လည်း မိုးစွေကတော့ ဝန်ခံပြီးနှင့်နေပြီ။ သူတို့နှစ်ယောက်အခုတ လော ပုံမှန်မဟုတ်သည်ကိုတော့ သူငယ်ချင်းများအားလုံးရိပ်မိလောက်ပြီဖြစ်သည်။
“မိုးစွေ နင်ဘာစားမလဲ”
“ရတယ် ငါ ပြည်ကြီးငါးချဉ်စပ်ထမင်းပဲ”
နန်းခမ်းလှိုင်က မိုးစွေအတွက်ထမင်းမှာပေးသည့်အခါ သူအူတိုသွားခဲ့သည်။ သူ့သူငယ်ချင်းအားလုံး နှင့်မိုးစွေက အတိုင်းအတာတစ်ခုအထိခင်မင်နေခဲ့ပြီလေ။ ဝေယံကတောင် မိုးစွေကို ကြည်ဖြူစပြု လာခဲ့ပြီ။ Presentation အတွက် ရာခိုင်နှုန်းတော်တော်များများကို မိုးစွေက ဦးဆောင်လုပ်ပေးခဲ့၍ ဖြစ်လေသည်။ ထိုမျှသာမဟုတ် Term Paper အတွက် အကူအညီကိုလည်း အားလုံးက အမြော်အ မြင်ရှိရှိ အသုံးချရန်ကြံစည်ထားသေးသည်။
“SPSS ဆော့ဖ်ဝဲသုံးပြီး စာတမ်းလုပ်ရမှာဆိုတော့ ငါတော့ စိတ်ရှုပ်တာပဲ၊ မသုံးချင်ဘူး၊ ဇယားတွေ တွက်ရချက်ရဦးမယ်၊ ထွက်လာတဲ့အဖြေကို စစ်တမ်းကောက်ထားတာနဲ့တိုက်ပြီး မှန်နိုင်မမှန်နိုင်ချိန် ရပြန်ဦးမယ်၊ စာတမ်းတစ်ရွက်ချင်းကို ဆော့ဖ်ဝဲမှာဖြည့်ရပြန်ဦးမယ်၊ စိတ်ရှုပ်တယ် စာမေးပွဲအောင် ရင်တောင် စာတမ်းမအောင်ရင်တော့ ဂွမ်းပြီ”
နန်းခမ်းလှိုင်ကထိုသို့ညည်းခဲ့သည့်ခဏတွင် မိုးစွေက ဝင်ပြီးဖြေရှင်းပေးခဲ့ဖူးသည်။
“စာမေးပွဲကိုသာ အောင်အောင်ဖြေ၊ အဲဒါ ငါလုပ်ပေးပါ့မယ်၊ ငါလုပ်တတ်တယ်၊ မနှစ်က အသိအစ်မ တစ်ယောက်ကို လုပ်ပေးဖူးတော့ Mean တို့ SD တို့ရှာနည်းတွက်နည်းအားလုံးငါဒိုင်ခံလုပ်ပေးမယ်”
“ဝိုး ငါတို့တော့ပွတာပဲ၊ ဒါနဲ့ နင်က အခုသင်နေတဲ့လက်ချာတွေကို မနှစ်ကတည်းကရင်းနှီးနေတာပေါ့ နော်”
“နည်းနည်းပါးပါးတော့ လေ့လာဖူးတယ်လေ လက်ချာရယ်လို့မဟုတ်ပါဘူး၊ အရှေ့မှာတွေ့တဲ့စာအုပ် ကို ကောက်လှန်ပြီးစိတ်ဝင်တစားရှိတဲ့စာပိုဒ်ဆိုဖတ်ဖူးတဲ့သဘောပဲ”
“ဟင် အသုံးချစိတ်ပညာလက်ချာက နင့်အရှေ့မှာ ဘယ်လိုလုပ်တွေ့ရတာတုန်း”
“အော် ငါအခုနက ပြောတဲ့ စာတမ်းလုပ်ပေးတဲ့ အစ်မဆီမှာပါ”
“အယ်လဲ့ ရိုးရောရိုးရဲ့လား၊ ဘယ်သူလဲပြော မနှစ်က ငါတို့က နိုင်ငံတကာဆက်ဆံရေးတက်တာလေ၊ ဒါပေမဲ့ အသုံးချစိတ်ပညာတန်းမှာလည်း သူငယ်ချင်းတော်တော်များများရှိတယ်၊ နင်ပြောတဲ့အစ်မဆို တာဘယ်သူလဲ မိုးစွေ”
“မဝင်းလဲ့ရွှေရည်”
“အော် ကြားဖူးသားပဲ၊ ထားပါတော့ ဒီနှစ်တော့ ငါတို့နင့်ကိုပဲအားကိုးလိုက်ပြီနော်’
အားလုံးအတွက် လုပ်ပေးမည်ဟုဆို၍ ဝေယံကတောင် မိုးစွေကို ကျေးဇူးတင်ကြောင်းပြောခဲ့သေး သည်။ သူနှင့်အဆင်ပြေသည့်အပြင် သူ့သူငယ်ချင်းများနှင့်ပါလေပေးဖြောင့်လာသည့်အခါ မိုးစွေသည် ခင်စရာကောင်းသော သူငယ်ချင်းတစ်ဦးဖြစ်သွားခဲ့တော့သည်။ လက်ရှိအချိန်တွင်တော့ သူ့အတွက် အချစ်ရဆုံးသောချစ်သူတစ်ဦးတစ်ယောက်ပင်ဖြစ်လာတော့၏။
“အင်း အမှန်တော့ မင်းတို့က အတူတူလာသင့်တာ၊ အိမ်လည်းနီးတယ်လေ”
ဝေယံကရွဲ့ပြောသလား၊ အတည်ပဲပြောသလားမခန့်မှန်းတတ်။ သူတို့နှစ်ယောက်ပုံစံမဟန်သည်ကို သိနေသည်ဆိုသည့် သတိပေးစကားလည်းဖြစ်နိုင်ပါသည်။
“ငါက ခေါ်ပါတယ် ဇော်က မလိုက်တာ”
“ဟေ ဘယ်လို”
ဝေယံမျက်နှာက ပြုံးရိပ်သန်းလာသည်။
“ဘာလဲ”
သူက ဝေယံကို မေးငေါ့ပြလိုက်ပြီး ကြာဆံဆီချက်လှမ်းမှာရန် လက်ယပ်ခေါ်လိုက်သည်။
“မိုးစွေ မင်း ကောင်းစည်သူကို ဘယ်လိုခေါ်လိုက်တာလဲ၊ အခုနက ငါ ခေါ်သံအဆန်းတစ်ခု ကြားလိုက်သလားလို့”
“အင်း ဟုတ်တယ်လေ၊ ဇော် လို့ခေါ်လိုက်တာ”
“ဟား ဟုတ်လှချည်လား”
မိုးစွေက ရှက်ဟန်လည်းမပြ။ အထူးအဆန်းဖြစ်ဟန်လည်းမပြ။ ပုံမှန်အနေအထားမှင်သေသေနေနိုင် လွန်းသည်။ သူကသာ ခပ်ရှက်ရှက်ဖြစ်သွားတော့သည်။
ငါတို့က ချစ်သူတွေဖြစ်သွားပြီဟု ရုပ်တည် ကြီးနှင့်ထပြောလိုက်မှာကိုလည်းစိုးရိမ်ရသေးသည်။ Presentation က နောက်တစ်ပတ်စတော့မည်မို့ သူတို့အဖွဲ့က အရင်ဆုံးနံပါတ် ၁ နေရာကိုစာရင်း ပေးထားခဲ့လေသည်။ အချောသပ်ဆွေးနွေးကြသည့်အချိန်တွင်ပြဿနာမရှိသော်လည်း နန်းခမ်းလှိုင် ၏ အပြုအမူတစ်ချို့ကို သူအမြင်မကြည်ဖြစ်လာသည်။ မိုးစွေက ကွန်ပျုတာတွင်ဖွင့်ထားသည့် Power Point Slight ကို လက်ဖြင့်ထောက်၍ တစ်ချက်ချင်းရှင်းပြနေချိန်တွင် ထမင်းခွံ့ကျွေးရ၊ ရေ တိုက်ရ၊ အအေးတိုက်ရဖြင့် သူ အူတိုစပြုလာခဲ့သည်။
“အအေးလေးသောက်လိုက်မိုးစွေ ငါပိုက်တပ်ထားပေးတယ် နှုတ်ခမ်းလေးတည့်ရုံပဲ” ဆိုသည့်ညုတု တုစကားများကိုလည်း နားထောင်မိရင် ဒေါသထွက်လာသည်။ မိုးစွေကိုယ်၌ကအနေအထိုင်မတတ် တာ။ အခုလေးတင်ချစ်သူဖြစ်ခါစပဲရှိသေး သဝန်ကတိုရပြီဟုတွေးလိုက်မိသည်။
“ငါ အိမ်သာခဏသွားလိုက်ဦးမယ်”
သူ ထထွက်လာခဲ့သည်။ မျက်နှာကစူပုပ်နေပါလိမ့်မည်။ သူ့လေသံခပ်မာမာကြောင့် အားလုံးကသတိ ထားမိနိုင်သည်။ ဂရုမစိုက်တော့။ အသုံးချစိတ်ပညာအတန်းဆောင်နားက အိမ်သာရှိရာကို ဘောက် ဆတ် ဘောက်ဆတ်နှင့်လာခဲ့လိုက်မိတော့သည်။ စိတ်တိုမှုကြောင့် မျက်နှာတစ်ပြင်လုံးထူပူနေသလို ခံစားရသည်။
“ဇော်”
သူ့အနောက်တွင် မိုးစွေခေါ်သံကိုကြားလိုက်ရသည့်အခါတွင်တော့ ပို၍စိတ်တိုရမိသည်။
“အဲဒါ မင်းသူငယ်ချင်းအရင်းကြီးလေ ဇော်ရဲ့ သဝန်မတိုရဘူးလေ၊ ဇော့်ပုံစံက အရမ်းသိသာတယ်၊ သူ တို့ရိပ်မိသွားရင်ဘယ်လိုလုပ်မလဲ”
“ဘာဖြစ်လဲ၊ မင်းပဲ ငါ့ကိုပြောခဲ့တာလေ၊ အချစ်ကိုအချစ်လို့မြင်တတ်ရမယ်ဆို အခုသူတို့မြင်ပါစေ လေ၊ ငါက ဂရုစိုက်မယ်ထင်လို့လား”
“အေးပါ ဇော်ရယ်၊ အေးပါ၊ ငါပြောတာက မင်းအတွက်ပါ၊ ပြီးတော့ မင်းရဲ့သူငယ်ချင်းတွေနဲ့ ငါက အဆင်ပြေအောင်ပေါင်းရတာပါ၊ မင်းမျက်နှာတစ်ခုတည်းနဲ့ပါ၊ ဇော်မကြိုက်ရင်ဆင်ခြင်ပါ့မယ်နော်၊ စိတ်မကောက်ပါနဲ့၊ ချစ်သူဖြစ်တာနာရီပိုင်းပဲရှိသေးတယ်၊ ချော့နေရပြီလား ကဲ”
“ဘာလဲ မင်းက မချော့ချင်ဘူးလား ရတယ်လေ”
“ချော့ချင်တာပေါ့ ဇော်ရဲ့ ချော့ချင်လို့ ငါ နောက်ကနေလိုက်လာတာပေါ့၊ သူတို့တွေကတော့ ပွစိပွစိ ပြောပြီးကျန်ခဲ့တယ်၊ ဇော်ကို အဲလိုသဝန်တိုမယ်လို့မထင်ထားဘူးလေ၊ ငါတို့ရည်းစားတွေဆိုတာကို လည်းမသိသေးဘူးလေ”
“သွားတော့ မင်း သူတို့ဆီကို”
“မသွားပါဘူး၊ ရှုးရှုးလိုက်တည်ပေးမယ်လေ”
“မလိုဘူး”
“အံမယ် သူပဲ သရဲကြောက်ပြီးတော့၊ အိမ်သာထဲမှာ အခုချိန်ဘယ်သူမှမရှိဘူးနော်”
“မကြောက်ဘူး”
“အေး ပြီးရော ဒါဆို ငါ ကန်တင်းကိုပဲပြန်လိုက်တော့မယ်၊ စာရှင်းပြနေတာတန်းလန်းကြီးလေ”
“မိုးစွေ ခွေးကောင်”
မထိတထိစတတ်လာမှုများကို သူကျေနပ်လာသည်။ မိုးစွေကို တစ်ရက်ပြီးတစ်ရက်တွေ့ချင်စိတ်များ အဆုံးမသတ်နိုင်တော့။ မြတ်နိုးမှုပိုလာသည်။ ချစ်စိတ်များပြင်းထန်လာသည်။ သူတို့နှစ်ယောက်ကြား တွင် အရာရာအဆင်ပြေနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့ပါသည်။
သို့သော် သူတို့ဇာတ်လမ်းကထိုမျှလောက်ရိုးအီမနေခဲ့ပါ။ သူနှင့်မိုးစွေ၏ ဇာတ်လမ်းသည် ချောမွေ့ သည့်အချစ်ဇာတ်လမ်းဆိုလျှင်တောင် ဗီလိန်ကတော့ ပါလာခဲ့သည်။ သို့သော်ထိုအဖြစ်အပျက်သည် ဇာတ်ကားထဲက ဗီလိန်ထက်ပိုသည်။ အိပ်ရာဝင်ပုံပြင်ထဲက စုန်းမကြီးထက်ပို၍ကြောက်စရာကောင်း လှသည်။ အရာအားလုံးကို ဖဲ့ခြွေပျက်စီးနိုင်သော မုန်တိုင်းတစ်လုံးထက်အားပြင်းခဲ့တော့သည်။
သူသည် မိုးစွေကို တစ်သက်တာလုံးအတွက်နှစ်သက်ချစ်ခင်ပါသည်။ အရာရာကိုရင်ဆိုင်ရန်လည်းဆုံး ဖြတ်ထားပြီးဖြစ်သည်။ သို့သော်လည်း သူခွင့်မလွတ်နိုင်သော အကြောင်းပြချက်တစ်ခုကို မျက်ဝါး ထင်ထင်မြင်လိုက်ရသောအခါ စွန့်လွှတ်ရန်အထိ စိတ်အနာကြီးနာရခဲ့တော့သည်။
မိုးစွေသည် ကောင်းစည်သူဇော်အတွက် အဆိပ်ပြင်းလှသော သစ်သီးတစ်လုံးဖြစ်မှန်းမသိသောအချိန် များတွင် အချစ်ဆိပ်များဖြင့်မူးယစ်ရီဝေနေတတ်ခဲ့သည်။
>>>>>
ဆက်ပါဦးမည်။