(၆)
နောက်နေ့တွင် သူ့ဆီကို မိုးစွေရောက်လာခဲ့ပါသည်။ ဒီပလိုမာတန်းက မနက် ၈ နာရီခွဲကနေ ၁၀ နာ ရီအတိဆိုသော်လည်း တော်တော်များများကတော့ ၉ နာရီခွဲခန့်တွင် အတန်းထဲမှ အလျှိုလျှိုထွက် တတ်ကြပြီ။ သူတို့သည်လည်း ၉ နာရီကျော်သည်နှင့် အပြင်သို့လစ်ထွက်ရန်တာစူနေကြပြီဖြစ်သည်။ မိုးစွေ သူ့ဆီရောက်လာသည့်အချိန်တွင် မနက် ၁၀ နာရီသာရှိပါသေးသည်။ အချိန်စောလစ်ထွက် ခဲ့မှန်း သူခန့်မှန်းမိလိုက်သည်။ ဒါမှမဟုတ် မိုးစွေလည်း သူ့လိုပဲ ကျောင်းမသွားခဲ့ဘူးလား။
“စိတ်ပူလို့ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်လာတာ၊ ဘာလို့ကျောင်းမတက်တာလဲ ဇော် ၊ မိုးမိပြီးနေ မကောင်းလို့လား၊ ဒါမှမဟုတ် မနေ့ကကိစ္စမင်းအစ်ကိုသိသွားတာလား”
“မသိပါဘူး၊ တော်သေးတယ်၊ မိုးရွာနေတော့ လူကိုသဲသဲကွဲကွဲမမြင်ရဘူးလေ”
“တော်သေးတာပေါ့၊ ဒါဖြင့် ဘာကြောင့်ကျောင်းမလာတာလဲ”
“နေမကောင်းချင်သလို ဖြစ်လို့ပါ၊ မင်းရော . . .မင်းလည်း နေမကောင်းဘူး ထင်ပါ ရဲ့”
မိုးစွေ၏မျက်နှာသိပ်မလန်းပါ။ သူ့ကိုကျောင်းမတက်ဘူးလားဟုမေးလာသည့်အတွက် မိုးစွေကျောင်း သွားပြီးသိလာခြင်းဖြစ်လိမ့်မည်။ သူတို့အချင်းချင်းက ဖုန်းအဆက်အသွယ်မှမရှိခဲ့ကြသေးဘူးပဲ။ သူ့ ဖုန်းနံပါတ်ကို မိုးစွေမသိသေးပါ။
တီရှပ်အင်္ကျီ အနွေးထည်ပါးပါးကိုဝတ်ထားပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပါသည်။ တကယ်တော့ မိုးစွေက တော်တော်လေးချောသည့်ယောင်္ကျားလေးတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပါးသိုင်း မွှေးရေးရေးက သူ့မျက်နှာဘေးတစ်လျှောက်စိမ်း၍နေလေ သည်။ ဆံပင်အုံထူထူကြီးများကို အကျ အနပုံသွင်းပြီးကျောင်းလာတတ်သည်။
“ငါအဆင်ပြေပါတယ်၊ ကျောင်းလည်းသွားလိုက်တယ်လေ၊ ဒါကြောင့် မင်းကျောင်းမလာတာကိုသိ တာပေါ့၊ ဒီနေ့ IO (Industrial Organizational Psychology) သင်တာတော်တော်စိတ်ဝင်စားစရာ ကောင်းတယ်၊ လက်ချာတွေလွတ်သွားတာ မင်းအတွက်နှမြောစရာပဲ၊ ငါ ပြန်လည်းရှင်းပြပေးမယ် လေ၊ ပြီးတော့ မင်း…ဘယ်လိုလဲ”
သူ့နဖူးကို ခပ်ဖွဖွလေးလာစမ်းတော့ သူရှက်သွားမိသည်။ အိမ်တွင် သူတစ်ယောက်သာရှိနေခဲ့၍တော် ပါသေးသည်။ အားလုံးကအလုပ်သွားသူသွား၊ ဈေးသွားသူသွားနှင့် အငယ်ဆုံးဖြစ်သည့်သူကသာ အိမ် စောင့်အဖြစ်ကျန်နေခြင်းပင်။
“မိုးမိသွားတဲ့သဘောပါ၊ လူကနေကောင်းပါတယ်၊ အဖျားနည်းနည်းရှိတာ အခုတော့ကျသွားပြီလေ၊ မင်းလည်း ငါ့လိုပဲမှာလား”
မိုးစွေ၏ မျက်နှာသည်လည်း ဖျော့တော့တော့ဖြစ်နေပါသည်။
“အင်း”
“မင်းက ငါ့ကိုသာလာကြည့်တာ မင်းပုံစံက လူနာပုံပိုပေါက်နေတယ်၊ မင်းတော်တော်နုတာပဲ မိုးစွေ”
“အောင်မာ၊ ဘယ်သူက ဘယ်သူ့ကိုလာကြည့်ရတာလဲ”
“အေးပါထားပါတော့၊ အခု မြင်ပြီမှလား ဘာလဲ ပြော”
“ငါ အဖြေလာတောင်းတာလေ ဇော်”
သူ မသိချင်ယောင်ဆောင်နေခဲ့သော်လည်း ရှောင်မရတော့။ မိုးစွေမျက်နှာကိုမြင်လိုက်ကတည်းက ရှက်အမ်းအမ်းတော့ဖြစ်နေမိခဲ့သည်။ မနေ့က သူပြောသည့်စကားလုံးများကို ကြားယောင်ကာရင်ခုန် နေမိခဲ့သည်။ တစ်ညလုံးလည်း ဟိုလှိမ့်ဒီလှိမ့်နှင့်ကောင်းကောင်းအိပ်မရခဲ့။ ကိုလေးက မင်းဘာဖြစ် နေတာလဲ ဟုထမေးရသည်အထိပင်။ နေမကောင်းဘူးဆိုသည့် အကြောင်းပြချက်က ကယ်သွား၍ မ ရိပ်မိခဲ့ကြ။
“အာ”
မိုးစွေ၏ စကားကို ဝေ့လည်ကြောင်ပတ်လုပ်နေမိလိုက်သည်။ တော်တော်လည်တဲ့မိုးစွေ။ မခုတ် တတ်တဲ့ဂျစ်ကန်ကန်ကြောင်က အခုတော့လည်း သူ့အတွေးများအားလုံးကို အနိုင်ယူတတ်ခဲ့ပြီ။ အ ချိန်ခဏလေးပါပဲ။ ထိုခဏလေးအတွင်း၌ မိုးစွေသည် သူ့အတွက် မရှိမဖြစ်မိုးစွေဖြစ်ခဲ့ပြီ။ သူ့စိတ်အ ခြေအနေကိုလည်း မိုးစွေရိပ်မိပြီးလောက်ပြီဟု သူထင်မိပါသည်။ သို့သော်လည်း မည်သို့သောစကား လုံးများနှင့် သူ့ကို အဖြေပြန်ပေးရပါ့မည်လဲ။ ယောင်္ကျားရင့်မာကြီးနှစ်ယောက်အတွက် မည်သို့သော စကားလုံးက အသင့်တော်ဆုံးပါလဲဟု သူတွေးမိနေသည်။ သူ့အတွက်က ပထမဆုံးသောအကြိမ်လေ။
“ငါ မသိဘူး မိုးစွေ”
တကယ်တမ်း ထိုစကားလုံးသာထွက်သွားခဲ့တောသည်။ မိုးစွေကတော့ သူ့ကိုနားလည်ပေးမည့်အပြုံး တစ်ချက်ဖြင့်ခေါင်းညိတ်ကာ သူ့လက်ကိုဖွဖွလေးလာကိုင်သည်။ နူးညံ့ညင်သာမှုအပြည့်ပင်။
“အင်းလေ မင်းအချိန်ယူပြီးစဉ်းစားပါ၊ မနက်ဖြန်လောက်ဆို ငါ့ကိုချစ်တယ်လို့ပြောလို့ရတယ်မှလား”
“ဟာကွာ”
မိုးစွေ၏ လက်ကို ပုတ်ထုတ်လိုက်မိသည်။
“ငါ မရတော့ဘူး ဇော်၊ တကယ်မရတော့ဘူး၊ ငါ့ကို မင်းကယ်မှဖြစ်တော့မယ်၊ ငါပြောခဲ့သလိုပါပဲ၊ မင်း လည်း ငါ့ကိုအခြေအနေတစ်ခုအထိနားလည်ပြီးနေပါပြီ၊ မင်းကိုလည်း ငါနားလည်တယ် ဇော်”
“ငါ့ ကို အချိန်နည်းနည်းပေးပါလား မိုးစွေရာ”
“ကောင်းပြီ ပေးမယ်ကွာ၊ တစ်ပတ်လား နှစ်ပတ်လား…ရတယ်၊ တစ်လတော့ မလုပ်နဲ့လေ”
မိုးစွေက အတင်းကာရောဖြင့် သူနှင့်အနီးဆုံးနေရာကိုတိုးကပ်ထိုင်လိုက်ကာ သူ့နှုတ်ခမ်းများကို စွတ် စွတ်ရွတ်ရွတ်နမ်းရှိုက်လိုက်တော့သည်။ ခတ္တမျှကြောင်သွားမိပြီး အသိပြန်ဝင်လာသည့်အခါတွင် လည်းသူမရုန်းမိ။ မိုးစွေ၏ အနမ်းများကို ငြိမ်သက်စွာခံယူမိသည်။ သူသဘောကျသည့်နှုတ်ခမ်းတစ် စုံနှင့် အနီးစပ်ဆုံးထိတွေ့ခွင့်ရသည့်အတွက် မကျေနပ်ဘဲနေနိုင်ပါရော့လား။
သူ့နှုတ်ခမ်းများကို မိုးစွေက ခုံမင်နှစ်သက်စွာတယုတယနမ်းယူနေမှုသည် သူ့တစ်သက်တွင် အနွေး ထွေးဆုံးနှင့် ကြည်နူးမှုအဖြစ်ဆုံးအခိုက်အတန့်ပင်ဖြစ်ပါလိမ့်မည်။
“အင်း”
မိနစ်ပိုင်းမျှကြာလာတော့ သူ့ရင်ဘတ်ကိုတွန်းလိုက်က ဟန်ကိုယ့်ဖို့ငြင်းလိုက်မိသည်။
“ငါ နောက်တစ်ပတ် သောကြာနေ့ မနက် ၁၀ နာရီမှာ ဘွဲ့နှင်းသဘင်ခန်းမနားမှာ စောင့်နေမယ်ဇော်၊ မင်းငါ့ကို လာပြီး ချစ်တယ်ဆိုတဲ့အဖြေပေးဖို့ ငါမျှော်လင့်ပါတယ်”
အမိန့်ပေးသံမဟုတ်သည့် ပြတ်သားနူးညံမှုအပြည့်ပါဝင်သည့် မိုးစွေ၏လေသံကို သူမလွန်ဆန်နိုင် စွာ ခေါင်းညိတ်ပြလိုက်မိတော့သည်။ မိုးစွေသည် သူနှင့်အနည်းငယ်ခွာလိုက်ပြီးသည့်နောက် ကျေနပ်စွာ ပြုံးပြနေလေသည်။
“ကဲ ငါ စာရှင်းပြမယ်လေ”
ယူလာသည့် IO စာအုပ်ကိုစားပွဲပေါ်တင်ထားလျက်အနေအထားမှ ယူလိုက်ကာ စာပြပေးမည်ဟု ကြံလေတော့သည်။
“ဟင့်အင်း ငါမသင်ချင်ဘူး၊ မင်းလည်း နေကောင်းတာမဟုတ်ဘဲနဲ့”
“အံမယ် နေကောင်းလားမကောင်းဘူးလား မင်းကို သက်သေပြရမလားပြော”
“မိုးစွေ မင်းတော်တော် ညစ်စုတ်တဲ့ကောင်ပဲ”
“ငါက ဘာပြောလို့လဲ”
မိုးစွေက ပြောပြောဆိုဆိုနှင့် သူ့အပေါ်အင်္ကျီကိုချွတ်လိုက်သည်။ တီရှပ်လက်ပြတ်အဖြူလေးနှင့် အင် မတန်လိုက်ဖက်လှပါသည်။ လက်မောင်းအိုးနှစ်ဖက်စလုံးက ကျစ်လျစ်သန်မာစွာ၊ တောင့်တင်းခိုင်မာ စွာမြင်ရသည်။ အင်္ကျီလက်ပြတ်ဆိုသော်လည်း သိသားထင်ရှားစွာမြင်ရသည့် ကြွက်သားအပြိုင်း ပြိုင်းတို့က GYM ပုံမှန်ကစားသည့်သက်သေများပင်။
“ငါ စာမသင်ချင်လို့ ကျောင်းမလားတာလေ မိုးစွေရ၊ မင်းက အိမ်အထိတောင်ငါ့ကို အိပ်ငိုက်အောင် လာလုပ်တာလားပြော”
“ဟောကဲ၊ မင်းက စာမသင်ချင်ရင် ဒီပလိုမာဘာလို့တက်နေသေးတာလဲ”
“ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ဒီပလိုမာလိုချင်လို့၊ လက်ချာကိုလည်း နားထောင်ချင်လို့၊ ဒါပေမဲ့ စာ သင်ခန်းထဲမှာပဲ တက်ပြီးနားထောင်ချင်တာ၊ မင်းက အတန်းထဲမှာ လူတွေနဲ့သာသိပ်ပြီးတက်တက် ကြွကြွမရှိတာ လက်ချာနဲ့ပတ်သက်ရင်တော့ ဆရာပဲနော်၊ စာလည်းခဏခဏမေးတယ်”
“ငါက စိတ်ဝင်စားတာကိုး”
“နေပါဦး၊ စိတ်ဝင်စားစရာအတန်းတွေအများကြီးရှိတဲ့အထဲကမှ မင်းက အသုံးချစိတ်ပညာတန်းကို ဘာလို့ရွေးခဲ့တာလဲ”
“စိတ်ဝင်စားလို့လို့ ပြောပြီးပြီလေကွာ၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ဖြစ်ဖြစ် ဒါမှမ ဟုတ် ဘဝပြဿနာတွေကိုဖြေရှင်းချင်တဲ့အခါပဲဖြစ်ဖြစ် အသုံးချစိတ်ပညာဘာသာရပ် ကလိုအပ် တယ်၊ ပြီးတော့ ရန်ကုန်တက္ကသိုလ်လိုကျောင်းကြီးမှာ တက်ခွင့်ရဖို့ဆိုတာက ငါ့အိပ်မက်ပဲ လေ”
“အော် အခုတော့ အိပ်မက်တွေ အကောင်အထည်ပေါ်ပြီဆိုပါတော့”
“အင်း အဲဒီထက်ပိုတယ်၊ ငါဘဝအတွက် အရမ်းအရေးကြီးဆုံးလူတစ်ယောက်ကို စိတ်လွတ်ကိုယ် လွတ်ချစ်ခွင့်ရတဲ့အတွက် ငါ့အိပ်မက်က သိပ်လှနေပြီလေ၊ ငါ့အတွက်အချိန်တွေဟာ တန်ဖိုးရှိတယ် ဇော်၊ မင်း ငါ့ကို ချစ်သူဖြစ်ခွင့်မြန်မြန်ပေးပါတော့”
“မင်း တော်တော်လည်တဲ့ကောင်ပဲ၊ စကားကို ဟိုပတ်ဒီလှည့်နဲ့ ဒီဘူတာလာလာဆိုက်ချင်တဲ့ကောင်၊ ငါ အချိန်ယူမယ်လို့ပြောပြီးပြီပဲ၊ မင်းပဲနောက်တစ်ပတ်ဆို”
သူလည်း ရှက်မနေနိုင်တော့။
“အေးပါ ဒီနေ့တော့ ငါ မိုးစွေငှက်မဟုတ်ဘဲ အချစ်ငှက်မောင်နှံဖြစ်ခွင့်ရတဲ့အတွက်ကျေနပ်တယ်”
“ဘာလဲ အချစ်ငှက်”
မိုးစွေ ခေါင်းခါပြသည်။ မပြောဘူးဆိုသည့်သဘော။
“အေးပါ၊ ထားပါတော့၊ မင်း ငါ့ကို စာလာရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါစာမသင်ချင် တဲ့အတွက်လည်း တောင်းပန်ပါတယ်၊ ငါ…ငါလေ စာသင်တာထက် မင်းနဲ့စကားပြောရတာကိုပိုပြီး သဘောကျတယ်မိုးစွေ”
မိုးစွေ၏ မျက်နှာဝင်းလက်သွားတော့သည်။ ထိုစကား၏ နောက်ကွယ်ကခံစားချက်ကိုတန်းမြင်သွား၍ ဖြစ်လိမ့်မည်။
“မင်း အဲလိုပြောတော့ ငါဝမ်းသာလိုက်တာ ဇော်ရာ”
“အင်းပါ၊ မင်းပုံစံက သိပ်မလန်းတာကိုငါသတိထားမိတယ် မိုးစွေ၊ မနေ့က မိုးမိထားကြတော့ ငါ လည်း နေကောင်းပေမယ့် အေးအေးဆေးဆေးနားဖို့လိုတယ်၊ မင်းလည်း အေးဆေးပြန်အနားယူစေ ချင်တယ်မိုးစွေ”
“နှင်ပြီပေါ့လေ”
“မဟုတ်ဘူး မင်းအတွက်စိုးရိမ်လို့ပါ၊ ငါနေကောင်းတဲ့အချိန် မင်းလည်း လန်းနေရမယ်လေ”
“အိုကေကွာ တော်ကီကိုတော့ သိပ်ကြိုက်သွားပြီ”
မိုးစွေတစ်ယောက် ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်ပြန်သွားတော့သည်။ သူသည်လည်းရင်ခုန်ခြင်းများစွာဖြင့် ကျန်နေခဲ့ရ၏။ မိုးစွေပြန်တော့မှ အချစ်ငှက်အကြောင်းကိုစဉ်းစားရသည်။ အချစ်ငှက်များကို ချစ်ခြင်း မေတ္တာအား ဖော်ကျူးသောသင်္ကေတအဖြစ်အားလုံးကသတ်မှတ်ထားကြသည်။ အချစ်ငှက်မောင်နှံ စုံ တွဲများ၏ အလေ့အထသည် နှုတ်သီးချင်းယှက်ကာ အတူတကွပွေ့ဖက်ပြီး သူတို့၏အချိန်များကိုကုန် လွန်စေတတ်သည်တဲ့။ အချစ်တတ်ဆုံးသော သတ္တဝါများဟုယူဆထားကြသည်။ သူနှင့် မိုးစွေတို့ သည်လည်း နှုတ်ခမ်းချင်းထိတွေ့နမ်းရှိုက်ခဲ့ကြသည့်အဖြစ်။
“ဟင် ဒီကောင်၊ ငါ့နှုတ်ခမ်းကို နမ်းသွားတဲ့ကိစ္စကိုပြောသွားတာပဲ”
>>>>>
ဆက်ပါဦးမည်။