“သူ…..မသိခဲ့လေသော..” အပိုင်း (၅)

(၅)
ကျွန်တော်တို့အရွယ်မှာ Personality Type သုံးမျိုးရှိသည်တဲ့။ Extrovert ရယ်၊ Introvert ရယ်နှင့် Ambivert ရယ်ဖြစ်သည်။
Extrovert ဆိုတာက ဗဟိဒ္ဓ အားကောင်းသူကိုဆိုလိုသည်။ လူမှုပေါင်းသင်းဆက်ဆံရေးကောင်း သူများကိုရည်ညွှန်းခြင်းဖြစ်သည်။ Extrovert သမားများသည် မည်သူနှင့်မဆိုဖော်ဖော်ရွေရွေ တက်တက်ကြွကြွ ရှိတတ်ကြသည်။ အဖော်အပေါင်းမင်ပြီး ပျော်တတ်သူများလည်းဖြစ်သည်။ ခင်ဖို့ လည်းကောင်းပြီး ပွင့်ပွင့် လင်းလင်းနေထိုင်တတ်သူများပင်ဖြစ်သည်။
Introvert ကတော့ သီးသီးသန့်သန့်နေတတ်သူများကိုဆိုလိုခြင်းဖြစ်သည်။ ကိုယ့်စိတ်ထဲတွင်ရှိနေ သည့် အတွင်းသဏ္ဍာန်ကို ဗဟိုပြုပြီးနေတတ်သူများဖြစ်ကာ စိတ်ထိခိုက်လွယ်သူများလည်းဖြစ် သည်။ သို့သော် လည်း သည်းခံနိုင်စွမ်းအားကောင်းသူများဖြစ်ကာ အပေါင်းအသင်းကိုလည်း ကိုယ် တကယ်ခင်မည့်သူကို မှ ရွေးချယ်ပေါင်းသင်းတတ်သူများပင်ဖြစ်သည်။

Ambivert ကတော့ introvert နဲ့ extrovert ရောနှောထားသည့်လူအမျိုးအစားပင်။ ကြားနေ ဖြစ်ပြီးလက် တွေ့ဆန်သူများဖြစ်သည်။ တစ်ခါတစ်လေတွင် အပေါင်းအသင်းများနှင့်ရောနှော နေတတ်ပြီး တစ်ခါတစ် ရံတွင်တော့ သီးသီးသန့်သန့်နေတတ်ချင်ပြန်သည်။ ထို့ကြောင့် Ambivert သမားများကို နားလည်ရခက် သည့်လူများဟု သတ်မှတ်ကြသည်။
“မင်းက Introvert သမားပဲ မိုးစွေ”
ဆရာမကြီးလက်ချာကို အာရုံတစိုက်နားထောင်ပြီးသည့်နောက် ဇော်က ကျွန်တော့်ကိုထိုသို့သတ်မှတ် ပါသည်။
“ငါကတော့ extrovert ဖြစ်လိမ့်မယ်”
ကျွန်တော့်အနားကိုလာထိုင်တတ်ပြီးစကားပြောတတ်သည့်သူ့ကို ကျွန်တော်က ကျေကျေနပ်နပ်ကြီး ပြုံးကာကြည့်ရင်း အသုံးချစိတ်ပညာဒီပလိုမာတန်းသည် သာယာကျေနပ်စရာကောင်းနေခဲ့တော့၏။ လူအများကတော့ ကျွန်တော်တို့နှစ်ယောက် ရင်းနှီးလာမှုကို တအံတဩဖြစ်နေလေသည်။ ကံကြမ္မာ ကို ကျေးဇူးတင်ရပါသည်။ ကျွန်တော့်ကို ဇော့်အစ်ကိုနှစ်ယောက်ကသာ ဒုက္ခမပေးခဲ့ပါလျှင်အခြေအ နေက ထိုမျှလောက်အထိဖြစ်လာလိမ့်မည်မဟုတ်။ ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးကတော် တော်ကြီးပြောင်းလဲသွားခဲ့ပြီလေ။
ကျွန်တော်က ဇော်ကျောင်းသွားတတ်သည့်လမ်းထိပ်တွင် လာကြိုတတ်ပြီး ကျောင်းအတူတူသွားဖြစ် ကြသည်။ တစ်ခါတစ်ရံ ရွှေဂုံတိုင်နားရှိလက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်အတူမနက်စာစားဖြစ်ကြ သေးသည်။ ကားကို တောင်ငူဆောင်နားတွင်ရပ်ကာ စိတ်ပညာဌာသို့စကားတပြောပြောဖြင့်လမ်းအ တူလျှောက်တတ်ခဲ့ပြီဖြစ်သည်။
“ငါ မင်းကို နေ့တိုင်းလာကြိုလို့ရလား ဇော်”
“အနည်းဆုံးတော့ငါဘတ်စ်ကားခမကုန်ဘူး၊ တက္ကစီခမကုန်ဘူး၊ သက်သောင့်သက်သာနဲ့ကျောင်းကို ရောက်တယ်လေ”
ဇော်က ကျွန်တော်နှင့်ရင်းနှီးလာသည်နှင့် အမျှ သူ့အပေါင်းအသင်းအဝန်း အဝိုင်းထဲ ကျွန်တော့် ကိုဆွဲသွင်းဖို့ကြိုးစားလေသည်။ ကန်တင်းအတူတူထိုင်၊ ထမင်း တူတူ စားစေတာမျိုး၊ ၀ိုင်းဖွဲ့ စကား ပြောချိန်လှမ်းခေါ်တာမျိုးတွေပေါ့။ ဒါပေမဲ့ဇော်ထင်သလို အဆင်မပြေခဲ့ပါ။ ကျွန်တော် လာတိုင်း ၀ိုင်းကတိတ်ဆိတ်သွားတတ်လေ၏။ နန်းခမ်းလှိုင်တစ်ယောက်သာ ကျွန်တော့်ကို စကားကောင်းပြန် ပြောပြီး ကျန်နှစ်ယောက်ကတော့ ဘာသိဘာသာပဲနေတတ်သည်။ သို့သော်လည်း Presentation အတွက်အတူတူပြင်ဆင်ကြရသည်မို့ အတန်းဖော်အားလုံးနှင့်ယှဉ်ပါက သူတို့လေးယောက်မှာ ကျွန် တော့်အခင်ဆုံးသူငယ်ချင်းများဖြစ်လာတော့သည်။ ကျော်ဇောကတော့ အတန်းစတက်ကတည်းက ကျွန်တော်ပေါင်းလာသည့် သူငယ်ချင်းမို့ သူတို့နှင့်ယှဉ်ပါက ကျွန်တော့်အကြောင်းကိုပိုသိသလို သူတို့ နှင့် ခင်မင်ရင်းနှီးသွားမှုအတွက်လည်း အံဩ၍နေလေသည်။
“မင်းဘာလို့ Mr ဝင်ပြိုင်ခဲ့တာလဲ၊ မင်းပုံစံက လူတွေများရင်စိတ်ရှုပ်တတ်တယ်လေ”
ဇော်က ကျွန်တော်နှင့်ပတ်သက်၍ သိချင်သောမေးခွန်းများလေသည်။ သူတစ်ပါးမေးမည်ဆိုပါကဖြေ ဆိုလိမ့်မည်မဟုတ်သော်လည်း ဇော်မေးသမျှကိုတော့ ကျွန်တော်ဖြေချင်ပါသည်။
“ငါ့အမေနဲ့ စိန်ခေါ်တာလေ၊ သူက ငါ့ကိုလူတောမတိုးဘူးဆိုပြီးအထင်သေးလို့ လူတွေအများကြီးရှေ့ မှာ ထင်ပေါ်အောင်တစ်ခါလောက်လုပ်ပြလိုက်တာ”
“အံမယ် မင်းအမေက သူ့သားအကြောင်းကိုသိသားပဲ”
“ဘာလဲ မင်းက ငါ့ကို လူတောမတိုးဘူးလို့ပြောချင်တာလား၊ စမ်းကြည့်လေ၊ Presentation ကျရင် ငါပဲ ပင်တိုင်အတန်းရှေ့ထွက်ရှင်းပြမယ်၊ မေးလာတဲ့မေးခွန်းတွေကိုလည်း သေသေချာချာပြန်ဖြေပြ မယ်၊ လောင်းကြေးက အာဘွား အချက် ၂၀ ကြေး၊ ဘယ်လိုလဲ”
“မလောင်းပါဘူး၊ ဒီတိုင်းအံဩလို့မေးကြည့်တာပါ၊ အဲဒီနောက်ပိုင်း မင်းကိုအနုပညာလောကထဲဝင်ဖို့ ကမ်းလှမ်းမှာပဲလေ၊ စိတ်မဝင်စားဘူးလား”
“ဟင့်အင်း မလုပ်ချင်ပါဘူး၊ ငါ့အမေကလည်းပေးမလုပ်တော့ဘူး”
“အော်၊ ဒါနဲ့ မင်းအမေကို ဟိုနေ့က မတွေ့ခဲ့ဘူးနော်၊ မရှိဘူးလား”
“အင်း တစ်နှစ်ကို သုံးလေးခေါက်လောက်ပဲပြန်လာတာလေ၊ ဟောင်ကောင်မှာနေတာ သူက၊ နောက် အိမ်ထောင်နဲ့ဆိုပါတော့၊ အဖေကတော့ မရှိတော့ဘူး၊ ဆုံးသွားပြီ”
သူကြိုမေးမည်မှန်းသိ၍ ဖြေထားပေးလိုက်သည်။ သူ့မျက်နှာတွင် ကျွန်တော့်အတွက်စိတ်မကောင်း ဖြစ်နေသည့်အမူအရာကိုတွေ့ရသောအခါ ကျွန်တော်ကျေနပ်မိပြန်သည်။ အတန်းချိန်ပြင်ပတွင်တွေ့ ရသည့်ရက်များကြာလာသည့်အခါ ကျွန်တော်တို့နှစ်ယောက်၏ ရင်းနှီးမှုက ပို၍ပို၍နွေးထွေးလာခဲ့ပြီ မဟုတ်ပါလား။
စကားလုံးတိုင်း စကားလုံးတိုင်းမှာ ပွင့်လင်းမှုများကိုလည်း ထင်ထင်ရှားရှားတွေ့ လာရသည်။
“မိုးစွေဆိုတာ အနက်နဲ့အဖြူမှတ်တွေပါတဲ့ အညိုရောင်ငှက်တစ်မျိုးပေါ့၊ Lark လို့ခေါ်တယ်။ မျိုးကွဲ ပေါင်းရှစ်ဆယ်နီးပါးရှိပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ တွေ့နိုင်တယ်၊ သူတို့ဟာ မြက်ခင်းပြင်တွေ၊ တောတောင်တွေစတဲ့ ဟင်းလင်းပြင်ဒေသမှာ နေတတ်ကြတယ်၊ ပျံသန်းရင်း တေးသီလေ့ရှိပြီး သူတို့အသံက သိပ်နားထောင်လို့ ကောင်းတယ်တဲ့၊ ချစ်စရာကောင်း တဲ့ငှက်မျိုးစိတ်လေးပေါ့ကွာ၊ အဲဒါတောင် ငှက်ပဲရှိသေးတယ်၊ မိုးစွေလို့ နာမည်ပေးထားတဲ့ လူဆိုရင်တော့ ပိုချစ်ဖို့ကောင်းမှာ ပေါ့နော့”
ဇော်က ဟက်ဟက်ပက်ပက်ရယ်ပါသည်။
ကျွန်တော်တို့နှစ်ယောက်သည် ရန်ကုန်တက္ကသိုလ်ကြီးထဲက အသုံးချစိတ်ပညာဒီပလိုမာကိုအ ကြောင်းပြုကာ သာယာကြည်နူးဖွယ်ရက်အတော်များများကို ဖြတ်သန်းခဲ့ကြပါသည်။ ထိုထက်ပို၍ ကြည်နူးရသည့် ရက်တစ်ရက်ကိုလည်းရောက်လာခဲ့ပါသည်။
မှတ်မှတ်ရရပင် ထိုနေ့က ဆွေးနွေးသည့်အကြောင်းအရာက စာမေးပွဲပြီးလျှင်ပြုလုပ်ကြမည့် Term Paper ကိစ္စ။ အခြားဒီပလိုမာတန်းများမှာ သင်တန်းကာလတစ်နှစ်သတ်မှတ်ထားသော်လည်း အသုံး ချစိတ်ပညာကတော့ စာတမ်းအတွက်ခြောက်လအချိန်သက်သက်ထပ်ပေးရသည်။ အရှေ့တွင်တက် နှင့်ထားသူများ၏ ပြောစကားများကိုနားထောင်ကာ စာတမ်းကိုစိတ်ဝင်တစားစွန့်စားပြုလုပ်ချင်သူ များလည်းရှိလာသည်။ ထိုအထဲတွင် ဇော်လည်းအပါအဝင်ပင်။
“ငါကတော့ လုပ်ငန်းခွင်မှာ ဘယ်ရာထူးတွေနဲ့အလုပ်လုပ်တဲ့သူက အပျော်ရွှင်ရဆုံးလဲဆိုတဲ့ခေါင်းစဉ် ကို လုပ်ဖို့စဉ်းစားထားတယ်၊ ငါ့အစ်ကိုတွေလုပ်တဲ့ကုမ္ပဏီမှာ အလွယ်တကူအကူအညီတောင်းလို့ရ တယ်လေ”
“မင်းဟာက ရိုးစင်းတယ်”
“Term Paper လုပ်ရင် ကိုယ်လုပ်လို့လွယ်တဲ့ဟာကိုလုပ်ရတယ်တဲ့၊ လူအယောက် ၁၀၀ ကျော်ကို စစ် တမ်းကောက်ရမှာ တကယ်တော့မလွယ်ဘူးတဲ့၊ တစ်ချို့ခေါင်းစဉ်တွေဆို အဖွဲ့အစည်းတွေ ဌာနတွေ ကို စာတင်ရပြုရနဲ့ အလုပ်ရှုပ်ကြတယ်၊ ဒါကြောင့် ငါကတော့ လွယ်မယ့်ခေါင်းစဉ်ကိုပဲရွေးမှာ၊ မင်းက ရော ဘာခေါင်းစဉ်နဲ့လုပ်မှာလဲ”
“လူမှုအဖွဲ့အစည်းတွေကြားမှာ ဂေးတွေရဲ့ဖိနှိပ်ခံရမှုအတိုင်းအတာ”
“ဘယ်လို”
ဇော်က မျက်လုံးအပြူးသားနှင့် ကျွန်တော့်ကိုကြည့်ပါသည်။
“ငါလုပ်ချင်တာ အဲဒီခေါင်းစဉ်ပဲလေ၊ တီချယ်ကြီးခွင့်ပြုမပြုတော့ စာမေးပွဲအောင်ပြီးမှ ကိုယ်ကျတဲ့ စူပါဗိုက်ဆာဆရာမနဲ့ဆွေးနွေးရမှာပဲ”
“မင်း ဆာဗေးကောက်တဲ့အခါ တိုင်ပတ်မှာပေါ့ မိုးစွေရ”
“ရှာရမှာပေါ့၊ ငါတို့လုပ်တဲ့ Term Paper တွေက အချိန်တန်ရင်စာကြည့်တိုက်ထဲကဗီရိုဟောင်းထဲမှာ ရောက်သွားမှာဆိုပေမယ့် ငါတို့တစ်ယောက်ချင်းစီရဲ့အမှတ်တရဖြစ်တယ်လေ၊ ဒီတော့ အခြားလူတွေ အတွက် တကယ်အကျိုးရှိနိုင်အောင်မျှဝေပေးလို့ရမယ့်စာတမ်းလေးပဲ ငါကဖြစ်ချင်တာ၊ လုပ်ခွင့်ရ တုန်းမှာ လုပ်ချင်တဲ့သဘောပေါ့ကွာ”
သူက ကျွန်တော့်ကို လူထူးဆန်းတစ်ယောက်ကိုကြည့်နေသည့်ပုံစံဖမ်းရင်း ပခုံးကိုခပ်ဆဆလေးပုတ် လိုက်သည်။ ထို့နောက် အခြားမေးခွန်းတစ်ခုကိုမေးရန်ပြင်လေသည်။
“မင်း မှာ မိသားစုက မင်းနဲ့မင်းအမေပဲရှိတာလား မိုးစွေ”
“အင်းဟုတ်တယ်လေ၊ ဘာအမျိုးမှမရှိဘူး၊ မော်လမြိုင်ဖက်မှာတော့ သူငယ်ချင်းတစ်ချို့ရှိတယ်၊ ငါတို့ ဇာတိက အဲဒီဖက်ကလေ၊ ရန်ကုန်မှာက ငါတစ်ယောက်တည်းပေါ့”
ရန်ကုန်တက္ကသိုလ်ထဲမှ ရွှေဂုံတိုင်ကိုပြန်သည့်လမ်းတစ်လျှောက်လုံးတွင် သူကမေးခွန်းပေါင်းများစွာ ကို မေးမြန်းတတ်ပြီး ကျွန်တော်ကတော့ တတ်နိုင်သမျှကိုစိတ်ရှည်လက်ရှည်ဖြေပေးခဲ့တော့သည်။ ကျွန်တော်မဖြေလိုသည့်မေးခွန်းများဆိုပါက သူမသိအောင်စကားလမ်းကြောင်းလွှဲပေးရ၏။ တစ်ချို့ လိမ်ရမည့်အကြောင်းအရာများဆိုပါကလည်း မသိမသာလေးရောချပစ်လိုက်ရ၏။ ဇော်သည် ကျွန် တော်ထင်ထားသည်စကားများပြီး အမေးအမြန်းထူသူလည်းဖြစ်လေသည်။
ထိုနေ့ကတော့ မိုးဖွဲဖွဲလေးရွာနေလေသည်။ အင်းစိန်လမ်းမပေါ်မှမောင်းလာကာ ရွှေဂုံတိုင်ဖက်ကို ကွေ့ပြီး ဇော်တို့အိမ်ရှိရာ ဗန်ဒါပင်မှတ်တိုင်အနားကရပ်ကွက်ဆီကိုရောက်လာသည့်အချိန်တွင်တော့ မိုးက ကောင်းနေခဲ့ပြီ။ သဲကြီးမဲကြီးရွာချလိုက်သည်ကြောင့် ကားဆက်မမောင်းနိုင်တော့ဘဲ လူရှင်း သည့်လမ်းဘေးတစ်နေရာတွင် ကားကိုထိုးရပ်ထားလိုက်ရသည်။
“မင်း ထီးမပါဘူးမှလား၊ အိမ်ရှေ့ကနေ အိမ်ထဲကိုဘယ်လိုဝင်မလဲ”
“အမလေးကွာ၊ အဲဒီလောက်ကြီးနုမနေဘူး”
“တကယ်နော် ဒါဆို ငါတို့ မိုးရေထဲလျှောက်ပြီး မင်းအိမ်ကိုသွားမယ်လေ၊ စာအုပ်တွေနဲ့ရေစိုလို့မရ တဲ့ ပစ္စည်းတွေကားပေါ်ထားခဲ့၊ မနက်ဖြန်မှယူလို့ရတယ်မှလား၊ ဖုန်းကဘောင်းဘီအိတ်ထဲထည့်ထားရင် ရေမစိုဘူးလေ၊ နေဦး ကားပေါ်မှာ ပလတ်စတစ်အိတ်ရှိတယ် အဲဒါနဲ့ပတ်ပြီးဘောင်းဘီအိတ်ထဲထည့် ထားလိုက်”
“Serouisly?”
ဇော်လက်မခံချင်သော်လည်း ခဏကြာသည့်အခါ ဇော်နှင့်ကျွန်တော်တို့သည် ဗန်ဒါဗင်မှတ်တိုင်၏ မလှမ်းမကမ်းတွင်ရှိနေသော ရပ်ကွက်ဆီသို့ မိုးရွာကြီးထဲလမ်းလျှောက်နေကြပြီဖြစ်သည်။ မိုးစက်မိုး ပေါက်များသည် ကျွန်တော်တို့၏ တစ်ကိုယ်လုံးသို့အငြိုးကြီးစွာသွန်းဖြိုးနေသလို တစ်လောကလုံးကို လွှမ်းခြုံသောအသံကြီးနှင့်လည်း ခြိမ်းခြောက်နေလေသည်။ ကျွန်တော်က ဝတ်လာသည့်အပေါ်အင်္ကျီ တစ်ထပ်ကိုချွတ်ထားခဲ့ကာ ဘောင်းဘီရှည်ကိုဒူးအထက်နားအထိမတင်ထားလိုက်သည်။ ဇော်ကသူ့ အင်္ကျီကိုချွတ်ထားခဲ့ပြီး စွပ်ကျယ်လက်ပြတ်နှင့် ဘောင်းဘီကို ကျွန်တော့်လိုပင်ဒူးအထက်သို့ဆွဲမတင် ထား၏။
“ဇော်”
မိုးသံကိုလွှမ်းအောင် သူ့နာမည်ကိုပင်အတော်လေးအားစိုက်ခေါ်လိုက်ရသည်။ ဒါတောင် ဇော်က မကြား။ ကျွန်တော်သည် ဇော့်လက်ကိုဖျတ်ခနဲဆွဲယူဆုပ်ကိုင်လိုက်မိသည်။ ဇော်က မိုးရေများနှင့် ခုန် ပေါက်ဆော့ကစားနေရာမှ ကျွန်တော့်ကို တအံတဩကြည့်လိုက်လေ၏။ ဘာလဲဆိုသည့်သဘောဖြင့် မေးဆတ်ပြ၏။
“ငါ မင်းကိုချစ်တယ်ဇော်”
တိုက်ဆိုင်မှုကအတော်လေး အံဩစရာကောင်းပြန်သည်။ ကျွန်တော်ပြောလိုက်သည့်စကားကိုသူမ ကြားခဲ့။ မိုးခြိမ်းသံတစ်ချက်က ရုတ်တရက်ထွက်ပေါ်လာကာ ဇော် ကျွန်တော့်လက်ကိုလန့်ဖျပ်ပြီး ဆုတ်ကိုင်လာခဲ့သည်။ ကျွန်တော်က ဇော့်ပခုံးနှစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်မို့ နှစ်ယောက်သားက မျက်နှာချင်းထိလုအထိအနီးကပ်ဖြစ်သွားတော့၏။
“ငါမင်းကိုချစ်တယ်”
ထိုတစ်ကြိမ်တွင်တော့ ဇော် ကောင်းကောင်းကြီးကြားသွားခဲ့ပါပြီ။ သူ မျက်နှာက ပုံမှန်ထက်အရောင် ပြောင်းသွားခြင်းကြောင်း အတပ်သိလိုက်ရခြင်းပင်။ သူရှက်သွားသလား၊ ကျေနပ်သွားသလားတော့ ကျွန်တော်သေသေချာချာမဝေခွဲနိုင်တော့။ စိတ်လှုပ်ရှားမှုကြောင့် သူ့ကိုသာကြည့်နေမိပါသည်။
“ငါ…ငါ ပြန်တော့မယ် မိုးစွေ”
သူ ကောက်ကာငင်ကာ သူ့အိမ်ရှိရာဆီကိုထွက်သွားတော့သည်။ ခဏတာမျှကြောင်ကာငေးမော ကြည့်နေမိပြီး အသိစိတ်ပြန်ဝင်လာကာ သူ့နောက်ကိုလိုက်သွားမိသည်။ မိုးရေများစိုရွှဲနေသည့်တိုင် ကျွန်တော့်ရင်ဘတ်ကအေးစက်မနေခဲ့။ နွေးထွေးကာ ရင်ခုန်နှုန်းမြန်နေမိသည်။
ကျွန်တော်သည် သူ့ကိုမီလာသည်နှင့်တစ်ပြိုင်နက် သူ့အနောက်မှနေကာ သိုင်းဖက်ပစ်လိုက်မိတော့ သည်။ သူမရုန်းနိုင်သည်အထိတင်းကြပ်စွာဖက်ထားမိသည်။
“ငါ မင်းကို လက်လွှတ်ဆုံးရှုံးမခံနိုင်တော့တဲ့အထိ ချစ်မိနေပြီ ဇော်ရယ်”
“မိုးစွေ”
သူ ကျွန်တော့်နာမည်ကိုခေါ်ပြီး ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ကို လှည့်လာခဲ့သည်။
“အင်း”
“ငါတို့နှစ်ယောက်ကို ငါ့အစ်ကိုမြင်သွားပြီ”
ကားအဖြူလေးတစ်စီးက ကျွန်တော်တို့နှင့်မလှမ်းမကမ်းတွင်ရှိနေလေသည်။
>>>>>