“သူ…..မသိခဲ့လေသော..” အပိုင်း (၄)

(၄)
မျက်နှာတစ်ခုလုံး ဖူးရောင်နေသည့် မိုးစွေ၏အဖြစ်ကို စိတ်မကောင်းလှစွာစိုက်ကြည့်ပြီး အစ်ကိုနှစ် ယောက်ကိုအပြစ်တင်လိုက်သည်။ မိုးစွေလိုက်ပို့၍ အိမ်အဝင်ဝကိုအရောက် တစ်ဖက်ခြံမှ ကိုလှဦးက “မင်းတို့အစ်ကိုတွေ လမ်းထိပ်မှာ ပွဲစဉ်သွားပြီ” ဟုသတိလှမ်းပေးလိုက်၍ အပြေးတစ်ပိုင်းလိုက်လာခဲ့ ခြင်းပင်။ ထစ်ခနဲရှိ သူတို့ပါလိုက်ရမှ စားဝင်အိပ်ပျော်သည့်အစ်ကိုနှစ်ယောက်ကို သူက လူကြီးလုပ် ကာ ထိန်းနေရသည့်အဖြစ်။
“မသိဘူးလေကွာ၊ သူက အတင်းဝင်လာပြီး ကာပေးတာကိုး၊ ငါတို့က ဟိုကောင့်လူလို့ထင်တာပေါ့”
“အဲလိုထင်လို့မရဘူးလေ၊ ဒါ ကျွန်တော့်သူငယ်ချင်းဗျ၊ ဘာလုပ်ပေးမှာလဲ၊ ဘယ်လိုလျော်ပေးမှာလဲ၊ မတွေ့ဘူးလားမျက်နှာတစ်ခုလုံးစုတ်ပြတ်သွားပြီ၊ ကိုကြီးတို့ကို သူ့အဖေကိုပြောပြီးတရားစွဲခိုင်းမယ်”
“ဟာ အငယ်ကောင် မင်း”
သူ့အမူအရာများကို ပါးစပ်အဟောင်းသားဖြင့်ငေးမောကာ အံအားသင့်နေသည့် အစ်ကိုနှစ်ယောက် ကို ပြောချင်ရာပြောပြီးမှာ သူလွန်နေမှန်းဆင်ခြင်မိလိုက်သည်။
“မင်း…မင်းစကားတွေက ထူးဆန်းလှချည်လား”

ရန်ပွဲဖြစ်ပြီဆိုလျှင် တစ်ယောက်ကိုတစ်ယောက်ဖေးကူ၊ တားသင့်လျှင်တား အားလုံးပြီးလျှင်ဘယ်သူ့ ကိုမျှအပြစ်မတင်တော့ဘဲ ဘာမှမဖြစ်သလိုနေတတ်ကြသည့်ညီအစ်ကိုမို့ သူ့စကားလုံးများက အထူး တဆန်းဖြစ်နေခြင်းပင်။ သူတို့ ခါတိုင်းတွေ့ရသည့် ကောင်းစည်သူဇော်မဟုတ်ခဲ့ပါ။ မိုးစွေနှင့် ပတ်သက်၍ အခုလိုပြောထွက်ခဲ့လိမ့်မည်မှန်းလည်း သူ့ကိုယ်သူမဆင်ခြင်မိခဲ့။
“သူ…သူက ကျွန်တော့်ကို အိမ်ကိုလိုက်ပို့ရင်းအပြန်မှာ အခုလိုဖြစ်တာ”
ကျောင်းမှာတုန်းက ဘယ်လိုပဲအမြင်မကြည်ခဲ့ပါစေ အခုတော့သူ့ကိုအားနာ၍မဆုံးဖြစ်မိသည်။ ကိုကြီးနှင့်ကိုလတ်တို့၏ လက်သီးပြင်းများကို အလူးအလဲခံခဲ့ရသည်။ သူ မိုးစွေကိုဖေးမကာ ကားငှား ရန်ပြင်သည်။ ကိုကြီးတို့ကလည်းကားဝိုင်းကူငှားပေးကာ အိမ်ကိုလိုက်ပို့ရန်ပြင်သည်။ သူကတော့ သူ ပဲ လိုက်ပို့မည်ဖြစ်ကြောင်း လေသံခပ်မာမာနှင့်ပြောလိုက်ပြန်တော့ အစ်ကိုကြီးတို့က တအံတဩဖြင့် ပင် ခေါင်းညိတ်ပြပြီးကျန်ရစ်ခဲ့ကြသည်။
“ငါတို့ တောင်းပန်တယ်လို့ပြောပေးပါကွာ မင်းဘော်ဒါကို”
တစ်ခါမျှမပြုမူဖူးသော သူ့အမူအရာကြောင့် သူတို့ကြောင်အမ်းအမ်းဖြစ်နေ၏။
“ဇော် ရတယ်၊ ငါအိမ်ရောက်ရင်အဆင်ပြေသွားမှာပါ၊ မင်းအစ်ကိုတွေလည်း မသိလို့လုပ်တာပဲပြဿ နာမရှိပါဘူး၊ နေခဲ့လိုက်လေနော်”
“အာ ရတယ် မိုးစွေ၊ ငါလိုက်ပို့မယ် ဒီအတိုင်းတော့ ငါမင်းကို မလွှတ်လိုက်နိုင်ဘူး”
သူ၏ ဇော် ဟုတစ်ခွန်းတည်းအဖျားဆွတ်ခေါ်သံကိုကြားလိုက်ရသည့်အခါ စိတ်ထဲတစ်မျိုးခံစားလိုက် ရသည်။ နွေးထွေးမှု ကြည်နူးမှုများဖြစ်လိမ့်မည်။
စက်ဘီးကို ကိုကြီးတို့နှင့်ပေးလိုက်ကာ အငှားကားဖြင့် မိုးစွေနေထိုင်ရာအိမ်ဆီကိုလာခဲ့ကြသည်။ ရွှေဂုံတိုင်မှတ် တိုင်နှင့် မလှမ်းမကမ်းတွင် သူနေထိုင်သည့် ကွန်ဒိုရှိပါသည်။ မိုးစွေက သူ့ကို လက် တစ်ဖက်ဖြင့်သိုင်းဖက်ကာ အမှီပြုထားသည်။ ဓါတ်လှေကားကိုလည်း သူ့ကိုဖေးကူကာတက် စေသည်။ တကယ်တော့ မိုးစွေကောင်းကောင်းလမ်းလျှောက်နိုင်မည့် အခြေအနေရှိပါသေးသည်။ ခြေတောက်ဖြင့်အကန်ခံရ၍ နာနေရုံမျှသာ။ သို့သော်လည်း မိုးစွေ၏မျက်နှာတစ်ပြင်လုံးကတော့ အ တော်လေးအထိနာလှသည်။
သူ့အိမ်ထဲကိုဝင်လိုက်သည်နှင့် အဲကွန်းဖွင့်ထားခဲ့သည့်အရှိန်က အေးခနဲဖြစ်သွားတော့သည်။ ဆိုဖာ ထိုင်ခုံပေါ်တွင် ဝုန်းခနဲထိုင်ချလိုက်ကြ၏။
“မင်း ဆေးဘူးတွေရော ဘယ်မှာထားလဲ”
မိုးစွေက သူ့ကို ဆေးသေတ္တာထားရနေရာကိုညွှန်ပြသည်။ အရက်ပျံ၊ ဂွမ်းတို့ဖြင့် ဒဏ်ရာတို့ကိုအရင် ဆေးကြောဖို့ဆုံးဖြတ်လိုက်သည်။ ဒဏ်ရာအကျက်မြန်သည့်ဆေးမှုန့်ကိုလည်းတွေ့ရ၍ အနာဆေးပြီး ထိုဆေးမှုန့်ကိုဖြူးပေးလိုက်ရန်ဆုံးဖြတ်လိုက်၏။
“ကဲ မော့”
မိုးစွေ၏ မျက်နှာနှင့် သူ့မျက်နှာတို့ အနီးဆုံးအနေအထားတွင်ရောက်ရှိသွားခဲ့သည်။ မျက်လုံးအကြည့် များဆုံမိကာ ခဏတာမျှ တုတ်တုတ်မလှုပ်စိုက်ကြည့်နေမိကြသည်။
ဘာကြောင့်ဘာလိမ့်။ သူ့ရင်များခုန်လာသည်။ မိုးစွေ၏ ပါးပြင်ပေါ်ကဒဏ်ရာကို အရက်ပျံနှင့်တို့ထိ ပေးနေသည့်သူ့လက်များတုန်ယင်လာသည်။ မိုးစွေ၏မျက်နှာပြင်လေးကိုမမှိတ်မသုန်စိုက်ငေးကြည့် ရင်း သူ့ရင်များတဒိတ်ဒိတ်ခုန်လာသည်။ နောက်ဆုံး လက်ကိုပြန်ချပြီး အသက်ပြင်းပြင်းရှုကာခဏ တာ ရပ်တန့်နေရလောက်အောင်အထိပင်။
ဘာကြောင့်လဲ။ သူကြည့်မရခဲ့သောလူတစ်ယောက်ကို ဘာကြောင့်များရင်ခုန်နေရတာပါလိမ့်။ ပြီး တော့ မိုးစွေကို အခုလိုကျေကျနပ်နပ်လုပ်ပေးနေချင်မိသည်မှာ ဘာကြောင့်ပါလိမ့်။ အချိန်တိုအတွင်း ထိုမျှလောက်အထိ မိုးစွေက သူ့ကိုဆွဲအားပြင်းစေခဲ့တာများလား။
“ဇော်”
မိုးစွေ၏ အသံတိုးလျလျလေး။ သူ့လက်ကို မိုးစွေက တယုတယလာကိုင်တော့သည်။ ထို့နောက် သူ့ နှုတ်ခမ်းနှင့်အနီးဆုံးအနေအထားကိုတစ်ရွေ့ရွေ့တိုးလာကာ အသက်ရှုသံများပိုမိုပြင်းထန်လာမိကြ တော့သည်။
သူသည် မိုးစွေ၏လှုပ်ရှားမှုများကို လုံးဝမရုန်းထွက်မိ။ နှုတ်ခမ်းချင်းထိတွေ့မှုကြောင့်ဖြစ်ပေါ်လာ သည့်နွေးထွေးမှုများ၊ သူ့ပါးပြင်သို့ကျရောက်လာသည့်အနမ်းမိုးများကို ကျေနပ်စွာခံယူရင်း ငြိမ်သက် နေမိသည်။
ခဏကြာတော့ “ငါက ဘာလို့ ယောင်္ကျားချင်းကြိုက်ရမှာလဲ၊ ဒီကောင်က ဘာလဲ၊ ငါကဘာလဲ” ဟု စိတ်ထဲတွင်တွေးမိလာကာရန်ခုန်သံကိုအဆုံးသတ် သူ့ဆီက ရုန်းထွက်လိုက်မိသည်။
“ဆောရီး ဇော်၊ ငါ…ငါ”
“ထားလိုက်တော့”
သူ့မျက်နှာပေါ်က ဒဏ်ရာဆီကို ဂွမ်းစဖြင့်သုတ်ပစ်လိုက်ကာ ဆေးထည့်ပေးရန်ပြင်ဆင်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် လက်က ညင်ညင်သာသာမလုပ်နိုင်တော့။ မိုးစွေက “အား” ဟု ထညည်းတော့ မှ သူ အသိပြန်ဝင်လာမိသည်။
“မင်း တစ်ယောက်တည်းနေတာ အိမ်ခန်းကြီးက ကျယ်မနေဘူးလား”
ဒဏ်ရာကိုလည်းလုပ်ပေး စကားလမ်းကြောင်းလည်းလွှဲပစ်လိုက်မိသည်။
“မကျယ်ပါဘူး ဘာလို့လဲ”
“အော် ငါဆို သရဲကြောက်မှာလေ”
“ဘာကြောက်စရာရှိလို့အဲ ကိုယ့်အိမ်မှာကိုယ်နေတာပဲကို”
“ငါကတော့ ကြောက်တယ်၊ အိမ်မှာတစ်ယောက်တည်းမနေရဲဘူး၊ အိပ်ရင်လည်း အစ်ကိုလေးနဲ့ တစ် ခန်းတည်းအတူတူအိပ်တယ်၊ တစ်ယောက်တည်းမအိပ်ရဲဘူး၊ ငါတို့ကျောင်းက အိမ်သာထဲတောင် တစ်ယောက်တည်းမသွားဘူး၊ သရဲရှိတယ်လေ မင်းသိတယ်မှလား၊ ဒါကြောင့် ငါတို့အိမ်သာသွားရင် အဖွဲ့လိုက်သွားကြတာ”
“ဟာ ပေါက်ကရပါ ဇော်ရယ်”
“တကယ်ပြောတာဟ”
မိုးစွေက သူ့ကို စိုက်ကြည့်နေပြန်သည်။ အကြည့်ချင်းဆုံတော့ ရှက်ဖြန်းဖြန်းဖြစ်လာမိပြန်သည်။
“ငါ…ငါ့ အစ်ကိုတွေအတွက်တောင်းပန်ပါတယ်မိုးစွေ”
သူကတော့ ဘာမှမဖြစ်ဘူးဆိုသည့်ပုံစံနှင့်ခေါင်းခါပြပြီး ကျွန်တော်ကိုပြုံး၍ကြည့်မြဲကြည့်နေလေ တော့သည်။
“မင်းအစ်ကိုတွေက အခြေအနေအမှန်ကို မသိလို့လုပ်မိတာပဲလေ၊ ငါသူတို့ကိုအပြစ်တင်စရာမှမလို တာ၊ သိသိရက်နဲ့လုပ်ရင်တော့သာ သူတို့မတရားဘူးလေ”
“နားလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ”
“မင်းနဲ့ပတ်သက်တဲ့သူတိုင်းကို ငါနားလည်အောင်ကြိုးစားမှာပါ ဇော်”
“အာ မင်းစကားကလည်း”
“ဇော်”
မိုးစွေသည် သူ့ကို စူးစူးနစ်နစ်ကြည့်နေရင်း အနားကိုအနီးဆုံးနေရာသို့တိုးလာသည်။ ဒဏ်ရာများ ကြောင့်နာကျင်နေမည့် သူ့လက်အစုံက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို ပွေ့ဖက်ပစ်လိုက်တော့ ကျွန်တော် မျက်လုံးအပြူးသားဖြင့်ငြိမ်သက်နေမိတော့သည်။
“ငါ့ကို ခဏလေးပဲဖြစ်ဖြစ် ဖက်ထားခွင့်ပြုပါဇော်”
အချိန်တိုအတွင်း ထိုမျှလောက်သောအခြေအနေကိုဖြစ်သွားလိမ့်မည်မှန်း ဘယ်သူကထင်ထားမှာလဲ။ ကျွန်တော်ကိုယ်၌ကလည်း ဘာကြောင့် သူလုပ်သမျှကို ဘဝင်ခိုက်ကာငြိမ်သက်နေမိမှန်းမသိတော့။ သာယာနွေးထွေးနေသည့်ခံစားမှုကိုတော့ မပြတ်ရသည်။ မိုးစွေ၏ ခန္ဓာကိုယ်မှ ရေမွှေးနံ့နှင့်ချွေး နံ့ပြေပြေ ကလေးကို နှစ်လိုဖွယ်ရသည်။ မိုးစွေကသူ့ကို ပွေ့ဖက်ထားရုံတင်မဟုတ် သူ့လည်တိုင်ဆီ သို့အနမ်းမိုးများကိုလည်း ရွာသွန်းလာသည်။
“မိုးစွေ”
“အင်း”
“မင်း ငါတို့နဲ့ Presentation လုပ်ဖို့ အစောကြီးကတည်းကဆုံးဖြတ်ထားတာလား”
“မင်းနဲ့တွေ့ဆုံရဖို့ ဒီ Presentation ကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးချခဲ့တာ မှန်ပေမယ့် ငါတာဝန်ကျေအောင်လုပ်မှာပါ”
“မင်း တော်တော်ဆိုးတဲ့ကောင်ပဲ မိုးစွေ၊ ဒါကြောင့် မင်းကို တော်တော်များများကကြည့်မရတာ”
“ငါက မင်းကြည်ဖြူတာကိုပဲလိုချင်တာ၊ မင်းကြည့်ရတာကိုပဲ သဘောကျတာ၊ ဒါကြောင့် ဇော့်အ တွက်ပဲတွေးမယ်လို့ဆုံးဖြတ်ထားလိုက်ပြီ”
“မင်း စကားတွေက အဆန်းတွေချည်းပဲ ငါ…ငါနားမလည်တော့ဘူး”
“မင်း နားမလည်ချင်ယောင်ဆောင်နေတာပါ”
ဒဏ်ရာကိုနာနာလေးဖိပစ်လိုက်တော့ မိုးစွေထအော်သည်။ သူ့ကို ခပ်တိုးတိုးလေးလည်းဆဲရေးလိုက် သေးသည်။ မိုးစွေနေသည့် ကွန်ဒိုတိုက်ခန်းသည် ဈေးတော်တော်ကြီးမည့်ပုံပင်။ တစ်အိမ်လုံးပြောင် လက်သန့်ရှင်းနေသော်လည်း ပစ္စည်းထားသိုပုံကတော့ ဗြဲဒရမ်းဆန်လှသည်။
“မင်း ပစ္စည်းတွေက ရှုပ်ပွနေတာနော်၊ အိမ်ကြီးကောင်းပြီး သေသေသပ်သပ်မနေတတ်ဘူး”
ကျွန်တော်က စကားလမ်းကြောင်းလွှဲပြီးသူ့ကိုအပြစ်တင်လိုက်သည့်အခါ သူ့က ပခုံးတွန့်ပြသည်။
“တစ်ပတ်တစ်ခါ သန့်ရှင်းရေးခေါ်လုပ်ပါတယ်ကွ၊ အဲတစ်ပတ်မပြည့်ခင်လေးပွနေတာပါ၊ မင်းကိုငါ လှမ်းခေါ်လိုက်မယ်လေ၊ သန့်ရှင်းရေးလာပြီးတဲ့အချိန်”
“အံမယ် ငါ့ကို အိမ်လည်ခေါ်ဦးမယ်ပေါ့၊ မင်းစိတ်မပုပ်ဘူးဘဲ မိုးစွေ”
“ဟောကဲ၊ ငါဘယ်တုန်းကသဘောမကောင်းဘဲရှိလို့တုန်း တကယ်သွားစရာရှိနေလို့ ကားကြုံမခေါ် မိတဲ့တစ်ခါကို ပြောလို့မပြီးတော့ဘူးလား”
“အဲလိုလည်းမဟုတ်ပါဘူးကွာ၊ မင်းကို ငါတို့ နှစ်စကတည်းကအကဲခတ်နေကြတာပါ၊ အခုလိုစကား တွေအများကြီးပြောတတ်လိမ့်မယ်လို့လည်းမထင်ဘူး၊ ကျောင်းမှာဆိုရင်လည်း အချေကောင်လေ၊ လူ တွေကို အပေါင်းအသင်းသိပ်မလုပ်ဘဲနေတတ်တယ်၊ နှုတ်ဆက်မိတဲ့သူတိုင်းကိုလည်း သိပ်မပြောချင် မဆိုချင်တဲ့ပုံစံနဲ့”
မိုးစွေက သက်ပြင်းချသည်။ ထို့နောက် သူ့ဆံပင်ပျော့ပျော့များကို သပ်တင်ပေးကာ ကလေးတစ် ယောက်ကိုချော့မြူနေသကဲ့သို့ လေပြေလေးနှင့်ပြောလိုက်၏။
“ငါက လူအများကြီးနဲ့ ပေါင်းဖို့ကြောက်နေတာ၊ ငါ့အကြောင်းကို လူတွေပြောတာသိပ်မလိုချင်ဘူး၊ သီးသီးသန့်သန့်နေချင်တယ်၊ ငါက နားလည်ရခက်တယ် လို့လည်းပြောလို့ရပါတယ်၊ ပြီးတော့ ဒီပလို မာတန်းက လူတွေကလူကြီးတွေလေ၊ လူကြီးတွေဆိုတာက အမှားလုပ်ရင်သည်းခံဖို့ခက်ခဲ တတ်ကြ တယ်၊ ဆိတ် ဆိတ်နေခြင်းကအကောင်းဆုံးပဲမို့လို့ သီးသန့်နေခဲ့တာပါ၊ ပြီးတော့ …ငါက မိဘအသိုင်း အဝိုင်းနည်းတော့ ငါ့ဇာတာကိုက ပတ်ဝန်းကျင်က လူရာမသွင်းချင်ဘူး၊ နှိမ်တယ်၊ ကြာလာတော့ တိုက်ခန်း ကျဉ်းလေးထဲမှာပဲ နေရတာ အသားကျလာတယ်”
“ဒီပလိုမာကျောင်းသားတွေကို အဲလိုထင်ရင် မင်းမှားတာပေါ့၊ ငါတို့တွေအားလုံးကို ရိုးရိုးလေးမြင်ပြီး ပေါင်းကြည့်စမ်းပါ၊ အဆင်ပြေပြေစကားပြောကြည့်စမ်းပါ၊ တက္ကသိုလ် ကျောင်းသားရဲ့ တကယ့် ပျော်ရွှင်ချမ်းမြေ့မှုအရသာကိုနားလည်လာလိမ့်မယ်၊ ဒီပလိုမာကျောင်းသားတွေက ပိုကဲတယ်၊ ပိုပျော် တတ်တယ်၊ ဘာလို့လဲဆိုတော့ ခေတ်စနစ်ဆိုးကြောင့် အဝေးသင်ပဲတက်ခဲ့ပြီး အခု ဒီပလိုမာတက်ခွင့် ရတော့မှ အရင်စိတ်ကူးယဉ်ထားတာတွေကို အကောင်အထည်လာဖော်ကြတာလေ”
“ငါက မင်းတစ်ယောက်တည်းကိုပဲတွေ့ခွင့်ရရုံနဲ့အရာရာကျေနပ်နေပြီ ဇော်၊ မသိစိတ်ကရော သိစိတ် ကပါ မင်းတစ်ယောက်တည်းကိုပဲ”
“မိုးစွေ . . .မင်း”
“မင်း ငါ့အပေါ် အခြေအနေတစ်ခု အထိနားလည်နေပြီ၊ ငါသိတယ် ဇော်”
သူပြန်မပြောမိပါ။ နောက်နေ့များတွင် ဘာဆက်ဖြစ်လိမ့်ဦးမလဲဆိုသည့်အချက်အား သူခန့်မှန်းမိပြီး သားဖြစ်လေသည်။
>>>>>
ဆက်ပါဦးမည်။