(၃)
ကျွန်တော်နေထိုင်ရာနှင့်မလှမ်းမကမ်းတွင်ရှိသော ဗန်ဒါပင်မှတ်တိုင်အနားတွင်နေထိုင်သည့် အသိ အစ်ကိုတစ်ယောက်ထံကို စာအုပ်တစ်အုပ်သွားငှားဖြစ်သည့်နေ့။ ထိုနေ့သည် ဇော်နှင့်ကျောင်းပြင်ပ တွင်ပထမဆုံးတွေ့ဖူးသည့်နေ့ဖြစ်ခဲ့သည်။ Presentation နှင့်ပတ်သက်၍ အာရုံစူးစိုက်ထားပေးခဲ့ပြီး ကျွန်တော့်လုပ်ဆောင်မှုကို သူတို့အဖွဲ့အသိအမှတ်ပြုစေချင်သည်တော့အမှန်ပင်။ ထို့ကြောင့် Child Psycho နှင့်ပတ်သက်သော ထိုစာအုပ်ကိုသွားငှားဖြစ်ခဲ့ခြင်းပင်။ အဝေးသင်တက္ကသိုလ်ကျောင်းသား တစ်ယောက်အဖြစ်သာ ရှင်သန်ခဲ့ရသည့် ကျွန်တော့်အဖို့ ရန်ကုန်တက္ကသိုလ်လိုနေရာမျိုးတွင် ဒီပလို တက်ခွင့်ရခြင်းအတွက် ကျေနပ်၍မဆုံးနိုင်အောင်ပင်။ အတန်းထဲတွင် လူအများနှင့်မပေါင်းသင်းဘဲ ဘာသိဘာသာနေတတ်သည့်အချက်ကလွဲရင်ပေါ့လေ။
ကျွန်တော်စီးလာသည့်ဘီးက ရှေ့ခြင်းမပါ၍ ငှားလာသည့်စာအုပ်ကို အနောက်ထိုင်ခုံပေါ်ကြိုးနှင့်ချည် ထားရင်း လမ်းကြားထဲမှအထွက် ဇော့်ကိုတွေ့လိုက်ရခြင်းပင်။ ဇော်၏ နောက်ကျောကို ကျွန်တော် ကောင်းကောင်းမှတ်မိတာပေါ့။ အတန်းထဲတွင် ကျွန်တော်ငေးမောနေခဲ့ရသော ကျောပြင်လေးပင်။ ကျွန်တော်သဘောကျသော ရန်ကုန်တက္ကသိုလ်ကြီးထဲတွင်ပညာသင်ယူရင်း ကျွန်တော်တိတ်တခိုး သ ဘောကျနေမိသော ဇော့်ကိုကြိတ် Crush နေရသည့်အဖြစ်။ အတန်းထဲတွင် ဆရာကြီး၊ ဆရာမကြီး များ၏ လက်ချာသည်လည်းစိတ်ဝင်စားစရာကောင်းသလို ဇော်၏နေ့စဉ်လှုပ်ရှားမှုများသည်လည်း သ ဘောကျစရာကောင်းသည်။ အချို့သောပညာရပ်ဆိုင်ရာစကားလုံးများကို ရင်းနှီးကျွမ်းဝင်မှုမရှိလှ သော်လည်း အတန်းပြီးလျှင်စာမေးပါက ဆရာ၊ ဆရာမအားလုံးက စိတ်ရှည်လက်ရှည်ရှင်းပြတတ်ကြ သေးသည်။
ကံအကောင်းဆုံးအချက်တစ်ခုကိုရွေးထုတ်ပြောရပါလျှင် ကျွန်တော် ဇော်နှင့်တွေ့ရပြီဖြစ်သည်။ အ တန်းနောက်ဆုံးတွင်ထိုင်ကာ ဇော့်ကိုတိတ်ခိုးကြည့်ရင်းကျေနပ်ရင်ခုန်ခဲ့သောရက်များသည် သိသိသာ သာရော မသိမသာပါပြည့်နှက်နေခဲ့လေပြီ။ ဇော်နဲ့စကားပြောခွင့်ရပြီးနောက်ပိုင်းတွင် သူ့ကိုပို၍ရင်း နှီးချင်လာပြန်သည်။ သို့သော်လည်း မဝံ့မရဲဖြစ်နေပြန်ပါသည်။ ထိုနေ့ကတော့ ကျွန်တော် ဇော့်ကိုစ ပြီး ခေါ်ဖြစ်ပါသည်။
“ကောင်းစည်သူဇော်”
သူ့ဘေးချင်းယှဉ်ရက်အနေအထားထိ စက်ဘီးကိုနင်းလိုက်ကာ သူ့အနားနီးကျမှ နာမည်လှမ်းခေါ် လိုက်သည်။
ဇော်ဒီရပ်ကွက်မှာနေတာပါလား။ ရပ်ကွက်က သီးသန့်ဆန်သည်ဟုပြော၍ရသည်။ လမ်းတွင်လူသိပ် မရှိဘဲ သစ်ပင်သစ်ရွက်အုံ့ဆိုင်းဆိုင်းလေးနှင့် အေးချမ်းလှ၏။
“အော”
ဇော် ကျွန်တော့်ကိုမြင်လိုက်ရသည်နှင့် ပါးစပ်အဟောင်းသားဖြစ်ကာ အံအားသင့်သွားပုံရပါသည်။ တီ ရှပ်လက်ပြတ်အဖြူနှင့် ဘောင်းဘီတိုအပြာကိုဝတ်ဆင်ထားသည့်ဇော်သည် သူ့ထုံးစံအတိုင်းဆံပင် ပျော့အိအိများကို ပိုသီပက်သီချထားလေသည်။ အသည်းယားပြီး ဆွဲခြေမွပစ်ချင်စရာကောင်းနေ တော့၏။
“ဒီရပ်ကွက်မှာနေတာလား”
“အင်း ဟုတ်တယ်၊ မင်းက ရွှေဂုံတိုင်မှာနေတာမဟုတ်လား”
“အင်း၊ ဒါလည်းရွှေဂုံတိုင်နားပဲလေ”
“အမယ်၊ ဒီရပ်ကွက်မှာ မင်းကို ငါတစ်ခါမှမတွေ့ဖူးပါဘူး”
“ဒီရပ်ကွက်မှာမဟုတ်ပါဘူး၊ ရွှေဂုံတိုင်နားမှာနေတာပါ၊ ကဲ တက်လေ၊ မင်းဘယ်နေရာလဲ ငါလိုက် ပို့ ပေးမယ်”
“ရတယ် မပို့နဲ့၊ ကျေးဇူးတင်နေရမယ်”
ပြေလည်မည်ထင်သော်လည်း ဇော့်စကားက ကျွန်တော့်ကိုကျေနပ်ပုံမရ။ အရင်တစ်ပတ်က သူတို့ကို ကားကြုံမခေါ်လိုက်နိုင်သည့်ကိစ္စကြောင့်ဖြစ်မည်။
“တက်ပါကွာ၊ ကျေးဇူးတင်စရာမှမလိုတာ၊ မဟုတ်ရင် ငါက မင်းနဲ့စကားပြောရင်း စက်ဘီးလေးကို ဖြည်းဖြည်းလေးမောင်းလိုက် မင်းကိုကြည့်လိုက်နဲ့လုပ်နေတာမဟန်ဘူး၊ ကောင်မလေးကိုစကား လိုက်ပြောတဲ့ကောင်လေးကျနေတာပဲ၊ မင်းနဲ့ငါနဲ့ကို အကုန်လုံးကလည်း အဲလိုပဲမြင်နေမှာ”
“!$@$#”
သူကျွန်တော့်ကိုတစ်ခွန်းဆဲလိုက်သည်။ ထို့နောက် ကျွန်တော့်စက်ဘီးပေါ်ကိုခုန်တက်လိုက်ပါသည်။
“လမ်းဆုံအထိမောင်း၊ ပြီးရင် ဘယ်ကွေ့၊ ဒုတိယမြောက်လမ်းထိပ်ကိုရပ်လိုက်ရင်ရပြီ”
ကျွန်တော်က စက်ဘီးကိုဟန်ချက်မနိုင်ချင်ယောင်ဆောင်၍ ယမ်းပြလိုက်သည့်အခါ ဇော်က ကျွန် တော့်ခါးကိုဖက်လိုက်သည်။ ကျွန်တော် တဟားဟားထရယ်တော့မှ ကျွန်တော့်ကျောကုန်းကိုမနာ အောင်လှမ်းထုတော့သည်။
“ဟေ့ကောင် မင်းစာအုပ်ကြီးပေါ်ငါတက်ထိုင်နေမိတာနော်၊ နဂိုကတည်းက ဖင်ထိုင်ခုံကအသားမကျ ပါဘူးဆိုမှ လာနောက်နေသေးတယ်”
“အော် အေး ဆောရီး၊ အဲဒီစာအုပ်ကိုချည်ထားတဲ့ကြိုးဖြုတ်ပြီးယူလိုက်လေ၊ မင်းကိုင်ပေးပေါ့”
ကျွန်တော်စက်ဘီးရပ်ပေးလိုက်သည်။ နောက်ထိုင်ခုံတွင်ရှိနေပြီး သူဖိထိုင်ထားသောစာအုပ်ကိုကြိုး ဖြည်ပြီးယူလိုက်၏။
“Child Pshyco တဲ့၊ ဟင် မိုးစွေ၊ မင်းစာအုပ်က ငါတို့ Presentation နဲ့ပတ်သက်နေတာပဲ၊ ဘယ်ကရ လာတာလဲ၊ ကောင်းလိုက်တာ”
“ငှားလာတာ၊ အသုံးများဝင်မလားလို့လေ”
ကျွန်တော်တို့အဖွဲ့၏ခေါင်းစဉ်က ကျွန်တော်ပေးခဲ့သော Family counselling with children ဖြစ်သည်။ ကလေးငယ်တွေ စိတ်အနာတရမဖြစ်အောင်နှင့် ငယ်ငယ်ကတည်းကလုပ်ထားသင့်သည့်၊ ပြင်ဆင်ထားသင့်သည့် အရာများ အကြောင်းကို Presentation ထဲတွင်ထည့်နိုင်ရန် ငှားလာခဲ့ခြင်း ဖြစ်သည်။
“ဒီလိုကျတော့လည်း မင်းကစိတ်သဘောထား မဆိုးလှပါဘူး”
“ဘာလဲ၊ မင်းကို ခုလိုလိုက်ပို့လို့လား”
“အင်း . . . ငါတို့က မင်းကိုစိတ်ပုပ်ကြီးလို့ထင်ထားတာ”
ကျွန်တော်ရယ်လိုက်သည်။
“အေး ပြီးတော့ မင်း ဟက်ဟက်ပက်ပက်ရယ်တာ ငါပထမဆုံးတွေ့ဖူးတာပဲ”
“မင်းက အမြဲရယ်စေချင်တယ်ဆိုရင် ငါကြိုးစားပါ့မယ်”
“မိုးစွေ ခွေးကောင်၊ မင်းနော်”
ကျွန်တော့် ကျောကုန်းကို တဘုန်းဘုန်းလှမ်းထုပြန်ပါသည်။
ဇော်က ကျွန်တော့်အနောက်တွင်ရှိနေသည်မို့ မျက်နှာလေးကိုမမြင်ရပါ။ ဇော့်မျက်နှာလေးကိုကြည့် ပြီး ကျွန်တော် ကြည်နူးချင်လှသည်။ အိတွဲနေသော ဇော့်ပါးပြင်ဖောင်းဖောင်းလေးများကိုတယုတယ ကိုင်ကာ မနာအောင်ဆွဲညှစ်ချင်သည်။ ချစ်စရာကောင်းသော ဇော့်ရုပ်ရည်ကို တော်တော်များများက သတိမထားမိဘဲနေနိုင်လိမ့်မည်မဟုတ်။ အသုံးချစိတ်ပညာသင်တန်းတွင် လာတက်တုန်းကလူ ၁၀၀ ကျော်လောက်ရှိမည်။ အခုကျ တော့ လူခြောက်ဆယ်ဝန်းကျင်။ အဲဒီလူအားလုံး ဇော့်ကိုနှုတ်ဆက် ကြသည်။ ဇော်နှင့်ကန်တင်းအတူ ထိုင်ဖူးကြသည်။ ဇော့်ကိုခင်ကြသည်။
“ကောင်းစည်သူဇော်”
“အေး”
“ငါ့ကျောကုန်းယားလို့ ကုတ်ပေးစမ်းပါ”
စက်ဘီးနင်းနေရင်းမှ သူ့ကိုထပ်စချင်လာသည်။
“အံမယ် ဘာလို့ကုတ်ပေးရမှာလဲ၊ မင်းနဲ့ငါနဲ့က အဲလောက်တောင်ရင်းနှီးလို့လား”
“အေး ပြီးရော၊ ယားလို့ ခန္စာကိုယ်တွန့်ပြီး စက်ဘီးလဲသွားရင်မပြောနဲ့”
“မပြောဘူး၊ မပြောဘူး”
ဇော်က ရပ်ဆိုသည့်နေရာတွင်ရပ်ပေးကာ နှုတ်ဆက်ရင်းပြန်လာခဲ့သည်။ အဆင်အပြေဆုံးနှင့် ဇော်၏ ကြည်ဖြူမှုကိုအရဆုံးအခိုက်အတန့်အဖြစ်သမိုင်းဝင်သွားခဲ့တော့သည်။ ကျွန်တော်ကျေနပ်စွာပြုံးမိ လေသည်။
စက်ဘီးကိုဖွဖွလေးနင်းရင်း လမ်းဘေးဝဲယာကို ကြည့်ကာလေညှင်းကို ရှုရှိုက်နေမိသည်။ ဟိုဟိုဒီဒီ ငေးကြည့်နေရင်းမှ ဇော့်အကြောင်းကိုလည်းတွေးနေမိပြန်သည်။ ကားလမ်းပေါ်ကိုမရောက်ခင်တွင် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော့်စက်ဘီးခြေနင်းများတုန့်ခနဲရပ်သွားမိတော့သည်။
“ဟာ”
လူငယ်များ၏ရန်ပွဲပင်။ လူရှင်းသည့်နေရာများတွင် တွေ့ရတတ်သည့်ချိန်းပွဲဖြစ်လေသည်။ သို့သော် အခုရန်ပွဲက မမျှ။ တစ်ယောက်တည်းကို ကျန်သည့်လေးယောက်က ဝိုင်းအနိုင်ကျင့်နေကြခြင်းပင်။ စိတ်က ဆုံးဖြတ်ချိန်မရလိုက်ခင်တွင်ပဲ ကျွန်တော်ထိုရန်ပွဲထဲကိုရောက်ရှိသွားခဲ့သည်။
“ဟေ့လူတွေ”
ပါးစပ်ကလည်းတား၊ လက်ကလည်းကာလျက် တစ်ယောက်တည်းသမားရှိရာကို ဇွတ်တိုးဝင်မိတော့ သည်။ ကျွန်တော်ရောက်လာတော့ အနိုင်ကျင့်နေသူလေးယောက်က ကြောင်အမ်းအမ်းဖြစ်သွားသေး သည်။ သို့သော်လည်း စစ်ကူလာသည်အမှတ်နဲ့ ကျွန်တော့်ကိုပါ ဝိုင်းထိုးကြတော့သည်။ ခံနေရသည့် တစ်ယောက်တည်းသမားကို ဆွဲထူပေးရင်း လူလေးယောက်၏ထိုးနှက်သမျှကို ကာကွယ်နေမိသည်။ ခြေတောက်ကန်ချက်များကိုရှောင်သလို လက်သီးထိုးချက်များကိုလည်း တိမ်းရသည်။ သို့သော်မရ။
“မင်းတို့ တော်ကြတော့နော်”
ပါးစပ်ကလည်းပြော၊ သူတို့ထိုးသမျှလည်းခံနေမိသည်။ လေးယောက်တစ်ယောက်မို့ ဘယ်လိုမှ ခုခံ ၍မရ။ သူတို့ပြုသမျှနုနေခဲ့ရသည်။ ကျွန်တော်ကယ်ခဲ့သည့်ကောင်က လဲကျနေရာမှ ကုန်းရုန်းထကာ ထွက်ပြေးရန်ပြင်နေတော့သည်။
“ဟိုကောင်ပြေးတော့မယ် လိုက်ဟေ့”
တစ်ယောက်က သတိပေးလိုက်သော်လည်း ကျန်သုံးယောက်၏အာရုံက ကျွန်တော့်ထံကိုရောက်နေ လေသည်။ သူတို့ ကျွန်တော့်ကိုကောင်းကောင်းသမနေသည့်အရှိန်ကရနှင့်နေပြီကိုး။
“ဟာ ကိုကြီး၊ ဟေ့ကောင် ကိုလေး၊ ရပ်လိုက် ရပ်လိုက်”
လက်သီးပြင်းများသည် ကျွန်တော့်မျက်နှာပေါ်ကိုတစ်ရစပ်ကျလာခဲ့သည့်အရှိန်ကြောင့် အသံလာရာ ကိုသဲသဲကွဲကွဲမမြင်ရ။ ကျွန်တော်နှင့်ရင်းနှီးသည့်အသံမှန်းတော့သိသည်။
“အဲဒါ ကျွန်တော့်သူငယ်ချင်း၊ ဟို ပြေးမယ့်ကောင်နဲ့မဆိုင်ဘူးတော်တော့”
ကြယ်လဖြာနေသည့်မြင်ကွင်းနှင့်အတူ ကျွန်တော့်တစ်ကိုယ်လုံးစုတ်ပြတ်သတ်နေပြီမှန်းသိလိုက်ပါ သည်။ ထိုရင်းနှီးလှသည့်အသံကိုလည်း ကျွန်တော်စဉ်းစားမိပြီးဖြစ်သည်။
“ဇော်”
>>>>>
ဆက်ပါဦးမည်။