“သူ…..မသိခဲ့လေသော..” အပိုင်း (၂၆) ဇာတ်သိမ်း

(၂၆)
ဆောင်းလေညှင်း၏အအေးမြဆုံးအရသာကို ကျွန်တော်ခံစားရသည်။ မြူနှင်းတစ်ချို့တောင် ရစ်ဝိုင်း နေလေရဲ့။ အဖြူရောင်ဇာပုဝါတို့ကို ထွင်းဖောက်မြင်ရသည့် အနေအထားတွင် ကျွန်တော်ရောက်ရှိ နေပါသည်။ ကျွန်တော်နှင့်မလှမ်းမကမ်းမှာ အဖြူရောင်အုတ်ဂူလေး တစ်လုံး။ အဲဒီအုတ်ဂူလေးမှာ လူနှစ်ယောက်ရောက်ရှိနေလေသည်။
ကိုခန့်နှင့် ဇော်။
မနေ့ကလည်း အဲဒီကိုလူတစ်စုလာခဲ့သည်။ ပြီးတော့ မြတ်ဦးမောင်လည်းလာခဲ့သည်။ ဝေယံ၊ ကျော်ဇော်၊ ဖြူစင်နှင့် နန်းခမ်းလှိုင်တို့ပေါ့။ အုတ်ဂူလေးကတော့ သူတို့တင်ထားသည့် ပန်းစည်းတို့နှင့် လှပနေသည်။
“ငါတို့ မင်းကိုရှာဖွေတွေ့ရှိတဲ့အချိန် သိပ်နောက်ကျသွားခဲ့တယ် မိုးစွေ၊ ဘယ်တော့ မှ မမေ့နိုင်တဲ့ သူငယ်ချင်းအဖြစ် ငါတို့ရင်ဘတ်ထဲမှာ ထာဝရရှိနေမှာပါကွာ”

“စိတ်ချပါ မိုးစွေ… နင်တောင်းထားတဲ့ ကတိကို ငါတို့မဖျက်ခဲ့ပါဘူး၊ ဘယ်တော့မှ လည်း ဖျက်တော့ မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ … ကောင်းစည်သူက နင့်ကိုမကြည်ဖြူနိုင်တာကိုတော့ စိတ်မကောင်းဘူး ဟာ…”
“မိုးစွေ… မနက်ဖြန်ငါတို့ ရန်ကုန်ပြန်တော့မယ်၊ တစ်ခါတည်း နှုတ်ဆက်ခဲ့ပါတယ်၊ ရောက်လေရာ ဘဝတိုင်းမှာ အပြန်အလှန်ချစ်မယ့်ချစ်သူနဲ့ တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် သူငယ်ချင်း…”
သူတို့အုတ်ဂူလေးကိုကြည့်ပြီး ကျွန်တော့်ကိုနှုတ်ဆက်နေကြ၏။ ကျွန်တော်ဝမ်းနည်း မိသည်။ အတူရှိခဲ့စဉ်တုန်းက တစ်စက်ကလေးမှမတည့်ခဲ့ကြသောမိတ်ဆွေတစ်ချို့ဖြစ်သည်။ အခုတော့ လည်း စည်းစည်းလုံးလုံးနှင့်ကျွန်တော့်ကိုကြည်ဖြူနေပါလား…။
နားလည်မှုပဲ။ ကျွန် တော်တို့လူ့ဘောင်အသိုင်းအဝိုင်းမှာ အဓိကလိုအပ်တာက အပြန် အလှန်နား လည်မှုပါပဲ။ တစ်ယောက်ကို တစ်ယောက်နားလည်ပြီးနောက်ပိုင်းမှာ အချင်းချင်း ယုံကြည်လာခဲ့ သည်။ ဒါပေမဲ့ ကျွန်တော်နှင့် သူငယ်ချင်းတွေကြားထဲမှာတော့ အချိန်ကာလ အရမ်းနောက်ကျခဲ့ သည်လေ။
သူတို့တွေပြန်သွားပြီးတော့ အတန်အကြာမှာပဲ မြတ်ဦးမောင်ရောက်လာပါသည်။ သူက တော့ တံမြက်စည်းတစ်ချောင်းနှင့် အုတ်ဂူတစ်ဝိုက် သန့်ရှင်းရေးလုပ်ပေး၏။ ပြီးတော့ အုတ်ဂူရှေ့၌ ဒူး ထောက်ထိုင်ချလိုက်ပါသည်။ နာရီဝက်လောက် တိတ်ဆိတ်စွာ ငြိမ်သက် နေသည်။
မြတ်ဦးမောင်၏ မျက်ဝန်းမှာတော့ မျက်ရည်များရွှဲစိုနေလို့။
သြော်… ညီလေးရယ်..။ မင်းငိုနေတာတွေ့တိုင်း အဆင်ပြေရာပြေကြောင်းချော့ မော့ပြီး အစ်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။ အခုတော့ … အခုတော့ မင်းကိုနှစ်သိမ့်ပေးနိုင်တဲ့ အင်အား မရှိတော့ဘူး။
“ညီလေး… အစ်ကို့ဆီကို မကြာမကြာလာခဲ့မယ် အစ်ကို”
အဲဒီလိုနှုတ်ဆက်ပြီး သူလည်း ပြန်သွားခဲ့သည်။
ပြီးတော့ ကိုခန့်တို့…။
“မိုးစွေ”
သူ့ခေါ်သံ တိုးညှင်းညှင်းလေးဆိုပေမယ့် ကျွန်တော်အတိုင်းသား ကြားရလောက် အောင် ပတ်ဝန်း ကျင်ကတိတ်ဆိတ်နေပါသည်။ တစ်ချက်တစ်ချက် စေတီမှဆည်းလည်းသံ တချို့ကြားရသည်။
ဟုတ်ပါရဲ့…။
အဲဒါ ကျွန်တော့်ရော်ဘာခြံက စေတီရဲ့ဆည်းလည်းသံပဲ။ ရော်ဘာခြံရဲ့အပေါ်ဘက် အဆုံးမှာ စေတီ လေးတစ်ဆူရှိပါသည်။ အဲဒီနေရာကတောင်အ မြင့်ဆုံးနေရာလည်း ဖြစ်တာကြောင့် မော်လမြိုင် တစ်ဝိုက် နေရာအချို့ကို အပေါ်စီးကနေလှမ်း မြင်ရသည်။ စိတ်ညစ်တိုင်းစေတီပေါ်ကို ကျွန်တော် သွားနေကျ။ ရင်ပြင်ပေါ်မှာ မတ်တပ်ရပ် ပြီး ရှုခင်းတွေလှမ်းကြည့်နေကျ။ အခုတစ်ချက်တစ်ချက် ကြားရတဲ့ဆည်းလည်းသံက သာယာလိုက်တာ။ ချမ်းမြေ့စရာကောင်းလိုက်တာဗျာ…။
“မင်းရဲ့ဆန္ဒတွေအတိုင်း ငါလုပ်ပေးခဲ့တယ် သူငယ်ချင်း၊ မင်းစိတ်ချ လက်ချ အိပ်စက်ပါတော့ကွာ၊ စိတ်ချ မိုးစွေ၊ မင်းမသိစေချင်တဲ့အကြောင်းအရာတွေ တစ်သက်လုံးမပြောဘူးလို့ငါ ကတိပေးပါ တယ်”
ကျေးဇူးတင်ပါတယ် ကိုခန့်…။
ငါမင်းကို တကယ်ကျေးဇူးတာပါ။
“မိုးစွေ… မင်းအတွက် အမုန်းတရားတွေ ငါဖျက်ဆီးလိုက်ပါပြီဟာ…၊ မင်းဟာ ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်အဖြစ်နဲ့ပဲ ငါ့ရင်ဘတ်ထဲမှာတစ်သက်လုံးစာအတွက် ရှင်သန်နေမှာပါ”
ဇော့်ကိုတော့ အတိုင်းမသိကျေးဇူးတင်ပါတယ်။ ငါဝမ်းသာလိုက်တာ ဇော်။ မင်းဆီက ဒီလိုစကားမျိုး ကြားရမယ်လို့တောင်မထင်ထားမိဘူး။ တကယ်ပါ ဇော်။ ငါ့ရဲ့လျှို့ ဝှက်ချက်ကို မင်းမသိဘဲနဲ့ အမုန်း တရားကိုသင်ပုန်းချေနိုင်တာကို ငါဂုဏ်ယူပါတယ်။
အင်းလေ…။ လူနှစ်ယောက်မှာ တစ်ယောက်ကသေခြင်းတရားနဲ့ရင်ဆိုင်ပြီးနောက် ပိုင်းမှာတော့ ချစ်ခြင်း၊ မုန်းခြင်းတွေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။
ဒါပေမဲ့ မင်း… ကို… ချစ်… တယ်… ဇော်… ။
ဟုတ်တယ်။ ကျွန်တော် ဇော့်ကိုရယူပိုင်ဆိုင်လိုမှုနဲ့ချစ်ခဲ့တာမှမဟုတ်ဘဲလေ။ ဒါကို ကိုခန့်က လည်း ကောင်းကောင်းနားလည်သဘောပေါက်မှာပါ။ ဇော်နဲ့မတွေ့တော့တဲ့နှစ်အ ပိုင်းအခြားမှာ ဇော့်ကို သတိရပြီးတွေ့ချင်သည်။ ဒါပေမဲ့ တွေ့ရတဲ့အခိုက်မှာလည်း ဇော့်အ မုန်းတရားကနေ ရှောင်ထွက်ဖို့ ကြိုးစားရင်း ဇော့်ကိုချစ်ရပြန်သည်။ အခုတော့လည်းအရာရာတိုင်းကပြီးဆုံးခဲ့ပြီပဲဇော်။
“မိုးစွေ… ငါနဲ့ စည်သူတို့အကြောင်းကို ပတ်ဝန်းကျင်ကိုအသိပေးလိုက်ပြီးပြီ၊ စည်သူရဲ့မိဘတွေက လည်း ဘာမှမပြောဘူး၊ လက်ခံတယ်၊ ပထမတော့ နည်းနည်းတော့ခက်ခဲတာပေါ့ကွာ၊ အခုတော့အ ဆင်ပြေသွားပါပြီ၊ ငါတို့ ထာဝရလက်တွဲသွားမယ်”
ဟား… ကိုခန့်။ ငါဝမ်းသာလိုက်တာကွာ။ မင်းဒီတစ်ခါတော့ တကယ်ချစ်ရသူနဲ့ လက်ထပ်တော့ မှာပေါ့။ ဇော်က မင်းကိုချစ်ပါတယ်။ မင်းကလည်း ဇော့်ကိုရာသက်ပန်ချစ်ခင် ပေါင်းသင်းမယ်လို့ ငါယုံ ကြည်တယ်သူငယ်ချင်း။
“စိတ်ချပါ မိုးစွေ… ငါ စည်သူ့ကို တစ်သက်လုံးချစ်သွားမှာပါ၊ စည်သူ မိုးစွေကို ကတိပေး လိုက်ဦး လေ…”
ကိုခန့်က ဇော့်ဘက်ကိုလှည့်ကာပြောလိုက်၏။
“မိုးစွေ… ငါတို့နှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရာသက်ပန်တွဲသွားမှာပါ၊ ကတိပေးပါ တယ်”
ဇော့်ဆီကကြားရသည့် အချိုမြိန်ဆုံးစကားပင်။ အဲဒီနောက်တော့ သူတို့နှစ်ယောက် ကျွန်တော့်ကိုနှု တ်ဆက်သွားပြန်ပါသည်။ ကိုခန့်က ဇော့်ပခုံးလေးကို တယုတယဖက်လို့။ ငွေနှင်းမှုန်ကြားထဲမှာ… သာယာလှသည့်မြင်ကွင်း။ ကျွန်တော့်မျက်လုံးတစ်ဖက်ဆီက မျက် ရည်ကြည်တစ်ပေါက် လိမ့်ဆင်း လာသည်။ သေချာတာပေါ့။ ဒါ ဝမ်းသာလွန်းလို့ကျတဲ့ မျက်ရည်ဆိုတာ။
>>>>>
ပြီးပါပြီ။
ချစ်ခြင်းအပြိုင်းအရိုင်းနှင့်ထင်ဒိုင်းအောင်