(၂၅)
“ကိုခန့် … မင်းရှိနေတယ်မလား”
ရော်ဘာြခံထဲကိုဝင်လိုက်သည်နှင့် ကိုခန့်ရောက်နှင့်နေမှန်းကျွန်တော်ရိပ်မိလိုက်သည်။ ဆိုင်ကယ်ရပ် ထားသည်ကိုး။ ထို့နောက် အိမ်ပေါ်ကိုမတက်ဘဲ သစ်လုံးအိမ်လေးရှိရာဆီကို တန်းတန်းမတ်မတ်လာ ခဲ့လိုက်သည်။ ထိုနေရာတွင် ကိုခန့်ရှိနေလိမ့်မည်မှန်းလည်း ကျွန်တော် အတပ်သိပြီးသားပါ။
သစ်လုံးအိမ်တံခါးသော့ပွင့်နေကတည်းက သူရှိနေခဲ့ပြီမှန်း ကျွန်တော်သဘောပေါက်၍ သူ့ကိုလှမ်း ခေါ်မိလိုက်ခြင်းပင်။ အရာ အားလုံးကိုပြောပြဖို့အချိန်ရောက်လာပြီလို့ ထင်မိပါသည်။ အိမ်လေးထဲသို့ ဝင်လာခဲ့၏။
“ငါ ဒီအိမ်လေးထဲရောက်နေတာကို မင်းမအံ့သြဘူးမလား မိုးစွေ”
ကျွန်တော်ခေါင်းခါပြလိုက်သည်။
အိမ်လေးထဲကထိုင်ခုံမှာထိုင်ကာ ကျွန်တော်ရေး ထားသော ဒိုင်ယာရီစာအုပ်ကို ဖတ်နေပုံရသည်။ အိမ်ထဲကအရာဝတ္ထုများသည် ကျွန်တော့် အကြောင်းကို ကိုခန့်ကို ပြောပြခဲ့ပြီဖြစ်သည်။ မျက်လုံးခပ် ပြူးပြူး အသားအရည်ဝင်းဝါစိုပြောနေပြီး နှာတံစင်းစင်း၊ မျက်နှာတည်ကြည့်ခန့်ညားသောကိုခန့် သည် ကျွန်တော့်ကို အစ်ကိုကြီးတစ်ယောက်က ညီလေးတစ်ယောက်ကိုကြည့်နေသလိုမျိုး သနားဂ ရုဏာသက်စွာကြည့်နေလေသည်။
“ငါက လူကီးမီးယားရောဂါသည်တဲ့ ဘာလဲ၊ ဘာလို့လဲ၊ လောကကြီးက ငါ့ကိုဘာလို့ အဲလိုဒဏ်ခတ်ရ တာလဲ” “ငါ ဘယ်နှစ်ရက်အသက်ရှင်ဦးမှာလဲ” “ငါခံစားနေရတဲ့ဝေဒနာတွေအမြန်ဆုံးပျောက်ကင်း ချင်ပြီ ဒါပေမဲ့ ငါမသေချင်သေးဘူး” “မင်းကိုငါသိပ်ချစ်တယ် ဇော်” အစရှိသည့် ခံစားချက်စာတမ်း များကို ဟိုတစ်စ ဒီတစ်စဖြင့် နံရံပေါ်တွင် ရေးထားထားမိသည်။ ထိုမျှမကသေး ကျွန်တော်ခံစားနေရ သည့် ရောဂါအသေးစိတ်ကိုလည်း တစ်ခါတစ်ရံချရေးထားတတ်ထားသည်။
ပြီးတော့…..ပြီးတော့ ဇော့်ဓါတ်ပုံတွေ။ ကျွန်တော်သည် ဇော့် ဓါတ်ပုံတစ်ချို့ကို နံရံအနှံ့ချိတ်ဆွဲထား မိပါသည်။ အသုံးချစိတ်ပညာတက်တုန်းက အတူရိုက်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ်အမှတ်တရအ တိတ်များပင်။ ဇော့်ကိုချစ်သည့်စာစုများကိုလည်း ချန်ထား၍မရပါ။
ကျွန်တော့်ခံစားချက်နှင့်ပတ်သက်၍လည်း ရင်ဖွင့်ဖော်ဖြစ်သည့်စာအုပ်။ ထိုစာအုပ်သည် ကိုခန့်ကိုင် ထားသည့်လက်ထဲတွင်ရှိနေလေသည်။
ဘုရား…..ဘုရား။ ကိုခန့်အရာအားလုံးကို သိသွားပြီပေါ့။
“မင်းဘာလို့ငါ့ကို အစောကြီးကတည်းက မပြောတာလဲ၊ ဘာကြောင့်လဲ”
သူဒါပဲပြောလာလိမ့်မည်မှန်း ကျွန်တော်ကြိုတွေးခဲ့ပြီးသား။
“ငါ… ငါ တောင်းပန်ပါတယ်၊ ငါ ဇော့် ကို …”
ကျွန်တော်လိပ်ပြာမလုံ။ ကျွန်တော် စိုးရိမ်မိသည်မှာ ဇော်နှင့်ပတ်သက်၍ ကိုခန့်ငြိုငြင်မည်ကိုဖြစ် သည်။ သို့သော်လည်း။
“မိုးစွေ… မင်းကွာ..၊ မင်းအရူးပဲ”
“ငါ့အကြောင်းတချို့ မင်းကို ဇော် ပြောပြီးသားမှလား”
အကြောင်းအရာများအားလုံး ဆက်စပ်သိပြီးသားဖြစ်ပါလိမ့်မည်။ သူကျွန်တော့်ကို ဂရုဏာသက် သည့် အကြည့်များနှင့် ကြည့်၏။
“မိုးစွေ၊ မင်းငါ့အပေါ်အရမ်းရက်စက်တယ်၊ ဒီအကြောင်းတွေကို ဘာလို့ငါအခုမှသိ စေခဲ့တာလဲ၊ ငါ.. မင်းသူငယ်ချင်းအရင်းကြီးတစ်ယောက်အနေနဲ့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရလိမ့်မလဲ ဆိုတာကို မတွေးမိဘူးလားကွာ..”
ဟုတ်တယ်။ ကိုခန့်ဟာ ကျွန်တော့်ဘဝအတွက် မရှိမဖြစ်အရေးပါခဲ့တဲ့သူငယ်ချင်း။ ကိုခန့်ကြောင့် ကျွန်တော့်ဘဝဆက်လက်ရှင်သန်နိုင်ခဲ့သည်ဟုဆိုလျှင်လည်းမမှား။ ထိုမျှလောက်အရေးပါသူကိုဘာ ကြောင့် ကျွန်တော်မပြောပြရခဲ့သလဲဟုဆိုပါလျှင် သူ့ကိုစိတ်မဆင်းရဲစေချင်၍ဟုပြောရပါမည်။
“ငါတောင်းပန်ပါတယ် ကိုခန့်ရာ”
သူရှေ့ကထိုင်ခုံမှာထိုင်ချလိုက်ပြီး လက်အစုံနှင့်မျက်နှာကိုပွတ်သပ်ကာ ငိုမိသည်။ ဒါ ကျွန်တော့် ဘဝပဲ။ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရသည့်နေ့တွေအများကြီး။ ဒါ… လူကြီးဖြစ် ပြီးမှ ကိုခန့်ရှေ့မှာ ပထမဦးဆုံး ရှိုက်ငိုခြင်းပဲ။
ယောက်ျားတန်မဲ့ငိုတာ ကျွန်တော့်အတွက်အဆန်းတကြယ်မဟုတ်တော့။ ငိုလို့ဝပြီးရင် လုပ်စရာ ရှိတာဆက်လုပ်။ အဲဒါပါပဲ။ နှစ်သိမ့်မယ့်သူ၊ လိုအင် ဆန္ဒဖြည့်ပေးမယ့်သူ မရှိသလောက်ရှားပါး ခဲ့တာပဲလေ။
“ငါမင်းအတွက် စိတ်မကောင်းဖြစ်လွန်းလို့ပါ သူငယ်ချင်းရာ…”
ကိုခန့်၏နွေးထွေးသည့်လက်တစ်ဖက်က ကျွန်တော်ပခုံးပေါ်တင်ပြီးနှစ်သိမ့် အား ပေးလာ သည်။
“ငါ… ဒီရောဂါကြောင့် အဲဒီဘဝကိုရောက်မှန်းမသိ ရောက်ခဲ့တာပါကွာ၊ ငါတကယ် မဖြစ် ချင်ဘူး ကိုခန့်… ပတ်ဝန်းကျင်က အထင်သေး၊ အမြင်သေးတဲ့ကောင်အဖြစ် ငါမဖြစ် ချင်ပါဘူးကွာ…”
ရင်ဘတ်ဆီက နာကျင်စူးရှလာမှုကို ရှိုက်ငိုမှုနှင့်ရောထွေးပစ်လိုက်သည်။ ကျွန်တော့် အကြောင်းပြ ချက်ကို ဒီကောင်ယုံနိုင်ပါ့မလား။ ဒါအမှန်တရားပဲလေ။ ကိုခန့်ကို ကျွန်တော့် အမှန်တရားတွေ ပြောပြဖို့အချိန်တန်ပြီပဲ။
“ငါမော်လမြိုင်က ထွက်လာပြီး စားသောက်ဆိုင်မှာအလုပ်လုပ်ပြီးကျောင်းတက်ခဲ့တာ၊ တစ်ခါတစ် လေသီချင်းဆိုတာ၊ ငါအလုပ်လုပ်တဲ့ဆိုင်ဖျက်သိမ်းပြီးနောက် သီချင်းဆိုတဲ့ အလုပ်နဲ့ မဝရေစာဘဝ ကိုဖြတ်သန်းခဲ့တာတွေက အမှန်တွေပါပဲကွာ၊ မင်းကိုငါမလိမ်ခဲ့ပါဘူး၊ မင်းလည်းအသိပဲ၊ ရန်ကုန်မှာ လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့ထင်သလောက် မလွယ်ကူခဲ့ဘူး၊ နေရာစရာ၊ စားစရာ၊ ကျောင်း တစ်ဖက်နဲ့ရတဲ့ဝင်ငွေမဆိုစလောက်နဲ့ လုံးပန်းရင်း နေမကောင်းဖြစ်လာတာကနေ စခဲ့တာပဲ ကိုခန့်၊ သာမန်ရောဂါလို့ပဲ ငါထင် ခဲ့တာ၊ ခဏတာဆေးကုစားရိတ်ရှာရင်း … ဒီရောဂါမှန်း …”
ကျွန်တော်ဆက်မပြောတော့ပါ။
အဖြစ်များကိုတွေးမြင်ယောင်ပြီး ဆက်မပြောချင်တော့။ ဇော်… မင်းကိုငါချစ်တယ် ဇော် ရယ်။ အဲဒါကတော့ လုံးဝသေချာတယ်လေ။ ပျော်ရွှင်ချမ်းမြေ့စရာဆိုလို့မင်းအကြောင်း တွေးတာပဲရှိဇော်။
“မင်းဘာလို့ ငါနဲ့မဆက်သွယ်ခဲ့တာလဲ မိုးစွေ၊ ငယ်ငယ်တုန်းကတော့ အခွင့်မသာ လို့ ငါမထောက်ပံ့ နိုင်ပေမယ့် အခုလိုအခြေအနေမျိုးမှာတော့ သူငယ်ချင်းတစ်ယောက်အနေ နဲ့ မင်းကိုငါ ကူညီနိုင်ပါ တယ်ကွာ၊ မင်းမှားခဲ့တယ် မိုးစွေ…”
စိတ်ကောင်းခြင်းကြီးစွာနှင့် ပြောနေမှန်းကျွန်တော်သဘောပေါက်ပါသည်။
“မင်းနဲ့ မင်းမိသားစုကို ငယ်ငယ်ကတည်းက ဒုက္ခပေးလာတဲ့ကောင်ဟာ အခုလို အရွယ်မှာ လည်း ဒုက္ခပေးဖို့ ငါအားအင်တွေမရှိဘူးသူငယ်ချင်း…”
“အခုချိန်မှာ ငါဒါတွေကို ဘယ်လောက်ထိခံစားရလိမ့်မယ်ဆိုတာကိုရော မင်းတွေး သင့်တယ်ကွာ”
ရော်ဘာရွက်တို့၏ လှုပ်ခတ်သံကိုကြားရရုံအထိ တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့သည်။ ကျွန်တော်တို့ရှိ နေသည့် သစ်လုံးအိမ်သည် သာမန်သစ်လုံးအိမ်မျှသာမဟုတ်တော့။ ကျွန်တော့်လျှို့ဝှက်ချက်များ ထားသိုရာနေရာတစ်ခုဖြစ်တာကြောင့် ဒီအိမ်ထဲကိုဝင်လိုက်သည်နှင့် ကျွန်တော့် ဖြစ်ရပ်များကို သိ သွားရမည်မှာအမှန်ပင်။ ကိုခန့်ဆိုရင် ဒီအိမ်ထဲကို ဒုတိယ မြောက်ဝင်တဲ့သူပေါ့။
“တကယ်တော့ ငါအားလုံးကို ဒုက္ခမပေးချင်ပါဘူး သူငယ်ချင်းရာ”
“ကဲ…..ထားတော့၊ အခုမင်းငါစီမံတာကို နာခံဖို့ပြင်တော့၊ ရင်းငြိမ်မှာ နေလို့အဆင်မ ပြေဘူး မိုးစွေ၊ မော်လမြိုင်မှာနေရင်နေ၊ မနေရင် ရန်ကုန်သွားရလိမ့်မယ်၊ မင်းအတွက် ငါစိတ်မချဘူး”
ဘယ်မှာနေနေ ကျွန်တော့်အတွက်တော့မထူးပါ။ ဒါပေမဲ့ ဇော်နဲ့ ဝေးရာကိုရှောင် ထွက်သွားဖို့ အဓိက ပဲလေ။ ကိုခန့်ဘာပြောမလဲ ကျွန်တော်ဆက်နားထောင်မည်။
ဝေယံတို့တုန်းကလည်း သူတို့ပြောသမျှနားထောင်ခဲ့တာပဲ။ ပြီးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချခဲ့တာ ပင်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်ပြင်မည်မဟုတ်။ ဘာပြော ပြော ဝေယံတို့လာခေါ်ဖို့အချိန်က ကျန်တော့တာမဟုတ်။
“ကိုခန့်… ငါစကား နည်းနည်းပြောပါရစေဦး”
“အင်း…ပြောလေ”
“ငါမရှိတဲ့နောက်ပိုင်း … ဒီခြံလေးကို မြတ်ဦးမောင်ကိုလွှဲပေးခဲ့ချင်တယ်၊ သူရင်ဆိုင်နေ ရတဲ့ ဘဝ၊ ဆင်းရဲတွင်းကနေလွတ်မြောက်အောင် မင်းကူညီပေးပါကွာ၊ သူ့မှာ အနာဂတ် တွေအများကြီးရှိ သေးတယ်”
“မင်း… မြတ်ဦးမောင်ကို”
“ငါ… အဖြူရောင်သက်သက်ပါ၊ တကယ်ပါကွာ၊ အဲဒီကောင်းမှုလေးတော့ လုပ်ခဲ့ ချင်တယ်၊ ပြီးတော့ ငါမင်းကိုထပ်တောင်းပန်ချင်တာရှိတယ်၊ ဇော်နဲ့ပတ်သက်ပြီးတော့…”
သူလက်ကာပြပါသည်။
“ကောင်းစည်သူဇော်နဲ့ ပတ်သက်ပြီး ငါ မင်းကိုနားလည်တယ်မိုးစွေ၊ သူနဲ့ မင်းနဲ့က ငါတို့နှစ်ယောက် ချစ်သူမဖြစ်ခင်ကတည်းက သိခဲ့ကြတာပဲလေ”
သူစာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်လိုက်ပြန်ပါသည်။ ကျွန်တော့်စာအုပ်။ ကျောင်းတုန်းက စာအုပ်တစ်အုပ်ပေါ့။ အသုံးချစိတ်ပညာဒီပလိုမာတက်ရင်း ဇော်တို့နှင့်အတူ Presentation လုပ်ရန် သေချာပြင်ဆင်ထားခဲ့သည့်စာအုပ်။
ကျွန်တော်သည် ရုတ်တရက်ကြွက်သားတချို့ နာကျင်လာပြန်ပါသည်။ ဘာလို့ဒီရက်ပိုင်းအဲဒီလိုပြင်း ထန်သည့် ခံစားမှုဆက်တိုက်ပေါ်လာရတာလဲ။ ခန္ဓာကိုယ်ကြီးကို ကျိန်ဆဲမိသည်။
“ဘယ်သူလဲ…”
အပြင်ဖက်ဆီက ရှိုက်ငိုသံတစ်ချက်ကြားလိုက်ရတာကြောင့် ကိုခန့်ကလှမ်းမေးလိုက် သည်။ သိပ် မကြာလိုက်ပါ။ အိမ်လေးထဲကို တစ်စုံတစ်ယောက်ဝင်လာပါသည်။ မြတ်ဦးမောင်။
“ညီလေးပါ”
“မင်းရောက်နေတယ် ဟုတ်လား”
“ညီလေး အကုန်ကြားပြီးပါပြီ၊ အစ်ကိုမိုးစွေမှာ အဲဒီရောဂါတစ်ခုခုရှိတာကို ညီလေးအစောကြီးက တည်းက ရိပ်မိပါတယ်၊ ဒါပေမဲ့ ဒါပေမဲ့ အဝေးကိုတော့ ထွက်မ သွားပါနဲ့ အစ်ကိုရယ်”
ကျွန်တော်စိတ်ရှုပ်မိသည်။ ဝေယံတို့အဖွဲ့က လာခေါ်တော့မည်။ ကိုခန့်ကလည်း ကျွန်တော့်ကို ဘယ်လိုစီစဉ်ဦးမလဲမသိသေး။ မြတ်ဦးမောင်ကလည်း သံယောဇဉ်တွယ်နေ သည်။
ငါဘာလုပ်ရမလဲဇော်။
“တကယ်တော့ လူ့အသက်တစ်ချောင်းဟာ အရမ်းတန်ဖိုးရှိတယ်ဆိုတာကို ညီလေးနားလည်သွား ပါပြီ အစ်ကိုမိုးစွေ၊ အစ်ကို ညီလေးအသက်ကိုကယ်ခဲ့ဖူးတယ်၊ ညီလေးကိုလည်း အစ်ကို့အသက်ကို ကယ်ဖို့ နည်းလမ်းပေးပါ၊ ဘယ်လိုလုပ်ရင်အစ်ကို ရောဂါ သက်သာမှာလဲဟင်”
မိုးစွေဟာ ဘယ်သူ့အတွက်မှအရေးမပါတဲ့ကောင်ပါ ညီလေးရယ်။
ကျွန်တော့်ခန္ဓာ ကိုယ်တွင်းက အတွင်းကလီစာများလှုံ့ဆော်နေသလိုခံစားရသည်။ တစ်စုံတစ်ခုပွင့် အန် ထွက်ဖို့။ ဟုတ်တယ်။ ခေါင်းထဲမှာလည်း ပူထူပြီးချာလည်လည် သလိုဖြစ်နေသည်။
ကျွန်တော် “အား” ခနဲထပ်တိုးတိုးညည်းလိုက်သည်။ ဒါကို ကိုခန့်ကကြားဖြစ်အောင် ကြားလိုက်၏။
ဟား…သွားပြီ။ ကျွန်တော် ကြီးမားတဲ့ခံစားမှုတစ်ခုခံစားနေရပြီဖြစ်သည်။
ဇော်… ငါ့ကိုကယ်ပါဦး…။
“မိုးစွေ… မိုးစွေ မင်းဘာဖြစ်တာလဲ”
“သွေး … သွေးတွေ…”
နှာခေါင်းပေါက်ဆီကနေတစ်ဆင့် လျှံကျလာသည့်သွေးများကို သူတို့နှစ်ယောက်ခဏတာ ကြည့်ပြီးမှ ကျွန်တော့်ခန္ဓာကိုယ်ကိုပွေ့လာသည်။ သူတို့အံအားသင့်ပြီး ကြောင်သွားကြခြင်းပင်။
“အစ်ကို… အဆင်ပြေရဲ့လားဟင်…”
ကျွန်တော်က ဘာမှမဖြစ်ဘူးဆိုတဲ့သဘောနှင့်လက်ကာပြပေမယ့်။
“မရဘူး မြတ်ဦးမောင်…..ခြံထဲကလူတွေကိုသွားပြော၊ ဆေးရုံပို့ဖို့လုပ်၊ နီးနီးနားနား ရင်းငြိမ် ဆေးရုံ ကိုပဲ အရင်ပို့ရအောင်”
မြတ်ဦးမောင်ထထွက်သွားတာကိုတော့ ကျွန်တော်ကြည်ကြည်လင်လင်မြင်ရပါသေး သည်။ ဒါပေမဲ့။
“မိုးစွေ…၊ အေးဆေး.. ဘာမှမဖြစ်ဘူး သူငယ်ချင်း၊ ငါတစ်ယောက်လုံးရှိတယ်၊ ငါတို့မှာ စည်းစိမ်ဥစ္စာ တွေလည်းရှိတယ်ကွာ၊ သုညဘဝတုန်းကတောင် ငါတို့ရုန်းကန်လာ ကြတာပဲလေကွာ… နော်…”
ကိုခန့်၏ အားပေးစကားသံများကို အတိုင်းသားကြားရသည်။ ဘုရား..ဘုရား..။ ကျွန်တော် ဘာတွေ ဖြစ်နေတာပါလဲ။ သေရတော့မှာလား။ ကျွန်တော်… တကယ်သေရတော့ မှာလား။
ဇော်….မင်းကိုငါချစ်တယ် ဇော်။
စကားပြောဖို့အားအင်တွေကုန်ခမ်းနေပေမယ့် ကျန်ရှိသမျှအားအင်တွေစုစည်းပြီး ကိုခန့်ကို ပြောမိ လိုက်သည်။
“ကိုခန့်… ငါတစ်ခုခုဖြစ်သွားခဲ့ရင် ဇော့်ကို ငါ့ရဲ့လျှို့ဝှက်ချက်ကို မပြောပါနဲ့ကွာ။ ကျေးဇူးပြုပြီး …နော်…”
>>>>>
ဆက်ပါဦးမည်။