“သူ…..မသိခဲ့လေသော..” အပိုင်း (၂၄)

(၂၄)
ဟိုလူးဒီလှိမ့်စဉ်းစားရင်း ကျွန်တော်လုပ်ဆောင်ရမည့်အရာများကို စိတ်ကူးထဲကချမှတ်ကြည့်သော အခါ ကျွန်တော်နောင်တရစရာမရှိတော့။ အနည်းဆုံးတော့ ကျွန်တော့်ကြောင့် သူတစ်ပါးစိတ်မဆင်း ရဲအောင် ကျွန်တော်လုပ်ပေးနိုင်ခဲ့မည်လေ။ ကျွန်တော်သည် မြတ်ဦးမောင်ကို နောက်ဆုံးအနေနှင့် တွေ့သင့်ပါသည်။ လိုအပ်ချက်များနေသည့်သူ့ဘဝလေးအတွက် အတိုင်းအတာတစ်ခုအထိ ကျွန် တော်ကြည့်ပေးရန်ဆုံးဖြတ်ထားခဲ့သည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ဖို့လိုအပ်သည်။ အခု အခြေအနေထက်ပိုပြီး မြှင့်ပေးရန်လိုအပ်သည်။
မြတ်ဦးမောင်က ကျွန်တော့်အပေါ်သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်းသူ့အပေါ် ညီလေးတစ် ယောက်လိုချစ်မြတ်နိုးခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် စီစဉ်သင့်သည်ကို ကျွန်တော်အမြန်စီစဉ်မှ ရ တော့မည်။ ကျွန်တော့်အတွက် အချိန်သိပ်မကျန်တော့။

“ငါတောင်းပန်ပါတယ်ကွယ်။ ငါ့ကြောင့်ဖြစ်ရတာပါ၊ မွေးဂဏန်းထိုးရင်း တခြား ကြွေးလေး တွေ ဆပ်ရင်းအခုလိုဖြစ်သွားရတာပါ”
မြတ်ဦးမောင်တို့အိမ်ကိုရောက်သွားသည့်အခါ ကျွန်တော်ထင်ထားသလိုမဟုတ်ခဲ့။ မြတ်ဦးမောင်က ရှိမနေပါ။ ကျွန်တော်တို့အရင်းတည်ပေးထားသည့် ကုန်စုံဆိုင်ကိုလည်းပိတ်ထားလေသည်။ သူ့အမေ လက်ချက်ဖြစ်ကြောင်းသူ့အမေကဝန်ခံလေသည်။ အကြွေးတွေများရင်း၊ များရင်းနှင့် နောက်ဆုံး တော့ ဆိုင်ကိုရောင်းရမယ့်အထိ ဖြစ်လာသည့်အခါ ကျွန်တော်တို့အပ်ထားသည့်ရွာလူကြီးတွေက ငွေစု၊ ပိုက်ဆံထုတ်ချေးပေးထားသည်။ ဆိုင်ကိုတော့ အပေါင်သဘောနှင့် ခြိတ်ပိတ်ထား၏။ ချေး ထားသော စိုက်ပေးထားသောပိုက်ဆံ ပြန်ဆပ်နိုင်မှပြန်ရွေးပေါ့။
မြတ်ဦးမောင်၏ မိခင်က ကျွန်တော့်ကိုတောင်းပန်သည်။ ကျွန်တော်ဘာမှပြန်မပြော ချင်တော့။ အားအင်တွေ ကုန်ခန်းနေသလိုခံစားရကာ နေရာ၌ပင်ဘိုင်းခနဲပစ်လှဲချင်လာ သည်အထိ နုံးခွေလာ မိသည်။ စိတ်ခံစားမှုတစ်ခုခုဖြစ်လာလျှင်ထိုသို့အားအင်ချိနဲ့တတ်သည့်ဝေဒနာကို ခံစားရသည်မှာ ရက်စိပ်လာခဲ့လေပြီ။
“နောက်မဖြစ်စေရပါဘူး၊ ကြွေးဆပ်ဖို့ပိုက်ဆံတွေစုနေကြပါတယ်ကွယ်၊ အဲဒါပြီး ရင်တော့ မင်းတို့ဖြစ် စေချင်တဲ့အတိုင်း မြတ်ဦးမောင်ကို အရှက်မရစေတော့ပါဘူး၊ ကတိပေး ပါတယ်”
“သူအခုဘယ်မှာလဲ ကျွန်တော်သိချင်တယ်”
“အသိတစ်ယောက်နဲ့ စျေးလိုက်ရောင်းနေတယ်၊ မော်လမြိုင်မှာပဲနေတာ၊ သုံးလေးရက်မှ တစ်ခါပြန် လာတယ်”
“ဘာရောင်းတာလဲ”
“မော်လမြိုင်နဲ့ မုတ္တမ အထူးသင်္ဘောပေါ်မှာ ဇင်ယော်စာရောင်းတာ..”
“ဗျာ”
တစ်ကိုယ်ရည်အသက်ဆက်ရှင်ဖို့၊ ကျောင်းတက်နိုင်ဖို့ ဇင်ယော်စာရောင်းခဲ့ရသော မိုးစွေ၏ငယ်ဘဝ နေ့ရက်များကို မြင်ယောင်သွားမိသည်။ သူငယ်ချင်းကိုခန့်ကလွဲရင် သံယောဇဉ်ထားစရာ မိဘ ဆွေမျိုး မရှိခဲ့။ ပတ်ဝန်းကျင်ကနှိမ်တာ၊ စျေးရောင်းဖော်အချင်းချင်း အနိုင်ကျင့်ခံခဲ့ရတာတွေ ကို မတွေးမိအောင်ကြိုးစားခဲ့ကာမှ တိုက်ဆိုင်စွာတွေးမိပြန်သောအခါ ကျွန်တော်အိမ်ပြန်ပြီးအနားယူရန် အကြောင်းတရားဖြစ်လာတော့သည်။
ခြံထဲကိုပြန်၊ တစ်ညတာအိပ်စက်အနားယူကာ နောက်နေ့မနက်စောစောတွင်တော့ မော်လမြိုင်ဘက် ဆီကိုလာခဲ့ပါသည်။ မြတ်ဦးမောင်နှင့်အရင်တွေ့မှရမည်။ ပြီးလျှင် ကိုခန့်နှင့်တွေ့မည်။ တစ်ညလုံးစဉ်း စားလာခဲ့သည်များကို စိတ်ကူးထဲ အစီအစဉ်ချနေမိ၏။
မုတ္တမရောက်တော့ မြတ်ဦးမောင်ကိုလိုက်ရှာမိသည်။ ဇင်ယော်စာရောင်းသည့်နေရာ၊ ဈေးတန်းနေရာ တစ်လျှောက်ရှာသော်လည်းမတွေ့။ နောက်ဆုံးတော့ သင်္ဘောပေါ်မှာရှိမည်ကိုသတိရသည်။ သူက ဇင်ယော်စာရောင်းသည်မို့ ဟိုဖက်ဒီဖက်မြစ်ကမ်းကိုကူးလူးနေသည့် သင်္ဘောပေါ်မှာပဲတောက် လျှောက်ရှိရမည်ပင်။
“အစ်ကို”
သင်္ဘောပေါ်ကိုတက်သည့်အခါ သူက ကျွန်တော့်ကိုအရင်တွေ့သည်။
ကျွန်တော်တို့နှစ်ယောက် တော်တော်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိကြ သည်။ ပြီးတော့ သူကကျွန်တော့်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး ရှိုက်ငိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တချို့ကြည့်နေပေမယ့် ကျွန်တော်ဂရုမစိုက်တော့ပါ။ ကျွန်တော်သူ့ကို ပွေ့ဖက်နှစ်သိမ့် လိုက်သည်။
“မငိုပါနဲ့ညီလေးရယ်၊ အစ်ကိုမှားတာပါ၊ မင်းကို အဲဒီလိုမပြောသင့်ခဲ့ဘူး၊ အစ်ကို တောင်းပန်ပါ တယ်ကွာ”
“ဟင့်အင်း… ညီလေးမှားတာပါ”
“ကဲ တိတ်တော့… ဆိပ်ကမ်းရောက်ရင် ပစ္စည်းတွေသိမ်းပြီး ရင်းငြိမ်ကိုပြန်တော့ ညီလေး၊ အစ်ကို မော်လမြိုင်ကိုခဏလာတာ၊ ကိုခန့်နဲ့တွေ့မလို့၊ ညီလေးအတွက်”
“ကျွန်တော့်အတွက်..”
“အစ်ကို့ရဲ့ ရော်ဘာခြံကို မင်းကိုလွှဲပေးမလို့”
“ဘယ်လို အစ်ကို”
“ရော်ဘာခြံကို ကိုခန့်ရဲ့ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ မင်းဦးစီးလုပ်ကိုင်ရ မယ် ညီလေး၊ အခု လိုဆင်းရဲတွင်းနက်နေတဲ့ဘဝကနေ လွတ်မြောက်အောင် ကြိုးစားရ မယ်၊ ကိုယ့်ကို ကတိပေးစမ်း မြတ်ဦးမောင် မင်းလုပ်နိုင်ရမယ်၊ ပျော့ညံ့နေလို့မဖြစ်ဘူး ”
“အစ်ကို … ဘာလို့”
“အစ်ကိုပြောတဲ့စကားကိုပဲ နားထောင်ညီလေး၊ ကိုယ်မင်းဘဝကောင်းစားတာကို မြင်ချင် တယ်၊ လောင်းရိပ်ခါးခါးအောက်မှာ ရှင်သန်နေရတဲ့အဖြစ်မျိုးကို မကြည့်ရက်ဘူး၊ အဆင်မပြေတဲ့ မင်းမိဘ တွေလည်း မင်းကောင်းစားရင် အခုလိုဖြစ်မှာမဟုတ်တော့ဘူး”
သူက ကျွန်တော့်ကို နားမလည်နိုင်စွာကြည့်နေလေသည်။
ကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးကို မြတ်ဦးမောင်၏ သုည ဘဝဆီကို တန်ဖိုးတက်စေမည်။ ကျွန် တော်အဲဒီပိုင်ဆိုင်မှုကို ဘယ်လိုပဲရခဲ့ရခဲ့ လူ တစ်ယောက်၏ ဘဝကို ကယ်တင်နိုင်ရင်ပဲ သေပျော်ပြီ။
သွေးမတော် သားမစပ်သည့်လူတစ်ယောက်ကို တကယ့်အဖြူရောင်သက်သက်နှင့် ပေးဆပ်ခဲ့ ချင်ပါသည်။ ဒါကို လုပ်ပေးနိုင်မှာက ကိုခန့်ကလွဲလို့ ဘယ်သူရှိဦးမှာလဲ။ အဲဒီကိစ္စအတွက် ရော ဇော်နှင့် ပတ်သက်ပြီးတော့ မရိုးသားခဲ့တာကို ဝန်ချတောင်းပန်ဖို့ရော။ နောက် ပြီး… ကျွန်တော့် လျှို့ဝှက်ချက်ကို ပြောပြဖို့အတွက်ရော ကိုခန့်ကိုကျွန်တော်တွေ့ရမည် ဖြစ်သည်။
ထိုကိစ္စအတွက် မြတ်ဦးမောင်ကို စောဒကတက်ခွင့်ကျွန်တော်မပေးတော့ပါ။
ဇင်ယော်ငှက်တို့သည် သင်္ဘောသွားရာလမ်းတစ်လျှောက်လုံး အုပ်စုဖွဲ့လိုက်လာသည်။ ဆောင်းလေ ညှင်းတို့လည်း မြစ်တစ်လျှောက်ဖြတ်သန်းသွား၏။ ဘာကြောင့်ရယ်မသိ ကျွန်တော့်တစ်ကိုယ်လုံး ဆစ်ခနဲနာကျင်သွားကာ ခန္ဓာတစ်ခုလုံးတွန့်သွား၏။ အတတ်နိုင် ဆုံး ပြန်လည်ချုပ်ထိန်းလိုက်သည်။
“အစ်ကို နေကောင်းရဲ့လားဟင်”
“အင်း… ကောင်းပါတယ်”
“အစ်ကိုလိမ်နေတာ၊ ဘာဖြစ်လို့လဲဟင်.၊ အစ်ကို ဘာဖြစ်လို့နေမကောင်းတာကို လိမ်ရတာလဲ၊ အစ်ကိုခံစားနေရတဲ့ရောဂါက သွေးကင်ဆာလား…”
“အာ… ဒီကောင် ဘာတွေလျှောက်ပြောနေတာလဲ…”
“သစ်လုံးအိမ်ထဲက နံရံမှာရေးထားတာတွေလေ…”
“အဲဒါတွေက လျှောက်ရေးထားတာ။ စိတ်ကူးယဉ်ပြီးရေးချင်တာရေး၊ ချိတ်ချင်တာ ချိတ်ထားတာ”
မြတ်ဦးမောင်က ကျွန်တော့်ကို သံသယမျက်လုံးများနှင့် ကြည့်နေပြန်ပါသည်။
သေချာတာက ကျွန်တော့်ရောဂါကို ဂဃနဏမသိသေးပါ။
“ညီလေး ရော်ဘာခြံမှာနေရမယ်၊ အစ်ကိုကပေးမယ်ဆိုရင် အစ်ကိုကရော ဘယ်သွား မလို့လဲ”
“ရန်ကုန်ပြန်တော့မလို့”
“ဟင်…ဒါဆို ရင်းငြိမ်ကို ပြန်မလာတော့ဘူးလားဟင်၊ ညီလေးတို့နဲ့ မတွေ့တော့ ဘူးလား အစ်ကို၊ ဘာလို့လဲ…”
“လာလည်မှာပေါ့”
“ဟင့်အင်း.. အစ်ကို တစ်ခုခုကိုညာနေတယ်၊ ညီလေးသိတယ်၊ ဘာလို့အခုလို ဆုံးဖြတ် လိုက်ရတာလဲ အစ်ကိုရယ်၊ ရင်းငြိမ်ကနေ ထွက်သွားမယ့်အဖြစ်ကို ညီလေးလက် မခံနိုင်ဘူး၊ အစ်ကိုစီစဉ်တာ ညီလေးလက်မခံဘူး”
“ကဲ..မြတ်ဦးမောင်၊ မင်းအစ်ကို့ကို ချစ်တယ်၊ သံယောဇဉ်ရှိတယ်ဆိုရင် စကားနား ထောင်ရမယ်လေ၊ ညီလေးကိုနောက်မှ အကြောင်းစုံရှင်းပြမယ်ကွာ၊ သင်္ဘောကမ်းကပ် တော့မယ်၊ ပစ္စည်းသိမ်းပြီး ရင်းငြိမ်ကိုပြန်တော့နော်၊ အစ်ကိုလိုက်လာခဲ့မယ်၊ ဟုတ်ပြီလား”
ဆိပ်ကမ်းရောက်တော့ မြတ်ဦးမောင်နှင့်လမ်းခွဲလိုက်သည်။ ဆိုင်ကယ်ကယ်ရီငှားပြီး ကိုခန့်အိမ်ကို လာခဲ့၏။ ခြံတံခါးလာဖွင့်သူမှာ ကျွန်တော်မထင်ထားသူဖြစ်နေသည်။ ဇော်။ ဇော်က ခြံတံခါးလာ ဖွင့်ပါသည်။ စောစောစီးစီး သူဘာလို့ရောက်နေတာပါလဲ။ ဝေယံတို့ ကျော်ဇော်တို့နှင့်ချိန်းထား လောက်သည်ဟု ကျွန်တော်ကယူဆထားခဲ့သည်။
“မင်း မလာသင့်ဘူး မိုးစွေ”
ဇော်၏ဆီးကြိုပုံက မနွေးထွေးလှပါ။ သို့သော်လည်း အရမ်းမခါးသီးတော့တာကို ကျေးဇူးတင်ရမည်။
“ငါ ကိုခန့်ကိုလာတွေ့တာ..”
“မရှိဘူး”
“ဘယ်သွားလို့လဲ”
“မသိဘူး၊ မင်းပြန်ပါတော့…”
သူက တံခါးပိတ်လိုက်သည်။ သို့သော်ကျွန်တော် ကိုခန့်နှင့်တွေ့မှရမည်။ ဘယ်မှမသွားဘဲ ခြံတံခါးဝ မှာ စောင့်ဖို့ဆုံးဖြတ်လိုက်သည်။ ခြံတံခါးအရှေ့နားတွင် ငုတ်တုတ်ထိုင်ချလိုက်မိသည်။ ရာသီ ဥတုက ခါတိုင်းထက်အေးတယ်မဟုတ်လား။ နေရောင်ခြည်ကလည်း ထင်သလောက်မထွက်သေးပါ။ တစ်နာ ရီလောက်ကြာသည့်အခါ ခြံတံခါးဖွင့်သံပြန်ကြားရသည်။ ဇော်ပြန်လာခြင်းပင်။
“မိုးစွေ… မင်း မပြန်သေးဘူးလား”
“ငါ ကိုခန့်နဲ့တွေ့မှဖြစ်မယ် ဇော်”
သူကျွန်တော့်ကိုစကားပြောဖို့အရှိန်ယူလိုက်၏။
“အေး၊ မနေ့က မင်းကြောင့်သူနဲ့ငါ စကားများကြတယ်၊ ရည်းစားသက်တမ်းမှာ အကြီးမားဆုံး များခြင်းပဲ၊ မင်းအကြောင်းကိုပြောကြတာ၊ မင်းဆီမှာ ငါတို့ကိုထိန်ချန်ထားတဲ့ အကြောင်းအရာရှိ တယ်၊ အဲဒီအကြောင်းအရာဘာများဖြစ်မလဲပေါ့၊ ယောက်ျားလေးတစ် ယောက်က ငွေရဖို့အတွက် ကိုယ်ခန္ဓာစတေးပြီး မိန်းမတွေဆီကဖဲ့ယူ၊ ဘဲကြီးတွေဆီကဖဲ့ယူ သဲ့ယူတဲ့အောက် တန်းကျတဲ့ လုပ်ရပ်နဲ့ ဆက်နွယ်ရလောက်တဲ့ဘာအကြောင်းများရှိနိုင်မှာလဲ မိုးစွေ”
“ ……….”
“ငါ အဲဒီလိုမျိုးပြောတော့ နေဘုန်းခန့်က မင်းဘက်ကဆတ်ဆတ်ခါနာတယ်၊ မင်းကို အဲဒီ လောက် အထိပြောစရာမလိုဘူးပေါ့၊ ငါ့အတွက်ကတော့ အဲဒီလုပ်ရပ်ဟာ တစ်သက်လုံးခွင့် လွှတ်စရာ မကောင်းတဲ့ဖြစ်ရပ်ပဲ မိုးစွေ၊ နေဘုန်းခန့်ပြောပြတဲ့ မင်းရဲ့ငယ်ဘဝအကြောင်း မှာလည်း ပါတယ်လေ၊ မင်းကိုမွေးစားတဲ့အန်တီကြီးလုပ်တဲ့အလုပ်က ဘာလဲ၊ အေးမင်းလည်း မင်း ငယ်ငယ်ကတည်းက လက်ပွန်း တတီးရှိတဲ့အလုပ်ကို ယောက်ျားလေးတန်မဲ့လုပ်ကိုင်ခဲ့တာ…”
“မဟုတ်ဘူး ဇော်၊ မဟုတ်ဘူး”
“ယောက်ျားနဲ့ မိန်းမပဲကွာတယ်၊ ပြည့်တန်ဆာအလုပ်က ပြည့်တန်ဆာအလုပ်ပဲ”
“မပြောပါနဲ့ ဇော်ရယ်…”
“မင်းရဲ့ငယ်ဘဝအကြောင်းကို ကိုခန့်က ပြောပြထားပြီးသား၊ ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတာ ကို ပြောပြထားပြီးသားဖြစ်ရက်နဲ့ မင်းကိုမကောင်းပြောတာကို မကြိုက်မှန်းသိရက်နဲ့ ဘာလို့ မင်းကို မနှစ်မြို့တဲ့အကြောင်းတွေ ဆက်ပြောလဲဆိုပြီး သူဒေါသထွက်တယ်၊ ငါလည်း လူဆိုတာ ကိုယ်ကျင့်သိက္ခာကောင်းတဲ့လူကိုပဲ အထင်ကြီးတယ်၊ ဘယ်လိုအကြောင်းပြချက်ပဲရှိရှိ ကိုယ်ကျင့် သိက္ခာ ပျက်ပြားရင်တော့ တစ်သက်လုံးအထင် မကြီးဘူးလို့ပြန်ပြောရင်း ပြသနာတက်ကြတော့ပဲ”
ဇော် ကျွန်တော့်ကို စကားရှည်ရှည်ဝေးဝေးပြောလာသည့်အတွက် အနည်းဆုံးတော့ ကျွန်တော်စိတ် ကျေနပ်ရပါသည်။ မကောင်းသတင်းပဲဖြစ်ဖြစ်၊ ကောင်းခြင်းပဲဖြစ်ဖြစ် ဇော်၏ အသံတို့သည် ကျွန် တော့်နားထဲ နူးညံ့ညင်သာနေပါသည်။ လွမ်းဆွတ်နေခဲ့သည့် အရာကို ပြန်လည်ရလိုက်သည့်အခါ ကျွန်တော်သေရမှာကြောက်လာသည်။ ဇော့်ကို ကျွန်တော် မြတ်နိုးကြင်နာလိုစိတ်များတဖွားဖွားပေါ် လာပြန်လေသည်။ သို့သော် ကျွန်တော်သည် ဇော်၏ချစ်သူ မိုးစွေမဟုတ်တော့ပါ။ ဇော် မုန်းတီးလှ သည့် မိုးစွေဖြစ်ခဲ့ပြီ။
လူတွေ အထင်မကြီးတဲ့၊ အထင်သေးတဲ့ အလုပ်ကို ပိုင်ဆိုင်ဖို့ ငါလည်းဘယ်တုန်းကမှ အိပ်မက် တောင်မမက်ခဲ့ပါဘူးဇော် ဆိုပြီးရှင်းပြချင်ပါသည်။ လူအများစက်ဆုပ်စရာဘဝကို ဘယ်သူကပိုင်ဆိုင် ချင်မှာလဲ။ သို့သော် ဇော့်ကို ကျွန်တော် ပြောမထွက်ရက်ပါ။
“ငါတောင်းပန်ပါတယ်…ဇော်”
“ထားလိုက်တော့…၊ ကိုခန့်က ငါ့ကို တော်တော်ဒေါသထွက်သွားတယ် မိုးစွေ၊ ငါပြော တာတွေ အရမ်းလွန်သွားတာရှိတယ်၊ အဲဒါကြောင့် သူ့အိမ်ကို ငါအစောကြီးလာကြည့်တာ၊ မရှိတော့ ဘူး၊ စိတ်ဆိုးပြီးတစ်နေရာကိုထွက်သွားတာဖြစ်မယ်၊ အဲဒါသူ့အကျင့်ပဲ”
“သူဘယ်မှာရှိနိုင်မလဲ”
“သေချာတာကတော့ မင်းရဲ့လျှို့ဝှက်ချက်ကိုသိဖို့ သူကြိုးစားလိမ့်မယ်”
“ဟင်”
အဲဒါဆိုသေချာပါသည်။ ကိုခန့် ကျွန်တော့်ခြံထဲရောက်လာမှာ။ ကျွန်တော်ခြံထဲကို ချက် ချင်းပြန်မှ ရမည်။ ကျွန်တော်ပြန်တော့ဖို့ ဆုံးဖြတ်ကာ ဇော့်ကိုနှုတ်ဆက်လိုက်သည်။
ဇော်က တမင်လုပ်ယူထားသောအပြုံးဖြင့် (မကောင်းတတ်၍) ပြုံးပြ၏။ ဘာပဲဖြစ်ဖြစ်ဝမ်းသာ ပါသည်။ ကျွန်တော် ဇော့်ကို လှိုက်လှိုက်လှဲလှဲပြုံးပြလိုက်ပါသည်။ ဇော်… မင်းနဲ့ငါ တွေ့ဆုံခြင်း ဟာ ဒီတစ်ခါနောက်ဆုံးဖြစ်ချင်ဖြစ်မှာ။
ကျွန်တော် ဝမ်းနည်းမိသွားသည်။ ကျွန်တော်သေသည်အထိမေ့နိုင် မည်မဟုတ်တော့ အပြုံးများကို လက်ခံရရှိလိုက်သောအခါ ကျွန်တော်မျက်ရည်ရစ်ဝဲလာမိပြီး ဇော့် ကို ကျောခိုင်းလိုက်မိသည်။
“မင်းကို ငါ သိပ်ချစ်တယ်ဇော်”
>>>>>
ဆက်ပါဦးမည်။