“သူ…..မသိခဲ့လေသော..” အပိုင်း (၂၃)

(၂၃)
ဇော်နှင့်ပြန်လည်တွေ့ဆုံပြီးသည့်နောက်ပိုင်း ကျွန်တော်ကြုံတွေ့ရမည့်အဖြစ်အပျက်များသည် တည် ငြိမ်ကောင်းမွန်နေလိမ့်မည်မဟုတ်။ ဇော်သည် ဒီအတိုင်းနေမည်မဟုတ်။ ကျွန်တော့်အပေါ် မုန်းတီး နာကျဉ်းသူပီပီ တစ်စုံတစ်ခုကိုကြံစည်နေခဲ့လိမ့်မည်မှန်းကြိုသိနေခဲ့သည်။ ဇော့်အတွက် ကျွန်တော် က ဘောင်မဝင်တော့သည့်လူတစ်ယောက်ပင်မဟုတ်ပါလား။ ဇော် ကျွန်တော့်ကိုချစ်နေဆဲဖြစ်သည့် အငွေ့အသက်များကိုခံစားနေရရရင်းအခြေအနေတောင်မှ ဇော်က ကျွန်တော့်ကို ပစ်ပစ်ခါခါပြောရက် တတ်ခဲ့သည်။
ထို့နောက် ကျွန်တော့်ပတ်ဝန်းကျင်သည် အရင်ကလောက်မစိုပြေတော့ပါ။ အရင်ကထက်ပို၍ဆိတ် ငြိမ်နေသလိုခံစားရပြီး ရော်ဘာရွက်ကြွေတစ်ချို့လည်း မကြွေတော့။ မြတ်ဦးမောင်သည်လည်း ကျွန် တော့်ထံကိုမလာတော့ပါ။

ရက်သတ္တပတ်ရက် တစ်ဝက်ခန့်အထိ မနက်ခင်းတိုင်းတွင် ကျွန်တော့်ခြံထဲကိုရောက်လာတတ်ပြီး တီ တီတာတာအသံများနှင့် ကျွန်တော့်ဝေယျာဝစ္စများကိုလိုက်မလုပ်ပေးတော့ပါ။ သူပုံမှန်ဖွင့်ပြီးနားဆင် နေကျ ချမ်းချမ်းသီချင်းသံများကိုလည်းမကြာရတော့ပါ။
သို့သော်လည်း ကျွန်တော် မြတ်ဦးမောင်ထံကိုသွားရန်အကြောင်းမရှိ။ သွားမတွေ့ရန်၊ သွားမချော့ရန် ဆုံးဖြတ်ထားသည်။ ကျွန်တော့်လိုသေလူတစ်ယောက်က သူတို့နှင့်သွားပတ်သက်မိ၍ သူတို့ခံစားရုံက လွဲလျှင်ဘာများရနိုင်ဦးမှာလဲ။ သံယောဇဉ်များတွယ်ငြိမနေချင်တော့ပါ။
တစ်ဖက်တွင်လည်း ကျွန်တော့်အခြေအနေသည် ဆိုးရွားသည်ထက်ဆိုးရွာလာခဲ့တော့သည်။ မနက် မနက်ဆိုလျှင် ရင်ဘတ်အောင့်တတ်သည့်ရက်များစိပ်လာသည်။ ပုံမှန်နေထိုင်ရင်းမှပင် မောပန်းလာ တတ်သည်။ တစ်ရက်ထက်တစ်ရက်ပိုဆိုးလာသည်။ ထိုကဲ့သို့သောရောဂါဝေဒနာများမှာ ပုံမှန်လူများ တွင်ဖြစ်တတ်သော်လည်း သွေကင်ဆာသမားတွင်တော့ အချိန်အပိုင်းအခြားပိုများတတ်ပါသည်။
ကျွန်တော်ဘာဆက်လုပ်သင့်လဲ ဟု စဉ်းစားရင်းအချိန်များကုန်လာရပြီဖြစ်သည်။ ကျွန်တော့်ဘဝထဲ ကို အမှောင်ထုကတဖြည်းဖြည်းကြီးစိုးလာခဲ့ပြီမဟုတ်ပါလား။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်မိပါသည်။ ဇော့်ကို ထပ်တွေ့ချင်သော်လည်း မတွေ့ရန်ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်သည် ဇော်နှင့်ဝေးရာနေရာကိုခြေရာဖျောက်ပြီးလာခဲ့ကာ အသားကျအောင်နေခဲ့သည်။ အခုတော့ ကျွန်တော်ရှိရာကို ဇော်ရောက်လာခဲ့ပြီးဖြစ်သည်။ သို့နှင့် ဇော်နှင့်ဝေးရာကို ကျွန်တော်ထွက်သွားရပြန်ဦးမည်။ အကယ်၍များ ဇော် ကျွန်တော်ရှိရာနေရာကို ထပ်မံရောက်လာမယ်ဆိုရင်တောင် ကျွန်တော့်ကိုမတွေ့နိုင်အောင်ပေါ့လေ။ ဇော်နှင့်အဝေးတွင်နေ ထိုင်ရမည်။ တကယ်တော့ ဇော့်ကို ကျွန်တော်ပိုင်ဆိုင်ခွင့်မရသည့်တိုင် သူပျော်ရွှင်နေသည်ကို အနား ၌နေ၍ထိုင်ကြည့်ကာ အချိန်များကုန်ဆုံးစေပြန်လျှင်လည်း ကျွန်တော်ကျေနပ်မိပါလိမ့်မည်။
ဇော့်ပုံစံက ကျွန်တော့်ကို ဘယ်ခွင့်ပြုချင်ပါ့မလဲလေ။
ရင်းငြိမ်၏ဆောင်းမနက်ခင်းတို့သည် ဇော့်ကိုလွမ်းရသည့် အလွမ်းများနှင့်ပြည့်နှက်ကာ တိတ်ဆိတ် အေးမြလျှက်သာရှိတော့သည်။
သို့သော်လည်း ခရစ္စမတ်နေ့မတိုင်ခင်ရက်များထဲက တစ်ရက်တွင်တော့ ကျွန်တော်ထင်မှတ်မထား သည့် လူတချို့ ခြံထဲကိုရောက်လာခဲ့ပါသည်။ မှတ်မှတ်ရရ ခရစ္စမတ်နေ့ရောက်ဖို့ တစ်ပတ်အလို ပေါ့။ ကျွန်တော့်ကျန်းမာရေးသည်လည်း ခါတိုင်းထက်ဆိုးရွားနေသလို ခံစားခဲ့ရပါသည်။
“မိုးစွေ”
အဲဒီခေါ်သံနဲ့အတူ ကျွန်တော်အိပ်စက်နေရာ အိမ်ပေါ်ကိုတက်ရောက်လာသည့်လူတချို့…။ ပထမ… ဝေယံ့မျက်နှာကို အရင်မြင်ရသည်။ ပြီးတော့ နန်းခမ်းလှိုင်နှင့် ဖြူစင်။ ထိုအပြင် ကျော်ဇောလည်းပါ လာခဲ့လေသည်။ အသုံးချစိတ်ပညာတန်းတွင် ကျွန်တော့်တစ်ဦးတည်းသူငယ်ချင်း။ ဇော်တို့ ဝေယံတို့ အဖွဲ့ကလွဲရင်ပေါ့လေ။
“ဟင်… မင်းတို့…”
ကျွန်တော်မအံ့သြဘဲနေပါ့မလား။ သူတို့တွေရောက်လာခဲ့ပြီ။ ဇော်ပြောပြလိုက်၍ဖြစ်မည်။ ကျွန်တော့် လျှို့ဝှက်ချက်ကို မထင်မှတ်ဘဲသိရှိသွားခဲ့သည့် ထိုသုံးယောက်ပင်။
“မအံ့သြနဲ့မိုးစွေ၊ ကောင်းစည်သူဆီ ကနေတဆင့် မင်းဒီမှာရှိတဲ့အကြောင်းကို ဖုန်းထဲမှာ စကားပြော ရင်းနဲ့သိတာ၊ ကျော်ဇောကိုတော့ မင်းရဲ့တစ်ဦးတည်းသောအချစ်ဆုံး တက္ကသိုလ် သူငယ် ချင်းအနေနဲ့ သိသင့်တယ်ထင်လို့ပြောပြလိုက်တယ်၊ ငါတို့… ငါတို့ မင်းကိုအမြဲတမ်း လိုက်ရှာခဲ့တာ၊ မင်းကတွေ့ မယ့်တွေ့တော့လည်း ဇော်နဲ့တွေ့ခဲ့တာကိုး…”
မင်းတို့ငါ့ကို မရှာကြပါနဲ့။ မသနားကြပါနဲ့ကွာ။ ငါ့ရဲ့အပြစ်ဒဏ်တွေလို့ပဲငါသတ်မှတ်ထားတယ် ဟု စိတ်ထဲမှ တီးတိုးပြောဆိုရင်း သူတို့ကို စိတ်လှုပ်ရှားစွာရင်ဆိုင်နေမိတော့သည်။
“မင်းတို့ အခုဒီကိုဘာလာလုပ်တာလဲ”
“မင်းရဲ့အချိန်တွေမှာ သူငယ်ချင်းကောင်းတွေအနေနဲ့ ငါတို့ရှိသင့်တယ်လို့ထင် တယ်၊ မင်းဒီလို နေရာမှာ မနေသင့်ဘူး သူငယ်ချင်း၊ အရေးပေါ်ဆေးဝါးကုသမှုလိုအပ်လာရင် ဘယ်လိုလုပ်မသလဲ၊ ရန်ကုန်ပြန်လိုက်ခဲ့ပါ မိုးစွေ”
သူတို့၏ သဘောထားများပြောင်းလဲခဲ့ပြီမှန်း သူတို့အမူအရာမှတစ်ဆင့်ကျွန်တော်သိလိုက်ရပါပြီ။ သူ တို့သည် ကျွန်တော့်အပေါ်သနားဂရုဏာသက်သည့်အကြည့်တို့ဖြစ် မျက်စိဒေါက်ထောက်ကြည့်နေသ လိုခံစားရပါသည်။ ဟင့်အင်း။ မသနားနဲ့။ ငါ့ကိုမသနားကြပါနဲ့။
“ငါမလိုက်ချင်ဘူး”
“ခေါင်းမာငြင်းဆန်နေရမယ့်အချိန် မဟုတ်တော့ဘူးလေ၊ နင့်အချိန်တွေသာယာ ပျော်ရွှင်စွာကု န်ဆုံးမှာကိုပဲ လိုလားလို့ငါတို့လိုက်လာခဲ့တာ၊ ပြီးတော့ ကောင်းစည်သူကို နင့်အ ကြောင်းပြောပြပြီး ”
“ဟင်… ဇော် ငါ့အကြောင်းသိသွားပြီလား…”
“ဟင့်အင်း… နင့်ကိုပေးထားတဲ့ကတိကို ငါတို့ဘယ်တော့မှ မဖျက်ဘူး၊ အခုတောင် နင့်ဆီကခွင့် တောင်းပြီး သူ့ကို ပြောဖို့…”
“ဟင့်အင်း… မပြောနဲ့၊ မပြောပါနဲ့ဟာ”
ဒီဇင်ဘာ၏ အေးမြသည့်လေးညှင်းတချို့ အိမ်ပြတင်းပေါက်မှတဆင့် တိုးဝင်လာ သည်။ အိမ်လေး တစ်အိမ်ထဲတွင် ကျွန်တော်က လူနာသည်တစ်ယောက်လို အိပ်ယာပေါ်မှာ ထိုင်နေပြီး သူငယ်ချင်း များကတော့ ကျွန်တော့်ဘေးပတ်ပတ်လည်မှာထိုင်ပြီး ကျွန်တော့်ကို ၀ိုင်းဖျောင်းဖျနေသည့်အဖြစ်။ ဘုရား … ဘုရား …။ ကျွန်တော်မတွေးထားမိတဲ့ အဖြစ်တစ် ခုပေါ့။
“ဘာကြောင့်လဲ…၊ ဘာကြောင့် မပြောရမှာလဲ မိုးစွေ”
“ငါ ဘယ်သူ့ကိုမှ မပြောချင်ဘူး၊ ဇော့်ကိုမှမဟုတ်ဘူး၊ အားလုံးကို မပြောချင်တာပါ၊ မင်းတို့ကိုတောင် မထင်မှတ်ဘဲပြောပြဖြစ်တာ၊ ငါဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး၊ ငါ့ကို အဲဒီလို သနားတဲ့အကြည့်တွေနဲ့ ကြည့်တာကိုလည်း မခံချင်ဘူး၊ ငါ့အတွက် လူတွေရဲ့ဥပေက္ခာက မဆန်းတော့ပါဘူး၊ အဲဒီ ဥပေက္ခာ ကိုပဲ ဖက်တွယ်ချင်နေတဲ့ကောင်ပါ”
“ကျွတ်… အဓိပ္ပါယ်မရှိတာကွာ၊ မင်းခေါင်းမာရမယ့်အချိန်မဟုတ်တော့ဘူး မိုးစွေ၊ အခု အချိန်မှာ ဒီအကြောင်းကို ကောင်းစည်သူမသိသေးပေမယ့် တစ်ချိန်ချိန်မှာသိသွားခဲ့ရင် သူတစ်သက်လုံး နောင်တရနေမှာ”
“ဇော်က ငါ့ကြောင့်နောင်တရမှာ ဟုတ်လား”
တကယ်ပဲ အဲလိုအဖြစ်မျိုးကြုံလာခဲ့ရင် ကျွန်တော်ဘယ်လိုဖြေရှင်းရပါ့မလဲ။ ဟင့်အင်း… ကျွန်တော့် ကြောင့် ဇော် နောင်တမရစေရ။
“ဟုတ်တယ်လေ… သူ နင့်ကိုချစ်တာ ငါတို့အားလုံးအသိပဲ၊ ငါတို့ တားခဲ့လို့သာ နင်တို့နှစ်ယောက် ဝေးခဲ့တာ”
နန်းခမ်းလှိုင်က ကျွန်တော့်ကိုတောင်းပန်တိုးလျှိုးသည့်အကြည့်တို့ဖြစ်ကြည့်နေပြန်သည်။
“နင့်လုပ်ရပ်တွေဟာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်စရာကောင်းတဲ့ကိစ္စ၊ အများ လက်မ ခံနိုင်တဲ့ကိစ္စ ဆိုတာ ငါတို့တွေ ကောင်းစည်သူကိုပြောပြလို့ နင်တို့နှစ်ယောက်ဝေးခဲ့ရတယ်၊ နင့်လုပ်ရပ်ရဲ့နောက် ကွယ်မှာ အကြောင်းအရာတစ်ခု၊ လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာ ငါတို့သိပြီးတဲ့နောက်ပိုင်းမှာ တော့ နင့်ကိုငါတို့နားလည်ခဲ့တာပဲ မိုးစွေ၊ အဲဒီလိုပဲ ကောင်းစည်သူလည်း နင့်လျှို့ဝှက်ချက်ကိုသိရင် နင့်ကိုနားလည်မယ်လို့ ငါထင်တယ်၊ အားလုံးထက်နောက်ကျမှ သိရတဲ့အတွက် သူစိတ်မကောင်း ဖြစ်မှာလည်း အမှန်ပဲ၊ ပြီးတော့ နင်… နင်တစ်ခုခုဖြစ်ပြီးမှ သိခဲ့တာဆိုရင်တော့ နောင်တရလို့ဆုံးမှာ မဟုတ်တော့ဘူး”
“ဒါပေမဲ့ သူ့မှာလည်း အခုချစ်ရမယ့်သူတွေထားပြီ၊ ဘဝလက်တွဲဖော်တွေ့ထားပြီးပြီလေ၊ ငါ့ကိုမုန်း လက်စနဲ့မုန်းပါစေတော့ဟာ”
“ဘယ်ဟုတ်ပါ့မလဲမိုးစွေ၊ ငါ့တို့မှာအစီအစဉ်ရှိတယ်”
“အဲ..ဒီ…တော့…”
“ကောင်းစည်သူကို အကြောင်းစုံပြောပြရမှာပေါ့ကွ၊ မင်းဟာအချိန်ကာလအကန့်အသတ် တစ်ခု အ တောအတွင်းထဲမှာသာ နေရတော့မယ့်လူတစ်ယောက်ဆိုတဲ့အကြောင်း၊ ပတ်ဝန်းကျင်ရဲ့စက်ဆုပ် စရာကိစ္စလုပ်ရပ်ဟာ အဲဒီကိစ္စနဲ့ဆက်နွယ်နေတဲ့အကြောင်းပြောပြရမှာပေါ့”
“သူ လက်မခံရင်ရော…”
“ဒါက သူ့အပိုင်းပါ၊ မင်း သူ့ကိုချစ်တယ်ဆိုရင် လိပ်ပြာသန့်သန့်နဲ့ ရှင်းရှင်းလင်းလင်း ပြောပြသင့် တယ်”
“ငါ”
စကားရည်လုပွဲမဟုတ်သော်လည်း ကျွန်တော်သူတို့ကို ဘယ်လိုစကားလုံးများနှင့် နိုင်အောင်ပြော ရမလဲဟု စဉ်းစားရပြန်သည်။ သေချာပါသည်။ ကျွန်တော့်စိတ်ထဲတွင် ဇော့်ကို မျက်ရည်ခံထိုးလိုစိတ် အလျဉ်းမရှိ။ ဇော့်ကိုချစ်သော်လည်း ကိုခန့်နှင့်သာအချစ်ခိုင်မြဲရွှေလက်တွဲစေချင်ပါသည်။
“ငါ လက်မခံပါရစေနဲ့ကွာ”
“မင်းနေမကောင်းဘူးလေမိုးစွေရာ”
“ငါ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့၊ ငါမနေတတ်ဘူး”

“မိုးစွေ… ငါ့တို့ ရင်းငြိမ်ကိုနောက်တစ်ခေါက်လာခဲ့မယ်၊ မင်းရန်ကုန်လိုက်ဖို့အဆင် သင့် ပြင်ထားပါ၊ ဒီခြံကိစ္စ၊ တခြားကိစ္စတွေအတွက် သုံးရက်အတွင်းတစ်ခုခုစီစဉ်ထားလိုက် ပါ၊ ငါတို့ပေါင်မှာတည်း တယ်၊ မနက်ဖြန်၊ သန်ဘက်ခါရက်တွေမှာ ဟိုကောင်နဲ့ချိန်းထားတယ်၊ ဘုရားဖူးမယ်ဆိုပြီးတော့ပေါ့၊ သူ့ကိုပြောမပြောဆိုတာ နောက်မှဆုံးဖြတ်ပေါ့၊ သေချာတာကတော့ မင်း ငါတို့နဲ့ရန်ကုန်ကို ပြန် လိုက်ရမယ်၊ ဟိုမှာ ငါတို့စီစဉ်ထားပြီးပြီ”
ကျော်ဇောက စကားစဖြတ်လိုက်တော့သည်။ ကျွန်တော်ဘာမှမပြောသာတော့။ စိတ်ထဲ မှာတော့ တွေးမိသည်။ ကျွန်တော်ချခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း ဇော်နှင့်အဝေးဆုံးနေ ရာတစ်ခု၊ သူတို့တွေ မသိနိုင်သည့်အခြားနေရာတစ်ခုကို သွားဖို့ပြင်ရမည်။ ဒါပေမဲ့ သူတို့ တွေ.. သူတို့တွေ ဘာလို့ကျွ န်တော့်အပေါ် ဒီလောက်ကောင်းနေကြရတာလဲ။ ဖြတ်သန်း လာခဲ့သည့်ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့သော ဖြူစင်စွာအလိုက်သိဖေးကူပေးခြင်းခံရတာမျိုး နည်း ပါးခဲ့တာအမှန်ပင်။ သေချာသည်။ သူတို့တွေဟာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံး သူငယ်ချင်းတွေပေါ့။
“မင်းတို့ ငါ့အပေါ် ဘာလို့အဲလောက်ကောင်းကြရတာလဲကွာ”
မျက်ရည်များသည် ထိန်းထားသည့်ကြားထဲမှ လှိမ့်ဆင်းလာမိသည်။ ဝမ်းနည်းမှုတင်မကဘဲ ဝမ်းသာ မှုကပါရောစွက်ခဲ့၏။
“မင်းနဲ့ပတ်သက်တဲ့အရာကို နားလည်သွားလို့ပေါ့ မိုးစွေရာ၊ လူတိုင်းက အမှားတွေ နဲ့ချည်းပဲလေ၊ မှတ်မိလား… မင်းပြောဖူးတယ်လေ၊ လောကကြီးမှာ မှားမှန်းသိရက်နဲ့ ဆက်လျှောက်နေရတဲ့ဘဝက ဘယ်လောက်ဆိုးရွားတဲ့ခံစားမှုလည်းဆိုတာ သိမှာမဟုတ် ဘူးလို့၊ ဒါပေမဲ့ ငါတို့နားလည်သွားပြီ၊ ကိုယ်ချင်းစာတတ်သွားပြီ သူငယ်ချင်း”
ထိုနေ့က သူတို့အားလုံးကို ကျွန်တော့်ရော်ဘာခြံတွင် ထမင်းဟင်းချက်စားရင်း ပျော်ပွဲစားထွက်သည့် အခိုက်အတန့်လေးအဖြစ်ဖန်တီးပေးနိုင်ခဲ့ပါသည်။ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာများကို မေ့ပျောက်ကာ ဖြူစင်သန့်ရှင်းသည့် သူငယ်ချင်းများ၏ပျော်ပွဲစားဝိုင်းလေးတစ်ခုဖြစ်ခဲ့လေသည်။
>>>>>
ဆက်ပါဦးမည်။