“သူ…..မသိခဲ့လေသော..” အပိုင်း (၂၂)

(၂၂)
“မိုးစွေမှာ ဘယ်လောက်ပဲစက်ဆုပ်စရာအဖြစ်ဆိုးတွေရှိခဲ့ရှိခဲ့၊ ငါ သူ့ကို ငြိုငြင်စရာစကားတွေ မပြော ရက်ဘူး စည်သူ”
ကိုခန့်အတွက်တော့ မိုးစွေသည် သူငယ်တန်းကတည်းက တစ်ကျောင်းတည်းတက်လာခဲ့သော အချစ်ဆုံးငယ်သူငယ်ချင်း။ မိုးစွေ အကြောင်းကို သူကလွဲရင် နားလည်မည့်သူမရှိပါ။ ဒီကောင်က ပညာတတ်အရမ်းဖြစ်ချင်သည့် ကောင်။ စာကြိုးစားသည်။ လေးတန်းအရွယ်လောက်ကတည်းက တက္ကသိုလ်ကျောင်းသား ဘဝကို အားကျတတ်ခဲ့သူလည်းဖြစ်သည်။
မိုးစွေ၏မိဘများသည် အရမ်းကြီးမချမ်းသာပေမယ့် ရပ်ကွက်ထဲ မှာတော့ အဆင့်တန်းရှိရှိ နေနိုင် သည်။ သူ့မိဘတွေက မော်လမြိုင်စျေးကြီးထဲ၌ ဖိနပ်ဆိုင် ဖွင့်ထားသည်။ နေရာလည်းကောင်း၊ ဖောက်သည်လည်းများတော့ အဆင်ပြေသည်။
“ဒီကောင် ခုနှစ်တန်းတက်ခါစမှာ သူ့မိဘတွေ အရောင်းအဝယ်သွားရင်းနဲ့ ရုတ်တ ရက် ကားမှောက် ပြီးဆုံးတယ်၊ ဆေးရုံမှာ သူ့အဖေနဲ့ သူ့အမေဆုံးတာ ရက်ပိုင်းပဲကွာတယ်၊ ရှေ့ဆင့်နောက်ဆင့်ပဲ၊ အဲဒီ ကတည်းက မိုးစွေဘဝဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတာပဲ”

ရပ်ကွက်က စည်းလုံးသည်။ ဖိနပ်ဆိုင်ကိုရောင်း၊ ငွေစုပေးကာ မိုးစွေဘဝ ဆက် လက်ရှင် သန်ဖို့ ဆောင်ရွက်ပေးကြသည်။ ခုနှစ်တန်းတစ်နှစ်လုံး မိုးစွေအဆင်ပြေပြေ ကျောင်း တက်နိုင်အောင် ဖေးကူခဲ့ကြသည်။ သို့သော်လည်း မိသားစုသိုက်သိုက်ဝန်းဝန်းနွေးထွေးစွာနေထိုင်ခဲ့သည့်အိမ်တွင် ခု နစ်တန်းကျောင်းသားတစ်ယောက်တည်းနေထိုင် ရှင်သန်ခဲ့ရသောအခါ အရာအားလုံးသည် အထီး ကျန်ခြောက်ကပ်လျှက်သာရှိနေတော့သည်။
“အားလုံးရဲ့အမြင်မှာ ဒီကောင်က စိတ်ဓါတ်မာကျောတယ်လို့ထင်ရတယ်၊ ဒါပေမဲ့ မိုးစွေဟာ အရမ်း စိတ်အားငယ်တတ်တယ် မေဖြူ၊ သူ့အားနည်းချက်ကိုလည်း လူတွေ မသိ စေချင်ဘူး”
မိုးစွေဖေဖေက သူငယ်ငယ်လေးကတည်းက ကျောင်းကိုဆိုင်ကယ်နှင့်လာကြိုတတ် သည်။ ခုနှစ် တန်းနှစ်တွင်တော့ သူ့ကိုလာကြိုမယ့်သူမရှိ။ တစ်ခါတလေ အတန်းထဲတွင်တစ် ယောက်တည်း ငိုင်နေတတ်သည်။
“ခုနှစ်တန်းပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာပဲ မိုးစွေတို့ဖိနပ်ဆိုင်ကိုဝယ်ခဲ့တဲ့ ဆိုင်ရှင် အဒေါ်ကြီး က သူ့ကိုမွေးစားမယ်ဆိုပြီး လာခေါ်တယ်၊ ရပ်ကွက်ကလူကြီးတွေက လည်း ကောင်းမယ်ထင်ပြီး လက်ခံလိုက်ကြတာပေါ့”
မိုးစွေစိတ်အားငယ်တတ်သည့်အချိန်၊ ငိုင်နေတတ်သည့်အချိန်၌ သူက ဘေးနားမှာ သူငယ်ချင်း ကောင်းအဖြစ် ရပ်တည်ပေးခဲ့သည်။ တစ်ခါတလေ တစ်ယောက်စာမုန့်ကို နှစ်ယောက်ခွဲပြီး တူတူ စားခဲ့ဖူး၏။
စျေးကြီးထဲကဖိနပ်ဆိုင်ကို မိုးစွေပဲအောက်ခြေသိမ်းလုပ်ပေးရသည်။ အန်တီကြီးက အမြဲလို လိုရှိမနေတတ်။ လူငှားနဲ့ပဲ ရောင်းခိုင်းတာဖြစ်သည်။ အန်တီကြီးမှာ တခြားအလုပ်ရှိသည်။ အဲဒီ အလုပ်တွေကိုတောင် မိုးစွေကတစ်ခါတလေ လုပ်ပေးရတတ်၏။
ရှစ်တန်းနှစ်ရောက်တော့ မိုးစွေလူပျိုပေါက်အရွယ်ဖြစ်နေပြီမို့ အန်တီကြီးက သူမ၏ အလုပ်တွင် ထဲထဲဝင်ဝင်ခိုင်းလာလေသည်။ ဖိနပ်ဆိုင်ကိုလည်းဝယ်ပြီး တစ်နှစ်တောင်မပြည့်ဘဲ ရောင်းပစ် လိုက်၏။
“လူတွေက အကြီး (အန်တီကြီး) ဆီလာတယ်၊ နာရီဝက်လောက်စကားပြောတယ်၊ ပြီးတော့ အကြီး ကငါ့ကိုခေါ်ပြီး လိပ်စာတစ်ခုပေးတယ်၊ အဲဒီလိပ်စာအတိုင်း လူတွေကိုငါ့က ဆိုင်ကယ်နဲ့ပို့ပေးရတယ်၊ လိပ်စာကတော့ လေးငါးခုပဲ၊ အဲဒီနေရာတွေကို လှည့်ပတ်ပို့ပေး ရတယ်”
ရှစ်တန်းစာမေးပွဲအနီးတွင်တော့ မိုးစွေကိုအဲဒီအလုပ် တွင်တွင်ကျယ်ကျယ်လုပ်ခိုင်းခဲ့ ပြီဖြစ် သည်။ ကျောင်းကအပြန် ကမ်းနားလမ်းလျှောက်ရင်း သူတို့နှစ်ယောက်စကားတွေ ပြောဖြစ်ခဲ့၏။
“ဘာလုပ်တာလဲ” ဟု သူမေးမိသည်။
“မကောင်းတဲ့အလုပ်လားမသိဘူး ကိုခန့်၊ ငါလည်း သေချာမသိဘူးကွ၊ သူပို့ခိုင်းတဲ့ နေရာ လေးငါး ခုက မိန်းကလေးတွေနေတဲ့နေရာချည်းပဲ၊ ငါတောင် အဲဒီအစ်မတွေ တော် တော်များများနဲ့ ရင်းနှီး နေပြီ”
“အဲလိုပို့ခိုင်းတော့ မင်းမငြင်းဘူးလား”
“ငါဘယ်လိုလုပ်ငြင်းရမလဲကွာ၊ သူက ငါ့ကိုမွေးစားထားတာလေ၊ သူ့အိမ်မှာနေနေ ရတာ၊ ငါက ဆိုင်ကယ်စီးကျွမ်းလို့၊ တခြားလူတွေကို မခိုင်းချင်လို့ ငါ့ကိုခိုင်းရတာပါလို့ အကြီးက ကြိုပြောထား တယ်”
“တစ်ရက်လောက် မင်းမေးကြည့်ပါလား”
“အေး … ငါစဉ်းစားထားတယ်၊ သေချာတာကတော့ အစ်မကြီးတွေက သဘော ကောင်းတယ်ကွ၊ တစ်ခါတလေ ငါ့ကိုမုန့်ဖိုးတွေဘာတွေပေးတယ်၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ငါပိုက်ဆံ ရလာတာ အဲဒါကြောင့်ပေါ့ကွ”
“ဟင်… အကြီးပေးတာမဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူတို့ပေးတာ… မင်းမွေးနေ့တုန်းက ငါဝယ်ပေးတဲ့ကျောပိုးအိတ်က သူတို့ဆီ ကရတဲ့ ပိုက်ဆံနဲ့ဝယ်တာပေါ့”
သူမုန့်ဖိုးမရတဲ့နေ့ဆို မိုးစွေဝယ်ကျွေးသည်။ မိုးစွေမှာပိုက်ဆံမရှိတော့သည့်အချိန်ဆိုပါလျှင် သူ့မုန့်ဖိုး နှင့်နှစ်ယောက်မျှစားသည်။ သေချာတာကတော့ သူတို့နှစ်ယောက်ဘယ်သောအခါမှ ကျောင်းမပြေး ဖူးပါ။
“အကြီးက ငါတို့ဖိနပ်ဆိုင်ကိုဝယ်ခဲ့တာ အကြောင်းရှိရမယ်ကွ၊ သူ့ဆိုင်မှာ လာဝယ် တယ်ဆို တာ ထက်သူ့ကိုလာမေးကြတာများတယ်၊ ကြာတော့ ဆိုင်ပတ်ဝန်းကျင်က သတိ ထားမိမှန်းသိတော့ ဆိုင် ကိုရောင်းပစ်လိုက်တာဖြစ်မယ်”
မိုးစွေ၏ တိုင်ပင်ဖော်ကသူပဲဖြစ်သည်။
“မင်းကိုလုပ်ခိုင်းတဲ့ အလုပ်နဲ့ဆက်စပ်နေလား”
“မသိပါဘူးကွာ၊ အဲဒီအလုပ်ကလည်း ကျောင်းအားတာနဲ့ ခိုင်းတော့တာပဲ”
ညနေခင်းတချို့ဆို သူတို့နှစ်ယောက်သည် ကမ်းနားလမ်း၌ အချိန်ကုန်တတ်သည်။ အဲဒီ တုန်းက မိုးစွေ ဂစ်တာမတောက်တခေါက်တီးတတ်ခါစဖြစ်သည်။ ရှစ်တန်းအရွယ်ဆိုပေ မယ့်လည်း သီချင်း များကိုပိုင်ပိုင်နိုင်နိုင်ဆိုတတ်နေပြီ။ သံလွင်မြစ်ကမ်းဘေးမှာ ဂစ်တာတီး၊ သီချင်းအော်ဆိုတတ်ခဲ့ကြ ပြီဖြစ်သည်။
အတိတ်အကြောင်းများကို တွေးကာ ကိုခန့်သည် မိုးစွေအတွက်မျက်ရည်လည်လာမိလေသည်။ စည် သူကတော့ မိုးစွေကို အခဲမကျေဖြစ်နေဆဲ။ သို့သော်လည်း သူပြောသမျှကိုတော့ စိတ်ဝင်တစားနား ထောင်နေပါသည်။
“ရှစ်တန်းစာမေးပွဲနောက်ဆုံးနေ့ စာမေးပွဲဖြေပြီးပြန်လာတဲ့အချိန်မှာ အိမ်တံခါးပိတ် ထားတာတွေ့ တော့ မိုးစွေအံ့သြသွားတယ်၊ ပတ်ဝန်းကျင်မှာလည်း လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့၊ နောက်မှ … အိမ်ကိုခြိတ်ပိတ်ထားတာမှန်း သိလိုက်ရတယ်၊ အန်တီကြီးကို တော့ ပြည့်တန်ဆာမှုနဲ့ဖမ်းသွားပြီ”
မိုးစွေ မော်လမြိုင်မှာရှင်သန်ခဲ့သည့်ဘဝကို စည်သူ့ကိုသိစေပြီး မိုးစွေ ရန်ကုန်၌ ရှင်သန်ခဲ့သည့် ဘဝ တစ်စိတ်တစ်ပိုင်းကိုတော့ စည်သူက ပြောပြစေမည်။
“အဲဒီနေ့တုန်းက ငါတို့အိမ်ကို မိုးစွေရောက်လာတယ်၊ ကျောင်းစိမ်းဝတ်စုံနဲ့ လွယ် အိတ်လွယ် ထားရက်ကြီး၊ အကျိုးအကြောင်းကိုယ့်ကိုပြောပြပြီး ရှိုက်ကြီးတငင်ငိုတယ်၊ အခု ဆို နေစရာ အိမ်မပြောနဲ့ လဲစရာအဝတ်အစားတောင် မရှိတော့တဲ့အကြောင်း၊ သူရောက် ချင်တဲ့ တက္ကသိုလ် ကျောင်းသား ဘဝကိုရောက်ဖို့မဖြစ်နိုင်တော့ကြောင်း ပြောပြတယ်၊ သူငိုတာအကြာကြီးပဲ၊ ငါ လည်းဘာလုပ်ရမယ်မှန်းမသိဘူး၊ အဆင်ပြေရာပြေကြောင်းတွေ တွေးပြီးအကြပ်ရိုက်နေတယ်၊ နောက်ဆုံး ဖေဖေနဲ့မေမေကိုပြောပြလိုက်တယ်၊ အဲဒီတုန်း က ငါတို့အိမ်အခြေအနေကလည်း လူပို တစ်ယောက်ထားရလောက်အောင် အဆင်မပြေလှဘူး၊ နောက်ဆုံးတော့ ဆွေမျိုးမကင်းတော်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မိုးစွေနေခွင့်ရဖို့ ဖေဖေကလိုက်ပြောပေးတယ်”
မော်လမြိုင်လို သဒ္ဓါတရားထက်သန်သည့်နယ်မြေတွင်ရှိသော ဘုန်းကြီးကျောင်း၌နေရခြင်းမို့ မိုးစွေ အတွက်နေ၊ စားမပူရပါ။ သူ့အဝတ်အစားတချို့ကိုလည်း မိုးစွေကိုခွဲဝေပေးခဲ့ သည်။ သာသနာ့ နယ်မြေမှာနေရသည့် မိုးစွေအတွက် ဝမ်းရေးအဆင်ပြေခဲ့ပါသည်။
“ကိုးတန်းတက်ခွင့်ရဖို့အတွက် နွေကျောင်းပိတ်ရက်မှာပိုက်ဆံရှာခဲ့ရတယ်၊ မော်လ မြိုင်နဲ့ မုတ္တမကို ကူးတဲ့သင်္ဘောပေါ်မှာ ဇင်ယော်စာတွေလိုက်ရောင်းရတဲ့အလုပ်၊ သံလွင်မြစ် တလျှောက် ဇင်ယော် တွေကို သင်္ဘောပေါ်ကအစာကျွေးရင်းနဲ့ ကုသိုလ်ယူလေ့ရှိကြတာမို့ အဲဒီအလုပ်က မိုးစွေအတွက် အဆင်ပြေတယ်၊ ပြိုင်ဘက်တော့ရှိတာပေါ့၊ ဒါပေမဲ့ ဒီ ကောင်က အနေအေးသလောက် လူတွေကို ကျအောင်၊ ကြည်ဖြူအောင်၊ သူ့ဘက်ပါလာ အောင်ပြောဆိုတတ်တယ်”
တစ်နေ့တာအလုပ်ပြီးလျှင်တော့ သူတို့နှစ်ယောက် ခါတိုင်းလိုပဲ မြစ်ကမ်းဘေးထိုင် ကာ ဂစ်တာတီး သီချင်းဆိုတတ်ကြသည်။
“ကျောင်းမဖွင့်ခင်မှာပဲ သူရန်ကုန်ကိုပြောင်းဖို့အကြောင်းပေါ်လာခဲ့တယ်၊ သူစျေး ရောင်းရင်းနဲ့ သင်္ဘောပေါ်မှာခင်တဲ့ဦးလေးကြီးတစ်ယောက်က သူ့ကိုရန်ကုန်ကိုခေါ်သွား မယ်တဲ့၊ အဲဒီ ဦးလေး ကြီးက စားသောက်ဆိုင်ပိုင်ရှင်၊ သူ့ကိုကျောင်းထားပေးမယ်လို့ပြောတယ်၊ ကျောင်းအားတဲ့အချိန် ဆိုင်မှာဝင်လုပ်ပေါ့၊ ဘုန်းကြီးကျောင်းမှာ တစ်သက်လုံးနေဖို့ က မဖြစ်နိုင်ဘူးလေ၊ အဲဒီတော့ မင်းအတွက်ကောင်းမယ်ထင်ရင်လိုက်သွားလို့ ငါအကြံ ပေးလိုက်တယ်၊ အဲဒီနောက်တော့ သူ ရန်ကုန်ကိုလိုက်သွားတော့တာပဲ၊ ငါနဲ့တော့ မကြာမကြာ အဆက်အသွယ်ရှိပါတယ်၊ ကိုးတန်း ရော ဆယ်တန်းရော သူအဲဒီဆိုင်မှာအလုပ် လုပ်ရင်းတက်တာပေါ့၊ သူကသီချင်းဆိုတာကောင်းတော့ ဆိုင်မှာတစ်ခါတလေဝင်ဆိုတယ် တဲ့၊ နောက်ပိုင်း တခြားဆိုင်တွေကတောင် ကမ်းလှမ်းတယ်ဆိုပဲ၊ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ယောက်ျားလေးကနည်းနေသေးတဲ့အချိန်၊ အခုလိုမျိုးအဆိုတော် ပေါတဲ့အချိန် မဟုတ်သေးတော့ ဒါဟာသူ့အတွက် ဂွင်ကောင်းပေါ့”
ကံကောင်းခြင်းကတော့ မိုးစွေဖြတ်သန်းခဲ့ရသောဘဝသည် ရုန်းကန်သလောက်အရာထင်ခဲ့ခြင်းပင်။
“နောက်ပိုင်း စားသောက်ဆိုင်ကလည်း ရှယ်ယာကိစ္စများရင်း ဖျက်သိမ်းလိုက်ရ တယ်တဲ့၊ အဲဒီတော့ ခုနကကမ်းလှမ်းထားတဲ့ဆိုင်တွေမှာ ညဖက်သီချင်းဆို၊ နေ့ခင်းဘက် ကျောင်းတက်ပေါ့လေ၊ ဆယ်တန်းစာမေးပွဲပြီးတဲ့အထိ မူလစားသောက်ဆိုင်မှာ နေနိုင်ခဲ့ တာ သူ့အတွက်ကံကောင်းတာပေါ့၊ ငါသိသလောက်က မိုးစွေဟာ သီချင်းဆိုလို့ရတဲ့ ပိုက်ဆံနဲ့ တက္ကသိုလ်တက်ခဲ့တယ်၊ ကျောင်းပြီးလို့ သူအရမ်းတက်ချင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်က ဒီပလိုမာမပြီးခင်မှာပဲ ရုတ်တရက်ကြီးမော်လမြိုင်ကို ရောက်လာတယ်၊ ပြီးတော့ အခုလိုအဖြစ်အပျက်တွေဖြစ်တယ်၊ အဲဒါပါပဲ၊ တစ်ခုရှိတာက သူရောက် လာတဲ့ အချိန်မှာ ပိုက်ဆံတော်တော်များများပါလာတယ်”
မိုးစွေ၏ အဖြစ်အပျက်များကို နားထောင်၍အပြီးတွင် ကောင်းစည်သူဇော်၏ သက်ပြင်းသည် တစ် ခန်းလုံးသို့ကြားအောင်ကျယ်လောင်သွားခဲ့ပါသည်။ သူသည် မိုးစွေနှင့် ပြည်လည်ဆုံတွေ့နိုင်ရန်မသိ စိတ်ကမျှော်လင့်နေမိခဲ့သည်ကိုတော့ အရိုးသားဆုံးဝန်ခံရပါမည်။ သူမိုးစွေကိုချစ်ပါသည်။ သို့သော် လည်း သူ့ကိုချစ်နေသေးသည့်စိတ်ထက် အထင်သေးသည့်စိတ်ကပို၍ လွှမ်းမိုးနေလေသည်။
သူ့မိဘများ၏ ဆိုင်ကိစ္စ၊ ကုန်ပစ္စည်းကိစ္စဖြင့် မော်လမြိုင်ကိုရောက်လာရင်း နေဘုန်းခန့်နှင့်ပိုမိုရင်းနှီး ကာ ချစ်သူဖြစ်ခဲ့ကြသည်။ ကိုခန့်ကလည်း ရန်ကုန်ကိုမကြာမကြာလာတတ်တော့ အိမ်နှင့်ရောရင်းနှီး နေခဲ့ပြီဖြစ်သည်။
မိုးစွေနှင့်ပြတ်စဲပြီး လေးလခန့်အကြာတွင် ကိုခန့်နှင့်တွေ့ကာ ချစ်သူဖြစ်သွားခဲ့ခြင်းပင်။ သူသည် ကို ခန့်ကို ပုံမှန်ချစ်သူများထက်သဝန်တိုပြီး စိတ်လည်းဆိုးတတ်ပါသည်။ ကိုခန့်ကတော့ သူ့ကိုအလို လိုက်ရှာပါသည်။ သူ့အတွေးကတော့ ကိုခန့်ကို မိုးစွေသူ့ကိုလှည့်စားခဲ့သလိုမျိုးမလှည့်စားစေချင်၍ စိတ်မချနိုင်ဖြစ်နေခဲ့ခြင်းပင်။ သူ့ဘဝအတွက် ချစ်သူအများကြီးမထားလိုပါ။ အထူးသဖြင့် ယောင်္ကျား လေးချစ်သူမို့ လူအထင်အမြင်သေးမည်ကိုလည်းပိုကြောက်ရသည်။ ဂေးတစ်ယောက်အတွက်အရာ ရာသည် သတိနှင့်လှုပ်ရှားသွားလာခြင်းမလုပ်ပါက ပြောဆိုနေရန် အဆင်သင့်စောင့်နေသူကများလှ သည်။
“တကယ်တော့ မိုးစွေကို ကျောင်းမှာတစ်တန်းလုံးက ကြည့်မရဘူး၊ သူက ဘဝင် မြင့်နေတာလို့ ထင်ကြတာပေါ့၊ တကယ်တမ်း သူ့မှာ ငါတို့မသိတဲ့စာမျက်နှာတစ်ဖက်ရှိခဲ့ တယ်”
ကျောင်းတက်ရင်း တွေ့ကြုံခဲ့ရသည့်မိုးစွေနှင့် သူတို့အကြောင်းကို ကိုခန့်အားပြောပြမိသည်။ စပွန် ဆာနှင့်ရှင်သန်နေသူတစ်ဦးဖြစ်ပြီး ဂေးတစ်ယောက်အဖြစ်ကိုလက်ခံခြင်းထက် စပွန်ဆာပေးနိုင်သော မိန်းမအချို့နှင့် လိင်ပျော်ပါးခြင်းကိုပိုပြီးဦးစားပေးတတ်သူဖြစ်ကြောင်း ပြောပြဖြစ်သည်။
“ရှင်းရှင်းပြောရရင် သူက ဂေးတစ်ယောက်ဖြစ်တယ်ဆိုတာတော့ ငါကောင်းကောင်းသိတယ်၊ ဒါပေမဲ့ ဟို…..ဟိုစပွန်ဆာမိန်းမတွေနဲ့တော့ ဘယ်လိုနေသလဲစဉ်းစားလို့မရဘူး၊ သူက Bi လည်းဖြစ်ကောင်း ဖြစ်မှာပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုအသည်းအသန်ချစ်ရေးဆိုခဲ့တာကိုတော့ သိပ်ဘဝင်မကျဘူး၊ သူ အကြောင်းပြချက်တော့ရှိရမယ်”
“တကယ်ချစ်တာလည်းဖြစ်နိုင်တာပဲ”
“အေး ကိုခန့် မင်းက မင်းချစ်သူငါ့ကိုနည်းနည်းလေးတောင်သဝန်မတိုပြန်ဘူးလားပြော”
“ဟာ သဲရာ၊ ဘာလို့ခဏခဏ စိတ်ဆိုးချင်နေရတာလဲ၊ ငါတို့အခြေအနေတွေလည်းမင်းအသိဆုံးပဲကို၊ မင်းနဲ့ငါက တစ်သက်လုံးလက်တွဲသွားမယ့်သူတွေပါကွာ၊ ဘယ်လိုအခြေအနေပဲရောက်ရောက်မင်းကို ငါ အဆုံးအရှုံးမခံဘူးသဲရ”
“မိုးစွေကိုတော့ မင်းတော်တော်လေး မျက်နှာသာပေးနေတယ်”
သူ မိုးစွေ၏ အကြောင်းကို သူသိသလောက်ပြောပြဖြစ်သည်။ ရန်ကုန်မှ ပျောက်ကွယ်သွားသည့်အ ချိန်အထိပေါ့။
“မိုးစွေရဲ့ ငယ်ဘဝဖြတ်သန်းလာပုံကြမ်းပေမယ့် သူ့စိတ်က အဲလောက်အောက် တန်းမကျ ဘူးဆိုတာ ငါသိတယ်စည်သူ၊ သူ့မှာ ငါ့တို့မသိသေးတဲ့ လျှို့ဝှက်ချက်တစ် ခုရှိရမယ်၊ အဲဒါကိုသိအောင် ငါ လုပ်မယ်”
“လျှို့ဝှက်ချက် … ဟုတ်လား”
>>>>>