(၂၁)
ရင်းငြိမ်ဆေးရုံ
ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိရုံမှအပ ကြီးကြီးမားမားမရှိပါ။ ဒဏ်ရာတချို့တော့ ဆေးထည့်ပြီး ပတ်တီး စည်းထားရ၏။ ကျွန်တော်ရောက်သွားချိန်မှာတော့ ကိုခန့်မှေးနေပုံရပါသည်။ ဇော်ကတော့ ကိုခန့်် အနားမှာထိုင်ရက်သား။ ကျွန်တော့်ကိုလည်းမြင်ရော ဇော့် မျက်လုံးများသည် ချက်ချင်းအရောင် ပြောင်းသွားတော့၏။ ကျွန်တော့်ကို မကြိုဆိုလိုသော မုန်းတီးနေသောမျက်လုံးများ ဖြင့်။
“မလာနဲ့၊ မင်း မလာနဲ့ မိုးစွေ”
ကျွန်တော် ဘာပြန်ပြောသင့်ပါလဲ။
“ငါ …”
“မင်း ကိုခန့်နဲ့ပတ်သက်စရာမလိုဘူး၊ ပြန်တော့ မိုးစွေ”
“ဇော် ငါတောင်းပန်ပါတယ်ကွာ၊ မင်းငါ့ကို ဘယ်လောက်ပဲမုန်းမုန်း ခဏလောက် တော့ မေ့ထားပေး ပါ၊ ကိုခန့်က ငါ့ရဲ့ငယ်သူငယ်ချင်းပါ၊ သူအခုလိုဖြစ်သွားတော့ ငါလည်း ဘယ် စိတ်ကောင်းမလဲ”
“အေး… သူအခုလိုဖြစ်ရတာ မင်းကြောင့်ပဲ၊ မင်းထွက်သွား… မင်းထွက်သွား မိုးစွေ…”
သူကျွန်တော့်ရင်ဘက်ကို ဆောင့်တွန်းလိုက်သည်။ သူ့ လက်အရှိန်ကြောင့် ကျွန်တော်အနောက်ဖက် ကိုယိုင်နဲ့သွား၏။ မင်းငါ့ကို တော်တော်ကြီးမုန်းနေတာလားဇော်။ ဒါပေမဲ့ မင်းမျက်လုံးတွေကတော့ လိမ်နေတယ် ဇော်။
“စည်သူ”
ကိုခန့်နိုးလာသည်။ ထိုတစ်ကြိမ်တွင်တော့ ဇော့်ကို သဲဟုလည်းမခေါ်သလို ကောင်းစည်သူဟုလည်း မခေါ်ခဲ့ပါ။ စည်သူတဲ့။ ကျွန်တော်ရော ဇော်ပါ သူ့အနားကိုရောက်သွားတော့သည်။
“စည်သူ မင်းဘာမှမပြောနဲ့၊ ငါ မိုးစွေကို စကားပြောကြည့်ချင်တယ်”
ဇော် ခေါင်းညိတ်သည်။
ကျွန်တော် ဘာဆက်လုပ်ရမလဲတွေဝေသွား၏။ ကိုခန့် ကျွန်တော့်ကိုအထင်လွဲမှာ ကို ကျွန်တော် အကြောက်ဆုံးဖြစ်သည်။ ကျွန်တော့်နောက်ဆုံးရက်များအတွက် နေဘုန်း ခန့်ဟာ တစ်ဦးတည်းသော ဆွေမျိုးနှင့်တစ်ဦးတည်းသော အားကိုးဖော်သူငယ်ချင်းဖြစ်သည်။
“မိုးစွေ”
ကျွန်တော်လှည့်ပြန်သွားရင်ကောင်းမလား။
“စည်သူ ပြောတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလက်မခံနိုင်တဲ့ကိစ္စဆိုတာ ဘာလဲ”
“ငါ… ငါ”
“မင်းငါ့ကိုလျှိုထားရအောင် အရေးကြီးတဲ့ကိစ္စကဘာလဲ မိုးစွေ၊ မင်းငါ့ကို တစ်သက် လုံး ပေးမသိနိုင် တဲ့ကိစ္စလား”
“ငါ မင်းကိုပြောပြီးပြီပဲ ကိုခန့်၊ တစ်ချိန်ချိန်ကျရင် ပြောဖြစ်မှာပါဆိုတာ”
“အဲဒီ တစ်ချိန်ချိန်က ဘယ်တော့လဲ၊ ငါသေမှလား… ဒါမှမဟုတ် မင်းသေမှလား”
ဟင့်အင်း ကိုခန့်။ မင်းဒေါသမထွက်ပါနဲ့ကွာ။ ငါ့စိတ်ထဲ မင်းကနားလည်ပေးနိုင်ဆုံး လူလို့ထင်ထားခဲ့ တာပါ။ ကျွန်တော့်စိတ်များ လှုပ်ရှားလျှက်ရှိတော့သည်။ ကျွန်တော် အချစ်ဆုံးလူများကို ကျွန်တော့် အကြောင်းပြောပြ၍မဖြစ်။ သူတို့ ကျွန်တော့်ကြောင့် စိတ်ဆင်းရဲ၍မဖြစ်။ သူတို့ပျော်ရွှင်ရမည်။ စိတ် ချမ်းသာနေရမည်။ ကျွန်တော့်ကို ဂရုဏာသက်မှုထက် ကျွန်တော့်ကို မုန်းတီးသွားခြင်းကိုပဲ ကျွန် တော်ရွေးချယ်ချင်ပါသည်။ ကိုခန့်က ကျွန်တော့်ကို သနား၊ ဇော့်ကိုပြောပြပြီး ဇော်ကလည်းကျွန် တော့်ကိုသနားပြီး ကျွန်တော့်ကိုဝိုင်းပြီး လူမမာတစ်ယောက်ကို ဖေးမ နှစ်သိမ့်ပေးမည့်အဖြစ်ကို ကျွန် တော်မလိုချင်ပါ။
“ငါတောင်းပန်ပါတယ် ကိုခန့်၊ ငါ့ကို ဖိအားမပေးပါနဲ့…”
ကျွန်တော်ဘယ်လိုစကားလုံးတွေနဲ့ သူ့ကိုနားဝင်အောင်ပြောရပါ့မလဲ။ သေချာတာ ကတော့ အခုချိန် ခြံထဲကိုပြန်ချင်သည်။ ကျွန်တော် သူတို့နှင့်ဆက်ရှိနေလျှင် ကျွန်တော့်အကြောင်းကိုသူတို့အတင်းနှိုက် ထုတ်ကြလိမ့်မည်။
“မင်းပြန်တော့ မိုးစွေ”
“ဟင်”
ကျွန်တော့်ဆုတောင်းပြည့်သွား၏။ သို့သော် ကိုခန့်က ကျွန်တော့်ကိုအထင်လွဲသွားခဲ့ပြီလားမသိတော့ ပါ။ သူ့မျက်နှာအရောင်ပြောင်းနေသည်။ ကျွန်တော့်ရင်ဘတ်ထဲတွင် သူနှင့် ဇော့်အတွက် စကားလုံး များတရစပ်ပြောနေမိတော့သည်။
ငါ့ကိုခွင့်လွှတ်ပါ။ ဇော်…..မင်း ငါ့အကြောင်းကို ကိုခန့်ကိုပြောမှာပေါ့လေ။ ရပါတယ် ဇော်ရာ။ မင်းငါ့ ကိုမြင်သလို မင်းချစ်သူဖြစ်တဲ့ ကိုခန့်ကိုလည်းမြင်စေတာမဆန်းတော့ပါဘူး။ သေချာတာကတော့ ငါ့ ရဲ့လျှို့ဝှက်ချက်ကို မင်းတို့ကိုမသိစေချင်ဘူး။
ရက်တိုနဲ့ နာတာရှည်ဆိုပြီးနှစ်မျိုးရှိတဲ့ ဒီ Leukemia (သွေးကင်ဆာ) ရောဂါအမျိုးအ စားမှာ ဘာလို့ နာတာရှည် (Chronic Leukemia) ကိုမှ ငါကရွေးဖြစ်ရတာပါလဲ။ မင်းကြောင့် ငါအသက်ရှင် ချင်ပေမယ့် မင်းကြောင့်ပဲငါ ဒီကမ္ဘာက အမြန်ဆုံးကွယ်ပျောက်သွားချင်တယ် ဇော်။
ကျွန်တော် နှုတ်ဆိတ်လျှက်ပြန်လာခဲ့သည်။
ရင်းငြိမ်နှင့်ရော်ဘာခြံခရီးက ခါတိုင်းထက် တိတ်ဆိတ်နေသယောင်ခံစားရသည်။ လူနေ အိမ်များ တောအုပ်တောတန်းများကို ဆိုင်ကယ်အရှိန်နှေးနှေးနှင့် ဖြတ်သန်းရင်း ရော်ဘာပင်တန်းများဆီ ကိုရောက်လာခဲ့သည်။ ဆိုင်ကယ်ကို မသိမ်းဖြစ်သေး။ သစ်လုံးအိမ်လေး ရှိရာကို တန်းမောင်း လာခဲ့၏။ ဟော… ရော်ဘာရွက်ကြွေတွေ လမ်းတစ်လျှောက်လုံး ထူ ပြောနေပြန်ပြီ။
“ဟင်…”
အိမ်ဘေးနားမှာ မီးဖိုလေးတစ်ဖို။ မီးဖိုဆိုတာထက် သစ်ရွက်ခြောက်တွေကို မီးရှို့ ထားတာဖြစ်သည်။ အိမ်နားတစ်ဝိုက်ကို လှည်းကျင်းသန့်ရှင်းထားတာဖြစ်သည်။ အိမ်တံခါး ပွင့်နေတာကိုတွေ့လိုက်ရ တော့ ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ တစ်ယောက် ယောက်အိမ်ထဲမှာ။
“ဘယ်သူလဲ…”
အထဲမှာအသံတချို့ကြားပြီး တံမြက်စည်းတစ်ချောင်းနှင့်ထွက်လာသည့် မြတ်ဦးမောင်။
“ညီလေးပါ အစ်ကို”
“ဟင်…မင်း၊ မင်းအိမ်သော့ဘယ်ကရတာလဲ”
“အစ်ကို့စားပွဲပေါ်ကယူလာတာ၊ သန့်ရှင်းရေးလုပ်ပေးမလို့ ရိုးရိုးသားသားယူလာ တာပါ အစ်ကို၊ ဒါပေမဲ့ … ဒီ… ဒီအခန်းထဲမှာ…”
“ဒါ ဘယ်သူ့ကိုမှပေးမဝင်တဲ့အိမ်လေးဆိုတာ မင်းမသိဘူးလား မြတ်ဦးမောင်၊ ပေသီး တို့မပြောပြဘူး လား၊ ဟင်… ဒါ ငါ့ကိုယ်ရေးကိုယ်တာအခန်းကွ၊ ဘယ်သူမှမဝင်ရဘူး၊ အထဲမှာ ဘာတွေတွေ့ခဲ့လဲ”
ကျွန်တော်စိတ်လှုပ်ရှားမိစွာ သူ့ပခုံးကို ကိုင်လှုပ်ပစ်မိသည်။ တော်တော်လေးလည်းဒေါသထွက်သွားမိ လေသည်။
“အစ်ကို့ရဲ့ လျှို့ဝှက်ချက်တချို့…”
“ဟာ…”
ကျွန်တော်အင်အားမဲ့သွားကာ ဒူးထောက်ထိုင်ချလိုက်သည်။ ဒီအိမ်လေးထဲကိုဝင် ပြီဆို ကတည်းက စပ်စပ်စုစုလိုက်ကြည့်နေမှာအမှန်။ အချစ်ဆုံးသူငယ်ချင်းကိုခန့်ကိုတောင် ပေးမဝင်ခဲ့ဘူး။ ရုတ်တရက် ပင် သူက တွေ့သွားပြီ။ ကျွန်တော်သူ့ကို ဘယ်လိုအပြစ် ပေးရမလဲ။
“အစ်ကို၊ ညီလေးကို ရွာထဲကလူတွေကပြောကြတယ်၊ သူစိမ်းယောက်ျားလေး က ဘာလို့အဲလောက် ကောင်းရတာလဲ၊ စေတနာတွေထားနေရာတာလဲတဲ့၊ အကြောင်းအ ရင်းတစ်ခုခုတော့ရှိရမယ်တဲ့၊ အဲဒါကို ညီလေးကျေနပ်တယ်အစ်ကို၊ အစ်ကို့ ဆီကိုလာပြီး ဝေယျာဝစ္စတွေလုပ်ပေးရတာကိုလည်း ညီလေးပျော်တယ်၊ အစ်ကို့အနားမှာ နေရတာ တစ်နေ့ထက်တစ်နေ့ပိုပြီး ပျော်ပျော်လာတယ်၊ အဲဒါ ဘာဖြစ်လို့လဲ”
“မသိ… ဘူး …”
မြတ်ဦးမောင်ကို အဲဒီလိုမျိုးစကားပြောတတ်မယ်၊ ပြောလိမ့်မယ်မှန်း ကျွန်တော်မထင်ထား ခဲ့ပါ။ ဒီကောင်လေးကို တကယ့်ညီလေးတစ်ယောက်အဖြစ်နှင်ပဲ ကျွန်တော်မြင်သည်။ တကယ်တော့ လူတွေဟာ လောကကြီးကို ကိုယ့်အမြင်တစ်ခုတည်းနှင့် တည်ဆောက်နေကြတာပဲလေ။
“အစ်ကို့ရဲ့ မေတ္တာ၊ စေတနာတွေကြားမှာ သာယာမိခဲ့တယ်၊ ဒီအခန်းထဲဝင်မိတဲ့ အခါမှာ ညီလေး ထင်တာတွေ တကယ်မဟုတ်မှန်းသိခဲ့ရတယ်၊ အစ်ကို ညီလေးကို တကယ် ချစ်တာလည်းမဟုတ်ဘူး၊ ပြီးတော့ အစ်ကို့မှာ…”
“မပြောနဲ့…”
ကျွန်တော်မကြားချင်ဆုံးစကား။ မပြောပါနဲ့ မြတ်ဦးမောင်ရယ်။ ပြီးတော့ သနားတဲ့ မျက်လုံးတွေနဲ့ လည်း မကြည့်ပါနဲ့။
“မင်း ငါ့ဒီုင်ယာရီကို ခိုးဖတ်တယ်…”
“ညီလေး အစ်ကို့စာအုပ်တွေကို ခိုးမဖတ်ဘူးအစ်ကို… အဟုတ်…”
ဒါဆို နံရံမှာချိတ်ထားတဲ့စာတွေ။ ဒီအိမ်လေးထဲ စဝင်ပြီဆိုမှတော့ အနည်းနဲ့အများ သိမှာပါပဲ…။
“မင်းသွားတော့ မြတ်ဦးမောင်၊ ဒီခြံထဲကို မလာနဲ့တော့”
မြတ်ဦးမောင် အံဩသွားပါသည်။
“အစ်ကို … အစ်ကို ဘာဆက်လုပ်မှာလဲ…”
ဘာသဘောနှင့် ဘာကိုမေးတာလဲ။ မြတ်ဦးမောင်သည် ကျွန်တော့်ရောဂါအကြောင်းကို ဂဃနဏ သိ သွားတာလားမပြောတတ်ပါ။
“ငါက ဘာကိုဆက်လုပ်ရမှာလဲ မြတ်ဦးမောင်၊ ငါဘယ်သူ့ကိုမှ ပေးမဝင်တဲ့နေရာကို စပ်စပ်စုစုဝင် ကြည့်သွားတဲ့ သူတစ်ယောက်ကို ကြည်ဖြူနေပြရမှာလား”
“ဒါပေမဲ့… အစ်ကို့မှာ”
“ငါတစ်သက်လုံး အခုလိုပဲကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးနေလာခဲ့တာပဲ၊ ဘာကို ဘယ်သူ့ ကို ဂရုစိုက်ရမှာလဲ၊ မင်းသွားပါတော့ မြတ်ဦးမောင်”
“ဟင့်အင်း … ညီလေး မသွား…”
“မင်းသွားတော့လို့ ပြောနေတယ်လေကွာ၊ ငါမင်းကို မတွေ့ချင်တော့ဘူး မြတ်ဦးမောင်၊ မင်းသွားပါ တော့၊ ငါ့ခြံထဲကနေ ထွက်သွားပါတော့”
“အစ်ကို့ကို ကျွန်တော် ချစ်တယ်”
“ဟာ”
သူပြောချလိုက်သည့်စကားက ကျွန်တော့်ကိုလုံးဝ ဆွံအသွားစေသည်။ အခုလိုအချစ်တွင်သူလုံးဝမ ပြောသင့်ခဲ့ပါ။ ကျွန်တော့်အကြောင်းအားလုံးကိုသိရှိသွားပြီးနောက်ပိုင်းတွင် သူကျွန်တော့်ကိုသနား စိတ်များဖြင့် အချစ်စိတ်ပိုလာခဲ့လေသလား။
“ငါ စိတ်မဝင်စားဘူး မင်းထွက်သွား”
“အစ်ကို ဘယ်လိုပဲ မောင်းထုတ် မောင်းထုတ် ညီလေးကတော့ လာဦးမှာပဲ၊ အခုဆိုရင် ပိုပြီးတော့ တောင်လာမယ်ဗျာ၊ အစ်ကို ညီလေးကို မရက်စက်ပါနဲ့”
“ငါတောင်းပန်တယ် မြတ်ဦးမောင်၊ မင်းသွားပါတော့”
သူမျက်ရည်များလှိမ့်ဆင်းလာကာ ဆိုင်ကယ်ကိုယူပြီးခြံထဲမှ တစ်ဟုတ်ထိုးမောင်းထွက်သွားတော့ သည်။ ကျွန်တော့်ဘဝအတွက် သံယောဇဉ်တွေ ဆက် နွယ်ခြင်းသည် ဆိုးကျိုးတွေပဲရလိမ့်မည်။ ငါ ဘာလုပ်ရမလဲ ဇော်။
Chronic Lymphocytic Leukemia (CLL) အသက်ကြီးသူများထံတွင်ဖြစ်တတ်သည့် သွေးကင်ဆာ။ Chronic Myeloid Leukemia (CML) အရွယ်ရောက်သူများတွင်ဖြစ်တတ်သည့်သွေးကင်ဆာ။ Acute Lumphocytic Leukemia (ALL) ကလေးများတွင်ပိုဖြစ်တတ်သည့် သွေးကင်ဆာ။ Acute Myeloid Leukema (AML) ကလေးရော လူကြီးတွင်ပါ ဖြစ်တတ်သည့် သွေးကင်ဆာ။
အဲဒီလေးမျိုး… အဲဒီလေးမျိုးဟာ ဘာလို့ကမ္ဘာလောကကြီးထဲကို ဆိုးရွားစွာဝင် ရောက်စေခဲ့ တာလဲ။
ဘယ်သူက ဖန်တီးခဲ့တာလဲ။
ကျွန်တော့်ဆီမှာရော ဘာလို့စွဲကပ်စေခဲ့ တာလဲ။
လေးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်… ဘာလို့ အချိန်ကာလကန့်သတ်ထားရတာလဲ။ ဆေးလည်းမကု၊ ရောဂါ လည်းမခံစားရဘဲ ချက်ချင်းသေစေလိုက်ပါလား။ Imatinib tablets တွေ။ အား… ကျွန်တော်အဲဒီ ဆေးတွေကို မုန်းလိုက်တာ။ ခံစားရတဲ့ Side Effect တွေကို လည်း မုန်းလိုက်တာ။ မရိုးနိုင်တဲ့ကုထုံး တွေကိုရော… မုန်းတယ်ဗျာ။ ဓါတ်ကင်တာ၊ ရိုးတွင်း ခြင်ဆီလဲတာတဲ့… ဘာတွေလဲ သွားစမ်းပါကွာ။
မင်းကိုငါ ချစ်နေဆဲပဲ… ဇော်။ ငါသေတဲ့အထိ ချစ်သွားမယ်။
>>>>>
ဆက်ပါဦးမည်။