(၂၀)
သူတို့နောက်ပဲ လိုက်သွားရမလား။ ဒီအတိုင်းပဲ ဆက်နေရမလား ဝေခွဲမရ။ ကျွန်တော်တွေဝေပြီးခဏ တာမျှငြိမ်သက်မတ်တပ်ရပ်နေမိသည်။ ရင်ခုန်နှုန်းများကလည်း မရပ်တန့်နိုင်သေး။ ဇော့်ကို မထင် မှတ်သည့်အချိန်တွင်မထင်မှတ်သည့်ပုံစံနှင့်တွေ့လိုက်ရသည့်အတွက် ကျွန်တော်ပျော်ရမလိုဝမ်းနည်း ရမလိုဖြစ်နေလေသည်။
ဇော့်ကိုချစ်ကြောင်းသက်သေပြရန်အတွက် ဇော်နှင့်ဝေးရာတွင်နေပြီး ဇော်မကြိုက်သည့်အလုပ်ကို အ ပြီးတိုင်စွန့်လွှတ်နိုင်ခဲ့သည်။ ဇော်ကျွန်တော့်ကို မမြင်လိုတော့သည့်အတွက် ဇော်နှင့်ဝေးရာကိုနေရန် ဆုံးဖြတ်ခဲ့သလို ဇော်မကြိုက်သည့်အလုပ်ကိုစွန့်လွှတ်ရန်လည်းဆုံးဖြတ်ခဲ့ခြင်းပင်။
ကျွန်တော့်စွန့်လွှတ်မှုအတွက် ဇော်သိစရာမလိုသလို ကျွန်တော့်အပေါ် စိတ်ပြန်လည်လာစရာမလိုပါ။ ဇော့်ကိုချစ်ခဲ့သည့် ကျွန်တော့်ချစ်အတွက် ကျွန်တော့်ပေးဆပ်မှုသက် သက်သာဖြစ်သည်။ ထို့အတွက် ကျွန်တော့်ကိုရူးမိုက်သူဟုပြောလျှင်လည်းခံရပါမည်။ ဇော်က ချစ်သူအသစ်ရနေပြီး ထိုသူမှာ ကျွန် တော့်အချစ်ရဆုံးသောသူငယ်ချင်းဖြစ်နေသည့်အတွက် ကျေနပ်ပါသည်။ သူတို့နှစ်ယောက်အဆင်ပြေ ပြေပေါင်းဖက်နိုင်ဖို့ ဆုတောင်းပေးရမည်။
“ဇော်..ငါ မင်းမျက်နှာလေးကို ငေးကြည့်နေချင်သေးတယ်”
ဆောင်းမနက်ခင်းသည် အလွမ်းတို့ဖြင့်ဝေခဲ့ရပြီ။ ရော်ဘာရွက်တို့သည် ကျွန်တော့်အလွမ်းတို့ဖြင့် ပေါင်းစပ်ကာ ပျင်းရိလေးတွဲစွာဖြင့် မြေပြင်ပေါ်သို့ဝဲလည်လည်ကျဆင်းကြွေသက်လျက်သာရှိနေ တော့သည်။
နောက်ဆုံးတော့ ကျွန်တော်သည် အိမ်ရှိရာဆီကိုပဲ လာခဲ့တော့သည်။ ရင်ထဲတွင်တော့ ဇော့်ကိုပြော ချင်သည့်စကားလုံးများပြည့်နှက်နေလေသည်။
ဇော်ရယ်။ မင်းငါ့ကို ဟန်ဆောင်ပြီးတော့ပဲဖြစ်ဖြစ် စကားလုံးချိုချိုနဲ့ပြောကြည့်ပါလား။ ငါ့ကိုအရင်ပုံစံ ချစ်စိတ်လေးနဲ့ နည်းနည်းလေးလေးပဲဖြစ်ဖြစ် ဆက်ဆံပေးကြည့်ပါလားဇော်ရယ်။ မင်းငါ့ကိုချစ်နေ သေးတယ်ဇော်။ ငါမင်း ရဲ့မျက်လုံးတွေကနေတစ်ဆင့်မြင်နေရတယ်ဇော်။
မင်းငါ့ကို ဘာလို့ချစ်နေသေးတာလဲ ဇော်။ ငါ့ကိုမမေ့နိုင်သေးလို့ပေါ့နော်။
ဇော့်အကြောင်းကိုတွေးပြီး ကျွန်တော့်လှိုက်ဖိုသောရင်များကို အတောမသတ်နိုင်သေးကာ အိမ်ပေါ် ကိုတက်လာခဲ့သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် အံအားသင့်ရပြန်သည်။ မြတ်ဦးမောင်၏ ရှိုက်ငိုနေသည့်မြင်ကွင်း ကို ကျွန်တော်ရုတ်တရက်တွေ့လိုက်ရသည်။
“ဟာ မြတ်ဦးမောင်၊ ညီ ဘာဖြစ်လို့လဲ”
သူက တီဗွီဖွင့်ထားရာကို ညွှန်ပြသည်။ ချမ်းချမ်း၏ “သိပ်ချစ်တယ်၊ အရမ်းမုန်း တယ်” DVD ခွေကို ဖွင့်ထားခြင်းပင်။ သူကြည့်နေသည့်သီချင်းက “ရင်မှာ မင်းတစ်ယောက်တည်း သီချင်း”။
“အဲဒီသီချင်း ကြည့်ပြီး ဝမ်းနည်းလို့”
“ဟင်း… ဖြစ်ရမယ်”
ငိုအားထက်ရယ်အားသန်သွားတော့သည်။
“မင်း ကွာ ငါ ဘူ နေပါတယ်ဆိုမှ”
ထိုသီချင်းကို စိုင်းညီနှင့် စံရတီမိုးမြင့်တို့ ကပါဝင် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ မြတ်ဦးမောင်က သီချင်းကို ပိတ်လိုက်ပြီး ကျွန်တော့်ကိုမေးခွန်းထုတ်ပြန်သည်။
“အစ်ကိုက ဘာကို ဘူနေတာလဲ”
“ထားပါ၊ မင်းသိလည်းဘာမှမထူးဘူး”
“ဒါဆို ကျွန်တော်မေးမယ်”
“ကဲ မင်း ငါ့ကို အလုပ်လာကူလုပ်ပေးတာလား၊ မေးခွန်းလာထုတ်တာလား”
“တကယ် သိချင်လို့ပါ အစ်ကိုရာ”
“ကဲ မေးကွာ”
“အဲဒီသီချင်းမှာ ကောင်မလေးက ဘာဖြစ်တာလဲဟင်”
ထိုသီချင်းအကြောင်းကို ကျွန်တော် ခဏစဉ်းစားလိုက်ရသည်။ အရမ်းချစ်ကြသည့်ချစ်သူနှစ်ဦးအ ကြောင်းကို ရိုက်ပြထားခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် စလိုက်နောက်လိုက်ဖြင့် ပျော် မြူးနေကြပုံကို ဒါရိုက်တာက ကနဦးရိုက်ပြသည်။ ထို့နောက် ကောင်မလေးထံတွင် သွေးကင်ဆာ ရောဂါရှိမှန်းမထင်မှတ်ဘဲသိလိုက်ရသည်။ ကောင်မလေးက သူ့ချစ်သူကောင်လေးစိတ်ထိခိုက်မည်ကို စိုး၍ အသိမပေးရက်ခဲ့။ ချစ်သူကို စိတ်မဆင်းရဲစေချင်၍ ချစ်သူ၏ဘဝထဲမှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ တော့သည်။ ကောင်လေး၏ အင်္ကျီပေါ် နှုတ်ခမ်းနီကို တိတ်တဆိတ်သုတ်ထားပြီး ပြဿနာရှာကာ လမ်းခွဲစကားဆိုသည်။ ထိုသီချင်းအဖြစ်အပျက်ကိုတွေးကာ ဇော့် ကိုသတိရသွားပြန်သည်။
စိုင်းညီနှင့် စံရတီမိုးမြင့်တို့၏ သရုပ်ဆောင်ပုံနှင့် သီချင်း၊ သံစဉ်၊ စာသားတို့က လိုက်ဖက်အသက်ဝင် လှသည်။
“သွေးကင်ဆာရောဂါ”
မြတ်ဦးမောင်၏ အမေးကို အေးတိအေးစက်ဖြေမိလေသည်။
“အဲဒီရောဂါက ကုမရဘူးလား အစ်ကို”
“ရောဂါ ပြင်းရင်တော့ ကုမရဘူး ညီလေး”
“ညီလေး စိတ်မကောင်းလိုက်တာအစ်ကိုရယ်၊ အရမ်းချစ်တဲ့ချစ်သူနှစ်ဦး အဲဒီ ရောဂါ ကြောင့် ခွဲရတာ ပေါ့နော်”
“ကလေးက ကလေးလိုနေစမ်းပါ မြတ်ဦးမောင်ရာ၊ အဲဒါရုပ်ရှင်ထဲမှာပဲရှိတာ ၊ အပြင်မှာ တကယ်မရှိ ဘူး၊ စိတ်ကူမယဉ်စမ်းနဲ့”
“အစ်ကို”
ချာတိတ်၏အသံက တိုးတိမ်ဝင်သွားသည်။ အဲဒီတော့မှ သူ့ကို ကျွန်တော် သေချာ ကြည့်ကာ စကား ပြောဖြစ်သည်။ သူက ကျွန်တော့်ကိုစိုက်ကြည့်ပြီး အလေးအနက်မေး၏။
“အစ်ကို့ဆီမှာ ရောဂါတစ်ခုခု ရှိမနေပါဘူးနော်..”
“ဟမ်.. ဘာ… ဘာလို့လဲ”
“အစ်ကို့ဆီမှာဆေးတွေအများကြီးပဲ၊ ပြီးတော့ အစ်ကို့ကို ကြည့်လိုက်ရင် အမြဲတမ်း နေမကောင်းတဲ့ပုံ ဖြစ်နေတယ်၊ ဒါပေမဲ့ လူတွေရှေ့မှာတော့ နေကောင်းချင်ယောင် ဆောင်နေသလားလို့“
“အာ.. ဒီကောင်တော့ ပေါက်ကရပြောတော့မယ် ၊ ငါဆေးသောက်တာက အအေးမိလို့”
သူ့ခေါင်းကို ခပ်ဆဆခေါက်ပစ်လိုက်မိသည်။ ဇက်ကလေးပုပြီး လျှာထုတ်ပြတော့ ကျွန်တော် သူ့ ဆံပင်ကိုဆွဲဖွလိုက်ပြန်သည်။ သူလုပ်စရာရှိသည့်အလုပ်များကို ဆက်လုပ်နေသည်။ တီဗီကိုဖုန်သုတ်၊ Stand အောက်ဘီးတစ်လုံးပြုတ်နေသည်ကို ဝက်အူလှည့်ဖြင့်ပြန်တပ်ရန်ပြင်ဆင်နေသည်။ သူအာရုံ ပြောင်းသွားပြီမို့ ကျွန်တော် အိမ်အောက်ကိုဆင်းရန်ပြင်လိုက်သည်။
ကိုခန့်နှင့် ဇော့်ကို စိတ်မချဖြစ်ကာ လိုက်သွားရန်လည်းစဉ်းစားမိပြန်သည်။
“အစ်ကို”
လှေကားထိပ်အရောက်တွင် မြတ်ဦးမောင်က လှမ်းခေါ်၍ နောက်လှည့်ကြည့်မိလိုက်၏။
“အင်း”
“ညီလေး ကလေးမဟုတ်တော့ဘူးဗျ”
ကျွန်တော် သူ့ခေါင်းကို သွားမထုရက်တော့။ သူဘာကိုဆိုလိုသလဲ ကျွန်တော်သဘောပေါက်လိုက်မိ ပြီဖြစ်သည်။ ကျွန်တော် အနေအထိုင်ဆင်ခြင်မှရတော့သည်။ အိမ်အောက်ဆီကိုသာဆင်းလာခဲ့တော့ ၏။
“ဆရာ…..ဆရာ”
ခြံအပြင်ဖက်ဆီမှ အပြေးတစ်ပိုင်းဝင်လာသည့် ပေသီးကိုတွေ့လိုက်ရသည်။
“ကျွန်တော် ဒီမှာ ပေသီး”
“ဆရာ.. ဆရာ့ ဆီကလာတဲ့ ဧည့်သည် အစ်ကိုလေ၊ လမ်းမမှာ ဆိုင်ကယ်တိုက်လို့ …”
ဟင်… ။ ကိုခန့်အတွက် စိုးရိမ်မိသွား၏။
>>>>>