“သူ…..မသိခဲ့လေသော..” အပိုင်း (၂)

(၂)
“ကောင်းစည်သူ၊ နင့်ကောင်ကတော့ ငါတို့ကိုယ်စားဟောပြောပွဲသွားနားထောင်ပေးတယ်ဟ၊ Presentation အတွက်လည်း ကောင်းကောင်းအထောက်အပံ့ပေးနိုင်မယ့် အချက်လေးတွေယူ လာတယ်”

ဖြူစင်၏ အပြောကြောင့် အံအားသင့်သွားရသည်။ ပြီးတော့ စိတ်လည်းတိုလှသည်။ နင့်ကောင် ဟု သုံးနှုန်းလိုက်သည့်အတွက် ဖြူစင်၏ မျက်နှာကို စားနေသည့်ကြာဇံကြော်ပန်းကန်မှ ခက်ရင်းဖြင့် လှမ်းရွယ်ကာ စလိုက်သေးသည်။

“ဘာ ငါ့ကောင်လဲ၊ မကြိုက်ဘူးနော်၊ ပေးချင်တဲ့မတ်ဆေ့ချ်ကဘာလဲ”

“နင့်ကိုသူကြည့်ကြည့်နေတာလေ”

“ယောင်္ကျားချင်းလား စိတ်မဝင်စားဘူး”

“မင်းစိတ်ဝင်စားတာ မစားတာတော့မသိဘူးသားလေး၊ အဲကောင်ကတော့ မင်းကို စိုက်စိုက်ပြီး ကြည့် နေတာငါလည်းမြင်နေရတယ်၊ တစ်ခါတစ်လေဆို အသိတောင်လွတ်နေသလားပဲ၊ အိန္ဒြေမဆည်နိုင် အောင်ကြည့်နေတာ၊ ပြီးတော့ မင်းသတိထားမိလား၊ တီချယ်မေလွင်ငြိမ်းတို့စကားပြောရင်တောင်သူ က ပြောချင်သလိုမပြောချင်သလိုပဲများနေတာလေ၊ ဟိုနေ့က မင်းနဲ့စကားပြောကတော့ ဖြောင့်နေ တာပဲမဟုတ်ဘူးလား”

“အော် တော်တော်ဖြောင့်တာဆိုတော့”

“ခါတိုင်းထက်ပိုပြီးအဆင်ပြေတယ်လေကွာ”

“ကဲထားပါတော့၊ သူငါ့ကိုကြည့်တယ်၊ အဆင်ပြေတယ်ပဲထားပါတော့၊ ငါတော့ ဒီကောင့်မျက်ခွက်ကို တစ်စက်ကလေးမှ မကြည့်ချင်သလိုပဲ”

“ဖြစ်တတ်ပါတယ် အစကတော့၊ မင်းတို့နှစ်ယောက်လိုက်တယ်ကွ”

“ဟာကွာ”

“ဟဲ့ ကောင်းစည်သူ တကယ်ပြောတာ၊ နင်တို့နှစ်ယောက်က ရုပ်ချင်းဆင်တယ်၊ ငါတို့ Ship လိုက်ရ တော့မလားပြော”

နန်းခမ်းလှိုင်ကို ဘုကြည့်ကြည့်လိုက်မိသည်။ သူတို့စကားဝိုင်းများတွင် မိုးစွေ၏အကြောင်းပါလာ တတ်သော်လည်း သူကတော့ မိုးစွေကို အကောင်းမမြင်နိုင်သေးပါ။ မသွားဘူးဟုငြင်းဆန်နေခဲ့သော် လည်း ထိုဟောပြောပွဲကို အားလုံးအတွက်တက်ပေးလာ မှတ်စုများယူလာပေးသည့်အတွက်တော့ သူ့ ကို အသိအမှတ်ပြုလိုက်မိသည်။ အဖွဲ့လိုက်စာအတူလုပ်ရမည့်အကြောင်းအရာတစ်ခုတည်းဖြင့်သာ သူနှင့်စကားပြောဖြစ်ခြင်းပင်။ ကျန်သည့်အချိန်များတွင်ဆိုပါလျှင် မိုးစွေရှိနေမှန်းတောင် သူသိပ်သ တိမပြုမိ။ မတော်တဆအကြည့်ချင်းဆုံပါကလည်း မျက်နှာလွှဲပစ်လိုက်မိသည်။ အပေါင်းအသင်းများ နှင့်တွေ့လေ့မရှိသည့်မိုးစွေသည် သူတို့အဖွဲ့ဆီကို ရုတ်တရက်ကြီးလာကာ စိတ်လိုလက်ရပူးပေါင်းပါ ဝင်မှုကိုတော့ အသိအမှတ်ပြုရပါသည်။

သို့သော်လည်းသူအပါအဝင် အားလုံး၏ အမြင်ကြည်လင်မှုကိုတော့မရရှိခဲ့ပါ။ တစ်ရက်တော့ ကျောင်း ကန်တင်းကအပြန် တောင်ငူဆောင်နားတွင် သူ့ကိုတွေ့လိုက်ကြ၍ နှုတ်ဆက်ဖြစ်ကြသည်။ အဓိက တော့ နန်းခမ်းလှိုင်ပေါ့။ နန်းခမ်းလှိုင်က မိုးစွေကို သဘောကျနေလိမ့်မည်ဟု သူထင်ထားခဲ့သည်။

“ဟိုမှာ မိုးစွေလေ၊ သွားနှုတ်ဆက်ကြမယ်၊ သူဘယ်သွားမလို့လဲမသိဘူး၊ အိမ်ပြန်မယ်ဆိုအတော်ပဲ လေ၊ ငါတို့ ကားကြုံလိုက်သွားကြမယ်
တားချိန်မရလိုက်။ နန်းခမ်းလှိုင်က စွတ်ခနဲထွက်သွားကာ မိုးစွေမတ်တပ်ရပ်နေရာကိုရောက်သွား တော့သည်။ သူတို့လည်း နောက်ကနေအုပ်စုလိုက်ကြီးလိုက်သွားဖြစ်ကြ၏။ မိုးစွေကတော့ ခပ်တည် တည်ပင်။ မျက်နှာကြောကိုက တင်းနေ၏။

“မိုးစွေ ဒါနင့်ကားမှလား”

သူနှင့် ဝေယံက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ဖြူစင်ကလည်း မျက်လွှာချထား လေသည်။ မိုးစွေက ခေါင်းညိတ်ပြ၏။ မိုးစွေက ရွှေဂုံတိုင်နားတွင်နေသည်ဟုသိထားကြသည်။ ကား များတစ်စီးပြီးတစ်စီးလဲသည့်အကြောင်း၊ ကောင်မလေးတော်တော်များများက စိတ်ဝင်စားနေကြ သည့်အကြောင်း၊ သကြားမေမေများ၏အချစ်တော်လည်းဖြစ်ကြောင်း စသည်ဖြင့် မိုးစွေ၏သတင်း များက မကြားချင်သော်လည်း အမြဲတမ်းကြားနေရသည်ပင်။ အတန်းထဲရှိ မိန်းကလေးအများစုက မိုး စွေအတန်းလာတက်သည့်အချိန်တွင် မသိချင်ယောင်၊ အဖက်မလုပ်ချင်ယောင်ဆောင်တတ်ကြသော် လည်း အတန်းပြီး၍ ကန်တင်းထိုင်ပြီဆိုပါက မိုးစွေမှ မိုးစွေ၊ မိုးစွေအကြောင်းမပါလျှင်စားမဝင်အိပ် မပျော်ကြသည့်အလားပင်။ တော်တော်ကြီး တရားကျစရာကောင်း၏။

သူတို့က ရွှေတိဂုံဘုရားကို စုသွားကြမည့်အစီအစဉ်မို့ လမ်းကြုံလျှင် မိုးစွေကားနှင့်လိုက်သွားကြရန် နန်းခမ်းလှိုင်က စွတ်စွတ်ရွတ်ရွတ် ကြံစည်ခြင်းဖြစ်သည်။

“နင် ပြန်မယ်ဆိုရင် ငါတို့ ရွှေဂုံတိုင်အထိလိုက်ခဲ့ချင်လို့ ရလား”

မိုးစွေ မျက်လုံးပြူးသွားသည်ကိုတွေ့လိုက်ရသည်။ အံအားသင့်နေပုံရသည်။

“ဟာ မဖြစ်ဘူး၊ ငါ…..ငါ အိမ်ကိုမပြန်သေးဘူး”

တမင်မခေါ်ချင်၍မှန်း သူသိပါသည်။ ဒီကောင့်အမူအရာများက လိမ်နေမှန်းအသိသာကြီးပဲ။ အိမ်ကို ပြန်မည်ဖြစ်ပြီး သူတို့အဖွဲ့ကိုမခေါ်ချင်၍ စိတ်ပုပ်၍ဖြစ်မည်။

“နန်းခမ်းလှိုင် နင်ကိုယ်ပိုင်ကားမစီးဖူးဘူးလား၊ နင်မို့သွားအာချောင်တယ်”

ဝေယံက နန်းခမ်းလှိုင်၏လက်ကိုဆွဲကာ ကန်တင်းဖက်ဆီကိုလျှောက်ခဲ့ကြသည်။ ကန့်လန့်ကောင်၊ အလကား အခြောက်တိုက်ဘဝင်မြင့်နေတာ၊ ကားမော်ဒယ်တစ်စီးပြီးတစ်စီးလဲပြီး ချေပြနေတာ။
မိုးစွေနေသည့်နေရာက ကွန်ဒိုအကျယ်ကြီး၊ သိန်းထောင်ချီတန်သည်ဟုလည်း ကြားဖူးသည်။ သူ့မိဘ က တော်တော်ကြီးချမ်းသာသည်ဟုလည်းပြောကြသည်။ နိုင်ငံခြားတွင်နေထိုင်ကြပြီး သူလိုအပ်သမျှ ကိုထောက်ပံ့ပေးနေကြသည်တဲ့။ သူ့အမေက လေးငါးလတစ်ကြိမ်ပြန်လာတတ်ပြီး သူ့ကိုလာပြီး အ ခြေအနေကို သုံးသပ်ဆုံးမတတ်သတဲ့။

“ဒါ ဟိုကောင်ပေးသွားတဲ့ခေါင်းစဉ်၊ အတန်းထဲမှာ ငါ့ကိုတွေ့တုန်းကလာပေးသွားတာ၊ မသိရင် ရည်း စားစာပေးတာကျနေတာပဲ၊ စာရွက်ထဲမှာ ရေးပြီး ရော့အင့်ဆိုတော့ ငါတောင်ကြောင်သွားသေးတယ်၊ ခပ်တည်တည်နဲ့ခေါင်းညိတ်ပြီးယူပြီးတော့မှ ဟာ ဒီကောင်ဘာလုပ်လိုက်တာလဲဆိုပြီးတွေးပြီးပြုံးမိ သေးတယ်”

ဝေယံက မိုးစွေပေးခဲ့သော စာရွက်ကိုဖြန့်ကာဖတ်ကြည့်လေသည်။

“Family Counselling with Children” ဟူသည့်ခေါင်းစဉ်ကို လက်ရေးဝိုင်းဝိုင်းဖြင့်ရေးထား၏။ Presentation အတွက်ပေးထားသည့်ခေါင်းစဉ်ပင်။

“အေးဟ သူ့ခေါင်းစဉ်လေးက မဆိုးဘူး၊ ငါတော့သဘောကျတယ်”

နန်းခမ်းလှိုင်ကို အားလုံးက ဘုတောကြည့်လိုက်ကြသည်။ ဇက်ပုသွားပြီး လျှာထုတ်ကာပြောင်ပြနေ လေ၏။ သူ့ခေါင်းစဉ်အောက်တွင် အကြောင်းပြချက်စာတစ်ကြောင်းကိုလည်းတွေ့ရသည်။
“ကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေကိုလေ့လာသုံးသပ်ဖို့၊ မိသားစုနဲ့သဟဇာတဖြစ်မဖြစ် အခြေ အနေကိုကြည့်ဖို့လိုအပ်တယ်၊ Child Development ရယ် Family Development ရယ် Cultural Relevancy ရယ်ပေါင်းစပ်ပြီး Presention မှာ ထည့်စေချင်တယ်” တဲ့။ မိုးစွေ၏စာကိုဖတ်ကာ သူတို့ လေးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ပြီးတော့ မေးဆတ်ပြလိုက် ကြ၏။ ငါတို့ရော ဘာလုပ်လာကြသလဲဆိုသည့်သဘော။ သေချာတာကတော့ တစ်ယောက်မျှခေါင်း စဉ်မရွေးရသေးပါ။ မိုးစွေကလွဲလျှင်ပေါ့။

“ငါတို့ ဘယ်သူမှ မရွေးရသေးရင် ဒီလိုလုပ်လေ၊ ဒီကောင်လာပေးတာလည်းမဆိုးဘူး၊ အဲဒီတော့ ဒီ ကောင့် ခေါင်းစဉ်ကိုပဲအတည်ယူလိုက်ကြမယ်၊ ဘယ်လိုလဲ”

အားလုံးက သူ့အကြံကိုခေါင်းညိတ်ကြသည်။ အသက်သာဆုံးသောအကြံအဉာဏ်ပင်မဟုတ်ပါလား။

“ဒါဆို ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး စရှာရတော့မှာပေါ့၊ ဟိုနေ့က သူပေးတဲ့ မှတ်စုတွေထဲမှာလည်းပါ မယ်ထင်တယ်၊ စာကြည့်တိုက်ထဲကို လူစုပြီးနှစ်ချိန်လောက်သွားလိုက်ရင်အဆင်ပြေမှာပါ၊ အေးဆေး ပါ၊ “Family Counselling with Children” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာဆရာမတွေကို နှစ်သိမ့်ပေးလိုက် မယ်”

“ငါတို့ကြားမှာ နှစ်သိမ့်ဆွေးနွေးပေးဖို့လိုနေတာက အဲဒီအကောင်ပဲ၊ အဲဒီမိုးစွေဆိုတဲ့ကောင်ကို လက်ချာတစ် ချိန်လောက်ပေးပြီး နှစ်သိမ့်ဆွေးနွေးရအောင်၊ သူလိုနေတာက ပေါင်းသင်းဆက်ဆံရေး၊ အပြော အဆိုတွေ”

ဝေယံက ပွစိပွစိရွတ်တော့ အားလုံးက ရယ်မောကာထောက်ခံသည်။

“နင်ကသူ့ကိုဘယ်လို နှစ်သိမ့်မှာလဲ”

“လူတောထဲမှာနေရင် လူ့ယဉ်ကျေးမှုဆိုတာနားလည်အောင်ပေါ့ဟာ”

“ဟဲ့ သူကဂေါက်နေတာ၊ တစ်ကန့်လွတ်နေတာကို ဘယ်လိုနားလည်အောင်ရှင်းပြရမတုန်း”

“အမလေး၊ သူလား လွတ်နေမှာ၊ အလကား အဲကောင်အားလုံးသိတယ်၊ မသိချင်ယောင်ဆောင် ပြီး အရူးခွက်နင်းတာလို့ပဲ ငါထင်တယ်၊ အခုနကလည်း ဘာမှ လမ်းမှာဝင်စရာမရှိဘူး၊ သူအိမ်ပြန်တာ၊ ငါ တို့ကိုတမင်မခေါ်ချင်လို့လုပ်သွားတဲ့အကွက်တွေ၊ ကောင်းပါတယ်၊ ကန်တင်းထိုင်ပြီးမှ ဘုရားတက် လို့ရအောင်ကံကြမ္မာကစီစဉ်ပေးလိုက်တယ်လို့ပဲမှတ်ပါတယ်”

သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်ပြောနေကြတာကို ကြည့်ပြီး မိုးစွေအကြောင်းတွေးမိလေ သည်။ သူ့နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ရှိရမည်။ သူရုပ်တည်ကြီးနှင့်နေပြီး အားလုံးကို စ ကားမပြောချင်သလို ပြောချင်သလို လုပ်နေရသည့်အကြောင်းတစ်ခုခုတော့ရှိနိုင်ပါသည်။ မိုးစွေသည် လည်းလူငယ်တစ်ယောက်ပေပဲ။ သူတို့လိုပဲ အပေါင်းအသင်းမင်တတ်မည်။ ပျော်တတ်ပါးတတ်မည်။ ဟိုသွားလိုက်ဒီလာလိုက်လုပ်ချင်မည်။

“အေး ငါထင်တာကတော့ သူက အနုပညာအသိုင်းအဝိုင်းကမို့လို့ ချေနေတာလားမသိ”

“ဟယ် ကောင်းစည်သူဇော်ရယ် နင်ပြောတာပြောင်းပြန်ကြီး၊ အနုပညာသမားဆိုရင်ပိုပြီး ဆက်ဆံရေး ကောင်းရမှာမဟုတ်ဘူးလား၊ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ငါတို့ရဲ့ အသုံးချစိတ်ပညာဒီပလိုမာကို စိုင်း စိုင်းခမ်းလှိုင်လာတက်သေးတယ်တဲ့၊ အတန်းထဲမှာ အားလုံးနဲ့ခင်တယ်၊ ကန်တင်းလည်းတူတူထိုင် ကြတယ်တဲ့၊ ကဲ သူကရော စိုင်းစိုင်းခမ်းလှိုင်လောက်နာမည်ကြီးလို့လား”

“ကြီးရင်ကြီးမှာပေါ့၊ ငါတို့က အခုခေတ်နာမည်ကြီးအနုပညာရှင်တွေကိုမသိဘူးလေ၊ နင့်စိုင်းစိုင်း ခမ်းလှိုင်က အဖွားရယ်၊ အမေရယ်၊ သမီးရယ် မျိုးဆက်သုံးဆက်လောက်ဖြစ်နေလို့ သိတာလေ”

“နင်နော် ငါ့စိုင်းစိုင်းကို မထိနဲ့”

“ဘယ်မှာထိလို့လဲ”

“နင်ထပ်ပြောရင် ငါ လုပ်မှာ ကောင်းစည်သူ”

“ကဲပါ တော်ကြပါတော့၊ နင်တို့ပြောသလို နာမည်ကြီးအနုပညာရှင်မဟုတ်ဘူး၊ သူက Mr ပြိုင်ပွဲတစ် ပွဲပဲဝင်ပြိုင်တာ၊ အဲမှာတင် ဆုရသွားလို့ လူတွေသိသွားကြတာ၊ အနုပညာလှုပ်ရှားမှုလည်းသိပ်မလုပ် ဘူး၊ ကမ်းလှမ်းရင်လည်း လက်မခံဘူးလို့ကြားတယ်၊ ဘောစိလေ”

“ဒီလိုပဲ ပြောမှာပေါ့၊ ဒီအကွက်ကရိုးနေပြီ”

“အေး ငါလည်း နားမလည်ဘူး၊ သူက လူကြားထဲမှာ ထင်ပေါ်ကျော်ကြားချင်တဲ့သူတစ်ယောက်ဖြစ် နေသလို တစ်ဖက်ကလည်း လူတွေနဲ့သိပ်မပတ်သက်ချင်တဲ့ပုံစံလည်းဖြစ်နေတယ်၊ ဘာလဲတော့သေ ချာမသိဘူး”

“ငါတို့နဲ့ အချိုးပြေပြေစကားပြောဖို့ပဲလိုတယ်”

“အခု ပြေနေပါပြီဟ”

မိုးစွေထံတွင် ခိုင်လုံသောအကြောင်းပြချက်တစ်ခုခုရှိပါလိမ့်မည်။ ဒီပလိုမာကျောင်းသားဆိုတာက အတန်းထဲတွင်နာရီပိုင်းသာတွေ့ရတတ်တာမဟုတ်လား။ အတန်းပြီးလျှင်လည်း သူတို့လိုအလုပ်မရှိ အကိုင်မရှိသူများကလွဲလျှင် တော်တော်များများက သူတို့၏လုပ်ငန်းခွင်ကို အပြေးအလွှားသွားကြရ သည်ပင်။

မိုးစွေအကြောင်းကိုတော့ သူစိတ်ဝင်စားစပြုလာပါသည်။ တွေးကြည့်လေ သိချင်လေဖြစ်လာပါ သည်။ သို့သော် သူသည် မိုးစွေကို ကြည့်မရပါ။
သူကြည့်မရသော မိုးစွေနှင့် ထိပ်တိုက်တွေ့ဆုံရသည့်အဖြစ်အပျက်တစ်ခုလည်း တစ်ရက်တွင်ကြုံ လာခဲ့လေတော့သည်။
>>>>>
ဆက်ပါဦးမည်။