“သူ…..မသိခဲ့လေသော..” အပိုင်း (၁၉)

(၁၉)
အဲဒီနေ့က ရော်ဘာရွက်တို့ ခါတိုင်းနေ့တွေထက်ပိုပြီး ကြွေကျခဲ့၏။ ရင်းငြိမ်၏ ဆောင်းမနက်ခင်း သည်လည်း ပိုပြီးအေးချမ်းဆိတ်ငြိမ်နေသည်။ ရွက်ကြွေများကို တံမျက် စည်းကြမ်းနှင့် လှည်းထုတ် နေစဉ်မှာပဲ ဇော်ရောက်လာခဲ့ပါသည်။
ဒါပေမဲ့ တစ်ယောက် တည်းမဟုတ်ပါ။ ကိုခန့်နဲ့။
ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ကိုခန့် ခေါ်လာခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မြတ်ဦးမောင်သည်လည်း မနက်ငါးနာရီခွဲလောက်ကပင် ရောက်လာပြီး ကျွန်တော့်အတွက် မနက်စာအတွက် ပြင်ဆင်ပေး၊ ဝေယျာဝစ္စတွေလုပ်ပေးနှင့်တစ်ဖက်ကလည်း သီချင်းခွေဖွင့် နားထောင်ရင်း ရှိလေသည်။
ဆောင်းတွင်းမို့ ခါတိုင်းထက်ပိုအေးလျှက်ရှိကာ ကျွန်တော့်အရိုးအဆစ်များသည် တစ်ဆစ်ဆစ်ကိုက် ခဲလာသည်။ တစ်ခါတစ်ရံ တစ်ကိုယ်လုံးနာကျင်လာသည့် ဝေဒနာကိုလည်းခံစားရလာသည်။ ရောဂါ ၏ နောက်ဆက်တွဲလား၊ ရာသီဉတုကြောင်းလား မပြောတတ်သော်လည်း ကျွန်တော့်အချိန်များက တော့ တစ်ဖြည်းဖြည်းလျော့နေသည်ကတော့ အသေအချာပင်ဖြစ်တော့သည်။ ရော်ဘာရွက်ကြွေတို့ ကိုလှဲကျင်းရင်း စုပုံကို မီးရှို့၊ သစ်ကိုင်းခြောက်တစ်ချို့ကိုပါ မီးပုံထဲထည့်ကာ မီးလှုံမည်ဟုစဉ်းစားနေ စဉ်မှာပဲ ဇော် ရောက်လာခဲ့ပါသည်။ မေ့ပျောက်နိုင်အောင်ကြိုးစားနေသည့်အခိုက်အတန့်တွင် ပါးစပ် အဟောင်းသားဖြစ်အောင် အံအားသင့်စေခဲ့ရသောအချိန်လည်းဖြစ်သည်။
“မိုးစွေ”
ရင်းငြိမ်ကနေ ပြန်သွားတာမကြာသေး။ ထပ်ရောက်လာတာမို့ကျွန်တော် အံ့သြတ ကြီးနှင့် ကိုခန့်ကို လှမ်းကြည့်စဉ်တွင်ပဲ သူ့အနောက်မှာရှိနေသည့် ဇော့် မျက်နှာကို သေချာမြင် ရတော့သည်။
“ဇော်”
တီးတိုးရေရွက်မိသည်။ ဟုတ်ပါတယ်။ ဇော်မှ ဇော်ပဲ။ ကျွန်တော် ဘယ်လိုလုပ်မေ့နိုင်ခဲ့မှာလဲ။ မနေ့ တစ်နေ့ကလို အဖြစ်အပျက်တို့သည် ပူးနွေးလျက်ရင်ထဲတွင်ကိန်းအောင်နေဆဲပင်။
ဇော်ကရော။
ဇော်သည်လည်း ကျွန်တော့်ကိုမြင်လိုက်ရသည့်အတွက် အံအားသင့်သွားသော မျက်နှာအမူအရာဖြစ် သွားခဲ့သည်။ ဇော့်မျက်နှာပြောင်းလဲသွားပုံအရ ဇော်သည် ကျွန်တော် ဒီနေရာ၌ရှိနေခြင်းကို ကြိုတင် သိရှိထားခြင်းမရှိခဲ့။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိသည်။
ဘုရား .. ဘုရား။
ဇော့်မျက်ဝန်းထဲတွင် ချစ်ခြင်းတရားကို ကျွန်တော်မြင်နေရသည်။ ဇော်သည်လည်း ကျွန်တော့်ကိုချစ် နေဆဲပင်။ ဟုတ်တယ်ဇော်။ မင်းငါ့ကိုချစ်ခဲ့တာပဲလေ။ ဘယ်လိုပဲမုန်းတယ်ပြောပြော မင်းငါ့ကိုတ ကယ်ချစ်ခဲ့တာပဲမဟုတ်လားဇော်ရာ။
“ဟေ့ကောင်”
ကိုခန့်က ကျွန်တော့်လက်မောင်းကို ခပ်ဆတ်ဆတ်ရိုက်ရင်း ခေါ်လိုက်တော့မှ အသိပြန်ဝင် လာ သည်။
“ငါမိတ်ဆက်ပေးမလို့၊ ဒါ ငါ့ချစ်သူလေ၊ အပေါင် (ပေါင်) ကိုလာရင်း မင်းဆီ ဝင်တွေ့တာ..”
“ဟင် ဘယ်လို ကိုခန့်”
“ငါ ချစ်သူလို့၊ ငါပြောနေတဲ့ တစ်ယောက်၊ ငါရဲ့ တစ်သက်တာလုံးအတွက်တစ်ယောက်”
ကိုခန့်ပြောပြောနေသည့် နောက်ဆုံးတစ်ယောက်ဆိုတာ ဇော်ပေါ့။ ဇော်သည် ကျွန်တော့်ကိုစိုက် ကြည့်နေဆဲဖြစ်သည်။ ကျွန်တော်ကလည်း ဇော့်ကိုမကြည့်ဘဲဘယ်နေနိုင်ပါ့မလဲ။ မမျှော်လင့်သော ဆောင်းမနက်ခင်းတစ်ခုအတွင်း ဇော့်ကို ကျွန်တော်ရုတ်တရက်ကြီးပြန်တွေ့လိုက်ရပြီ။
မြတ်ဦးမောင်ဖွင့်ထားသည့် သီချင်းသံလေးက ကျွန်တော်တို့ရှိရာနေရာဆီကိုပျံ့လွင့်လာသည်။ ချမ်းချမ်းသီဆိုထားသည့် သီချင်းအေးအေးလေးတစ်ပုဒ်။ ရာသီဉတုနှင့်အတူ သီချင်းသံက ရင်ဘတ် ထဲ စိမ့်ဝင်သွားတော့သည်။
“အပြောင်းလဲမြန်တဲ့ နင်အချစ်ကို… အန္တရာယ်ရှိမှန်းငါသိနေလည်း… ရှေ့တိုးပြီး တော့ချစ်မိတယ်… နောင်တရဖို့မသိပါလား. … အမှားနဲ့အမှန်… အဖြူနဲ့အမည်း…. မခွဲခြား နိုင်အောင်ချစ်နေတယ် … ငါလိုချင်တဲ့အချစ်များ မင်းလက်ထဲမှာပဲ..”
ကျွန်တော် ကိုခန့်ကို ပြုံးပြလိုက်သည်။ ထို့နောက် စကားပြောရန် အားယူလိုက်၏။
“မင်းပြောတဲ့… သဝန်တိုတတ်တဲ့… မင်းလည်း အရမ်းချစ်ရတဲ့ ချစ်သူဆိုတာ”
“ဟေ့ကောင် … မဖွနဲ့၊ ငါ့အသဲက ရှက်တက်တယ်..”
ကျွန်တော် ဟန်ဆောင်ကောင်းမည်တော့ မဟုတ်ပါ။ ဒါပေမဲ့ ဇော့်ကိုမသိချင် ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ မော်လမြိုင်ကို ဘယ်လိုလုပ်ရောက်နေတာလဲဇော်။ ကိုခန့်ပြောလို့ မော်လမြိုင် ကချစ်သူဆိုတာ မော်လမြိုင်ကတစ်ယောက်ပဲလို့ထင်ထားခဲ့တာ။ အခုတော့။
“ဟိုအရင်လို နင်ချစ်သေးရဲ့လား… ငါအရင်လိုချစ်ဆဲမင်းကို… ဆွံ့အမနေပါနဲ့ နှုတ် ခမ်းတွေ… ဖွင့်ဟဝန်ခံပါချစ်တယ်… ဟိုအရင်လို နင်ချစ်သေးရဲ့လား… ငါအရင်လိုချစ်ဆဲ မင်းကို… မှိတ်လို့နေတဲ့မျက်လုံးတွေ… ဖွင့်ကြည့်ပါလားရင်ထဲက… ငါ့အချစ်များ…”
“အရင်လိုချစ်ဆဲမင်းကို” သီချင်းသံနှင့်အတူ ဇော် ကျွန်တော့်ကို ကြည့်နေသည့်အကြည့်များက ချို မြိန်စွာရင်ထဲစိမ့်ဝင်သွားသည်။ သို့သော် …
“ကိုခန့်”
ဇော်က ကိုခန့်ကို ကျွန်တော့်လိုပင် ကိုခန့်ဟုခေါ်ပါသည်။
“မင်းပြောတဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာ မိုးစွေကိုပြောတာလား”
“ဟုတ်တယ်လေ၊ သဲတို့ချင်းက သိကြတာလား”
ကျွန်တော်က ခေါင်းခါရန်ဟန်ပြင်လိုက်သော်လည်း ဇော့်စကားသံများက တရစပ်ထွက်လာခဲ့သည်။
“သိပ်သိတာပေါ့၊ ငါတို့ဒီပလိုမာသင်တန်းကတည်းက သိကြတာ၊ ရန်ကုန်တက္ကသိုလ် မှာပေါ့”
“ဟား .. မိုက်တာပေါ့၊ ငါကစိုးရိမ်နေတာ၊ ဒီမှာတစ်ရက် နှစ်ရက်နေပြီး ဘုရားဖူး မှာဆိုတော့ မိုးစွေနဲ့ သဲနဲ့ စိမ်းနေသေးတော့ အဆင်ပြေပါ့မလားလို့… တော်သေး”
“ဟင့်အင်း၊ ငါ မနေနိုင်ဘူး ကိုခန့် ၊ မော်လမြိုင်ကို ချက်ချင်းပြန်ကြစို့ ”
“ဘာလို့လဲ”
“ဒီနေရာ….ဒီပတ်ဝန်းကျင်ကို သနလို့..”
ကျွန်တော့်မျက်နှာအမူရာ ချက်ချင်းညှိုးကျသွားတာကို ကိုခန့် သတိထားမိသွား သည်။
“သဲ မင်းဘာပြောလိုက်တာလဲဟင်”
“သူရှိတဲ့ ပတ်ဝန်းကျင်ကို ငါသနတယ် ကိုခန့်၊ ငါမနေချင်ဘူး”
“ဟာ …ကောင်းစည်သူ…မင်းကွာ မိုးစွေကို အားနာစရာ”
ဇော်၏ အကြည့်များက ချစ်ခြင်းတရားအငွေ့အသက်များကိုဖုံးကွယ်ကာ အမုန်းတရားဆီကိုချက် ချင်းပြောင်းလဲသွားလေသည်။
“ကိုခန့်….မင်း မိုးစွေအကြောင်းကိုဘယ်လောက်သိထားလဲဟင်၊ သူမင်းကို သူ့အကြောင်းပြောပြဖူး သလား၊ သူဟာ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်စရာကောင်းတဲ့ကိစ္စကိုလုပ်နေတဲ့သူတစ်ယောက်ဆို တာကော မင်းသိလား”
ဇော် ကျွန်တော့်ကိုဘယ်ကတည်းပြောချင်နေခဲ့သည်မှန်းမသိအောင် အငြိုးထား၍တရစပ်ပြော နေလေတော့သည်။ သူ့အချစ်ကိုလှည့်စားခဲ့သည့်အတွက် ဇော်ပြောခွင့်ရှိပါသည်။ သို့သော် ကျွန်တော် ဇော့်ကို မလှည့်စားခဲ့သလို ယနေ့ထိတိုင်တစ်ရက်မှ မေ့မရခဲ့သည်က သစ်လုံးအိမ်သက်သေရှိပါသည်။
“မင်းနဲ့ ငါ နှစ်ယောက်တည်းကျမှ ပြောလို့ရတယ်လေ သဲရာ”
“ငါ ဟန်မဆောင်နိုင်ဘူး ကိုခန့်၊ သူ့လို အောက်တန်းကျတဲ့လူတစ်ယောက်အတွက်”
“ကောင်းစည်သူ မင်းတော်တော့၊ ဒါ ငါ့သူငယ်ချင်းအရင်းကြီးကွ”
ကိုခန့်၏ လေသံက ထင်ထားသည်ထက်ပိုကျယ်သွားခဲ့သည်။
“အေး မင်းသူငယ်ချင်းအကြောင်းကို မင်းသိအောင်မေး၊ ပြီးတော့ မင်း သူနဲ့ဆက်ပြီးသူငယ်ချင်းဖြစ် နေမယ်ဆိုရင် ငါ့ကိုလည်းဖြတ်လိုက်တော့၊ ဘယ်တော့မှလည်းမတွေ့တော့ဘူးကိုခန့်”
“တောက်”
ဇော် ထွက်သွားသည်။ ရော်ဘာခြံအပြင်ဖက်ဆီကို။ ရော်ဘာခြံနှင့်ဝေးရာဆီကိုဖြစ်လိမ့်မည်။
“မိုးစွေ….. ငါတောင်းပန်ပါတယ်၊ မင်းတို့ချင်းနားလည်မှုလွဲနေတာဖြစ်မယ်”
“သားကြီး မင်းငါ့ကို ဘာမှမပြောပါနဲ့၊ သူ့နောက်ကိုလိုက်သွားပါ၊ မကောင်းဘူးလေ၊ ငါတို့က နယ်မြေ ကျွမ်းကျင်တယ်၊ သူက ဧည့်သည်ကွ၊ လိုက်ပြီး သေချာချော့လိုက်ပါ၊ ငါ့ကို စိတ်ထဲမထားနဲ့၊ ငါတို့ နောက်မှ အေးဆေးစကားပြောလို့ရတယ်ကိုခန့်”
“မိုးစွေ…မင်းနဲ့”
“ကဲ ကိုခန့် မင်းစကားတအားများတယ်ကွာ၊ ဟိုမှာ ဇော်…..ကောင်းစည်သူဇော်က အဝေးကြီး ရောက်သွားပြီးလမ်းလည်နေရင် အချင်းချင်းရှာမတွေ့ဘူးဖြစ်နေမယ်၊ မြန်မြန်သွားပါဟ”
“အေးအေး ငါ ပြန်လာခဲ့မယ်”
ဇော်သည် ရော်ဘာပင်တန်းများကိုဖြတ်၍ ကားလမ်းမရှိမည်ဟုမှန်းဆထားရာနေရာဆီကိုပြေးသွား ခဲ့လိမ့်မည်။ ရုတ်တရက် ဇော့်ကိုတွေ့လိုက်ရ၍ ခန္ဓာကိုယ်တစ်ခုလုံးဗြောင်းဆန်သွားသလိုခံစားရမိ ကာ ရင်ဘတ်များတဒိန်းဒိန်းခုန်လာခဲ့သည်။
ကျွန်တော်ဘာလုပ်ရမလဲမသိတော့။
>>>>>
ဆက်ပါဦးမည်။