“သူ…..မသိခဲ့လေသော..” အပိုင်း (၁၈)

(၁၈)
နိုဝင်ဘာ (၂၆)
“အစ်ကို၊ အစ်ကို မိုးစွေ၊ အစ်ကို မိုးစွေ”
နာမည်လှမ်းခေါ်သံကြောင့် ကျွန်တော်လန့်နိုးလာသည်။ နာရီကို လှမ်းကြည့်လိုက် တော့ မနက် ခြောက်နာရီတောင်မထိုးသေး။ ကျွန်တော့်ဘေးနားမှာ ကိုခန့်ကတော့ တခေါ ခေါနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
မြတ်ဦးမောင်၏ အသံမှန်းသိလိုက်သည်။ ခြံထဲအထိတောင်လိုက်လာသည်ဆိုသောအသိကြောင့် တစ်ခုခုထူးခြားနေမှန်းရိပ်မိလိုက်သည်။ အိပ်မှုန်စုန်ဖွားဖြင့် အိမ်အောက်ကို ပြေးဆင်းသွားမိ၏။
“အစ်ကို … ညီလေးကိုကယ်ပါဦး”
ချမ်းအေးသည့်မနက်ခင်းမှာတောင် ချွေးစတစ်ချို့ကို သူ၏နဖူးပေါ်တွင် တွေ့ရ သည်။ ဘာဖြစ်လာ ပြန်တာပါလဲ။

“ဘာဖြစ်လို့လဲ”
“အဖေ၊ အဖေ ညီလေးကို လိုက်ရှာနေတယ်၊ ဓါးတစ်ချောင်းနဲ့ လိုက်ခုတ်မယ်လို့လည်းငြိုးနေတယ်၊ အိမ်နားကလူတွေတားလည်းမရဘူး၊ ကယ်ပါဦး အစ်ကို”
“သူက ဘာဖြစ်လို့လဲ”
“အလုပ်ကရတဲ့ပိုက်ဆံကိုမပေးလို့တဲ့၊ တကယ်တော့ အမေ့ကိုအကုန်ပေးလိုက်ပြီးသားကို သူ့ကိုမပေး လို့ဆိုပြီး ပြဿနာရှာနေတာ၊ အဖေက ဆေးများကြောင်နေသလား၊ အရက်များကြောင်နေသလား မသိဘူး၊ ဒေါသကြီးလာရင် အဲလိုလုပ်တယ်၊ သူများကို မလုပ်ဘူး၊ ညီလေးတစ်ယောက်ကိုပဲလုပ်တာ”
စကားလည်းပြော ငိုလည်းငိုဖြစ်နေသည့်သူ့ကို ကျွန်တော် သက်ပြင်းချကာကြည့်နေမိသည်။
“ဘာလုပ်ဖို့တဲ့လဲ ပိုက်ဆံက”
“အရက်”
“ကျွတ်”
စိတ်ပျက်သွားမိသည်။ အရက်၏ကျေးကျွန်တစ်ယောက်ဟာ မိဘမေတ္တာကိုတောင် မသိ တတ်တော့။ ခြံထဲက ရော်ဘာစေးခြစ်နေသည့်သူများတောင် အလုပ်မသိမ်းရသေး။ မြတ်ဦးမောင်၏ ပူပင်သောက က ကျွန်တော့်ခန္ဓာကိုယ်ထဲ စောစောစီးစီးကူးစက်လာတော့၏။ ဒီချာတိတ် တောက်လျှောက်စိတ် ဆင်းရဲနေလျှင် အချိန်ကြာလာပါက စိတ်ဒဏ်ရာဖြစ်သွားနိုင်သည်။
“ညီလေးမှာ နည်းနည်းပါးပါးတော့ စုထားတာရှိပါတယ်၊ ဒါပေမဲ့ ဒီမနက်ခင်းက ဆွမ်းကြီးလောင်းပွဲရှိ တော့ လှူချင်ဒါန်းချင်သေးတယ်ဗျာ၊ ဆောရီး အစ်ကို၊ အစ်ကို့ကို အပူလာပေးတာတော့မဟုတ်ပါဘူး၊ ကျွန်တော်လည်း ပြေးစရာနေရာတွေလိုက်ပြေးရင်းနဲ့ အစ်ကို့ဆီကိုရောက်လာခဲ့တာ”
မျက်ရည်စများကို လက်ခုံနှင့်သုတ်ကာငိုနေသည့် သူ့ကို ကျွန်တော်ကပခုံးကိုခပ်ဆဆလေးပုတ်၍ နှစ်သိမ့်ပေးလိုက်မိသည်။ ကိုခန့်လည်း နိုးလာပြီး ကျွန်တော်တို့ရှိရာဆီကိုရောက်လာခဲ့သည်။ မျက်စိ များကို ပွတ်သပ်ရင်း “ချာတိတ်…..ဘာဖြစ်လာတာလဲ” ဟု လှမ်းမေးလေသည်။
“လာ”
ကျွန်တော် တစ်ခုခုကိုဆုံးဖြတ်လိုက်ကာ မြတ်ဦးမောင်၏ လက်ကိုဆတ်ခနဲဆွဲခေါ်ပြီး ခြံပြင်ကိုထွက် သွားလိုက်သည်။
“ဟေ့ ဟေ့ နေဦး၊ ဘယ်လဲ၊ ငါလဲလိုက်မှာပေါ့”
ကိုခန့်က အပြေးတစ်ပိုင်းလိုက်လာ၏။
“သူ့အဖေကိုသွားကောမလို့”
“အာ… မိုးစွေ၊ မင်းကတော့ ပေါက်ကရလုပ်တော့မယ်။ ငါတို့ကအပြင်လူတွေကွ၊ သားအဖချင်း ပြသနာ ဘာတတ်နိုင်မှာလဲ၊ ဖြေရှင်းပေးနိုင်သလောက်ပဲ ဖြေရှင်းပေးရ မှာ”
ကိုခန့် ကျွန်တော့်ကိုတားသည်။
“အဲဒါဆို ဘာလုပ်ရမှာလဲ”
“သူလိုချင်တဲ့ပိုက်ဆံကို လှူတဲ့သဘောဆိုပြီး ကြည့်ကောင်းအောင်ပေးလိုက်ကြတာပေါ့၊ မြတ်ဦး မောင်ရဲ့အနားမှာတော့ ဆွမ်းကြီးလောင်းပွဲပြီးတဲ့အထိ ငါတို့နေပေးကြတာပေါ့၊ ချာတိတ် မင်းကလေ အိပ်ရေးကိုပျက်တယ်၊ စောစောစီးစီးလာငိုနေတာ”
ကိုခန့်က မြတ်ဦးမောင်ကို ဂရုဏာကြည့်ဖြင့် ရွှတ်နောက်နောက်ဆူလိုက်သည်။
“အေး ကိုခန့် မင်းပြောမှ ငါသတိရတယ်၊ မင်းရော ငါရော မျက်နှာမသစ်ရသေးဘူး၊ ရေမိုးချိုးပြီး အ ဝတ်အစားတစ်ခါတည်းလဲသွားရအောင်”
“အေးပြီးရော၊ ငါတော့ ရေမချိုးနိုင်ဘူး မင်းပဲချိုး”
မြတ်ဦးမောင်ကိုခြံထဲပြန်ခေါ်လာကာ ခဏထိုင်ခိုင်းပြီး နှစ်ယောက်သားပြင်ဆင်ရသည်။ ကိုခန့်က မြတ်ဦးမောင်အကြောင်းကို ကျွန်တော့်ကိုခပ်တိုးတိုးလေးရှင်းပြသည်။
“ငါနဲ့ ဒီချာတိတ်ခင်တဲ့အချိန်အတွင်းသုံးသပ်ရရင် တော်တော်လေးရည်မွန်တယ်ကွာ၊ လိမ်မာတယ်၊ သူအလုပ်လုပ်တဲ့ဆီဆိုင်ကလည်း သူ့ကိုခင်ကြတယ်၊ ဒီချာတိတ်မှာ ဒီလောက်ကြီးဆိုးရွာတဲ့နောက်ခံ မိသားစုရှိလိမ့်မယ်လို့မထင်ထားဘူး၊ မိဘကိုလည်းသူက သိတတ်ရက်သားနဲ့”
အဝတ်အစားသန့်သန့်ကိုလဲပြီး ဆိုင်ကယ်ဖြင့်ပင် မြတ်ဦးမောင်တို့အိမ်ဆီကိုလာခဲ့ကြသည်။ အိမ်ကို ရောက်သည့်အခါ မကျေမချမ်းမျက်နှာပေးကိုယ်စီဖြင့် သူ့မိဘများကိုတွေ့လိုက်ရ၏။
“လာဦး …မင်း”
သူ့ကိုမြင်လိုက်သည်နှင့် လက်ကိုဆတ်ခနဲဆွဲ ပြီးဇက်ပိုးတစ်ချက်အုပ်လိုက်လေ သည့် မြတ်ဦးမောင် ၏ဖခင်ဖြစ်ဟန်တူသူကို ကျွန်တော်ရော ကိုခန့်ပါ မျက်မှောင်ကြုတ်ကြည့်လိုက်ကြ၏။ ကျွန်တော် တားမည့်ဟန်ပြင်နေတုန်းမှာပဲ ကိုခန့်က ဟိုလူ၏လက်ကို လှမ်းဆွဲ ထားပြီးဖြစ်လေသည်။ ချာတိတ် ကို နောက်တစ်ချက် ထပ်မရိုက်ရအောင် တားလိုက်ခြင်း ပင်။
“ကျွန်တော် တောင်းပန်ပါတယ် ဦးလေး၊ သူ့ကို ထပ်မရိုက်ပါနဲ့တော့”
အဲဒီလူမျက်နှာ အရောင်ပြောင်းသွားသည်။
“မင်းတို့ကဘယ်သူတွေလဲ”
“သူ့ မိတ်ဆွေတွေပါ၊ ဆွမ်းကြီးလောင်းပွဲအတွက် မြတ်ဦးမောင် အကူ အညီတောင်းထားလို့ပါခင်ဗျ”
ကျွန်တော်တို့ကို အကဲခတ်သည့်ပုံစံနှင့်ကြည့်သည်။ ထိုလူက ဘာမျှမပြောတော့။ သားဖြစ်သူကို တော့ မင်းတွေ့မယ်ဟူသည့် အကြည့်ပြင်းပြင်းနှင့်ကြည့်ကာ လှည့်ထွက်သွားရန်ပြင်သည်
“ဦးလေး ခဏ”
ကိုခန့်က သူ့ကိုတားလိုက်သည်။
“ကျွန်တော်လေ…အလှူအဒါန်းလေးလုပ်ချင်လို့ အဲဒါ ဦးလေးလက်ခံမလားဟင်”
ကိုခန့်က အိတ်ကပ်ထဲကနေ တစ်သောင်းတန်နှစ်ရွက် ကိုထုတ်ပေးလိုက်တော့ အဲဒီလူမျက်နှာ အရောင်းတစ်မျိုးပြောင်းသွားသည်။
“အဲဒါ ဘာသဘောလဲ”
“ဟို … ဦးလေးအတွက်ပါ၊ အခါကြီး ရက်ကြီးမှာ အလှူပြုတာပါ ”
“အာ … ငါက အလှူခံမဟုတ်ဘူးကွ၊ သူများပေးစာကမ်းစာ စားတဲ့ကောင်များ အောက်မေ့နေလား၊ ငါအခြေအနေက အဲလောက်မဆိုးဘူးထင်တယ်နော်”
“ဟာ … အဲလိုသဘောမျိုး မဟုတ်ပါဘူး၊ ဆောရီးပါ ဦးလေးလက်မခံဘူးဆိုရင်လည်း….”
“နေဦး”
အဲဒီလူလှမ်းတားလိုက်ပြန်သည်။
“မင်းတို့ကုသိုလ်ရအောင် ငါယူလိုက်ပါ့မယ်”
ကိုခန့်လက်ထဲက ပိုက်ဆံကို ဖျတ်ခနဲယူပြီးထွက်သွားလေတော့၏။
“ကဲ …..ချာတိတ်၊ မင်းဆွမ်းကြီးလောင်းပွဲအတွက် ပြင်တော့”
မြတ်ဦးမောင် အဝတ်အစားလဲ၊ ပြင်ဆင်နေသည်ကို ကျွန်တော်တို့နှစ်ယောက်စောင့်လိုက်ကြသည်။
တစ်နှစ်တစ်ခါဒေသပွဲတော်တစ်ရပ်မို့ ရင်းငြိမ်တစ်ရွာလုံးက တတ်အားသရော ပါဝင်တတ်ကြပါသည်။ တော်တော်ကြီးလည်းစည်ကားသည်ဟုပြောစမှတ်တွင်ကြသည်။ သို့သော်လည်း ရင်းငြိမ်၏ဆွမ်းကြီး လောင်းပွဲက မော်လမြိုင်မြို့နှင့်ယှဉ်ပါက မကြီးမားလှပါ။ ရွာလုံးကျွတ်ဆင်နွဲကြသည့်ပွဲမို့ ကျိတ်ကျိတ် တိုးတော့ စည်ကားတတ်ပါသည်။
မနက်ပိုင်းဆွမ်းလောင်းပွဲတော် ကျင်းပပြီးနောက် ညနေပိုင်းမှာတော့ ရွာလုံးကျွတ် စတုဒီသာပွဲ တော်ရှိသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း တက်စားနိုင်သည်။ တစ်အိမ်က မော်လမြိုင်မုန့်ဟင်းခါး၊ တစ်အိမ်က ဖာလူဒါ၊ ရွှေရင်အေး၊ ကြာဆံကြော် စသည်ဖြင့် စတု ဒီသာအမယ်မျိုးစုံကိုစားနိုင်မည်ဖြစ်သည်။
ညပိုင်းကတော့ ပွဲစျေးတန်း၊ ဗလာပွဲ (ဇာတ်) တို့ကြည့်နိုင်မည်။ ကျွန်တော်နှင့် ကိုခန့် တို့ အလှူဒါန ပြုပြီး မြတ်ဦးမောင်ကလည်း လုပ်အားကုသိုလ်အဖြစ် ပါဝင်သော ဆွမ်းကြီး လောင်းပွဲကတော့ စည် ကားသိုက်မြိုက်စွာပြီးဆုံးသွားခဲ့ပါသည်။ အပြီးတွင် ကျွန်တော်တို့နှစ်ယောက် မြတ်ဦးမောင်တို့၏အိမ် ကို လိုက်သွားဖြစ်ကာ သူ့မိဘများနှင့်စကားပြောရန်စောင့်နေခဲ့သည်။
သူစိမ်းများအနေဖြင့် မိသားစုအရေးကိုဝင်ရောက်စွက်ဖက်တတ်ခြင်းက အမြင်မသင့်တော်သော် လည်းမြတ်ဦးမောင်အတွက်တော့ ကျွန်တော်တစ်ခုစဉ်းစားထားပါသည်။ ကျွန်တော့်လက်ကျန်အချိန် အတွင်း အဓိပ္ပါယ်ရှိဆုံးသောအလုပ်တစ်ခုကို လုပ်ခဲ့ချင်လေသည်။ ထိုအတွေးသည် အရင်ကတည်းက ရှိနှင့်ခဲ့သော်လည်း ဘာလုပ်ရမှန်းမသိခဲ့။ မည်သို့သောအလုပ်ကိုလုပ်ခဲ့ရမလဲမတွေးတတ်။ မြတ်ဦး မောင်ကိုတွေ့လိုက်သည့်အချိန်တွင်တော့ ကျွန်တော်ဘာလုပ်ချင်နေခဲ့သလဲဆိုသည့်အချက်ကိုသေ ဘာပေါက်တတ်ခဲ့သည်။
“မြတ်ဦးမောင်ကို ကျွန်တော်တို့ရဲ့ ညီလေးအရင်းတစ်ယောက်လိုသဘောထားချင်ပါတယ်ခင်ဗျာ”
ကိုခန့်၏စကားက ကျွန်တော့်ရင်ထဲအထိနွေးထွေးသွားခဲ့သည်။ ဒီကောင် ဒီလိုစိတ်လည်းရှိသားဟု တွေးမိကာ အပြစ်တင်ခဲ့သည်များကိုအားနာသွားမိသည်။ ကျိတ်လည်းလေးစားသွားမိသည်။ ကိုခန့် ပြောသည့်စကားကို သူတို့သဘောပေါက်ကြဟန်မတူပါ။
“အဲဒီတော့…မောင်ရင်က”
“ဒီလိုပါ၊ မြတ်ဦးမောင်က ဆယ်တန်းနားထားတာလို့သိရတယ်၊ ကျွန်တော်သူ့ကိုကျောင်းဆက်ထား ပေးချင်တယ်၊ ကျောင်းစရိတ်တွေလည်းအကုန်တာဝန်ယူပါ့မယ်”
“ဘာကြောင့်လဲ”
“ဟို…..ကျွန်တော်တို့က မြတ်ဦးမောင်နဲ့လည်းခင်တာကြာပြီလေ၊ ဒီကလေးက လိမ်မာပြီးမိဘအပေါ် လည်းတော်တော်သိတတ်တယ်၊ ပညာကိုဆုံးခန်းတိုင်အောင်သင်ပြီး လစာကောင်းကောင်းအလုပ်နဲ့ သူ့မိဘကိုပြုစုစောင့်ရှောက်ချင်တဲ့စိတ်သူ့မှာရှိနေတယ်ဆိုတာကို ကျွန်တော်တို့သိထားတယ်၊ အဲဒီအ တွက် တတ်နိုင်သလောက်ထောက်ပံ့ချင်တဲ့သဘောပါ၊ မိုးစွေ မင်းပြောဦးလေ”
ကိုခန့်က ကျွန်တော်နှင့်တိုင်ပင်မထားဘဲ ကျွန်တော်ပြောချင်သည့်စကားများကို ပြောပေးခဲ့သည်။ ကျွန်တော် မြတ်ဦးမောင်ကို ထိုသို့ထောက်ပံ့ချင်နေမှန်းလည်းသူက တွက်ဆပြီးပြောပုံရသည်။
“ကျွန်တော်က ဒီရွာသားတစ်ပိုင်းဖြစ်နေပြီဆိုတော့ မြတ်ဦးမောင်ကို ကျွန်တော့်ဆီမှာအလုပ်လုပ်ပြီး ကျောင်းတက်ခိုင်းချင်တဲ့သဘောပါ၊ ပြီးတော့ သူလက်ရှိ အိမ်မှာထောက်ပံ့နေကျပုံစံအတိုင်းလည်း မ ပျက်ကွက်စေရပါဘူး”
“သွေးမတော်သားမစပ်ပဲနဲ့လေ”
“ဟုတ်တယ် သွေးမတော်သားမစပ်ဘဲနဲ့လေ”
“မြတ်ဦးမောင်က ကျွန်တော်တို့ရဲ့ ညီလေးလိုဖြစ်နေပါပြီဗျာ”
အဆင်ပြေအောင်ရှင်းပြရန် ကျွန်တော်တို့တာဝန်မဟုတ်လား။ မြတ်ဦးမောင်၏ ဘဝကို ကျွန်တော် တကယ်သနားမိခြင်းပင်။ အခြားမည်သည့်စိတ်မျှမရှိ။ ကျွန်တော်က တစ်ကောင်ကြွက်ရှင်သန်လာနိုင် ပေမယ့် မြတ်ဦးမောင်က ကျွန်တော့်လိုဘဝမျိုးမဟုတ်။ မိဘလောင်းရိပ်ရှိသည်။ သို့သော် ထိုလောင်း ရိပ်က ခါးသက်လွန်းသည်။ ခါးသက်မှုကိုမခံနိုင်သောအခါ စိတ်ထွက်ပေါက်ရှာသည်။ ထွက်ပေါက်မှာ သေခြင်းတရားမှန်း ကျွန်တော်မြင်လိုက်ရသည့်အခါ တော်တော်ကြီးအံအားသင့်ခဲ့ရပါသည်။ အခြေအ နေက ကျွန်တော့်ထက်ဆိုးရွားခဲ့သည်။ လောကဒဏ်ကို သူ ကျွန်တော်လောက်မကြုံရသော်လည်း ကျွန်တော့်ထက်ပိုပြီးခံနိုင်ရည်မရှိ။
“ဝမ်းသာစရာပဲပေါ့ မောင်ရင်တို့ရယ်”
နောက်ဆုံးတော့လည်း မိစောငယ်ကို ကူညီဖေးမစောင့်ရှောက်ခွင့်ရရှိခဲ့ပါသည်။ သူ့မိဘ အပါအဝင် ပတ်ဝန်း ကျင်တချို့ကလည်း ဘာသဘောနှင့် အခုလိုမျိုး လာပြော ကြတာလဲ ဆိုပြီး သံသယဖြစ် ကောင်းဖြစ်မည်။ သို့သော် လူတစ်ချို့ကတော့နားလည်ပါလိမ့်မည်။ ချာတိတ်၏ ဒုက္ခများကို နား လည်သူတချို့ပေါ့။
မိဘရင်ခွင်ဟာ နွေးထွေးမှုမရှိဘဲ ခါးသက်နေတာလောက် ဆိုးရွားတာ ဘယ်မှာရှိဦးမှာလဲ။
“အကုန်လုံးကို ငါတာဝန်ယူမှာ ကိုခန့် မင်းက ဒီနေရာကိုတစ်ခါတစ်လေမှရောက်တာ၊ မြတ်ဦးမောင် တို့နဲ့လည်း အမြဲမပြတ်တွေ့မှာမဟုတ်တော့ သူ့လိုအပ်ချက်ကို မင်းမသိနိုင်ဘူးလေ”
“မိုးစွေရယ်၊ ဘာတွေလောဘကြီးနေတာလဲ၊ ငါလည်း ဒီချာတိတ်ကို တကယ်ကူညီချင်တာပါကွာ၊ ဒီ လိုလုပ် ငါမင်းကို ငွေပမာဏတစ်ခုပေးမယ်၊ ငါတတ်နိုင်သလောက်ပေါ့၊ မင်းနဲ့ငါ အတူတူလှူတဲ့သ ဘောပေါ့ကွာ၊ မင်းကတော့ တစ်သက်လုံးအမ်းနိုင်မယ့်စပွန်ဆာကြီးပေါ့၊ ငါကတော့ မင်းလောက်မ အမ်းနိုင်ဘူး”
“ဟာ ဟေ့ကောင် မင်း ပေါက်ကရတွေနော်”
ကိုခန့်က သူ့အပြောကို သူသဘောကျပြီး တဟားဟားရယ်သည်။ ထို့နောက် မြတ်ဦးမောင်တို့ကို အိမ် ဆိုင်ငယ်တစ်ဆိုင်ဖွင့်ပေးရန် အကြံပေးဖြစ်ကြသည်။ အရင်းအနှီးအားလုံးကို ကျွန်တော်တို့နှစ် ယောက်စိုက်မည်ပေါ့။ ထိုသို့စိုက်ခြင်းကိုလည်း သူတို့မိသားစုနှင့် ကျွန်တော်တို့နှစ်ယောက်ကလွဲလျှင် မည်သူမျှမသိစေရ။ သို့သော် မြတ်ဦးမောင်တို့အိမ်ဘေးရှိ ရွာလူကြီးကိုတော့ ခြွင်းချက်အဖြစ်ပေးသိ စေသည်။
ဆိုင်ကရရှိလာသည့် အမြတ်အစွန်းသည် မြတ်ဦးမောင်၏ စီမံခန့်ခွဲမှုအောက်တွင်သာရှိစေရမည်ဖြစ် ပြီး ဆိုင်ပေါ်တင်ထားမည့်ပစ္စည်းများကို သူ့မိဘများ၏ ကိုယ်ရေးကိုယ်တာအတွက် လုံးဝထိတွေ့ပိုင် ခွင့်မရှိစေရ။ ထိုအချက်ကိုတော့ ရွာလူကြီးက ထိန်းကျောင်းကူညီပေးရန်သဘောတူခဲ့ပါသည်။
“မင်းတို့ကို ဘုရားမတာပဲ”
ထိုလူကြီးကလည်း သဘောအကျကြီးကျလျက်နေတော့သည်။ အိမ်စီးပွားရေးလည်းရ၊ မြတ်ဦးမောင် လည်းကျောင်းတက်ခွင့်ရသည်မို့ ချာတိတ်တစ်ယောက်အပျော်ကြီးပျော်နေသလို မိခင်ဖြစ်သူက လည်းသဘောကျလျက်ရှိတော့သည်။ ဖခင်ဖြစ်သူကတော့ မသိကျိုးကျွံသာပြုနေခဲ့၏။ မည်သို့ပင်ဆို စေကာမူ ကျွန်တော်တို့တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီး ဖြစ်သည်။
ကျွန်တော့်လက်ကျန်အချိန်များတွင် ဆယ်ကျော်သက်အရွယ်ချာတိတ်တစ်ယောက်၏အသက်ကို ကယ်ရင်း သူ့ဘဝအတွက် တစ်စိတ်တစ်ပိုင်းထောက်ပံ့ခြင်းကို ကိုခန့်နှင့်အတူ စေတနာသန့်သန့်ဖြင့် လုပ်ပေးခဲ့ခြင်းပါပဲ။ ဇော်မသိခဲ့သော စာမျက်နှာတစ်ဖက်တွင် ကျွန်တော်သည် ကိုယ်ကျင့်တရားမ ကောင်းသောသူတစ်ယောက်ဖြစ်ခဲ့သည်။ လိင်ကျေးကျွန်တစ်ယောက်အဖြစ် ကိုယ်မလုပ်ချင်ဘဲလုပ် ရသည့် အလုပ်ကို ဇွတ်မှိတ်လုပ်တတ်ခဲ့သည်။
ဒါပေမဲ့…..ဇော်။
ဇော် သည် ကျွန်တော့်ကိုတော့ ဘယ်တော့မှခွင့်လွှတ်မည်မဟုတ်ပါ။ သူခွင့်မလွှတ်နိုင်သော ကိစ္စ၊ လူအများစုနားမလည်နိုင်သော ကိစ္စများ ကျွန်တော့်ဘဝတွင် ဖြစ်ပျက်ခဲ့သည်မဟုတ် လား။ ဇော့်ကို ကျွန်တော်တကယ်ချစ်မြတ်နိုးခဲ့တာပါ။ ဇော့်နေရာတွက် အစားထိုးဖို့ကလည်း မည်သူမျှရှိမည်မဟုတ် သလို ဇော့်ကိုလည်း ကျွန်တော်ဘယ်တော့မျှမေ့၍ရလိမ့်မည်မဟုတ်။
မြတ်ဦးမောင်ကတော့ ဖြူစင်သည့်ချစ်ခြင်းများနှင့်သာ ကျွန်တော်ရင်းနှီးခဲ့ခြင်းပင်။
အရာအားလုံးစီစဉ်ပေးပြီးသည့်နောက်ပိုင်းတွင်လည်း ကိုခန့်က မပြန်သွားခဲ့ပါ။ ကျွန်တော့်ခြံထဲတွင် ပျော်ပျော်ကြီးနေမြဲပင်။ သူ့ချစ်သူကို သတိရကြောင်းတော့ ရင်ဖွင့်တတ်ပါသည်။
“ဖုန်းအဆက်အသွယ်လည်းမလုပ်ဘူး၊ လိုင်းပေါ်လည်းမတက်ဘူး၊ ဒီမှာပဲ နောက်သုံးလေးရက် လောက်နေဦးမယ်၊ တက်ပလေ့စေ ပြဿနာတွေ”
“မင်းကလည်းကွာ၊ ဟိုဖက်က စိတ်ပူနေမှာပေါ့”
“ပူပလေ့စေ အချိန်တန်ရင် သူ့ကို မရမကချော့လိုက်ရုံပဲ၊ တောင်းပန်မယ်လေ၊ ချစ်သူတွေပဲကွာ၊ စိတ် ဆိုးခွင့်ရှိတာပဲ၊ ဒီတစ်ခါတော့ သူ့ကို မှတ်လောက်သားလောက်အောင် လုပ်မှဖြစ်မယ်”
“ကိုခန့်၊ မင်းတော်တော်ရက်စက်တဲ့ကောင်ပဲ”
“ငါက ချစ်တာကိုး”
“မဆိုင်တာပါကွာ”
မြတ်ဦးမောင်သည် ကျွန်တော့်ခြံထဲကို တစ်ပတ်သုံးရက်ရောက်လာတတ်ပြီး ဝေယျာဝစ္စများလုပ် ပေးတတ်ပါသည်။ ကိုခန့်ရော ကျွန်တော်ပါ သူနှင့်အတော်လေးရင်းနှီးခဲ့ကာ တကယ့်ညီအရင်းလေး တစ်ယောက်လိုပင်ဖြစ်နေတော့သည်။
“ငါမနက်ဖြန် ပြန်တော့မယ်၊ မော်လမြိုင်ကိုလာလည်၊ အေး မင်းဆိုင်ကရောင်းကောင်းတယ်ကြား တယ်၊ နှစ်ရက်အတွင်းမှာ လာဝယ်တာ ကျိတ်ကျိတ်တိုးပဲဆို၊ ဘောစိဖြစ်သွားရင်မမေ့နဲ့ကြားလား”
“ကိုဘုန်းခန့်ကတော့ နောက်တော့မယ်၊ ဒါနဲ့ တကယ်ပြန်တော့မှာလား၊ ဒီကိုခဏခဏတော့လာ လည်မယ်မဟုတ်လား၊ ကောင်မလေးခေါ်ခဲ့လေ”
“ကောင်မလေးမရှိဘူးကွာ၊ ကောင်လေးပဲရှိတယ် ငါ့ကောင်လေးကို ခေါ်ခဲ့မယ်”
“တွေ့ဖူးတာပေါ့”
မြတ်ဦးမောင် ကျွန်တော်တို့ခြံထဲကိုလာသည့်အချိန်တွင် ဆိုင်ကို မိခင်ဖြစ်သူနှင့်လွှဲထားခဲ့သည်ဟု ဆိုသည်။ ထိုချာတိတ်ကို ညီလေးတစ်ယောက်ကဲ့သို့ ဖြူစင်စွာချစ်ရင်း၊ ခြံအလုပ်များကို မပြတ်လုပ် ရင်း အာရုံစုစည်းကာ ဇော့်ကိုမေ့နိုင်အောင်ကြိုးစားခဲ့ပါသည်။ ကျွန်တော့်အတွက် အနည်ထိုင် အသား ကျအောင်လုပ်ယူနေခဲ့ခြင်းပင်ဖြစ်သည်။
ဒါပေမဲ့…..ဇော်။ ကျွန်တော်သည် ဇော့်ကိုမထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ရပါသည်။ ဇော်မသိ အောင် ရှောင်ပုန်းနေခဲ့ပြီးမှ၊ ဘယ်သူ့မှမသိလောက်တဲ့နေရာမှာ ဇာတ်မြှပ်နေထိုင်ကာမှ… ကျွန်တော် ရှိရာကို ဇော် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပဲဖြစ်သည်။
ဘုရား ဘုရား။ ကျွန်တော် ဒီတစ်သက်မဆုံတော့ဖို့ ဖန်တီးခဲ့တာတောင်မှလေ။
ဇော်လာခဲ့သည်။ အဲဒီနေ့ … အဲဒီနေ့ကပေါ့ …. ။
>>>>>
ဆက်ပါဦးမည်။