“သူ…..မသိခဲ့လေသော..” အပိုင်း (၁၇)

(၁၇)
နိုဝင်ဘာလ ၂၅ ရက်နေ့၊ ညနေ
ရော်ဘာခြံထဲကို ကိုခန့်ရောက်လာခဲ့သည်မို့ အရင်နေ့များလောက် အထီးကျန်မဆန်ခဲ့ပါ။ လူတို့၏ ကျန်းမာရေးသည် စိတ်နှင့်တိုက်ရိုက်သက်ဆိုင်ခဲ့မှန်း ကျွန်တော်ရင်းငြိမ်တွင်နေထိုင်ရင်းသဘော ပေါက်လာခဲ့မိ၏။ တစ်ယောက်တည်း အိမ်ထဲတွင် ဟိုလုပ်ဒီလုပ်ရင်းဖြတ်သန်းခဲ့ရသောနေ့ရက်များ၊ ပျင်း၍ ရော်ဘာခြစ်လုပ်သားများနှင့်အတူ ရောဘာခြစ်၊ အလုပ်ဝိုင်းလုပ်သည့်နေ့ရက်များ၊ သစ်လုံး အိမ်ထဲတွင် အချိန်ဖြုန်းခဲ့သည့်နေရက်များ ဒုနှင့်ဒေးပင်။ ထိုရက်များအားလုံးတွင် ဇော့်ကိုလွမ်းသည့် အလွမ်းကတော့ မပျောက်ပျက်နိုင်ခဲ့ပါ။
တကယ်တမ်းတွင် ဇော်သည် ကျွန်တော့်ဘဝထဲတွင် အခိုက်အတန့်မျှရှိခဲ့ခြင်းပင်။ ထိုအချိန်ခဏက ကျွန်တော့်အတွက် တစ်သက်မမေ့စရာအချစ်တို့ကို ယူဆောင်လာနိုင်စွမ်းရှိခဲ့ခြင်းက ဇော့်ကိုကျွန် တော်တကယ်ချစ်သည့်သက်သေဟုပင်ဆိုရမလားမသိတော့ပါ။

ကိုခန့်ရောက်လာသည့်နေ့ရက်များတွင်တော့ ကျွန်တော့်အိမ်ကလေးက စိုပြည်လာသည်။ ဒီကောင် နှင့် မော်လမြိုင်တွင် ခဏတာအတူနေရသည့်အခိုက်အတန့်တုန်းကတော့ သူလည်းအလုပ်သွား၊ ကျွန် တော်လည်း ခြံဝယ်ရန်၊ အခြေချရန် အမြန်သွက်သွက်လုပ်နေရသည်မို့ အလုပ်ရှုပ်နေသည့်ရက်ကများ နေခဲ့သည်။
“မင်း အေးအေးနေပြီးမှ မော်လမြိုင်ပြန်ပေါ့”
ကိုခန့်ကြောင့် ကျွန်တော်မပျင်းရတော့။ သူထားခဲ့သည့်ရည်းစားများအကြောင်းကို စီကာပတ်ကုံး ပြောပြရင်းအချိန်ကုန်မှန်းမသိကုန်ဆုံးခဲ့ကြသည်။ ထမင်းစားချိန်ရောက်တော့လည်း ခြံလုပ်သားများ မိသားစုချက်ပေးသည့် ထမင်းနှင့်ဟင်းကိုအခန့်သင့်ထိုင်စား၊ ညနေပိုင်းဆိုလျှင် ခြံထဲဝိုင်းလေးဖွဲ့ရင်း သာယာနေသည်ဟုဆိုရမည်ပင်။ ကျွန်တော့်ရောဂါကလည်း မေ့မေ့ပျောက်ပျောက်ရှိနိုင်သည်ဟုဆိုရ မည်။ ဆေးပုံမှန်သောက်၊ ဝေဒနာတစ်ခုခုများခံစားလာရလျှင် ကိုခန့်မသိအောင်ကျိတ်မှိတ်နေထိုင်ရ ၏။
ကိုခန့်က သူ့ကောင်လေးများနှင့်ဘယ်လိုပုံစံချိန်းတွေ့ကြောင်း၊ သူ့ကို ချာတိတ်တော်တော်များများက ဘယ်လိုလှည့်စားကြောင်း အစရှိသည်ဖြင့် သိုင်းလောကအရှုပ်တော်ပုံကို အာဘောင်အာရင်းပြောပြ တတ်သည့်အခါ စိုပြည်သောနေရာလေးဖြစ်နေတော့သည်။ ခြံ၏အပြင်ဖက်ဆီကိုထွက်ချိန်တောင် သိပ်မရှိ။
၂၅ ရက်နေ့ညနေပိုင်းရောက်မှ ကျွန်တော်တို့နှစ်ယောက် ရွာထဲရောက်လာခဲ့ သည်။ တစ်ရွာလုံးနီးပါး သည် ဆွမ်းကြီးလောင်းပွဲအတွက် ပြင်ဆင်နေကြသည်။ ပွဲလမ်းသဘင်တွေ၊ ပွဲစျေးတန်းတွေလည်း ရှိပုံရသည်။
“မိုးစွေ၊ ည ငါတို့ဇာတ်ကြည့်မလား၊ ဗလာပွဲတဲ့”
ကိုခန့်က ဆိုင်ကယ်နောက်မှ ကျွန်တော့်ပခုံးလှမ်းပုတ်ရင်း ပြောသည်။
“တော်ကွာ၊ ကလေးကလား”
“ဟင်း၊ မင်းကတော့လုပ်ပြီ… ကဲ အခုဘယ်ကိုမောင်းနေတာလဲ”
“မြတ်ဦးမောင်တို့အိမ်ကို”
“မင်း သိလို့လား”
“အင်း”
ဒီကောင် အံသြသွားပုံရသည်။ ကိုခန့်ကို ပြောထားမှဖြစ်မည်။ မြတ်ဦးမောင်ကို သူတွဲနေကျ ကောင် လေးတွေလို သဘောမထားရန် အသိပေးမှဖြစ်မည်။
“ဘယ်လိုလုပ်သိတာလဲ”
ကျွန်တော်မဖြေ။
“ဟေ့ကောင်”
ဒီကောင်တော်တော်သိချင်သွားပုံရသည်။ ကျွန်တော်ဘာမှမပြောတော့ဘဲ ပြံးနေလိုက်ကာ မြတ်ဦး မောင်တို့အိမ်ရှိရာကိုပဲ တန်းတန်းမတ်မတ် မောင်းလာခဲ့သည်။ ရင်းငြိမ်ရွာတောင်ပိုင်းမှာရှိသည့် သူတို့ အိမ်သွားရာ လမ်းကျဉ်းကလေးကတော့ တိတ်ဆိတ်နေသည်။ ခပ်နွမ်းနွမ်းအိမ် လေးပေါ်တက်လိုက် လျှင်ပဲ တသိမ့်သိမ့်ရှိုက်ငိုနေသည့် မြတ်ဦးမောင်ကိုတွေ့လိုက်ရသည်။
“ဟေး ချာတိတ်”
ကျွန်တော်က သူ့ကို မြတ်ဦးမောင်ဟုခေါ်လိုက်မည့်ဟန်ပြင်တုန်းတွင်ပဲ ကိုခန့်က ချာတိတ်ဟူသည့် နာစားအခေါ်အဝေါ်ကိုခေါ်လိုက်သည်။
“ဟင်… ကိုဘုန်းခန့်၊ ဟာ… အစ်ကိုလည်းပါတယ်၊ အစ်ကိုတို့နှစ်ယောက် အချင်းချင်း သိကြတယ် ဟုတ်၊ ညီလေးဆီကို ဘယ်လိုကနေဘယ်လို…”
“ကဲ အဲဒါအသာထား၊ ဘာလို့ ငိုနေရပြန်တာလဲ”
ကျွန်တော်မေးလိုက်တော့ သူကမျက်ရည်သုတ်လိုက်၏။ အိမ်နောက်ဖေးမှ “မြတ်ဦးမောင် ဧည့်သည် တွေရောက်နေသလား” ဟု လှမ်းအော်သည့် အသံတစ်သံတော့ ကြားရ၏။ သူ့အမေဖြစ် ပုံရသည်။
“မိသားစုကိစ္စပါ၊ ထားပါ၊ အရေးမကြီးပါဘူး”
“အရေးမကြီးလို့မရဘူး မြတ်ဦးမောင်၊ မင်းကိုတွေ့ရင် ပူလောင်နေတာမျိုး ငါမမြင်ချင် ဘူး၊ စိတ်ဆင်း ရဲရတာမျိုး မကြိုက်ဘူး၊ ပြဿနာရှိရင် အဖြေရှိရမယ်၊ ပြော…ဘာဖြစ်တာလဲ”
ဒေါသသံနည်းနည်းပါဝင်နေသော ကျွန်တော့်စကားကြောင့် သူ အနည်းငယ် ကြောက်သွားပုံရပြီး ကိုခန့်ကလည်း အံဩကာ နှစ်ယောက်စလုံံး ကျွန်တော့်ကို ကြောင်ကြည့်နေ၏။
“ဆွမ်းကြီးလောင်းပွဲအတွက် စုထားတဲ့ပိုက်ဆံကို အဖေယူသွားလို့”
“အော်”
ကျွန်တော်နှင့် ကိုခန့် တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။ လောင်းရိပ်ခါးခါး အောက်တွင် ရှင်သန်ရသည့် ထိုချာတိတ်ကို ကယ်ထုတ်ချင်စိတ်များ ပေါ်လာမိသည်။ သူ့ကိုစပြီးသိ ကတည်းက ကျွန်တော့်စိတ်များသည့် ဂရုဏာသက်မှုများတဖွားဖွားဖြစ်ပေါ်လာကာ သူ့ဆန္ဒများကို ဖြည့်ဆည်းပေးလိုသည်။ သူသည် ကျွန်တော့်ဘဝနှင့်ထူးမခြားနားပါပဲ။ မိသားစုရှိသော်လည်းတစ် ကောင်ကြွက်သာသာပါပဲ။ စိတ်ညစ်မှုက ကျွန်တော့်ထက်တောင်ပိုလိုနေပါလိမ့်မည်။ ဆယ်ကျော် သက်အရွယ်မို့ စိတ်ဒဏ်ရာရနိုင်လွယ်၊ အထိခိုက်အပွန်းအပဲ့မခံနိုင်သည့်အရွယ်လည်းဖြစ်သည်။ မြတ် ဦးမောင်ကို အဆင်ပြေပြေနှင့်မြင်စေချင်ပါသည်။
“ဖြစ်ရလေကွာ၊ ဒါများ… လာ၊ ကိုယ်တို့နဲ့ လိုက်ခဲ့…”
ကိုခန့်က သူ့လက်ကိုဆွဲပြီး ရွာထဲခေါ်ထုတ်သွားရန်လုပ်တော့ ကျွန်တော် လှမ်းတားလိုက်သည်။ မြတ် ဦးမောင်၏ လက်ကို ကိုင်ထားသည့် ကိုခန့်လက်ကို ကျွန်တော်ဆွဲဖြုတ်ကာ ကိုခန့်ကို အိမ်အပြင် ဘက်တစ်နေရာဆီကို ခေါ်လာခဲ့၏။ ဒီကောင့်ကိုပြောပြထားမှဖြစ်မည်။ မဟုတ်လျှင် ကိုခန့်ထားနေ ကျ ချာတိတ်စာရင်းထဲထည့်လိုက်လျှင်ခက်ပေရော့မည်။
“ကိုခန့်…..မြတ်ဦးမောင်က ဘာလဲ မင်းသိတာလား”
“အင်း သိတယ်လေ၊ မင်း Twilight ဇာတ်ကားတွေကြည့်ဖူးတယ်မှလား၊ အဲဒီကားတွေမှာ ဝံပုလွေမျိုး ရိုးတွေက ကြည့်လိုက်တာနဲ့ အချင်းချင်းဘာလဲဆိုတာသိသလို Vampire မျိုးနွယ်တွေလည်း မျက်လုံး ချင်းဆုံတာနဲ့ သူတို့မျိုးနွယ်အချင်းချင်းသိတယ်လေ၊ ငါတို့လည်း အဲလိုပဲ၊ ဘယ်သူက ဂေးလဲ၊ ဘယ်သူ က မဂေးဘူးလည်း စကားပြောလိုက်၊ ကြည့်လိုက်တာနဲ့သိတာပေါ့ကွ”
“ဒါဆို သူက”
“ဟုတ်တယ် Uke လေးပဲ…. ဟဲဟဲ”
“ကိုခန့် …..မင်း မြတ်ဦးမောင်ကို မင်းချာတိတ်တွေစာရင်းထဲထည့်တော့မလို့လား”
“ဟာ မိုးစွေ၊ ဒီကောင်ကတော့ လုပ်ပြီ၊ မြတ်ဦးမောင်ကို ခင်တာ၊ သံယောဇဉ်ရှိတာ အဲလိုမျိုး သက်သက်ပဲ၊ တခြားဘာတဏှာမှ မပါဘူး၊ မင်းငါ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ငါ့ကို တော်တော် အထင်သေးတယ်ကွာ”
“စိတ်ဒဏ်ရာတွေများနေတဲ့ သူ့ကိုတစ်ခြားအနာတရ မဖြစ်စေချင်လို့ပါကွာ၊ ငါသူ သေကြောင်းကြံ နေတာ တွေ့လို့ကယ်ဖူးတယ်၊ အခုတစ်ခါတွေ့တော့လည်း သူငိုနေပြန် တယ်၊ ငါနဲ့ နှစ်ခါတွေ့ဖူးတာ နှစ်ခါစလုံးပူလောင်မှုတွေနဲ့ချည်းပဲ၊ သူ့ဘဝမှာ ငွေကြေးချမ်း သာပြည့်စုံမှုတွေ မရှိဘူး၊ အဲဒီလိုပဲ စိတ်ချမ်းမြေ့သာယာမှုတွေလည်း မရှိဘူး၊ အဲဒါကို ငါ့အ နေနဲ့ ဖေးမချင်တယ်၊ သူ့ကို ငါသိပ်သနား တာပဲ”
“မင်းက သူနဲ့နှစ်ခါပဲ တွေ့ဖူးသေးတာပါကွာ၊ ငါနဲ့ အကြိမ်ပေါင်းများစွာတွေ့ဖူးပြီးပြီ၊ ငါ သူ့ကို အဖြူ ထည်သက်သက်ပါကွ”
ကျွန်တော် သက်ပြင်းသဲ့သဲ့ချမိသွားသည်။ တကယ်ဟုတ်ပါစေ။
“ငါတို့နှစ်ယောက်ပေါင်းပြီး မြတ်ဦးမောင်ရဲ့ ဘဝကို အတတ်နိုင်ဆုံးကူညီဖေးမရအောင်၊ အဖြူထည် သက်သက်ပဲလေ၊ မင်းပြောသလိုပေါ့”
သူခေါင်းညိတ်သည်။ ကျွန်တော် သူ့ကို တောင်းပန်လိုက်ပါသည်။ မြတ်ဦးမောင် ကိုမထိခိုက်စေချင်၍ ဆန္ဒစောစွာစွပ်စွဲခြင်းဖြစ်ကြောင်း သူကောင်းကောင်းနားလည်သည်။ ထို့နောက် ကျွန်တော်တို့နှစ် ယောက် မြတ်ဦးမောင်ရှိရာဆီကို ပြန်လာခဲ့ကြသည်။
“မောင်ရင်က အိမ်လည်လာတာသက်သက်ပဲလားကွဲ့”
မြတ်ဦးမောင်၏ အမေက ကျွန်တော် ပထမအကြိမ်တွေ့တုန်းကထက် ပျော့ပျောင်းနူးညံ့သည့် အသံနှင့် လှမ်းနှုတ်ဆက်ပါသည်။ သားအမိနှစ်ယောက် အတူတူထိုင်နေသည်ကိုတွေ့လိုက်ရ၏။
“ဟုတ်ပါတယ်အဒေါ်၊ ကျွန်တော် မြတ်ဦးမောင်ကိုအကူအညီတောင်းချင်တာလည်း ပါ ပါတယ်၊ ကျွန်တော်က ဒီရွာနဲ့စိမ်းသေးတယ်လေ၊ ဒါပေမဲ့ ဆွမ်းကြီးလောင်းပွဲမှာလည်း ဝင်လောင်းချင်တယ်၊ ကိုယ်တိုင်လည်း မလောင်းချင်ဘူး၊ ပစ္စည်းတွေဝယ်ပြီး မြတ်ဦးမောင်ကို လောင်းခိုင်းမလို့”
ကိုခန့်ကိုတော့ အန်တီကြီးသိပုံမပေါ်။ ကျွန်တော့်ကို ဦးတည်ပြီးတော့ပဲ ပြောနေ သည်။ ကျွန်တော် ဒီရွာနှင့် ၁၅မိုင်ဝေးသော ရော်ဘာခြံတွင် နေသည့်အကြောင်းကိုတော့ သားဖြစ်သူ ပြောပြထား လောက်ပြီပေါ့။
“ပစ္စည်းဝယ်ဖို့ သူ့ကိုခဏလောက်ခေါ်သွားမယ်နော် အကြီး၊ ကျွန်တော်က သူ့သူငယ်ချင်းပါ၊ မြတ်ဦး မောင်နဲ့လည်း ဆိုင်ကယ်ဆီဖြည့်ရင်း ခင်ပါတယ်”
“အော်… အေး ခေါ်သွားလေ”
ကိုခန့်က သူ့ကိုယ်သူမိတ်ဆက်ပြီး မိစောငယ်ကိုခေါ်ထုတ်တော့ အန်တီကြီးကခွင့် ပြုသည်။
“လာ… ချာတိတ်”
အန်တီကြီးရှေ့တင်ပဲ ကိုခန့်ကသူ့လက်ကို ကောက်ခနဲဆွဲပြီး အိမ်အောက်သို့ဆင်း လာခဲ့သည်။ ဆိုင်ကယ်ကို သူတို့အိမ်မှာပဲထားခဲ့ကာ သုံးယောက်သားလမ်းလျှောက်လာခဲ့ ၏။ ရင်းငြိမ်၏ ညနေ စောင်းက အေးချမ်းဆိတ်ငြိမ်နေသည်။
ပစ္စည်းတွေမဝယ်ခင် ပွဲစျေးတန်းတစ်လျှောက် လမ်းလျှောက်ဖြစ်ကြသည်။ ပေါင်မြို့အနားတစ်ဝိုက်ရှိ ကျေးရွာအသီးသီးမှ လာရောင်းသည့် ၁၂ ပွဲဈေးသည်များ၊ ချားရဟတ် အစရှိသည့် ကျိတ်ကျိတ်တိုး စည်ကားနေသော ပွဲဈေးကိုတွေ့ရသည်။
“ချာတိတ်.. .. ဘာစားချင်လဲ စားလေ”
“ဟင့်အင်း….၊ ညီလေး မဆာဘူး အစ်ကို”
“ဘယ်ဟုတ်ပါ့မလဲ၊ ပွဲစျေးတန်းလျှောက်တာပဲ၊ ဟိုဟာ ဒီဟာလေးဝယ်စားဦးမှလေ၊ လိုချင်တဲ့ပစ္စည်း တွေ့ရင်ပြော… ကိုယ်ဝယ်ပေးမယ်”
ကျွန်တော် ကိုခန့်ကို ဘုကြည့်ကြည့်လိုက်သည်။
ဒီကောင်သဘောပေါက်ပြီး ဟက်ဟက်ပက်ပက်ရယ်သည်။
“မိုးစွေ… မင်းဟာလေ အရာရာတိုင်းကို သံသယမျက်လုံးနဲ့ချည်း ကြည့်နေတော့ တာပဲ၊ ငါက မင်းနဲ့ခဏတာ မတွေ့ခဲ့ရပေမယ့် ငယ်သူငယ်ချင်းပါကွ၊ အဲဒီလောက်ထိ သံသ ယဝင်ဖို့မကောင်းဘူး”
ပုံစံက စပ်ဖြီးဖြီး။
“အေး… မင်းအကြောင်းသိလို့ ပြောနေတာ”
ကိုခန့်အတွက် ချာတိတ်များကို ချည်းကပ်ရန်မခက်။ ကျွန်တော့်ထက်အဆပေါင်းများစွာသွက်သလို စကားပြောလည်း ညက်သည်။
“ငါမင်းကိုပြောပြီးပြီနော်၊ အဖြူထည်သက်သက်ပါလို့။ မင်းအဲလောက်တောင်အဖြစ် သည်းနေရင် ငါရွဲ့လိုက်မှာနော်”
ဒီကောင် ကျွန်တော့်ကိုလှမ်းနောက်သည်။
“စိတ်ချပါကွာ၊ ငါတကယ်ကိုချစ်ခင်ကြင်နာမယ့် ချာတိတ်က မော်လမြိုင်မှာရှိပြီး သားကွ၊ အချစ်စစ်နဲ့ ရှာဖွေတွေ့ရှိသွားတာ၊ တကယ်ပြောတာ…၊ ငါ သူကလွဲရင် …”
ကျွန်တော်ယုံတယ်ဆိုတဲ့သဘောနှင့်လက်ကာပြလိုက်လေသည်။ သူကျွန်တော့်ကို မျက်စောင်းထိုး တော့သည်။
>>>>>
ဆက်ပါဦးမည်။