(၁၆)
ရော်ဘာခြံ
ရော်ဘာပင်စုစုပေါင်း သုံးထောင့်ခြောက်ရာ့နှစ်ပင်ရှိသည်။ ကျွန်တော် ဒီခြံပိုင်ရှင် ဖြစ်လာသည်မှာ မကြာသေးသော်လည်း ဒီခြံထဲက ဝန်ထမ်းငါးယောက်ကတော့ ဒီခြံမှာရှိနေနှင့်သည်မှာ နှစ်အတော် ကြာခဲ့ပြီဖြစ်သည်။
ကျွန်တော်ဒီခြံကိုရောက်ပြီး တစ်ပတ်လောက်တွင် ခြံထဲ၌သစ်လုံးအိမ် လေးတစ်လုံးဆောက်စေခဲ့ သည်။ ခြံ၏အဆုံးနားလောက်မှာဖြစ်သည်။ သစ်လုံးများနှင့်ကာပြီး သံမံတ လင်းခင်း သွပ်မိုးတစ်ထပ် အိမ်လေး။ ဆယ့်ငါးပေ၊ ပေနှစ်ဆယ်သာရှိသော်လည်း ကျစ်ကျစ်လျစ်လျစ်လေး အခန်းဖွဲ့ထားသည်။ မီဖိုခန်းလေးရယ်။ စာကြည့်စားပွဲနှင့်အိပ်ခန်းလေး ရယ်၊ ဧည့်ခန်းသေးသေးလေးရယ်ပေါ့။
ထိုအိမ်လေးသည်ကျွန်တော့်စိတ်ကူးယဉ်ကမ္ဘာလေးဖြစ်သည်။
ကျွန်တော်ကိုယ်တိုင် လည်းမနေ။ ဘယ်သူ့ကိုမှလည်း ပေးမဝင်သည်ထိုအိမ်လေးကို ဇော့်အတွက်ရည်ရွယ်ပြီး စိတ်ကူးသက်သက်နှင့် တည်ဆောက်ခဲ့တာပါ။ ကျွန်တော့်လုပ်ရပ်က စိတ်ကူးယဉ်ဆန်လွန်းပေမယ့် ထိုခံစားမှုနှင့်ပင် ကျွန် တော်ကျေနပ်နေခဲ့ရတာပါ။ ဇော်နှင့်ပတ်သက်၍ အမှတ်တရများကို ကျွန်တော်ဘယ်လိုလုပ်မေ့ရက် နိုင်မည်လဲ။ ဇော် ကျွန်တော့်ဘေးတွင်မရှိလျှင်တောင်မှ ဇော့်အမှတ်တရကိုတော့ရှိစေချင်ပါသည်။ လူ ချင်းမတွေ့နိုင်တော့သော်လည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဇော့်ကိုလှမ်းလှမ်းကြည့်ရသည်မှာအ မော။ ဇော်ဘာလုပ်နေသလဲ ဇော့်ဖေ့စ်ဘုတ်စာမျက်နှာကိုမွှေနှောက်ရသည်။ ဇော်မသိနိုင်သည့်အ ကောင့်တစ်ခုဖြင့် စုံစမ်းထောက်လှမ်းရသည်။ သို့သော် ဇော်နှင့် ကျွန်တော် ဖေ့စ်ဘုတ်သူငယ်ချင်းများ မဟုတ်ကြ၍ အသေးစိတ်ကိုတော့ မမြင်နိုင်ခဲ့။ ပုံတစ်ချို့ကိုသာ အလွမ်းပြေကြည့်နိုင်ခဲ့လေသည်။
မြတ်ဦးမောင်ဆိုသည့် သနားစရာ ချာတိတ်တစ်ယောက်၏ အသက်ကိုကယ်ပြီးနောက်ပိုင်း သူသည် လည်း ကျွန်တော့်ဘဝအတွက် အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့လေသည်။ သူ့ထံတွင်ကြီးမားသည့်မိ သားစုပြဿနာတစ်ခုလည်းရှိပြန်တော့ သူ့စိတ်ပိုင်းဆိုင်ရာမထိခိုက်ရေးအတွက် ကျွန်တော်ကူညီရန် ဆုံးဖြတ်မိလေသည်။
“မြတ်ဦးမောင်တဲ့။. သနားစရာကောင်လေးတစ်ယောက်ပါ။ ကျွန်တော်သူ့အသက်ကို ကယ်နိုင်ခဲ့ တယ်၊ ဒီချာတိတ်မှာ ကြီးမားတဲ့မိသားစုပြဿနာရှိနေတယ်၊ အဓိကက တော့ သူ့ရဲ့စိတ်ခံစားမှုပိုင်း အရမ်းအာရုံထိတွေ့မှုလွယ်နေတာပါပဲ၊ သူ့ကိုကျွန်တော်အရမ်း သနားတာပဲဗျာ၊ မနေ့ကကျွန်တော့်ကို နှုတ်ဆက်နေတော့ မျက်နှာငယ်လေးနဲ့ကျန်ခဲ့တာ သနားလိုက်တာ။
ညီလေးရေ… မင်းဟာကိုယ့်ညီလေးသာဖြစ်လိုက်ပါတော့ကွယ်… ကိုယ့်မှာ မိဘ တွေလည်းမရှိ၊ မောင်နှမတွေလည်းမရှိဘူး၊ လက်ရှိကိုယ့်မှာတည်မြဲလာတဲ့ ဥစ္စာပစ္စည်း၊ အခု ကိုယ်အလုပ်လုပ်လို့ရတဲ့ငွေတွေ၊ ဘာလုပ်ရမှာလဲ … နွေးထွေးမှု၊အချစ်၊ မိသားစု မေတ္တာ ဒါတွေက ငွေနဲ့ဘယ်မှာဝယ်လို့ရလို့လဲ၊ ဟုတ်တယ်… မိစောငယ်… ညီမလေးကို ကိုယ်မွေးစားရင် ကောင်းမလား”
မြတ်ဦးမောင်နှင့်ပတ်သက်သည့်ခံစားချက်အချို့ကို ဒိုင်ယာရီပေါ်ချရေးမိသည်။ ဒိုင်ယာရီက သစ်လုံး အိမ်ထဲက သီးသန့်ဒိုင်ယာရီစာအုပ်ကလေးဖြစ်သည်။ ထိုစာအုပ်ထဲတွင် ကျွန်တော့်နေ့စဉ် လုပ်နေကျ အလုပ်များ၊ ကိုယ်ရေးကိုယ်တာများရှိနေမည်မဟုတ်။ စိတ်ကူးယဉ်အိမ်လေးထဲတွင်မို့ စိတ်ခံစားမှုနှင့် သက်ဆိုင်သည့်စာသားများသာရှိပါလိမ့်မည်။ ထိုစာအုပ်ကလေးမှာ သစ်လုံးအိမ်ထဲက တစ်ခုသောရင် ဘတ်ထဲကပစ္စည်းလေးလည်းဖြစ်လေသည်။
မနေ့ကညနေအထိ မြတ်ဦးမောင်နှင့်တွေ့ခဲ့ပြီး တစ်ညလုံးသူ့အကြောင်းတွေးကာ ရင်ထဲမကောင်းလှ။ သူ့မိသားစုနှင့်သူ့အကြောင်းကိုခန့်မှန်းတွေးဆကာ သနားနေမိသည်။ မနက်မိုးလင်းတော့ ခံစားရသမျှ ကို ဒိုင်ယာရီထဲတွင်ရင်ဖွင့်ဖြစ်သည်။
“ဆရာ … ဧည့်သည်ရောက်နေတယ်”
ခြံတွင်နေထိုင်သည့် ရော်ဘာခြစ်လုပ်သားလေး ပေသီး၏ အော်သံကြောင့် ရေးလက်စစာသားများကို အဆုံးသတ်၊ စာအုပ်ပိတ်ပြီး အိမ်တံခါးများလိုက်ပိတ်လိုက်၏။
“အေး၊ အေး… လာပြီ”
ကျွန်တော့်ထံကိုလာမည့် ဧည့်သည်က ကိုခန့်တစ်ယောက်သာရှိမည်ဟုသာမျှော်လင့်ခဲ့ပါသည်။ အိမ် ရှေ့ကိုထွက်လိုက်သည့်အခါ အေးခနဲဖြစ်သွားသည်။ ရော်ဘာရွက်ကြွေတို့သည် ကျွန်တော်လျှောက် ရာလမ်းတစ်လျှောက်ပြန့်ကျဲလျှက်ရှိနေ၏။ ခဏနေလျှင်တော့ တစ်ယောက်ယောက်၏ သစ်ရွက်များ ကိုလှည်းကျင်းသည့်အသံ တချပ်ချပ်ကိုကြားရတော့မည်။ ကျွန်တော်မနက်မိုးမလင်းခင်ကတည်းက လှည်းကျင်းထားခဲ့သော်လည်း ထပ်ကြွေလာသော သစ်ရွက်များပင်။
ရော်ဘာရွက်ကြွေတချို့ကို နင်းလျှောက်ကာဖြတ်လာခဲ့ပြီး ခြံရှေ့နားရော်ဘာပြားများလှန်း ထားသော နေရာရောက်တော့ ကျွန်တော်ထင်မှတ်ထားသည့်လူတစ်ယောက်ကို တွေ့ လိုက်ရသည်။
“ဟာ… ကိုခန့်”
ကျွန်တော့်သူငယ်ချင်း နေဘုန်းခန့်။ သူကလွဲလျှင်ဘယ်သူရှိဦးမှာလဲ။
“ငါ့ကိုမင်းတွေ့တော့ အံ့သြသွားပြီပေါ့ မိုးစွေ၊ ငါအလုပ်နှစ်ပတ်နားလို့ မင်းဆီလိုက် လာတာ၊ မင်းဒီခြံဝယ်ပြီးကတည်းက မရောက်ဖူးသေးတာနဲ့…”
“ဘာရယ်…၊ မင်းက ငါ့ဆီမှာလာလည်တာ၊ အေး အဲဒါတော့ အံဩတယ်၊ မင်းငါ့ဆီကိုလာတာတော့ မအံဩဘူးလေ၊ မင်းတစ်ယောက်ပဲလာစရာရှိတာကို”
ကျွန်တော်သူ့ပုခုံးကိုဆွဲဖက်ကာ တိုးညှင်းညှင်းလေးရယ်လိုက်သည်။ ဒီကောင့် လောက် အလုပ်များ တဲ့သူ ရှိပါ့ဦးမလား။ ရန်ကုန်နှင့်မော်လမြိုင် ကူးချည်သန်းချည် ကုန်အ ရောင်းအဝယ်လုပ်သည်မှာ ဆယ်တန်းစာမေးပွဲအောင်ပြီးကတည်းက အခုချိန်ထိ။ သူဒီကိုလာခြင်းက အကြောင်းတစ်ခုခုတော့ ရှိရမည်။
“နေဘုန်းခန့်ဆိုတဲ့ကောင်က ငါ့ဆီလာလည်တာ ငါအံ့သြဂုဏ်ယူရပါတယ်၊ မင်း လောက်အလုပ် များတာ မော်လမြိုင်မှာမရှိဘူး၊ ဒီကိုလာတာ အကြောင်းတစ်ခုတော့ရှိ ရမယ် ဟေ့ကောင်၊ မင်း အကြောင်းငါ့လောက်သိတာ ဘယ်သူရှိသေးလဲ၊ နှပ်ချေးတွဲ လောင်းကတည်းကပေါင်းလာတာလေ၊ ကဲ ပြော မင်း ဘာမဟုတ်တာလုပ်ထားသေးလဲ”
သူရယ်လိုက်သည်။ ခြံထဲလျှောက်ရအောင်ဆိုပြီး ကျွန်တော့်ကိုအဖော်ညှိကာ ကျွန်တော်တို့ နှစ်ယောက် ရော်ဘာခြံပတ်ပတ်လည်ကို လမ်းလျှောက်လာခဲ့သည်။ ခြံ၏ပတ် ပတ်လည်တွင် တောအုပ်၊ တောင်တွေကလွဲပြီးဘာမျှမရှိသော်လည်းရော်ဘာရွက်များကို နင်းပြီး သစ်တောအုပ်၏ အငွေ့အသက်များကို ရှူရှိုက်ရသည်မှာအေးမြလှသည်။
“ပြောပါဦး မင်းအကြောင်း”
သူခေါင်းခါသည်။
“ငါ အခုမပြောချင်သေးဘူး၊ စိတ်တိုနေလို့၊ စိတ်ပြေလက်ပျောက် ခဏလောက် လမ်းလျှောက်ရ အောင်ကွာ၊ ပြီးမှပြောမယ်၊ ငါဒီကိုလာတာ အကြောင်းနှစ်ခုရှိတယ်၊ ပြီးရင် ပြောမယ်”
“စိတ်ဝင်စားစရာပဲ”
သူ့အကြည့်က ရော်ဘာစေးလိုက်ခြစ်ကာ အစေးခံနေသည့်ကောင်လေးများနှင့် လုပ်ငန်းခွင်ဆီ အာရုံ ရောက်သွားသည်။ တစ်မျှော်တစ်ခေါ်ရော်ဘာပင်များထံ၌ တစ်ပင်ချင်းအစေးလိုက်ခြစ်ရသည့် အလုပ် ပင်။
“အင်း.. အေးချမ်းလိုက်တာနော် …”
သူက သစ်တော၏ ဘေးဘီဝဲယာကို လှည့်လည်ကြည့်ပြီး လေပြင်းပြင်းရှူရှိုက်လိုက် သည်။
“မိုးစွေ… မင်းခြံ အပင်ရေဘယ်လောက်ရှိလဲ”
“သုံးထောင့်ခြောက်ရာ့နှစ်ပင်”
တစ်ဧကကို အပင် (၂၀၀)ဝန်းကျင် စိုက်ပျိူးထားပြီး တစ်ပင်နှင့်တစ်ပင် အလျားပေ ၂၀၊ အနံ ၁၀ ပေ ကွာခြားသည်။ အစေ့စိုက်ပင်၊ အဖူးဖူးပင် နှစ်မျိုးစလုံးရောစိုက်ထားပြီး ကျွန်တော်တို့နှစ်ယောက် ရောက်ရှိနေသည့်နေရာမှာ အပင်စည်တွေကြီးထွားစွင့်ကားနေသော အစေ့စိုက်ပင် အမျိုးအစားတန်း နားတွင် ဖြစ်သည်။
“အင်း၊ မွန်ပြည်နယ်သားချင်းအတူတူ ငါကကုန်တွေအကြောင်းပဲသိပြီး ရော်ဘာအကြောင်း နကန်း တစ်လုံးမှသိတာ မဟုတ်ဘူး၊ သိဖို့လည်း မကြိုးစားခဲ့ပါဘူးလေ”
အစေးခံထားရာ ခွက်ကလေးထဲက အစေးရည်တစ်ချို့ကို လက်ဖြင့်တောက်ကစား ရင်း သူတစ်ခုခု ကိုအလိုမကျဖြစ်နေမှန်း ကျွန်တော်သဘောပေါက်လိုက်သည်။ ကျွန်တော်သူ့ကို ရော်ဘာပင် အကြောင်းသို့ အာရုံလွှဲလိုက်၏။ ဒီကောင် အလုပ်များလျက်သားနှင့် ရောက်လာကတည်းကတစ်ခုခု တော့ ရှိနေနှင့်ပြီမှန်းသိပြီးသားပင်။
“ရော်ဘာဆိုတာ စတင်စိုက်ပျိုးပြီး ခြောက်နှစ်အကွာမှာ အစေးရရှိတယ်၊ နှစ်စဉ် နိုဝင်ဘာလ လောက်ဆို ရော်ဘာစေးရရှိမှုနှုန်း အများဆုံးရာသီပေါ့၊ နိုဝင်ဘာကနေ ဇွန်လ လောက်အထိ အစေး ခြစ်ကြလေ့ရှိတယ်၊ မိုးတွင်းမှာလည်း အစေးထွက်ပေမယ့် မိုးရွာတာကြောင့် ခြစ်ရတာ နည်းနည်း ခက်တယ်၊ မနက်သုံးနာရီနဲ့ ခြောက်နာရီဝန်းကျင်မှာ အစေးခြစ် ကြရတယ်၊ ငါတို့ဒေသကလူတွေ ရော်ဘာလုပ်ငန်းကို ၁၉၉၆-၉၇ လောက်က စပြီးလုပ်ကြ တာလို့ဆိုတယ်၊ ရော်ဘာစိုက်ဖို့အတွက် နှစ်စဉ်ဓာတ်မြေသြဇာ ထိန်းသိမ်းဖို့တော့လိုတယ်”
သူစိတ်မဝင်စား။ ကျွန်တော်သိသည်။ ဒါပေမဲ့ မသိချင်ယောင်ဆောင်ပြီး စကား ဆက်ပြောနေမိသည်။
“မွန်ပြည်နယ်မှာ စိုက်ပျိုးကြလေ့ရှိတာ PBM 24၊ 235၊ BP 260 စတဲ့ အပင်အမျိုးအ စားတွေ ဖြစ်ပြီး အစေ့စိုက်ပင်၊ အဖူးဖူးပင် ဆိုပြီး နှစ်မျိုးရှိတယ်၊ အဖူးဖူးပင်က အထွက်နှုန်း ပိုကောင်းတယ်လို့ ဆို တယ်၊ မင်းလက်ကိုင်ထားတာ အစေ့စိုက်ပင်ပေါ့”
“အော်”
သူပင်စည်တွေကို ပွတ်သပ်ကြည့်နေ၏။
“ဆိုရိုးတစ်ခုရှိတယ်ကွ၊ ရော်ဘာပင်မှာ ပစ်စရာတစ်ခုမှမရှိဘူးတဲ့၊ ဟုတ်တယ်၊ ရော် ဘာပင်မှာ အရွက်ရော၊ အပင်ရော၊ အစေးရော အကုန်အသုံးဝင်တာပဲလေ၊ အရွက်ကို တို့စရာလုပ်စားတယ်၊ အစေးကို ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ သုံးတယ်၊ အပင်ကတော့ သစ်အတွက်ရတယ်”
“ဟော ဟိုကရော်ဘာပြားတွေကို လုပ်တဲ့စက်က ခြံထဲမှာပဲရှိသလား”
“အင်းပေါ့၊ ရော်ဘာခြံပါဆို ရော်ဘာကုန်ကြမ်းရအောင်လုပ်တဲ့အထိ အထောက်အ ကူပစ္စည်းအကုန် ရှိတာပေါ့၊ ရော်ဘာစေးတွေခြစ်ပြီး ရော်ဘာပြားအဖြစ် ဒီခြံထဲကလုပ်သား တွေ လုပ်တာပေါ့၊ ထွက်ရှိ လာတဲ့ ရော်ဘာပြားတွေကို အရည်အသွေးအဆင့် (၁)၊ (၂)၊ (၃) ခွဲပြီးရောင်းရတာ၊ အဆင့်(၁)က စျေးအကောင်းဆုံးရတာပေါ့”
မနက်ခြောက်နာရီကျော်သွားပြီမို့ ရော်ဘာစေးခြစ်ကောင်လေးတွေ လုပ်ငန်းခွင်ပြီး သွားတာ တွေ့ လိုက်သည်။ မနက်သုံးနာရီနှင့် ခြောက်နာရီအတွင်း ရော်ဘာစေးခြစ်ရန်နေ့စား လုပ်သားတစ်ယောက် အပင်ရေ ၅၀၀ စီတာဝန်ယူရသည်။
“သထုံမှာပဲ ကုန်ကြမ်းတွေကို သွားရောင်းတာပေါ့”
“အင်း၊ ဟုတ်တယ်။ ငါ့ခြံထဲက ကုန်တွေကိုသထုံမှာပဲ ရောင်းမှာ၊ အဲဒီကနေမှ မန္တလေး၊ မန္တလေးက နေပြီး ပြည်ပအထိပို့တာတဲ့”
“အော်”
လေနုအေးမြမြလေး တစ်ချက်တိုးဝှေ့သွားသည်။ စိမ့်နေအောင်အေးသည့်ရာသီဥတု မနက် စောစော ၌ရော်ဘာကိုင်းခြောက်တွေစုပြီး မီးလှုံဖို့အကောင်းဆုံးပေါ့။
“ကောင်လေးတွေ ရော်ဘာစေးခြစ်ပြီးပြီ၊ သူတို့မီးလှုံဖို့ မီးမွှေးလိမ့်မယ်၊ ငါတို့ မီး သွားလှုံရင်း စကားပြောမလား ကိုခန့်”
“ဟင့်အင်း၊ ငါနေချင်သေးတယ်”
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ရသည်။
“ဟိုးမှာ… မှိန်ပျပျမြင်ရတာ အိမ်လေးလား”
မြူတွေပိတ်နေ၍ ကျွန်တော့်သစ်လုံးအိမ်ကလေးကို မှိန်ပျပျပဲမြင်ရသည်။ ဒီကောင် စိတ်ဝင်စားသွား ပြီပေါ့။
“အဲဒါ ငါစိတ်ကူးယဉ်ကမ္ဘာလေးပဲလေ”
သူသဘောပေါက်သွားသည်။
“အော်… မင်းပြောတဲ့…”
ကျွန်တော်သူ့ကို ပြောပြထားဖူးသည်။ ကျွန်တော် အိမ်လေးတစ်လုံးဆောက်မည်။ အဲဒီအိမ်လေးမှာ ပထမဦးဆုံးဝင်ရမယ့်သူက ကျွန်တော်ကလွဲပြီး ကျွန်တော်တစ်သက်တာ ချစ်ခဲ့ဖူးသူပဲ ဖြစ်ရမည်။ ဒီအိမ်လေးထဲတွင် ကျွန်တော်ဒိုင်ယာရီ ရေးမည်။ အဲဒီရေးတဲ့ ဒိုင်ယာရီကလည်း ကျွန်တော့်စိတ်ခံစား မှုတွေပဲဖြစ်မည်။ ဒီအိမ်ကလေးဟာ ကျွန်တော့် စိတ် ကူးယဉ်ကမ္ဘာအဖြစ် တည်ဆောက်ထားတဲ့ ကမ္ဘာငယ်ကလေး။ ကိုခန့်ကိုတော့ ကျွန်တော့် ချစ်သူအတွက် တည်ဆောက်ထားတာလို့ပြောထား ပါသည်။
“ငါဝင်ခွင့်မရှိတဲ့ အိမ်လေးပေါ့”
ကိုခန့်နှင့်ကျွန်တော်က ငယ်ငယ်လေးကတည်းကတွဲလာတော့ တစ်ယောက်အတွင်းစိတ် တစ် ယောက်သိပြီးသားမို့ ကျွန်တော်စလိုက်သည်နှင့် ကိုခန့်သဘောပေါက်လွယ်ပြီးသား ဖြစ်သည်။
ကျွန်တော့်မိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားပြီး ကျွန်တော်စိတ်အားငယ် ဆုံးအချိန် တွေမှာ သူကကျွန်တော့် အကောင်းဆုံးသူငယ်ချင်းအဖြစ် ရပ်တည်ပေးခဲ့သည်။ ပြီးတော့ သူဘာလဲ၊ ကျွန် တော်ဘာလဲဆိုသည်ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြသိရှိပြီးသားဖြစ်လေသည်။ ကိုခန့်သည်လည်း ကျွန်တော့်လိုလူတစ်ယောက်ပင်။
“တစ်ခါတစ်လေကျတော့ စိတ်ကူးယဉ်ဘဝက လက်တွေ့ဘဝနဲ့ လုံးဝပြောင်းပြန်ဖြစ် တတ်တယ် မိုးစွေ၊ ဥပမာ… ငါပေါ့လေ၊ ငါလိုချင်တဲ့ချစ်သူက ငါ့ကိုနားလည်ပေးဆုံးချစ်သူ၊ ငါတစ်သက်တာ လုံးအတွက် ရွေးချယ်ခဲ့တဲ့ချစ်သူက ငါ့ကိုနားမလည်ပေးဆုံးသူဖြစ်နေတယ်၊ ငါနောင်တရလို့လည်း မမီလောက်တော့ဘူး”
“မင်း ရည်းစားနဲ့ရန်ဖြစ်လာတာမှလား”
သူခေါင်းညိတ်သည်။ ကျွန်တော် ပခုံးတွန့်ပြလိုက်သည်။ ဒါဟာ နေဘုန်းခန့်အတွက် အဆန်းမဟုတ် တော့ဘူး ဆိုတဲ့သဘော။ ဒီကောင်က ချစ်သူတော်တော်များများထားတတ်သည့်ကောင်။
“ဒီတစ်ခါက ခါတိုင်းထက်လေးနက်တယ်မိုးစွေ၊ အဲဒါမင်းယုံ၊ မင်းနဲ့ငါနဲ့က ငယ် ပေါင်းတွေဆို ပေမယ့် ရပ်တည်မှုချင်း၊ ဘဝလက်တွဲဖော်ရွေးချယ်မှုချင်း မတူဘူးလေ၊ ငါက မင်းလိုတည်တည် ငြိမ်ငြိမ်သမား မဟုတ်ဘူး၊ ရည်းစားတွေအများကြီးထားတယ်၊ အဲဒီထဲက ငါအချစ်ဆုံး၊ ငါ့ကိုနားအလည်ဆုံးလို့ ထင် ရတဲ့သူကို ငါကရွေးချယ်မှာ”
ကျွန်တော်တို့ သစ်လုံးအိမ်ရှိရာဘက် ဆက်လျှောက်လာခဲ့သည်။ သစ်လုံးအိမ်ရှိရာ နေရာက ခြံ၏ အဆုံးဖြစ်ပြီး မြေပြင်အညီဆုံးအပိုင်းလည်း ဖြစ်သည်။ ကျန်ရော်ဘာ ပင်တန်းများ က အတန်းလိုက်၊ အတန်းလိုက် တောင်ပေါ်မြင့်တက်သွားပြီး ခြံ၏အဆုံး တောင်ပေါ်ထက်၌စေတီလေးတစ်ဆူရှိသည်။
“ဆက်ပါဦး”
“မင်းမော်လမြိုင်ကိုရောက်လာပြီးတော့ မင်းနဲ့ အေးအေးဆေးဆေးစကားမပြောဖြစ်တဲ့ဒီအတွင်းမှာ ငါကောင်လေးတစ်ယောက်ကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တယ်၊ ငါ့ချစ်သူဟာ ငါ့အပေါ် သဝန် အတိုတတ်ဆုံး ကောင်လေးဖြစ်နေတယ် မိုးစွေ”
“ချစ်ရင် သဝန်တိုတာပဲလေကွာ”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ တစ်သက်လုံးလက်တွဲသွားရမယ့် လူနှစ်ယောက်မှာ သဝန်တိုမှုထက် နားလည်မှုက ပိုအရေးကြီးတယ်လေ၊ သူငါ့အပေါ်နားမလည်ရင် ဘယ်လို လုပ်လက်တွဲလို့ ရမှာလဲ၊ ငါတစ်ခြားကောင်လေးတွေလို Goodbye လုပ်လိုက်လို့ရတယ်၊ ဒါပေမဲ့ ရွေးချယ်ထားပြီးမှ သူနဲ့ငါက လည်း တစ်ယောက်ကိုတစ်ယောက် လေးလေးနက် နက်ထားပြီးမှ”
ကျွန်တော်သိပ်တော့လက်မခံမိ။ ကိုခန့်အကြောင်း ကျွန်တော်သိပြီးသား။ ဒီကောင့်အပြုအမူ၊ အနေအထိုင်များသည် အရမ်းချစ်တတ်သည့် ကောင်လေးတစ်ယောက်အတွက် ဘယ်လိုမှနားလည် နိုင်စရာအကြောင်းမရှိ။
“မင်းမဟုတ်တာတွေ၊ နည်းလမ်းမကျစရာတွေ၊ သဝန်တိုစရာတွေလုပ်ရင် ဘယ် ချစ်သူရည်းစားက မင်းကိုနားလည်မှာလဲ”
သူကျွန်တော့်ကို လှမ်းဆဲလိုက်ပြီး…
“မင်းကပါ ငါ့အပေါ်အယုံအကြည်မရှိဘူး” ဟု ပြောသည်။
“မင်းရည်းစားပွေတာ ငါသိတယ်လေ၊ သဝန်တိုတာနည်းတောင်နည်းသေးတယ်၊ အခုဘာကြောင့် ရန်ဖြစ်လာရတာလဲ ငါ့ကိုမပြောနဲ့၊ မင်းမှားတာ မှန်း ငါသိတယ်၊ ငါတို့ဘဝတွေက အတည်ရည်းစားမ တွဲဘူးဘာညာနဲ့ ပြောဆိုနေကြတတ်တာမင်းလည်းအသိ၊ မင်းဆင်ခြင်သင့်တယ်၊ လက်ရှိရည်းစားက အတည်ဆိုရင်တော့ သူ့ကို အလိုလိုက်သင့်တယ်”
“တော်ကွာ၊ မင်းက မမြင်ဖူးသေးတဲ့ ငါ့ရည်းစားဘက်ပါနေပြီ”
“ကဲပါ၊ ကိစ္စနှစ်ခုရှိတယ်ဆို… နောက်တစ်ခုက ဘာလဲ”
“နောက်တစ်ခုက… ငါရင်းငြိမ်မှာကုသိုလ်လာယူတာ၊ ဒီလ ၂၆ ရက်နေ့ ဒီရွာမှာ ဆွမ်းကြီးလောင်းပွဲရှိ တယ်၊ ငါ့အသိချာတိတ်လေးတစ်ယောက်ကို ဆွမ်းလောင်းဖို့ပစ္စည်းတွေ ဝယ်ပေးပြီးလောင်းခိုင်းမလို့၊ သူကဆင်းရဲတယ်”
ကျွန်တော်ထင်သည့်အတိုင်းပါပဲ။ နေဘုန်းခန့်ကရောက်သည့် နေရာတိုင်းတွင်နှာခေါင်းကိစ္စ ပါပြီး သား။
“မင်းဒီရွာက ချာတိတ်တွေနဲ့လဲသိတာပဲလား”
“ဟင့်အင်း၊ အဲဒီတစ်ယောက်တည်းနဲ့ပဲသိတာ၊ သူက ငါ့ဆိုင်ကယ်ဓာတ်ဆီဖြည့်တဲ့ ဆိုင်မှာနေ့စား လုပ်တာလေ၊ ငါသထုံသွားရင် ဒီလမ်းကပဲသွားပြီး အဲဒီမှာဓာတ်ဆီဖြည့်ရင်းနဲ့ ခင်တာ၊ ကောင်လေးက သနားစရာလေးကွ၊ မြေတောင်မြှောက်ပေးချင်စရာလေး၊ မြတ်ဦးမောင်တဲ့”
ကျွန်တော် ပါးစပ်အဟာင်းသား ဖြစ်သွားမိသည်။
>>>>>