(၁၅)
ကျွန်တော့်စာမျက်နှာတစ်ဖက်ကို ဇော်သိရှိပြီးနောက်ပိုင်း၌ ထိုနေရာလေးကို ကျွန်တော်ရောက်ရှိလာ ခဲ့ခြင်းပင်။ မော်လမြိုင်ဒေသတစ်ဝိုက်က ကျွန်တော့် ချက်မြှုပ်ဇာတိဖြစ်သည်နှင့်အညီနွေးထွေးစွာ ကြိုဆိုနေမြဲပင်။ ခလုတ်ထိမှ အမိတဟုပြောလျှင်လည်းခံရပါမည်။ အရေးကြုံမှ ရောက်လာခဲ့ခြင်းအ တွက် မော်လမြိုင်တောင်တန်းများသည် ကျွန်တော့်ကို အပြစ်မတင်ဘူးဟုယူဆပါသည်။ ထိုဒေသ တစ်ဝိုက်ကို ကျွန်တော် ခွဲခွာခဲ့ရသော်လည်း ဇာတိချက်ကြွေမို့ ရင်ထဲအမြဲပင်ရှိနေခဲ့လေသည်။
ကျွန်တော် ထိုနေရာသို့ရောက်လာရန် အစအဆုံးကူညီပေးခဲ့သူမှာ ငယ်သူငယ်ချင်းနေဘုန်းခန့်ပင်ဖြစ် တော့သည်။ ကျွန်တော့်အပေါ်အရာရာနားလည်သည့်သူငယ်ချင်း၊ စိတ်ညစ်တိုင်းရင်ဖွင့်ဖော်သူငယ် ချင်းလည်းဖြစ်သည်။
“ဇော်
ဇော် မသိခဲ့တဲ့ ငါ့ဘဝရဲ့ စာမျက်နှာတစ်ဖက်ကို ဖျက်ဆီးပစ်ဖို့ ငါထွက်သွားပြီ။
စိတ်ချပါကွာ. . . ငါရဲ့လက်ကျန်အချိန်တွေမှာ ဇော့်ကိုချစ်ရင်း ဖြူစင်စွာနဲ့ ရှင် သန်ပါ့မယ်။
ငါကတိပေးတယ် ဇော်။
မိုးစွေ”
ထိုစာသည် ဇော်နှင့်ပတ်သက်၍ ကျွန်တော့်နောက်ဆုံးအမှတ်တရဖြစ်သည်။ ကျွန်တော်ဘယ်သွားပြီး ဘာလုပ်ရမည်လဲ။ ရန်ကုန်တွင်ဆက်နေ၍အဆင်မပြေတော့။ ဘဝတစ်သက်တာလုံးတွင် အချစ်ရဆုံး ဖြစ်ခဲ့သော ဇော်၏မကြည်ဖြူမှုကိုရရှိပြီးနောက်ပိုင်းတွင် ကျွန်တော် အားလျော့လာခဲ့လေသည်။ ကျွန် တော်ချစ်ရသည့် ရန်ကုန်တက္ကသိုလ်ကိုလည်းမသွားနိုင်၊ ကျွန်တော်မြတ်နိုးစိတ်ဝင်စားခဲ့ရသည့် အသုံး ချစိတ်ပညာကိုလည်းဆက်လက်မသင်ကြားနိုင်ခဲ့တော့။
ခက်ခဲမှုပေါင်းများစွာဖြင့် ရင်ဆိုင်ဖြတ်သန်းနေရသည့် ရန်ကုန်ဘဝကို စွန့်ခွာကာ ထိုနေရာကလေးသို့ ကျွန်တော်ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။ ကျွန်တော်မရမကဖန်တီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝကိုရင်နာနာနှင့်ပင်စွန့်လွှတ်ခဲ့ရသည်မှာ ကျွန်တော်ချစ်ရသော ဇော့်ကို ရင်မဆိုင်ရဲ၍ ပင်ဖြစ်တော့သည်။ ကျွန်တော့်ကို ဇော် ခွင့်လွှတ်မည်မဟုတ်မှန်း သေသေချာချာသိပြီးထိုဆုံးဖြတ် ချက်ကိုချမှတ်ရခြင်းပင်။
ကျွန်တော်မော်လမြိုင်ကိုထွက်လာခဲ့သည့်အဖြစ်ကို ကျော်ဇောတောင်မသိခဲ့ပါ။ မည်သူမျှလည်းမသိ ခဲ့ပါ။ မိုးစွေကို လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ကောင်ဆိုပြီးတော့ပဲ လူတွေကထင် သည်။ မိုးစွေမှာ တော့ အဲဒီလိုလျှို့ဝှက်ဖို့အကြောင်းတရားဖန်ခဲ့တာတော့ ဘယ်သူကသိမှာလဲ။
“မင်းရုတ်တရက်ကြီး မော်လမြိုင်ကိုရောက်လာတော့ ငါဝမ်းသာပါတယ်၊ ဒါပေမဲ့ မင်းမှာ ပိုက်ဆံအများကြီးပါလာတယ်၊ ဒီလောက်များတဲ့ပိုက်ဆံတွေကို မင်းဘယ်ကရလာ တာလဲ၊ သွေးရိုး သားရိုး …”
“စိတ်ချ ကိုခန့်၊ ဒါငါ့ကိုယ်ပိုင်ပိုက်ဆံပါ”
ကိုခန့်ကို ထိုမျှလောက်သာရှင်းပြခဲ့ပါသည်။ ပိုက်ဆံ၏အရင်းအမြစ်က ဘယ်ကလဲဆို တာရော၊ ကျွန်တော့်ရောဂါအကြောင်းရော မရှင်းပြတော့ပါ။ သိလည်းမသိစေချင်ပါ။ “Leukemia” ရောဂါသည် တစ်ယောက်၏ဝေဒနာကို သူငယ်ချင်းသိလို့ရော ဘာစိတ်ချမ်း သာမှုပေးနိုင်မှာလဲ။
“လောကကြီးမှာ မှားမှန်းသိရက်နဲ့ ဆက်လျှောက်နေရတဲ့ဘဝက ဘယ်လောက်ဆိုး ရွားတဲ့ခံစားမှု လည်းဆိုတာ မင်းတို့သိမှာမဟုတ်ပါဘူး၊ ငါဒီလိုဘဝမျိုးရောက်ဖို့ လူတွေရဲ့ ကဲ့ရဲ့ခံရဖို့ သိပ်ကြောက်ခဲ့ တယ်… ဒါပေမဲ့”
ဝေယံတို့အားပြောခဲ့ဖူးသည့် စကားအချို့ကို ပြန်လည်အမှတ်ရမိစွာပင်။ ကျွန်တော့်ဘဝက မှားမှန်းသိ သိကြီးနှင့် လျှောက်ခဲ့ပြီးပြီ။ ကျွန်တော့်လက်ကျန်အချိန်အတွက်တော့ ဇော်မကြိုက်သည့်အလုပ်ကို စွန့်လွှတ်ရန် ရုပ်ချည်းဆုံးဖြတ်ခဲ့သည်။ ဇော်မသိလျှင်တောင်မှပေါ့လေ။ သို့သော် ကျွန်တော်အခု ရင်းငြိမ်၌ အေးချမ်းစွာနေထိုင်ရန် ပိုက်ဆံများ၊ ရော်ဘာခြံကြီးတစ်ခြံ ကို ဝယ်နိုင်လောက်သည့် ဓန အင်အားများ ဘယ်က ရရှိခဲ့သလဲ ဟုမေးလာပါလျှင် ဖြေရတော့ခက်မည်။ ဇော်အမုန်းတီးအရွံရှာဆုံး “စပွန်ဆာ”ဆိုသည့်ဘဝကနေ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ကျွန်တော့် လက်ကျန်အချိန်များကို ဖြူစင်စွာ နှင့်ရှင်သန်ရန်ဆိုသောအတွေးနှင့် ထိုစပွန်ဆာများထံမှ ငွေပမာဏများများရရှိခဲ့ခြင်းဖြစ်လေသည်။
မြန်မာနိုင်ငံတွင် ထို “စပွန်ဆာ” ဆိုသည့်စကားလုံး ဘယ်ကာလ၊ ဘယ်အချိန်ကတည်းကရှိနေခဲ့သလဲ ကျွန်တော်မသိသလို ကျွန်တော့်ကိုရော အဲဒီဘဝရောက်အောင် ကံကြမ္မာကဘာကြောင့်များတွန်းပို့ နိုင်ရက်ခဲ့သလဲဆိုသည်ကိုလည်းနားမလည်နိုင်တော့ပါ။ သေချာသည့်အချက်မှာ ပိုက်ဆံအလွယ်တ ကူရရှိရန်၊ ကျွန်တော်လိုချင်သည့်အရာကိုလှမ်းနိုင်ရန် စပွန်ဆာဆိုသည့်စကားလုံးသည်အတော်လေး အသုံးဝင်ခဲ့လေတော့သည်။
အပြန်အလှန်ပေးဆပ်မှုများနှင့် ထိုလောကထဲတွင် တကယ်ခက်ထန်ကြမ်းတမ်းလှသောဘဝပေး ကြောင့် ရောက်ရှိနေသူများရှိသကဲ့သို့ အလွယ်လမ်းအဖြစ်အသုံးချသူများလည်းရှိလေသည်။ ပျိုမျှစ် ငယ်ရွယ်မှုနှင့် ဇာတာစန်းလာဘ်တို့ အဆုံးသတ်ချိန်တွင်တော့ စပွန်ဆာဆိုသောစကားရပ်မှာ ပျောက် ကွယ်သွားလေ့ရှိပါသည်။
ရရှိလာသည့်တဒင်္ဂအချိန်အတွင်း၌ အမိအရဖမ်းဆုပ်ခြစ် ထုတ်ယူနိုင်မှသာ ရည်မှန်းရာ အခြေအနေ တစ်ခုထိ ရောက်ရှိသွားတတ်ကြမည်ပင်။ မော်လမြိုင်ကိုမလာခင်တစ်လလောက် ရန်ကုန်၌ ပြင်ဆင်ပြီးမှ အခုလိုအခြေအနေ ကို ရရှိလာခဲ့ခြင်းဖြစ်သည်။ ကျွန်တော် ဇော့်ကို ကတိပေးခဲ့သည့် အတိုင်း ရွှေဂုံတိုင်ရှိကွန်ဒိုမှ ထွက်လာပြီးချိန်မှစတင်ကာ ရရှိသော ငွေပမာဏများသည် ဇော်ပြော သည့် ကျွန်တော့်စပွန်ဆာများက ကြည်ဖြူစွာ၊ ဖြူစင် သန့်ရှင်းစွာ စပွန်ဆာပေးကြသော နောက်ဆုံး အသက်ရှင်နေထိုင်မှုအတွက် ငွေတွေပဲဖြစ် သည်။
ကျွန်တော့်မှာ ရွေးစရာလမ်းမရှိပါ။ ကျွန်တော်လို့ရောဂါသည်တစ်ယောက်၊ တစ်ကောင်ကြွက်တစ် ယောက်အတွက် ရွေးချယ်စရာမရှိပါ။
ထို့နောက် ကျွန်တော်သည် ရင်းငြိမ်နားက ရော်ဘာခြံကို စျေးသက်သက်သာသာဖြင့် ဝယ်ယူနိုင် ခဲ့သည်။ အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။
“မင်းက ဒီမှာပဲနေတော့မယ် ဟုတ်လား၊ ရန်ကုန်လို စီးပွားရေးမြို့တော်မှာ တက္ကသိုလ်တက်ပြီး သာသာယာယာနေတဲ့ကောင်က မော်လမြိုင်ကို ပြန်ပြီးအခြေချနေထိုင်မယ် ဆိုတော့”
နေဘုန်းခန့်က အစတုန်းကအံ့အားသင့်နေခဲ့ပါသည်။
“ဟုတ်တယ် ကိုခန့်၊ ငါဘာဖြစ်လာတာလဲ၊ ဘာတွေဖြစ်ခဲ့သလဲဆိုတာတွေ လော လောဆယ် မင်းကိုမပြောပြချင်သေးဘူးကွာ၊ တစ်ချိန်ချိန်ကျရင်တော့ ပြောပြဖြစ်မှာပါ၊ ပြောပြစရာလည်း ငါ့ဘဝ မှာမင်းတစ်ယောက်ပဲရှိတာပါ သူငယ်ချင်းရာ၊ ဒီပိုက်ဆံတွေက လည်း ငါ့ရဲ့ကိုယ်ပိုင်ပိုက်ဆံတွေ ပါကွာ”
“အေးပါ၊ ငါမင်းကို ယုံပါတယ်၊ မင်းဒီမှာနေမယ်ဆိုတော့ …”
“ငါမြို့ပေါ်မှာတော့ မနေချင်ဘူး၊ ပေါင်ဘက်ခြမ်းဒါမှမဟုတ် မုဒုံ၊ သံဖြူဇရပ်ဘက်ဖြစ်ဖြစ် ရော်ဘာခြံ လေးတစ်ခြံဝယ်ပြီး တစ်ယောက်တည်းပဲနေမယ်ကွာ”
“အင်း၊ မင်းဘာဖြစ်လာတယ်ဆိုတာ မသိပေမယ့် မင်းအရမ်းစိတ်ညစ်နေပုံရတယ်၊ ထားပါ၊ ဒါနဲ့ မင်း ရော်ဘာခြံဝယ်မယ်ဆိုတော့ ”
“အေး… လောလောဆယ်တော့ ရော်ဘာအကြောင်းကို အရင်လေ့လာရမှာပေါ့ ကွာ၊ ငါတို့က ဒီဒေသမှာမွေးဖွားလာတဲ့သူတွေပဲ၊ ရော်ဘာပင်တွေနဲ့ ရင်းနှီးပြီးသားပါ၊ လက်ပွန်းတတီးမနေခဲ့ တာရယ်၊ ငါတို့ငယ်ငယ်တုန်းက ရော်ဘာပင်တွေအခုလောက် စျေး ကွက်မတွင်ကျယ်သေးတာရယ် ကြောင့်သာ အလှမ်းဝေးခဲ့တာပါ”
ကျွန်တော်လိုအပ်သမျှကို ကိုခန့်ကထောက်ပံ့ပေးခဲ့ပါသည်။ တကယ်တော့ ဒီကောင် လည်း ရော်ဘာ ခြံတွေအကြောင်းကို ကျွန်တော့်လောက်တောင်မသိ။ သို့သော်လည်းဒေသခံခြံပိုင်ရှင်အချို့၊ လုပ်သား အချို့နှင့်ဆက်သွယ်ပေးခဲ့ပါသည်။ ကိုခန့် ဆီတွင်ကပ်နေပြီး ရော်ဘာအကြောင်းလေ့လာခွင့်ရခဲ့ ပါသည်။ တကယ်တော့ ကိုခန့်မှာဆိုင်ကယ်တစ်စီးနှင့် ဟိုသွား၊ ဒီလာ အင်မတန်အလုပ်များသူ ဖြစ် လေသည်။
“မင်းဘာရောဂါဖြစ်လို့လဲ၊ တစ်ခါတစ်ခါသောက်ရတဲ့ ဆေးတွေကလည်း မနည်းပါ လား”
“အေး … မင်းတို့ဒေသရာသီဥတုကြောင့်ပေါ့ကွ၊ ရန်ကုန်မှာနေတာကြာတော့ ဒီက ရာသီဥတုဒဏ်ကို မရင်းနှီးသေးတာပေါ့”
“ခွေးကောင်၊ တောသားကတောသားပါပဲကွာ”
ကျွန်တော့်ရောဂါအခြေအနေကို ကိုခန့်လုံးဝမသိစေခဲ့ပါ။
ဆရာဝန်နှင့်တွေ့ခြင်း၊ ရန်ကုန်မှ လွှဲလိုက်သောဆရာဝန်နှင့် ဆေးရုံတွင်သွားတွေ့ခြင်းတို့ကို ကိုခန့်မသိအောင်ပဲလုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော့်အကြောင်းကိုသိ၍ သူစိတ်ဆင်းရဲရုံကလွဲလျှင် ဘာရမှာလဲ။ ကျွန်တော့်ဆေး၊ စာရွက်စာတမ်းများကိုလည်း ဒီကောင်မသိအောင် ဖွက်ထားရသည်။
ကျွန်တော့်ကံကြမ္မာက ကောင်းလွန်းတာလား၊ ဆိုးလွန်းတာလားတော့ မသိပါ။ ဇော်နှင့် ဝေးပြီးကာ လအတန်ကြာအထိ ကျွန်တော်အသက်ရှင်ခွင့်ရရှိခဲ့ပါသည်။ ကျွန်တော့်မျိုးရိုးသည် အနုမြူဗုံးဒဏ်က နေ အသက်ရှင်ကျန်ရစ်ခဲ့သော ဆွေစဉ်မျိုးဆက်လည်းမဟုတ်၊ ဓာတုဗေ ပစ္စည်းများကို ကိုင်တွယ် ထိတွေ့ရသူလည်းမဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့်ဘဝထဲကိုတော့ “သွေးကင်ဆာ” ရောဂါက ရောက် မှန်းမသိရောက်ရှိလာခဲ့တာပဲ ဖြစ်သည်။
“Leukemia” တွင် ရောဂါအမျိုးအစား အတော်များများရှိသည်ဟု ဆရာဝန်ကရှင်းပြပါသည်။ ကျွန် တော့်ရောဂါအမျိုးအစားကတော့ အရွယ်ရောက်သူတွေမှာ အဖြစ်များသည့် Chronic Myeloid Leukemia (CML) ဟု သိထားသည်။
“CML ဆိုပေမယ့် လပေါင်းတစ်ရာကျော်အထိ အသက်ရှင်တဲ့သူတွေ ရှိပါတယ်၊ အသိမြန်တဲ့သူ ကတော့ စောစောကုသနိုင်ပါတယ်၊ ကုထုံးအတိုင်း သေချာလိုက်နာမယ်ဆို ရင်တော့ အနည်းဆုံး လပေါင်း လေးငါးဆယ်တော့ နေထိုင်နိုင်ပါတယ်”
အနည်းဆုံးလပေါင်း လေးငါးဆယ်၊ အများဆုံးလပေါင်း တစ်ရာကျော်။ လေးနှစ် ကျော်ဝန်းကျင်ကနေ ဆယ်နှစ်ဝန်းကျင်အထိ။ ကျွန်တော့်အတွက် အဲဒီကာလအပိုင်းအခြားသည် တိုတောင်းသလား၊ ရှည် လျားနေသလား။
ဇော်။ ဇော်က အခရာဖြစ်သည်။ ဇော့်ကို ကျွန်တော်တကယ်ကို လေးလေးနက်နက် ချစ်ရပါသည်။ ချစ်လည်းချစ်ခဲ့ပါသည်။ ဒါပေမဲ့ ဇော်မရှိတော့တဲ့ နေရာမှာ …။
“ဟား၊ ဇော်ဟာ ငါ့ဘဝထဲတဒင်္ဂရောက်ခဲ့တာပါပဲလေ၊ အခုတော့လည်း …”
ကျွန်တော့်စိတ်ထဲ ဇော့်ကိုဘာလို့မေ့မရနိုင်တာပါလဲ။ ဘာလို့ ဇော့်အကြောင်းတွေချည်းတွေးနေမိ တာပါလဲ။
“အဓိက က အာဟာရပြည့်ဝအောင်စားသောက်ဖို့နဲ့ စိတ်ချမ်းသာစွာနေထိုင်ဖို့” တဲ့။
ဇော့်ကို သတိရတာကလွဲရင် အရာအားလုံးပြည့်စုံပါတယ်ဇော်။
ကျွန်တော်သည် ဇော်နှင့်ပြန်လည်ဆုံတွေ့ရန် မမျှော်မှန်းတော့ပါ။ ရန်ကုန်နှင့်ပတ်သက်၍လည်း အရာအားလုံးကို မေ့ပစ်နိုင်အောင် ကြိုးစားခဲ့ပါသည်။ (ဇော့်ကိုသတိရ၍ဆောက်ထားသော သစ်လုံး အိမ်လေးကလွဲရင်ပေါ့လေ)။ ကျွန်တော့် ရောဂါအမျိုးအစားက အဖြစ်နှေးတာမို့ သမရိုးကျဆေး သောက်တာမျိုးပဲ ဆရာဝန်ကစီစဉ်ပေးခဲ့ပါသည်။ တစ်ခါတလေမှသာ လိုအပ်သောစစ်ဆေးမှုမျိုးများ ကိုလုပ်ပေးခဲ့၏။
ဘေးထွက်ဆိုးကျိုးအနေဖြင့် မကြာခဏပျို့အန်တတ်သလို အလာဂျစ်ထွက် သလိုမျိုး အနီကွက်များ ခန္ဓာကိုယ်၌ ပေါ်လာတတ်သည်။
တစ်ခါတစ် လေ ကြွက်သားနာတာမျိုးတောင် ဖြစ်တတ်ပါသေးသည်။ ဇော့်ရင်ခွင်ထဲတွင် နွေးထွေးစွာ သေဆုံးရသည့်အဖြစ်အပျက်ကို အိပ်မက်မက်မိသောအခါ ကျွန်တော်ရင်စိတ်များသည် အေးချမ်းကျေ နပ်လျှက်သာရှိတော့သည်။
ငါမင်းကို သိပ်ချစ်တယ်ဇော်။
>>>>>
ဆက်ပါဦးမည်။