“သူ…..မသိခဲ့လေသော..” အပိုင်း (၁၄)

(၁၄)
ရင်းငြိမ်ကျေးရွာတောင်ပိုင်း၊ မွန်ပြည်နယ်။
“ကွယ် … မြတ်ဦးမောင်တော်တော်ဒုက္ခပေးတာပဲ၊ လာစမ်း နင့်ကိုအသေသတ်မယ်”
အမေဖြစ်ဟန်တူသည့်အမျိုးသမီးကြီးက ချာတိတ်ကိုမြင်တော့ လက်ကိုဆတ်ခ နဲဆွဲ၊ ကျောကုန်းကို တဘုန်းဘုန်းမြည်အောင် ထုနှက်ပါလေတော့သည်။ ကျွန်တော် ဘုရားတမိသည်။ သားဖြစ်သူပျောက် သွားခြင်းကြောင့် စိတ်ပူနေဟန်တူသည်။ ကောင်လေးကလည်း ကြိတ်မှိတ်ပြီးခံရှာသည်။ သူ့အပြစ် လုပ်ထား၍ ဘာမျှပြန်မပြော။
“ဟ… ဟ၊ အဒေါ်နေပါဦး”

အမြင်မတော်တော့သည်မို့ ကျွန်တော်လှမ်းတားသည်။ သို့သော မရ။ အမျိုးသမီးကြီးက ဘယ်နေရာမှာဒေါသထွက်ထားသလဲမသိ။ ထိုဒေါသများကို ချာတိတ်အပေါ်ပုံကျနေသလား အောက် မေ့ရသည်။ ဘေးနားပတ်ဝန်းကျင်တစ်ချို့ကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်။ ထို့ နောက် တစ်ချို့က လာတားကြသည်။ အမျိုးသမီးကြီးက တော်တော်လေးအားသန်ပါသည်။ ဆွဲထား သည့်ကြားထဲကပင် မရရအောင်ရုန်းထွက်ကာ ချာတိတ်ကိုလှမ်းရိုက်သည်။ ကျွန်တော်သည်လည်း တောင်ပေါ်တွင် ချာတိတ်ကိုမရမကလှမ်းတား၊ လှမ်းဆွဲခဲ့ရသည်ကိုမြင်ယောင်မိသည်။ အမေတူလို့ပဲ လားမပြောတတ်။ တော်တော်အားသန်တဲ့ချာတိတ်။
“မလှမြိုင်ရေတော်တော့၊ ဒီမှာ သူစိမ်းတစ်ယောက်လည်းပါတယ်၊ တစ်နေကုန် ပျောက်နေ တာ ဘာလို့လဲအကျိုးအကြောင်းမေးကြည့်ကွယ့်”
ဘေးလူတွေတစ်ယောက်တစ်ပေါက်တားကြ၊ ပြောကြပြီးအတန်ကြာမှ အမျိုးသမီးကြီးက ကျွန်တော့် အပေါ်အာရုံစိုက်မိသွားသည်။ စူးရဲရဲအကြည့်တွင် ဒေါသတချို့ကိုကျွန်တော်တွေ့လိုက်ရ၏။ အသက် ၄၀ လောက်တော့ရှိမည်။ ခပ်ဝ၀၊ အသားခပ်ညိုညို။ ဒေါသထွက်နေ၍လား မပြောတတ်။ ပူလောင်မှု များကို ကျွန်တော် ကူးစက်ခံစားမိသည်။
“မြတ်ဦးမောင်၊ သူက ဘယ်သူလဲ”
ထိုအမျိုးသမီးကြီး၏ စကားအဆုံးတွင် အနီးအနားဝန်းကျင်ရှိလူအားလုံး၏ အကြည့်က ကျွန်တော့် အ ပေါ်ရောက်လာသည်။
“ကျွန်တော်နဲ့သူက နွားလပို့တောင်မှာတွေ့တာ သူ ကျောက်ဆောင်ပေါ်တက်ပြီး ခုန်ချမလို့လုပ်တုန်း ကျွန်တော်ကယ်လာတာ”
“ဟင်”
အားလုံးက အံအားသင့်စွာဖြင့် မြတ်ဦးမောင်ကို ကြည့်လိုက်ကြသည်။ အပြစ်တင်နေကြသည့် မျက်လုံးများတော့မဟုတ်။ ဂရုဏသက်နေကြပုံပင်။
“သူ့လို နုနယ်တဲ့အရွယ် ကျွန်တော့်ညီအရွယ်ကလေးတစ်ယောက် သေကြောင်းကြံစရာ ဘာ အကြောင်းရှိလဲ၊ ဘယ်လောက်တောင် နက်ရှိုင်းသလဲ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ သူအရမ်းစိတ်ဆင်း ရဲနေတာကိုတော့ ကျွန်တော်သိတယ်၊ ကျွန်တော်သူ့ကို ဒီကိုရအောင် ခေါ်လာတာ သူ့ပြဿနာကိုရ အောင် ဖြေရှင်းပေးမယ်ဆိုပြီး အာမခံနဲ့ခေါ်လာတာပါ”
ကျွန်တော့်စကားကို အားလုံးကစိတ်ဝင်စားစွာ နားထောင်နေကြသည်။ အပြောကောင်း၍တော့ မဟုတ်။ ဒီရွာနှင့်ဘယ်လိုမှ မပတ်သက်သည့် သူစိမ်းတစ်ယောက်က ဒီရွာထဲ က မိသားစုဝင် တစ် ယောက်၏ အကြောင်း မသိနားမလည်စွာပြောပြနေသည်ကို စိတ်ဝင်စားနေကြခြင်းပင်ဖြစ်လိမ့် မည်။
“သူ့အဖေနဲ့ သူ့အမေ ဒီနေ့မနက်ကကွာရှင်းကြမှာလေ၊ မောင်ရင်က ဘာဖြေရှင်း ပေးနိုင်မှာလဲ”
အမျိုးသမီးကြီးတစ်ယောက်ဝင်ပြောသည်။
အကြောင်းရင်းမြစ်၏အစကို ကျွန်တော်သိလိုက်ရပြီ။
“အော်… ဒါနဲ့ပဲသူက သေကြောင်းကြံရောလား”
“မဟုတ်ဘူးလေကွယ်၊ နောက်ပြီးတော့”
“ဟေး… တော်၊ မပြောနဲ့”
မြတ်ဦးမောင်၏မိခင်က ဝင်တားသည်။
“မင်းပြန်တော့လေ၊ မြတ်ဦးမောင်ကို ပို့ပေးတာကျေးဇူးတင်ပါတယ်ကွယ်၊ အဒေါ်တို့ မနက်ကမကွာ ရှင်းဖြစ်ပါဘူး၊ သူအဲလိုပျောက်သွားတာဆိုတော့ သူ့ကိုပဲတစ်ရွာလုံးက လိုက် ရှာရင်း ကွာရှင်းဖို့ကိစ္စ မဖြစ်တော့တာ၊ လူကြီးတွေလည်းအားလုံးခေါ်ထားပြီးပျက်သွားတာ၊ မြတ်ဦးမောင်က အဒေါ်တို့ နှစ်ယောက်ကို ကွာစေချင်တာမဟုတ်ဘူးလေ၊ သူစိတ်ညစ်လို့နေ မှာပေါ့”
“အမေတို့ မကွာရှင်းဖြစ်ဘူး… ဟုတ်လား”
မြတ်ဦးမောင်၏ ဝမ်းသာအယ်လဲသံကို ပျော်ရွှင်ဖွယ်ကြားလိုက်ရ၏။ မကြသေးခင်က ငိုထားခဲ့ သည်များရုတ်ချည်းပျောက်ကွယ်သွားသလို။
“ကျွန်တော်ပြန်လိုက်ဦးမယ်”
ကျွန်တော် တာဝန်ကျေပြီမှလား။ လှည့်ထွက်လာခဲ့သည်။ ကျွန်တော့်ကိုပြန်စေချင် ကြပြီလေ။ မြတ်ဦးမောင်၏မိခင်ဖြစ်သူက ခေါင်းညိတ်ပြသည်။ ဝိုင်းကြည့်နေကြသည့် ရွာသူရွာသားများသည် လည်း အသီးသီးထွက်သွားကြသည်။
ကားရပ်ထားရာနေရာကို ကျွန်တော်လာခဲ့၏။ ဒီကား ကိုပေါင်ကိုပြန်ပို့ပြီး ကျွန်တော့်ဆိုင်ကယ်ပြန် ယူကာ ဒီရင်းငြိမ်ရွာ၏ ၁၅ မိုင်အကွာမှာရှိနေသည့် ကျွန်တော့်ရော်ဘာခြံကိုပြန်ရမည်။ အချိန်က လည်း မိုးချုပ်ခါနီးပြီလေ။ မှိန်ပြပြနှင်းမှုန်တချို့ကိုတောင် ပတ်ပတ်လည်မှာတွေ့နေရ၏။
“အစ်ကို”
မြတ်ဦးမောင်က ကျွန်တော့်နောက်ကိုလိုက်လာသည်။
“ညီလေးကိုကူညီမယ်ဆို၊ ပြဿနာတွေဖြေရှင်းပေးမယ်ဆို”
သူ့ကိုယ်သူ ညီလေးဟုသုံးနှုန်းပြောဆိုလိုက်သည့် အသံကနူးညံ့ညင်သာလှသည်။ အသံကို အဓိပ္ပါယ် ဖွင့်ဆို၍ရမည်ဆိုလျှင် သူ့အခေါ်အဝေါ်တွင် ကျွန်တော့်ကို အားကိုးနေမှန်း ကျွန်တော်စိတ်ထဲကခံစား မိလိုက်ပါသည်။ သူ့မျက်နှာတွင် နွားလပို့တောင်တုန်းကကဲ့သို့ ကြောက်စိတ်များကိုလည်းမတွေ့ရ တော့ဘဲ စိတ်ကျေနပ်နေပုံပင်။
“ကိုယ်ဘာလုပ်ပေးရမလဲ မြတ်ဦးမောင်”
“ညီလေး အစ်ကို့ကိုခင်မိပါတယ်၊ အစ်ကိုတစ်ယောက်လိုပဲ ချက်ချင်းကြီးသဘော ထားလိုက်မိတယ်၊ အားလည်းကိုးတယ်၊ ညီလေးအစ်ကို့ကို စကားနည်းနည်းပြောချင်တယ်၊ ညီလေးတို့ရဲ့ မိသားစု အကြောင်းတွေပါ အစ်ကို”
“ပြောလေ၊ ကိုယ်နားထောင်ပါ့မယ်”
“ကားကို ရွာထိပ်ကားလမ်းပေါ်မှာစောင့်ခိုင်းလိုက်ပါလား၊ ညီလေးတို့လမ်းလျှောက် သွားရအောင်”
“အင်း၊ ကောင်းသားပဲ”
ကားလမ်းမကြီးပေါ်မှာကားကိုစောင့်ခိုင်းကာ ကျွန်တော်တို့က စကားပြောပြီးကားရှိရာကို သွားမည်။ တစ်ရွာလုံးရှိ မြင်မြင်သမျှလူတွေကတော့ ကျွန်တော်တို့ကို ကြည့်ကြမည် ပေါ့။ ဒါပေမဲ့ ပြဿနာ မရှိပါဘူးလေ။ သူစိမ်းဆို မျက်စိဒေါက်ထောက်ကြည့်တတ်ကြတာ ဒီဒေသ၏ဓလေ့ပဲ။
တစ်ချို့ကတော့ ကျွန်တော့်ကိုသိနှင့်ပြီးသားဖြစ်မည်ဟု ထင်မိသည်။ ကျွန်တော်စျေးလာ ဝယ်လျှင် တစ်ရွာလုံး ကို ဆိုင်ကယ်နှင့်သုံးလေးပတ်ပတ်ပြီးမှ ဘယ်ဆိုင်မှာဝယ်မည်ဟု ဆုံးဖြတ်တတ်သည်။ ကျွန်တော့်ဆိုင်ကယ်ကလည်း အနီရဲရဲသုတ်ထားတော့ ထင်ရှားနေမည်မှာ အမှန်။
“အမေက အစ်ကို့ကိုလိုက်ပို့လိုက်ပါတဲ့”
“အော်”
မြတ်ဦးမောင်တို့က ရင်းငြိမ်းရွာတောင်ပိုင်းမှာဖြစ်သည်။ ဒီရွာက တောင်ပိုင်းနှင့်မြောက် ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားသည်။ ရွာများ၏ဓလေ့ထုံးစံအတိုင်း အိမ်တွင်းစီးပွားရေးလုပ်သူ က ပိုများသည်။ စျေး ဆိုင်ဖွင့်သူဖွင့်၊ အခြားပစ္စည်းရောင်းဝယ်၊ ခြံစိုက်လယ်စိုက်ပေါ့။ မိစောငယ်တို့၏ အိမ်ကလေးကျတော့ ခပ်စုတ်စုတ်အိမ်များထဲတွင် အပါအဝင်။ နွမ်းပါးပုံရ သည်။ ထန်းဓနိ မိုးတစ်ထပ်ပျဉ်ခင်း၊ ၀ါးထရံကာ အိမ်ကလေးဖြစ်သည်။
“ညီလေး အဖေရော”
“အရက်ဆိုင်မှာပဲပေါ့”
အထူးအဆန်းမဟုတ်တော့သည့်သဘော။ မိဘများ၏ အိမ်ထောင်ရေးအဆင်ပြေပုံမရ။ မြတ်ဦးမောင် စိတ်ဆင်းရဲမှာတော့ အမှန်။
“မနက်က အဖေနဲ့အမေကွာရှင်းမလို့ လုပ်ကြတာလေ၊ ညီလေးကြောင့် ပျက်သွားတယ်၊ ညီလေး ဝမ်းသာတယ် အစ်ကို၊ မြတ်ဦးမောင်ဘဝမှာ အရာရာချို့တဲ့ပါတယ်၊ ဒါပေမဲ့ မိစုံဖစုံနဲ့ စိတ်ချမ်းသာသာ တော့နေချင်တယ်အစ်ကိုရာ”
ကျွန်တော် အကြိမ်ကြိမ်မေးခဲ့သည့် မေးခွန်း၏ အဖြေကို ကျွန်တော်မမေးတော့သေအချိန်တွင် သူက လိုလားစွာပြောလာတော့သည်။ စောဒကမတက်ဘဲ သူပြောသမျှကို ဆိတ်ငြိမ်စွာနားထောင်နေမိလေ သည်။
“ကျွန်တော်ဟာ တစ်ဦးတည်းသောသားပေမယ့် သူများသားသမီးတွေလောက် ကံမကောင်းပါဘူး၊ မိဘတွေက လျစ်လျူရှုမှုကိုခံရဆုံးပါ၊ အဖေနဲ့အမေကလည်း တစ်ခါမှ ဦးစားမပေးဘူး၊ အမေ့ဆီမှာ ငွေတစ်ထောင်ပဲရှိတယ်၊ အဲဒီငွေတစ်ထောင်ကို မြတ်ဦးမောင် ကျောင်း စရိတ်အတွက် မဖြစ်မနေ ပေးရမှာမို့ အမေဆီကတောင်းတယ်ဆိုပါစို့၊ အမေဟာ လုံးဝပေးမယ့်လူစားမျိုးမဟုတ်ဘူး၊ သူ့ကိုယ် တာအတွက်ပဲ သုံးလိမ့်မယ်၊ အဖေလည်း ဒီလို ပါပဲ၊ အရက်သောက်ဖို့ဆို ကျွန်တော့်ရဲ့ အဝတ်အစား တွေပေါင်ဖို့ဝန်မလေးဘူး၊”
“ကိုယ့်မိဘတွေကို ဒီလိုမပြောရဘူး ညီလေး”
မိဘအပေါ် နာကြည်းစိတ်တွေဝင်နေတာပါလားဟုတွေးမိလိုက်သည်။ အတ္တကြီးသည့် မိဘ၊ တစ် ကိုယ်ကောင်းဆန်သည့် မိဘများထံမှ မွေးဖွားလာသည့်သားသမီးများသည် လူ့ပတ်ဝန်းကျင်တွင်ပြ ဿနာရှာတတ်သူများအဖြစ်ကြီးပြင်းလာကြသည်ဟု ကြားဖူးပါသည်။ စိတ်ပိုင်းဆိုင်ရာတွင်လည်းချို့ ယွင်းနိုင်ပြီး အများနှင့်သဟဇာတဖြစ်ရန်လည်းခဲယဉ်းသည်ဟုဆိုသည်။ မြတ်ဦးမောင်ကရော ထိုကဲ့ သို့သော ချာတိတ်လေးလားတွေးနေမိ၏။
“အပြစ်တင်ပြီးပြောတာ မဟုတ်ပါဘူး အစ်ကိုရာ၊ ကျွန်တော့်ရဲ့အဖြစ်တွေကို အစ်ကို သိအောင်ပြော ပြနေတာပါ၊ ညီလေးနေ့စဉ်ကြုံတွေ့နေရတဲ့ မိသားစုပြဿနာက တစ်နေ့နဲ့ တစ်နေ့ရိုးအီမသွားဘူး၊ နေ့တိုင်းဆန်းပြားနေတာပါ၊ တစ်ခါတစ်ခါ သေလောက်အောင် စိတ်ညစ်ရတယ်အစ်ကို”
“ကိုယ်နားလည်ပါတယ် ညီလေး”
သူ့မျက်နှာ ညိုးငယ်လေးကို ကျွန်တော်မကြည့်ရက်သလိုခံစားရသည်။ သနားကြင်နာမှုပင်ဖြစ်တော့ ၏။ သူ့မိသားစု၏ အဖြစ်အပျက်ကို အကြမ်းဖျဉ်းလောက်တော့ ရိပ်မိခဲ့ပြီဖြစ်သည်။ သူ့မိဘများကို လေ့လာအကဲခတ်ပြီး ကူညီသင့်သည်များကို ကူညီရန် ကျွန်တော်ဆုံးဖြတ်လိုက်သည်။ မြတ်ဦးမောင် ၏ စိတ်အနာကို ဘာနှင့်ကုစားနိုင်မလဲစဉ်းစားမိတော့သည်။ ထိုသို့ကူညီရန် ကျွန်တော့်ကိုမည်သူကမျှ တာဝန်ပေးခြင်းမဟုတ်သော်လည်း မြတ်ဦးမောင်စိတ်ချမ်းသာစေလိုသည့်စိတ်က ကျွန်တော့်ထံကို ရုတ်ချည်းကြီးစိုးလာခဲ့ခြင်းပင်။
“အဖေက အရက်မူးနေရင် အရမ်းသွေးဆိုးတာ၊ အမေ့ကိုဆို တအားရိုက်ပဲ၊ အမေ့ မှာလည်း အဖေ့ကို ပြန်မလုပ်ရရင် ဘယ်တော့မှကျေနပ်တာမဟုတ်ဘူး၊ သူတို့ရန်ဖြစ်ရင် အရမ်းစိတ်ညစ်ရတာ”
သူ့ခံစားမှုစိတ်က ကျွန်တော့်ကိုယ်ထဲဝင်ပူးသွားသလို ခံစားရသည်။ မိဘချင်းရန်ဖြစ်လျှင် စိတ်အညစ် ရဆုံးမှာ သားသမီးများဖြစ်သည်ကို ကျွန်တော်ကိုယ်ချင်းစာပါသည်။ ကျွန်တော်ကိုယ်တိုင်မကြုံခဲ့စေ ဦးတော့။ မြတ်ဦးမောင်၏ စိတ်ပိုင်းဆိုင်ရာကို ကျွန်တော် အတော်အသင့်အကဲခတ်မိပြီးဖြစ်သည်။
“စိတ်မညစ်ပါနဲ့ ညီလေးရာ၊ ကိုယ့်ကို အစ်ကိုရင်းတစ်ယောက်လို သဘောထား၊ ဟုတ်ပြီလား၊ ဘယ်ကိစ္စမဆို စိတ်လိုက်မာန်ပါမလုပ်ရဘူး၊ အစ်ကို့ကိုတိုင်ပင်၊ အစ်ကို ဒီရွာနဲ့မဝေးတဲ့ ရော်ဘာခြံမှာ တစ်ပတ်နှစ်ရက်သုံးရက်လောက်ပုံမှန်ရှိမယ်၊ လာလည်လို့ရ တယ်”
ကျွန်တော့်စကားကြောင့် သူကျေနပ်သွားပုံရပါသည်။
ကားအနားရောက်လာပြီမို့ နှုတ်ဆက်ရတော့မည်။
“အစ်ကို့နာမည် ဘယ်လိုခေါ်လဲဟင်”
“မိုးစွေ”
ကျွန်တော့်နာမည်သည် မြတ်ဦးမောင်ဆိုသည့် ထိုချာတိတ်၏ဘဝထဲရောက်ရှိခဲ့သောထိုနေ့မှစတင် ကာ မြတ်ဦးမောင်၏ဘဝတွင် ကျွန်တော်သည် မရှိမဖြစ်အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့လေသည်။
>>>>>
ဆက်ပါဦးမည်။