“သူ…..မသိခဲ့လေသော..” အပိုင်း (၁၃)

(၁၃)
အပိုင်း(၂)၊ တစ်နှစ်ကြာသောအခါ
နွားလပို့တောင်စေတီ
အပြာရောင်တောင်တန်းကြီးများ ပတ်ပတ်လည်ဝိုင်းနေသည့် အနက်ရောင် ကျောက်ဆောင်ကြီးများ ပေါ်တွင်ရှိနေသော ရွှေရောင်စေတီများ။ ထိုတောင်တန်းများကြား ကျောက်တုံးသုံးတုံးဆင့်ပေါ်ထူးကဲ စွာတည်ထားသည့် နွားလပို့တောင်စေတီတောင်ကို ကျွန်တော် ဦးခိုက်ဖူးမျှော်ပူဇော်ပြီး မျက်လုံးအ ဖွင့်တွင်ပဲ ထိုအဖြစ်အပျက်စတင်ခဲ့ခြင်းဖြစ်သည်။
“ဟင်”
ခပ်မြင့်မြင့်ကျောက်တုံးကြီးပေါ်တွင် လူငယ်တစ်ယောက်။ ထိုဒေသတစ်ဝိုက်ရှိ ဒေသခံများပိုင်ဆိုင် ထားတတ်သောဝင်းဝါစိုပြေသည့်အသားအရေပိုင်ရှင်မှန်းကျွန်တော်မြင်နေရသည်။ အနီးကပ်မဟုတ် သောကြောင့် ထိုလူငယ်၏ ပုံပန်းသဏ္ဍာန်အသေးစိတ်ကို ကျွန်တော်မမြင်ရ။ ဘုရား ဘုရား။ ကျွန် တော် ကြက်သီးမွှေးညှင်းထသွားရသည်။ တစ်စုံတစ်ခုကို တွေးမိသွား၍ဖြစ်သည်။

ကျွန်တော်ရောက်နေသည့် ပတ်ဝန်းကျင်တွင်ဘာမျှမရှိ။ ထိုလူငယ်လေးမှာ ဘယ်ကနေဘယ်လိုလုပ် ရောက်လာခဲ့တာပါလဲ။ စေတီတော်တောင်ပေါ်ကိုတက်ရန် ကားက လူအယောက် ၃၀ ပြည့်အောင် စောင့်ရသည်မို့ ဘုရားရင်ပြင်တော်ပေါ်ကို လူ ၃၀ တော့ အနည်းဆုံးရောက်တတ်သည်။ ကျွန်တော် တက်လာသည့်ကားတွင်တော့ ကျွန်တော်ကလွဲလျှင် ကျန် ၂၉ ယောက်ကဆင်းသွားနှင့်ပြီဖြစ်ပြီး ကျွန် တော်တစ်ယောက်တည်းကျန်နေခဲ့ခြင်းဖြစ်သည်။ ဆရာတော်နှင့် စကားစမြည်ပြော။ ဒီတောင်ပေါ် တွင်ရှိသည့် အခြားစေတီများ၏ အကြောင်းကို ဂဃနဏသိချင်၍ ကျွန်တော် တမင်နေခဲ့ခြင်းဖြစ် သည်။ ဒီကောင်လေးက ဘယ်ကနေ ဘယ်လိုရောက်ချလာတာပါလိမ့်။ ဒေသခံတစ်ယောက်ယောက် များ အရွက်ခူး၊ ဆေးမြစ်တူးလာသလားဟုထင်မိသော်လည်း ဒီဒေသတွင်ထိုမျှလောက်မခေါင်ပါ။
“သေချာအောင်တော့ လုပ်မှရမယ်”
ကျွန်တော် ထိုကောင်လေးရှိရာဆီကို တဖြည်းဖြည်းလျှောက်သွားမိသည်။ အမှန်တော့ လျှောက်သွား နေခြင်းမဟုတ်ဘဲ အတက်အဆင်း၊ အကွေ့အကောက်များကို ဖြတ်သန်းနေရခြင်းပင်။ ကျွန်တော် ရှိနေသည့်နေရာနှင့် ထိုလူငယ်လေးရှိနေသည့်နေရာမှာ ပေ ၂၀၀ လောက်ပင်ကွာလိမ့်မည်။ ကျောက် ဆောင်တစ်ချို့၏ အပေါ်ကိုတက်၊ ချုံနွယ်တစ်ချို့ကိုဖြတ်ပြီးမှ သူရှိရာမလှမ်းမကမ်းဆီကိုရောက်လာ ခဲ့သည်။
ကျွန်တော်ဘာရည်ရွယ်ချက်နှင့်များ ထိုကောင်လေးရှိရာကို စွတ်စွတ်ရွတ်ရွတ်လာခဲ့သလဲ။
သူကရော ကျောက်တုံးမြင့်ကြီးအစွန်းတွင်ဘာကြောင့်ရပ်နေခဲ့ပါသလဲ။
ဒီတော၊ ဒီတောင်တွင် သူဘာလုပ်နေပါသလဲ။
ကျွန်တော်ဘုရားတမိပြန်သည်။ ကျွန်တော့်မေးခွန်းကိုမဟုတ်။ ထိုလူငယ်ကလေး၏ ပုံပန်းသဏ္ဍာန် ကို ကြည့်ပြီး တစ်ခုခုကိုစိုးရိမ်မိသွားခြင်းဖြစ်လေသည်။ သေချာတာပေ့ါ။ ခုန်ချဖို့ပြင်နေတာ။ မျက် ရည်တွေကျနေတာလား။ ရှိုက်ငိုနေတာတော့သေချာသည်။ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်တူ ပြီး မျက်စိစုံအမှိတ်။
“ဟေ့… မလုပ်နဲ့”
ကျွန်တော် သူရှိရာဆီကိုပြေးသွားပြီး လှမ်းဆွဲလိုက်သည်။ ရုတ်တရက်လက်တစ်ဖက်ကို ဆတ်ခနဲ အဆွဲခံရပြီး မြေကြီးပေါ်တွန်းချခံရလိုက်၍ အံ့သြခြင်းကြီးစွာနှင့် ကျွန်တော့်ကိုကြည့်နေသည်။ ထိုလူ ငယ်လေးရုပ်ကို ကျွန်တော်သေသေချာချာမြင်လိုက်ရပြီဖြစ်သည်။ ဝင်းဝါနေသည့်အသားအရေက ထင်းခနဲဖြစ်နေသည့်အပြင် မျက်ခုံးထူထူ၊ နှုတ်ခမ်းပါးပါးတို့မှာလည်း လူချောတစ်ယောက်အဖြစ်အ သိအမှတ်ပြုချင်စရာကောင်းလှသည်။ ငိုထား၍ မျက်ခုံးကခပ်မို့မို့ဖြစ်နေလေသည်။ သူ့မျက်လုံးလေး က ဝိုင်းဝိုင်းကလေးဖြစ်သည်။ ကျွန်တော်သူ့ကိုမြင်လိုက်ရသည့်အချိန်တွင် ဂရုဏာသက်ခြင်းကိုခံစား ရ၏။
ထိုလူငယ်ကလေးသည် ကျွန်တော့်ကို ခဏတာစိုက်ကြည့်ပြီး လဲကျရာမှ ရုတ်တရက်ထလိုက် ကာ ကျောက်ဆောင်ပေါ်ကိုပြန်ပြေးသည်။ မည်းနက်ပြီး ထုထည် ကြီးမားလှသည့်ကျောက်ဆောင်ကြီး။ အဲဒီလိုကျောက်ဆောင်မျိုး ကို ဒီနေရာတစ်ဝိုက် တော် တော်များများတွေ့ရသည်။ ကျောက်ဆောင် တုံးကြီး၏အောက်ဖက်မှာတော့ ချောက်ကမ်းပါးကြီး။ ပြုတ်ကျသွားပါက မတွေးဝံ့စရာ။
“ဟေ့ … ဟေ့၊ မင်းရူးနေလား”
ကျွန်တော် အားနာမနေတော့။ ထိုကောင်လေး၏ အနောက်ဖက်မှ သိုင်းဖက်ကာ ကျောက်ဆောင်၏ အဝေးကိုဆွဲခေါ်လာခဲ့သည်။ သူအကြောက်အကန်ငြင်းပြီး ကျောက်ဆောင်တုံးကြီးဆီကိုသာတက်ရန် ကြိုးစားနေလေသည်။ အားကောင်းမောင်းသန်လူငယ်တစ်ဦးဖြစ်သည့်အတွက် ကျွန်တော်သူ့ကိုတော် တော်ကြီး အားယူပြီးဆွဲထားရသည်။
“ဟင့်အင်း၊ ကျွန်တော် သေချင်တယ်၊ သေခွင့်ပေးဗျာ ကျွန်တော်သေချင်နေပြီ”
သူ့စကားကြောင့် ကျွန်တော်ပိုပြီးလန့်သွားရကာ သူ့ခန္ဓာကိုယ်ကို လုံးဝမလွှတ်ပဲ တင်းကြပ်စွာဖက် ထားမိတော့သည်။ သူနှင့်ကျွန်တော် အနီးဆုံးအနေအထားဆီသို့ရောက်သွားမိသည်။ သူ့ရုန်းထွက်မှု ကြောင့် ကျွန်တော်နှင့်သူ လုံးထွေးကာ မြေကြီးပေါ်သို့မှောက်ရက်သားလဲကျသွားတော့၏။ သူက အောက်က ကျွန်တော်ကသူ့အပေါ်တည့်တည့်တွင်ရှိပြီး သူ့နှုတ်ခမ်းအစုံကို ထိတွေ့နမ်းမိလျက်သား ဖြစ်သွားတော့သည်။ ရုတ်တရက်မို့ နှစ်ယောက်သားကြောင်သွားပြီးနောက် ကျွန်တော်ကသူ့ကိုပြန် ပြီးလှမ်းဆွဲယူသိုင်းဖက်လိုက်ကာ ဇော်ဂျီရေတွင်းရှိ ရာနားခေါ်လာခဲ့သည်။ ကျွန်တော် ခုနကဘုရား ရှိခိုးခဲ့ သည်မှာ အဲဒီနေရာကဖြစ်သည်။ ဇော်ဂျီရေ တွင်းကိုလေ့လာရင်း စေတီရှိရာကိုဝတ်ပြု ဆုတောင်းပြီးမျက်လုံးအဖွင့်ခဏ၌ သူ့ကိုတွေ့ လိုက်ခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲ သနားစရာ သတ္တဝါလေးအဖြစ်ရုန်းထွက်ရင်း အဲဒီ ကောင်လေးပါလာခဲ့သည်။ အတက်၊ အဆင်းတွေကိုကျော် ဖြတ်ရင်းပင်။
“ကျွန်တော်သေမယ်ဗျာ”
သူက ကလေးလေးတစ်ယောက်ကဲ့သို့ပင် ငိုနေမြဲ။ သူ့လက်များက ကျွန်တော့်ခန္ဓာကိုယ်ကို ဆွဲဖဲ့၊ ရုန်း ကန်နေသည်မှာ ကျွန်တော်လည်းနာကျင်လှပြီ။ နဂိုကတည်းကပင် အားအင်က ဖျော့တော့တော့ဖြစ် နေသည်မို့ သူ့ရုန်းကန်မှုကို ပိုင်ပိုင်နိုင်နိုင်မချုပ်ကိုင်နိုင်သည်မှာအပြစ်မဆိုသာ။
“မင်းရူးနေလား ချာတိတ်၊ ဒါလူသေတဲ့နေရာ မဟုတ်ဘူးကွ၊ ဘုရားရိပ်၊ တရားရိပ် မှာ မင်းဒီလိုမလုပ် သင့်ဘူး”
“မသိဘူးဗျာ၊ ကျွန်တော် ဒီအပေါ်ကနေ ခုန်ချမှရမယ်”
“မင်းဘယ်လိုဖြစ်နေတာလဲကွာ၊ အဖန်ငါးရာငါးကမ္ဘာ မကြောက်ဘူးလား”
“မသိဘူး မကြောက်ဘူး”
ကျွန်တော် သူ့ကို စေ့စေ့ကြည့်ကာ မလွယ်ကြောကောင်လေးမှန်းတွေးမိလိုက်သည်။
မိုက်ရူးရဲဆန်လိုက်တာ။ ဆယ်ကျော်သက်အရွယ်ပဲရှိဦးမည်။ ဒီနားရွာတစ်ဝိုက်က ဒေသခံ ပဲနေမှာ။ ဒီတောင်ပေါ်ကိုတစ်ယောက်တည်းလာပြီး ဒီနေရာမှာ ဒီလိုမျိုးလုပ်ရဲတာ အာဂသတ္တိပေပဲ။ ကြည့်ပါ ဦး။ ဘေးပတ်ပတ်လည်မှာမြင်ရမှာ ထူထဲလှတဲ့ စိမ်းစိုစိုတော အုပ်၊ တောင်တန်းတွေ။ ဆီသပြေပင် တွေ။ ကျောက်မည်းတုံးကြီးတွေ။ လေပြေငယ်တိုက် သံမှအပ အင်မတန်ဆိတ်ငြိမ်နေတဲ့နေရာမှာ သူ မို့လို့လာရဲတယ်။
“ငြိမ်ငြိမ်နေစမ်း၊ ဒီမှာ … မင်းငါ့ကိုကြည့်”
ကျွန်တော်သူ့ပခုံးနှစ်ဖက်ကို ခါရမ်းပစ်လိုက်သည်။ ခေါင်းကိုမော့တင်ပြီး ကျွန်တော့် ကိုကြည့်ခိုင်း လိုက်တော့ကျွန်တော်တို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြန်သည်။
“ညီ… အစ်ကို ပြောတာနားထောင်စမ်းပါကွာ”
ကျွန်တော် တွေ့ရပြီ။ သူ့မျက်လုံးထဲတွင် အား ငယ်မှု ၊ သိမ်ငယ်စိတ်၊ တစ်စုံတစ်ရာအကူအညီကို လိုချင်တောင့်တနေချင် စိတ်တို့ပင်။
“ညီ…. ဘာအခက်အခဲရှိနေလဲ၊ အစ်ကို့ကိုပြော၊ ကိုယ်ဘာကူညီရမလဲ”
သူ ကျွန်တော့်ကို ခဏတာမျှငြိမ်သက်ပြီးကြည့်နေလေသည်။ သူ့ယုံကြည်မှုများကို ကျွန်တော်ရရှိစေ ရန် ဖျော့တော့တော့အကြည့်များနှင့် သူ့ကိုပြန်ကြည့်ပေးရသည်။ သူ့ကိုကျွန်တော် ဂရုဏာသက်နေ မှန်း၊ သူလိုအပ်နေသည့် အကူအညီကိုပေးလိုမှန်း သူသိစေရမည်။
သူ့မျက်နှာလေးညှိုးကျသွားကာမျက်ရည်များလိမ့်ဆင်းလာတော့သည်။ ထို့နောက် အသံထွက်ကာ ရှိုက်ကြီးတငင်ငိုတော့၏။ ကျွန်တော် သူ့ကို ဆွဲဖက်ပြီးနှစ်သိမ့်ပေးလိုက်ပါသည်။ ခဏတာဖြစ်ဖြစ် ခို လှုံပြီးအားကိုးနိုင်အောင်ပင်။
“ကျွန်တော်…ကျွန်တော် စိတ်ညစ်လို့ပါ အစ်ကိုရာ”
ရှိုက်သံများအပြီးတွင်တော့ တည်ငြိမ်သည့်အသံ ပြန်ဖြစ်သွားသည်။ တော်ပါသေးရဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လူ့အသက်တစ်ချောင်းတော့ကယ်လိုက်နိုင်ပြီ။ ဇော်ဂျီရေတွင်းဘေးနားကကျောက်ဆောင် နက်ကြီးပေါ် နှစ်ယောက်သားခြေပစ်လက်ပစ် ထိုင်လိုက်ကြသည်။ လေပြင်းတစ်ချက် နှစ်ချက် တိုက် သွားခြင်းကြောင့် ကျောထဲစိမ့်ခနဲနေအောင် အေးသွားမိ၏။ မှိုင်းညို့ညို့တောင် တန်းတစ်ထပ်ရယ်၊ အဲဒီနောက်မှာ ကြီးမားကျယ်ပြန့်လှသည့် လွင်ပြင်စိမ်းကြီးရယ်၊ သံလွင်မြစ် ပြင်ကျယ်မှုန်ပြပြရယ်၊ မြစ်ကမ်းတစ်ဖက် တောင်တန်းမှိန်မှိန်ရယ်ကိုမြင်နေရသည်။ ကောင်းကင်ကြီးကတော့ ဖြူစင် သန့် ရှင်းစွာလင်းလက်နေ၏။
“ပြောပါဦး၊ ဘာလို့ စိတ်ညစ်တာလဲ”
ကျွန်တော့်ကို ငိုမဲ့မဲ့ကြည့်နေပြီး မေးခွန်းကိုတော့မဖြေ။ ခုနက ငိုခဲ့သည့်အရှိန်မပြယ်သေးတာကြောင့် ရှိုက်သံတချို့မရပ်နိုင်သေး။ ကျွန်တော် ဒီနွားလပို့တောင်စေတီကို ဆယ်ငါးနှစ်သားအရွယ်တုန်းက အဖော်တချို့နှင့် တစ်ခါ ရောက်ဖူး သည်။ တစ်ယောက်တည်းလာဖူးတာ ဒါပထမဦးဆုံးအကြိမ်ပင်။ မတွေးဝံ့စရာအ ဖြစ်အပျက် နှင့် ကြုံရလေခြင်း။ ဒီဒေသက ကျွန်တော်နှင့်မစိမ်းလှသော်လည်း ဒီလိုသီး သန့်လာရသော နေရာမျိုးကိုတော့ ရောက်ခဲသည်။ မုတ္တမ၊ ပေါင်၊ သထုံ၊ ကျိုက်ထိုတစ်ကြော က ကျွန်တော်လက်ရှိ ကျင်လည်ရာလုပ်ငန်းခွင်နေရာတွေပါ။ ဒီတစ်ကြောက ဒေသခံတော် တော်များ များနှင့် ရင်းနှီးပေမယ့် ဒီကောင်လေးကိုတော့ တစ်ခါမှမတွေ့ဖူး။
သူနေထိုင်သည့်ရွာကိုခေါ်သွားပြီး လမ်းတွင်ချော့မော့ကာ လိုချင်သည့်မေးခွန်းများကို မေးရန်သာ ဆုံး ဖြတ်လိုက်သည်။
“ကဲ … ညီလေး ကိုယ်တို့ရင်ပြင်ပေါ်တက်ရအောင်”
သူ့လက်ကိုဆတ်ခနဲဆွဲကာ စေတီတော်ရင်ပြင်ရှိရာသို့ လာခဲ့၏။ ဇော်ဂျီရေ တွင်းကနေ ရင်ပြင်တော်ကို သွားရာလမ်းကျဉ်းကလေးရှိသည်။ တောင်တက်လမ်းပေါ့။ အဲဒီလမ်းတစ် လျှောက် မှာ အနီရောင်ပင်စည်များနှင့် ဆီသပြေပင်များထူထပ်စွာပေါက် ရောက်နေ၏။ ဆီသပြေပင်တွေရှိရာ တောင်တက်လမ်းကလေးကနေ မသွားချင်ဘူး ဆိုလျှင်တော့ အခြားတစ်ဖက်၌ တောလမ်း တစ်လမ်း ရှိသည်။ ကျောက်တုံးတွေပေါ်တက်၊ သစ်ပင် တွေကို ဆွဲကိုင်ရင်း သွားရသည့်လမ်းပင်။ အဲဒီလမ်းက သွားလျှင်တော့ ရင်ပြင်တော်ပေါ်ကို မရောက်ခင် ဝဋ်ကြွေးတော် ပြေစေတီတော်ဆီကို အရင်ရောက် မည်။ ကျွန်တော်တို့ ဆီသပြေပင်တွေရှိရာလမ်းအတိုင်း ပဲလာခဲ့ကြ၏။ လမ်းတစ်လျှောက် ဘာစကား မျှမပြော ဖြစ်ကြ။
စတီးလက်ရန်းများကို ကိုင်ပြီး လှေကားထစ်များကိုတက်လာပြီး ရင်ပြင်တော် ပေါ်ရောက်တော့ သူ့ သက်ပြင်းချသံသဲ့သဲ့ကို ကြားရသည်။ ကျွန်တော့်ကိုကြောက် နေတာလား။ ဒီတောဒီတောင်မှာ သူစိမ်းလူတစ်ယောက်နှင့် အတူရှိနေရခြင်းကို သူကြောက်နေခဲ့သလားမပြောတတ်တော့။ အခုရာသီ က ဘုရားဖူးရာသီလည်းမဟုတ်သောကြောင့် ဒီနေရာကို လာရောက်သူနည်းပါးလွန်းသည်။
“ဘာလို့ဒီလိုလုပ်ရတာလဲ ကိုယ့်ကိုပြောပြလို့မရဘူးလား”
ခေါင်းကိုတွင်တွင်ခါသည်။
“ညီလေး…စေတီတော်ကို ကြည့်လိုက်စမ်းပါ၊ ဒီစေတီဟာ ကျိုက်ထီးရိုးစေတီတော် ကို တည်တဲ့ ရှင် တိဿရသေ့က ကျိုက်ထီးရိုးထက်စောပြီး ဗုဒ္ဓဆံတော်မြတ်တစ်ဆူကို အလယ် ကျောက်တုံးမှာ ဌာပ နာပြီး ကျောက်တုံးသုံးလုံးဆင့် တည်ထားပူဇော်ခဲ့တာ၊ ဒီဒေသ တစ်ဝိုက် တန်ခိုးကြီးဘုရားအဖြစ် အထင်ရှားဆုံးထဲမှာပါတဲ့ ဒီစေတီရဲ့ရင်ပြင်တော်ပေါ်မှာ၊ ရင်ပြင်တော်နဲ့မလှမ်းမကမ်းမှာ ကိုယ့်ကို ကိုယ်သေကြောင်းကြံဖို့ ကြိုးစားတာညီလေးမှာ အကြောင်းကြီးတစ်ခုရှိကိုရှိရမယ်၊ အဲဒီအကြောင်းက ဒီနေရာနဲ့ဘယ်လိုပတ်သက်မှုရှိသလဲ၊ ကိုယ်သိခွင့်မရှိဘူးလား”
မူလဘွဲ့တော် ဗန္ဓိသေလာ(ကျောက်များဆက်စပ်နေသောဘုရား)၊ ကရင်ဘာသာ စကား အရ လုံးထိုမို(ကျောက်တို့ဘုရား)၊ မွန်ဘာသာစကားအရ ကျိုက်မော့ဂလ်၊ ဒေသအခေါ် နွားလပို့ တောင် စေတီတဲ့။ သာသနာသက္ကရာဇ် ၄၇ ခုနှစ်မှာတည်ထားခဲ့ကြောင်း ကြားဖူး သည်။
လူတစ်ယောက်ကိုယ့်ကိုကိုယ် သေကြောင်းကြံရန်မှာလွယ်လွယ်လေး။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၂၀၀၀ နီးပါးရှိတဲ့ဒီနေရာပေါ်တက်ပြီး သေကြောင်းလာကြံရခြင်းကတော့ အကြောင်းတစ် ခုခုတော့ရှိရမည်။
“ဒီနေရာနဲ့မဆိုင်ဘူး၊ ဒီနေရာက ကျွန်တော်ရယ်၊ ဖေဖေရယ်၊ မေမေရယ် အတူတူလာ တဲ့နေရာ၊ ပျော်ဖို့ကောင်းတဲ့နေရာ၊ ကျွန်တော်တို့ပျော်စေတဲ့နေရာမှာ လာသေတာ၊ စေတီတော်မှာ ဆုတောင်း ပြီး သေဖို့ကြံစည်တာ၊ တခြားဘာပတ်သက်မှုမှမရှိဘူး”
သူစကားစပြောပြီ။ ခုနကလို ဟိုတစ်ခွန်း ဒီတစ်ခွန်း ပြောနေခြင်းမဟုတ်၊ သေချာ ပြောပြနေခြင်းပင်။ တဖြည်းဖြည်းမေးမှပါပဲ။
“ညီ ဘယ်မှာနေလဲ”
“ရင်းငြိမ်… မှာ”
“ဟင်… ရင်းငြိမ်၊ ဟုတ်လား”
ကျွန်တော်အံအားသင့်သွားမိသည်။ ရင်းငြိမ်နှင့်ဒီနေရာ တော်တော်လှမ်းတာပဲ။ ရင်း ငြိမ်က နေ ပေါင်ကိုသွား၊ ပေါင်ကနေ ဒီနေရာကိုလာပြီးမှ ဒီလိုလုပ်ရတာ။ စလာကတည်းက ရည်ရွယ်ချက်နဲ့ လာ တာကိုး။
“ကိုယ်လည်း ရင်းငြိမ်နားကပဲ”
ရင်းငြိမ်ရွာနှင့် ဒီနေရာသည်အနည်းဆုံး တစ်နာရီလောက်တော့လာရမည်။ ဒါတောင် တောင်ခြေကို ပဲရှိသေးသည်။ တောင်ပေါ်ကိုတက်ဖို့ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်ကြာဦး မည်။ အခုက ညနေ ၃ နာရီ။ ဒီကောင်လေး မနက်ကတည်းကရောက်နေတာပေါ့။
“အစ်ကို့ကို ကျွန်တော်မသိပါဘူး”
“ကိုယ်က ရင်းငြိမ်နဲ့ ၁၅ မိုင်ဝေးတဲ့ ရော်ဘာခြံမှာနေတာ၊ အဲဒီခြံဝယ်လိုက်တာမကြာသေး ဘူး၊ ရင်းငြိမ်ကိုရောက်တာ တစ်လကျော်ပဲရှိသေးတယ်၊ ကိုယ်ကရန်ကုန်ကပါ၊ မော်လမြိုင် သား၊ အရင်က တော့ မော်လမြိုင်မှာပဲနေတယ်၊ အခုရော်ဘာခြံ မှာပဲလာနေတာ၊ မင်းတို့ရွာကိုလည်း စျေးဝယ်တာ လောက်ပဲလာဖြစ်တာ၊ နေပါဦး မင်းက ဒီတောင်ပေါ်ကို ဘယ်အချိန်ကတည်းကရောက်နေတာလဲ”
“မနက်ကတည်းက ဘုရားဖူးအဖွဲ့တစ်ဖွဲ့နဲ့ရောတက်ပြီး ပြန်မဆင်းတော့တာ”
ဒီတစ်ခါသက်ပြင်းချတာက ကျွန်တော်ပဲဖြစ်သည်။ ကျွန်တော် ဒီချာတိတ်ကို အိမ် ပြန်ပို့ပြီး မိဘတွေလက်ထဲသေသေချာချာအပ်မှဖြစ်မည်။ ရင်းငြိမ်ကိုပဲပို့ရမှာမို့ ပြဿနာမရှိ။ ကျွန်တော်လည်း အဲဒီကိုပြန်ရမှာပင်။
“ကဲ … ပြန်ကြစို့… ထ ၊ ကားစောင့်ရဦးမယ်”
“ဟင့်အင်း…၊ ကျွန်တော်ပြန်မလိုက်ဘူး”
“ဟာ… ဘယ်ဖြစ်မလဲ၊ မလိုက်လို့မရဘူး၊ မင်းအိမ်အထိ ကိုယ်လိုက်ပို့မယ်”
“မလိုက်ဘူး၊ မလိုက်ဘူး”
ကျွန်တော်ဘာမှမပြောတော့။ ခပ်ကြမ်းကြမ်းပဲ သူ့လက်ကိုဆွဲခေါ်လာခဲ့၏။ ရုန်း ရင်းကန်ရင်း ပါလာ သည်။ ဘာလို့အိမ်မပြန်ချင်တာလဲ မေးမနေတော့။
“မင်းမိဘတွေ စိတ်ပူနေမှာပေါ့ညီလေးရဲ့”
“မိဘတွေ ဟုတ်လား”
သူငိုပြန်ပါသည်။ မျက်နှာတစ်ပြင်လုံးနီရဲလျက် မျက်ခွံတွေအုံ့မို့နေပြီ။ ထပ်ငိုသေးတယ်လား ကောင် လေးရေ။ မင်းဆီမှာဘယ်လောက်တောင် ခံစားချက်တွေရှိနေသလဲ ကွယ်။ ပြောပြမတတ် သော ဂရုဏာသက်ခြင်းမျိုး ကျွန်တော့်ရင်ထဲ နင့်နေအောင်ခံစားရ သည်။
“သူတို့က ကျွန်တော်ပြန်မလာလေ ကောင်းလေပဲ”
“ကျွတ်… မဟုတ်သေးပါဘူး ညီလေးရယ်၊ ကဲ…. မင်းရင်ထဲမှာ ဘာတွေရှိတယ်။ မင်းဘာပြဿနာ တွေကြုံနေရတယ်ဆိုတာ ကိုယ်မသိပေမယ့် ကိုယ်အာမခံပါတယ်၊ မင်း ကြုံနေရတဲ့ပြဿနာကို မင်း စိတ်တိုင်းကျဖြစ်စေရမယ်…. ဟုတ်ပြီလား။ ကိုယ်ရဲရဲကြီး အာမခံတယ်ကွ”
ပြဿနာကိုသေချာမသိ။ ကျွန်တော်ဖြေရှင်းလို့ရ၊ မရလည်းမသိပေမယ့် အာမခံ လိုက်ခြင်းသည် သူ့အသက်တစ်ချောင်းအတွက် သက်သက်ဆိုတာသေချာပါသည်။ လူတစ်ယောက် အထူးသဖြင့် သူ့ လိုနုနယ်လှသောအရွယ်ကောင်လေးတစ်ယောက် သေကြောင်းကြံဖို့အကြောင်းသည် သာမန် အခြေ အနေထက် ကျယ်ပြန့်နက်ရှိုင်းလိမ့်မည်မှန်းတော့ကျွန်တော်သိပါသည်။
“ဟင့်အင်း၊ အခုလောက်ဆိုရင် ရွာမှာ…. အိမ်မှာ”
မျက်ရည်များရစ်ဝဲလာပြန်သည်။
“ပင်ပန်းလိုက်တာ ညီလေးရယ်၊ မငိုနဲ့တော့…. ကိုယ့်ကိုယုံပါကွာ… မင်းဘာဖြစ် နေတာလဲပြောပြ၊ ပြဿနာကို ကိုယ်ဖြေရှင်းပေးပါ့မယ်”
“ညီ….သေချင်တာပဲသိတယ် အစ်ကိုရာ”
သြော်… ညီတဲ့။ ကျွန်တော်သူ့ကို အတတ်နိုင်ဆုံး၊ အညင်သာဆုံးဖျောင်းဖျ ပြီးခေါ်လာခဲ့သည်။ တောင်အောက်ဆင်းသည့်ကားကို အတန်ကြာအောင်စောင့်လိုက်ရသည်။ ဘုရားဖူးအဖွဲ့တစ်ဖွဲ့ တောင်ပေါ်တက် ဘုရားဖူးပြီးပြန်ဆင်းသည့်အချိန် ကျွန်တော်တို့နှစ်ယောက်ရော လိုက်လာခဲ့၏။ တောင်အောက်ကိုရောက်တော့ ကျွန်တော့်ဆိုင်ကယ်ကို ဆိုင် တစ်ဆိုင်၌အပ်ပြီး စင်းလုံးငှား ကား တစ်စီးငှားလိုက်သည်။ ထိုချာတိတ်ကို ဆိုင်ကယ် ကယ်ရီယာပေါ်ခေါ်တင်သွားလို့မဖြစ်။ လမ်းတွင် ခုန်ချနေမှဖြင့်။
ထိုအချိန်မှစတင်ကာ ကျွန်တော့်ဘဝထဲ ထိုချာတိတ်ကလေးရောက်လာခဲ့ပါသည်။
>>>>>
ဆက်ပါဦးမည်။