(၁၂)
ထိုအဖြစ်အပျက်နောက်ပိုင်း မိုးစွေကျောင်းမလာတော့ပါ။ နှစ်ပတ်ကျော်ကြာလာသည့်အခါ သူ မိုးစွေ ကို သတိရစိတ်များပြင်းထန်လာခဲ့သည်။ သို့သော် လွမ်းစရာကို နာစရာနှင့်ဖြေသိမ့်နိုင်ခဲ့ပါသည်။ သူ တို့အဖွဲ့ထဲကနေ မိုးစွေက အလိုလျောက်နုတ်ထွက်သွားခဲ့သလို စာမေးပွဲလည်းဖြေဆိုလိမ့်မည်မဟုတ် ဟု သူထင်ထားခဲ့သည်။ သူနှင့်အတူလျှောက်ခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းလမ်းမ များ၊ သူထိုင်နေကျစာသင်ခုံနှင့် နေရာအချို့သည် ရက်ပိုင်းအတွင်၌ပင် အတိတ်ကခြေရာအဖြစ်ထင် ကျန်ရစ်နေခဲ့တော့သည်။
သူနှင့်မိုးစွေတို့၏ ဇာတ်လမ်းသည် ကိုယ်တိုင်ဖန်တီးခွင့်မရသော အိပ်ရာဝင်ပုံပြင်တစ်ပုဒ်မို့ ပကတိ လက်တွေ့အမှန်တရားကိုသာ ဖက်တွယ်ဆုပ်ကိုင်ရင်းကြေကွဲနေမိရုံမှအပမတတ်နိုင်တော့ပါ။ သူ့ဘဝ တွင် ပထမဆုံးသောချစ်သူဖြစ်၍လည်း ပိုလွမ်းရသည်။ မိုးစွေ၏ နူးညံ့ကြင်နာမှုများသည် သူ့အတွက် အစားထိုးမရတော့သော အမှတ်တရများလည်းဖြစ်လိမ့်မည်။ မိုးစွေနှင့်အတူ ဖြတ်သန်းခဲ့သည့်နေ့ ရက်များသည် နာကျင်စရာတစ်စိုးတစ်စေ့မျှမရှိခဲ့။ ကြည်နူးကြင်နာခြင်းများသာရှိခဲ့ခြင်းက ပို၍ခံစား ရသော အတိတ်တို့ပင်ဖြစ်တော့သည်။ နှစ်ယောက်သား သာယာခဲ့သောအတိတ်နေ့ရက်တို့ကို နောက် ဆုံးတွေ့ခဲ့ရသောအဖြစ်အပျက်တစ်ခုက သင်ပုန်းချေနိုင်ရက်ခဲ့သောအခါ သူ မိုးစွေကိုမေ့ပစ်စရာအ ဖြစ် ခိုင်လုံသွား၏။ တွေးမိတိုင်းနာကျင်မုန်းတီးခြင်းနှင့်အတူ အသည်းနင့်အောင်ချစ်ခဲ့ခြင်းကိုတစ်ပြိုင် တည်းခံစားရသောအခါ သူပစုပ္ပန်သည်ခါးသီးလျက်သာရှိတော့သည်။
“နင်သူနဲ့ သွားတွေ့သင့်တယ် ကောင်းစည်သူ”
“ဘာလို့လဲ”
သူ မိုးစွေကိုမတွေချင်တော့ပါ။
“နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်ပေါ့”
“ဟင့်အင်း ငါမတွေ့ချင်တော့ဘူး”
သူ့ မျက်ဝန်းများထဲ၌ မိုးစွေအပေါ်နာကျည်းနေမှုတွေကိုတွေ့ရပါလိမ့်မည်။ သူခံစားရမှုအတွက်လား မပြောတတ်။ သူငယ်ချင်းများက တစ်ယောက်ကိုတစ်ယောက်မျက်ခုံးပင့်ပြကာ ခေါင်းညိတ်ခေါင်းခါ လုပ်နေကြတော့သည်။
“ငါတော့ တစ်ခုစဉ်းစားတယ် ကောင်းစည်သူ၊ သူမင်းကိုသာ တကယ်ချစ်ခဲ့မယ်ဆိုရင် ဒီအလုပ်ကို နောက်ထပ်မလုပ်တော့ဖို့ ဖျောင်းဖျနိုင်တာပဲ၊ မိုးစွေလက်ခံလာရင် ငါတို့အားလုံးပေါင်းပြီး သူ့ကို ဒီ အ ဝန်းအဝိုင်းထဲကနေ ဆွဲထုတ်ပေးရမယ်လေ”
“ဟုတ်တယ် ကောင်းစည်သူ၊ နင်သူ့ကို တွေ့ပြီး ဖျောင်းဖျကြည့်ပါလား”
သူ ထိုအကြံပြုချက်များကို ငြင်းဆိုရန် တွေဝေမနေပါ။
“လူတစ်ချို့မှာခွင့်လွတ်လို့မရတဲ့အတိတ်ဆိုတာရှိတတ်ကြတယ်၊ မိုးစွေရဲ့အတိတ်ကလည်းအဲဒီလိုပဲ၊ ငါ့အတွက်တော့ သူ့ကို နားလည်ခွင့်လွတ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ငါတို့တကယ်ပြတ်ခဲ့ပြီးပြီ၊ ငါ့ဖက်က သူ့ကို သေလောက်အောင်လွမ်းနေပါစေ၊ နာကျင်မှုအဖြစ်ငါပြောင်းလဲနိုင်တယ်၊ ပြီးတော့ ဒီနာကျင်မှု တွေရဲ့ အစွန်းတစ်ဖက်ကိုရောက်ရင် သူ့ကိုငါမုန်းသွားလိမ့်မယ်”
“ငါတော့ နင်သူ့ကိုနောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်သွားတွေ့သင့်တယ် ထင်တယ်”
“ဟင်… ဘာလို့လဲ”
“တွေ့သင့်တယ်ထင်လို့ပေါ့”
“နင်တို့ပြောခဲ့လို့ အမှန်ကိုငါသိခဲ့တာလေ၊ ငါသူ့ကိုမတွေ့ချင်ဘူး”
“နင်တွေ့ရမယ် ကောင်းစည်သူ”
ဝေယံ၏ ခပ်ပြတ်ပြတ်အပြောကြောင့် သူအံအားသင့်မိသည်။ မိုးစွေ၏ အကြောင်းကို လိုက်လံစုံစမ်း ပေးခဲ့ပြီး အမှန်တရားကိုဖော်ထုတ်ခဲ့သည်မှာလည်းသူတို့။ ပြီးတော့ မိုးစွေနှင့်ထပ်တွေ့ရန်လည်းသူတို့ က အကြံပေးနေပြန်သည်။
“မင်းတွန်းလိုက်တာ သူဒဏ်ရာရသွားပုံရတယ်၊ တစ်ခုခုဖြစ်နေရင် အမှုပတ်နေ မှာစိုးလို့၊ ငါတို့လည်း သေချာမကြည့်ခဲ့ရဘူး၊ သူနေကောင်းရင်တော့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ အဲဒီနေ့က သူတော်တော် နေမကောင်းဖြစ်နေတယ်လေ၊ မင်းသူ့ကို စိတ်ရှိလက်ရှိထိုးပစ်ခဲ့သေးတယ်လေ”
ထိုတော့မှ သူလည်းစဉ်းစားမိသွားသည်။ သူလက်များလွန်သွားပြီလား။
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံး သူ့အိမ်ကိုတစ်ခေါက်လောက်တော့ သွားတွေ့သင့်တယ် ထင်တယ် ဟာ၊ အသုံးချစိတ်ပညာသင်တန်းတူတူတက်ခဲ့ဖူးတဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ပေါ့”
“ကောင်းပြီလေ”
နောက်ဆုံးတော့ သူ လက်ခံလိုက်ပါသည်။ နောက်ဆုံးအနေနှင့်ပေါ့။
တကယ်တော့ သူမသွားသင့်ပါ။ မိုးစွေဆိုသော လူတစ်ယောက်ကို ဘဝထဲမှ အပြီးအပိုင်ထုတ်ပစ် လိုက်ပြီးသည့်နောက် သံယောဇဉ်ကောက်ရိုးတစ်မျှင်ကိုမျှချန်မထားသင့်ပါ။ သူငယ်ချင်းများကတော့ သူ့ကို သွားတွေ့ရမည်ဟု အကြံပေးလာ၍ မိုးစွေနေထိုင်ရာကို အုပ်စုလိုက်ကြီးရောက်လာခဲ့ရခြင်းပင်။ မသိစိတ်ကကိန်းအောင်းနေခဲ့သော သတိရစိတ်များကိုလည်း သူသိုဝှက်ထားရင်းပေါ့လေ။
ထိုကွန်ဒိုတိုက်ခန်းသို့ အတက်ဓါတ်လှေကားထဲတွင် သူနှင့်မိုးစွေတို့၏ အနမ်းအငွေ့အသက်များကျန် နေပါလိမ့်မည်။ လေးလွှာဆီကိုမရောက်ခင်စပ်ကြားလေးတွင် ထိတွေ့ခဲ့ရသောနှုတ်ခမ်းများကိုလွမ်း မိပြန်သည်။ သူ့ပါးပြင်ဆီကို လွှလွှလေးလာနမ်းတတ်သည့် မိုးစွေရဲ့နှာတံစင်းစင်းကိုလည်း သတိရမိ ပြန်သည်။ လေးလွှာကိုအရောက် နှစ်ယောက်သားလက်ချင်းချိတ်ကာ အခန်းထဲသို့ဝင်၊ သူ့ကိုမိုးစွေက အိပ်ခန်းဆီသို့ ညာတာပါတေးနှင့်ခေါ်သွားပြီး ဖြုန်းခနဲတွန်းလိုက်၊ သူ့ခန္ဓာအပေါ်မှတက်ခွကာ နှစ် ယောက်သားအနီးကပ်ဆုံးအနေအထားဖြစ်ခဲ့သည့်ရက်များသည် မနေ့တစ်နေ့ကလိုပင်။
“အဲဒီအခန်းမှာ လူမနေတော့ဘူးလေ၊ ကောင်လေးက အခန်းအပ်သွားပြီ”
သူသော့ဖြင့် ဖွင့်၍ဝင်မရတော့။ အခန်းဘေးက လူတစ်ယောက်ကိုမေးကြည့်သည့်အခါ မိုးစွေမနေ တော့မှန်းသူတို့သိလိုက်ရသည်။ ထို့နောက် အခန်းပိုင်ရှင်ကို စုံစမ်းမေးမြန်းပြီး အခြေအနေကိုစနည်း နာကြရသည်။ သူကလွဲ၍ သူငယ်ချင်းအားလုံးက တက်တက်ကြွကြွလုပ်ဆောင်နေကြသည်ကို သူနား မလည်စွာ ကြောင်ငေးကြည့်ကာ အနောက်ကနေလိုက်နေမိတော့သည်။
“လေးရက်လောက် ဆေးရုံတက်လိုက်ရတယ်၊ ကောင်လေးက တော်တော် နေမကောင်း ဖြစ်နေတာ၊ ဆွေမျိုးတွေကလည်း ရှိပုံမရဘူး၊ အန်တီတို့အိမ်နီးချင်း တွေပဲ ဝိုင်းဝန်းပြုစု ပေးလိုက်ကြတယ်၊ ဆေး ရုံကဆင်းတော့ အားလုံးကို ကျေးဇူးတင် ကြောင်းပြောပြီး အခန်း အပ်သွားလေရဲ့၊ ဘယ်သွားမလဲဆို တာတော့ မပြောခဲ့ဘူး၊ သူ့ဆီကို တစ်ခါတစ်ခါ လာတဲ့ လူတွေလာရင်လည်း သူဒီမှာမနေ တော့ ဘူးဆိုတာပဲပြောခိုင်းတယ်၊ နေပါဦး . . . ကလေးမတို့က သူ့ကျောင်းကလား”
“ဟုတ်ပါတယ်”
“ကျောင်းက သူငယ်ချင်းတွေလာရင်တော့ စာတစ်စောင်ပေးခိုင်းထားခဲ့တယ်”
သူတို့လာမည်မှန်း မိုးစွေအတပ်သိနေခဲ့တာပါလား။ ဖုန်းအဆက်အသွယ်လည်းမလုပ်ဖြစ်ကြတော့ သည့်အခါ စာတစ်စောင်ပါးခဲ့ပြီး ထွက်သွားခဲ့သောမိုးစွေကို သူ နားလည်ပေးသင့်ပါရဲ့လား။
စာထဲတွင် ရှည်ရှည်ဝေးဝေးမရေးထားပါ။
“ဇော်
ဇော် မသိခဲ့တဲ့ ငါ့ဘဝရဲ့ စာမျက်နှာတစ်ဖက်ကို ဖျက်ဆီးပစ်ဖို့ ငါထွက်သွားပြီ။
စိတ်ချပါကွာ. . . ငါရဲ့လက်ကျန်အချိန်တွေမှာ ဇော့်ကိုချစ်ရင်း ဖြူစင်စွာနဲ့ ရှင် သန်ပါ့မယ်။
ငါကတိပေးတယ် ဇော်။
မိုးစွေ”
ချစ်သူ၏ မျက်နှာကို နောက်ဆုံးအဖြစ် မိနစ်ပိုင်းပဲမြင်ရမြင်ရ ဆိုသည့်မသိစိတ်ကမျှော်လင့်မှုဖြင့်လာ ခဲ့ရသည်။ သို့သော် မိုးစွေကိုမတွေ့ရတော့သည့်အခါ ကိန်းအောင်းနေသည့် သတိရစိတ်ကတိုးလာ ပြီးဒေါသအဖြစ်ပြောင်းလဲသွားသည်။
“တွေ့လား သူရင်မဆိုင်ရဲလို့ထွက်သွားပြီ၊ ဒီလိုပဲဖြစ်ရမှာပေါ့”
သူက ထိုသို့ကောက်ချက်ပေးတော့ ဝေယံက ကန့်ကွက်သည်။
“ရင်မဆိုင်ရဲတာတော့မဟုတ်လောက်ပါဘူး၊ မင်းမဖြစ်စေချင်တဲ့ဘဝကို မဖြစ်အောင်နေသွားတော့ မယ့်အခြေအနေကိုဖန်တီးဖို့သွားတာနေမှာပါ”
“အင်း၊ ဟုတ်တယ်၊ သူ နင့်ကိုတကယ်ချစ်လို့ဒီလိုလုပ်တာပဲလို့ငါထင်တယ်”
သူကတော့ မိုးစွေ၏ လုပ်ရပ်ကို မထူးဆန်းသလိုခံစားရလေသည်။
သူ့ကိုတကယ်ချစ်ရင်ဒီလိုလုပ်မှာပေါ့။ မဆန်းပါဘူး။ ဒါဖြစ်သင့်ပါတယ်။ သူဖြစ်စေချင် တာလည်းအဲ ဒီလိုပဲ။ မိုးစွေမှာ ခြေကောင်းလက်ကောင်း၊ ပညာပြည့်စုံနေပြီပဲ။ တစ်ခြားအလုပ် တစ်ခုခုလုပ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါတော့လား။ ဘာလို့အဲဒီအလုပ်ကိုလုပ်ရ တာလဲ။
“ငါ့ကိုတကယ်ချစ်ရင်တော့ သူအဲဒီလောကကိုစွန့်လွှတ်မှာပါ၊ တကယ်မချစ်ဘူးဆိုရင်တော့ ငါတို့မသိ တဲ့တစ်ခြားကမ္ဘာတစ်ခုမှာ သူကျင်လည်နေမှာပေါ့”
ခပ်တိုးတိုးလေးညည်းမိသည်။
“ကောင်းပါတယ်၊ ဘဝတစ်ကွေ့မှာ ဒီကာလလောက်ပဲတွေ့ရတာ ကံကောင်းပါတယ်၊ သူနဲ့ နောက် ထပ်ဘယ်တော့မှမဆုံချင်တော့ဘူး၊ မင်းတို့သိလား၊ မိုးစွေကို ငါအရမ်းမုန်းတယ်၊ သူ့ အကြောင်းကို မြင်ပြီးသိပြီးတဲ့အချိန်ကစလို့ သူ့ကိုငါအရမ်းမုန်းတယ်ဟာ”
မျက်ရည်များကို လက်ခုံဖြင့်သုတ်ပစ်လိုက်သည်။ ငိုစမ်း။ သတိရသရွေ့ငိုစမ်း။ ပြီးလျှင်တော့ မိုးစွေကို မေ့ပစ်ရမည်။ မိုးစွေနှင့်တွေ့ဆုံခဲ့မှုက ကံကောင်းခြင်းမဟုတ်ခဲ့။ မိုးစွေမရှိ၍လည်း သူ့ဘဝကဖြစ် သည်။ ဖြစ်အောင်ကြိုးစားမည်။ လွန်ခဲ့သောရက်များကတော့ အတော်ကြီးခံစားခဲ့ရ၏။ အခြားသူတစ် ယောက်ယောက်နှင့် စကားပြောလျှင်လည်းမိုးစွေ၏ အသံကိုသာကြာနေရသည်။ တစ်ခုခုကိုမြင်မိ လျှင်လည်း မိုးစွေသူ့ထံကိုလာနေသည်ဟုထင်သည်။ သူငယ်ချင်းများနှင်စကားမပြောချင်သလို မိ သားစုနှင့်လည်းစကားမပြောလို။ တစ်ယောက်တည်းနေပြန်လျှင်လည်း သူ့ကိုသာလွမ်းနေမိသည်။ အအိပ်ပျက်၊ အစားပျက်နှင့် အသည်းကွဲသည့် ဝေဒနာက အတော်လေးခက်လှပါသည်။
ဝေယံတို့သုံးယောက်ကတော့ ဘာအကြံနှင့်လည်းမသိ။ တီးတိုးတီးတိုးတိုင်ပင်နေကြလေသည်။
“ငါတို့တစ်တွေအားလုံး မိုးစွေကို တွေ့အောင်ရှာမယ်၊ သူ့လက်ကျန်အချိန် တွေကို ပျော်ရွှင်မှု တွေ၊ နွေးထွေးတဲ့အသိုင်းအဝိုင်းတွေနဲ့ ဖေးမကြမယ်”
ထိုစကားကိုတော့ သဲ့သဲ့လေးကြားလိုက်ရသည်။
“မင်းတို့ ငါမသိအောင်တစ်ခုခုလုပ်ထားကြသလား” ဟု ဝေယံကိုမေးမိလိုက်သည်။
“သူ ဒီအလုပ်ကိုလုံးဝစွန့်လွှတ်သွားလိမ့်မယ်လို့ ငါယုံကြည်နေတယ်၊ အဲဒီနေ့က မင်းထွက်သွားတော့ ငါတို့စကားပြောတဲ့အချိန်မှာ မင်းကိုချစ်တဲ့စွမ်း အားတွေကို သူ့ဆီမှာတွေ့နေရလို့ပဲ၊ ဒါကြောင့် ငါတို့ သူ့ကို သနားနေတာ”
“ဟင့်အင်း၊ မသနားနဲ့သူငယ်ချင်းတို့၊ ငါ အဆင်ပြေပါတယ်၊ ငါ့အတွက်နဲ့ မိုးစွေကိုလည်းရှာမနေပါနဲ့၊ ငါတို့ ဒီမှာပဲဇာတ်သိမ်းလိုက်တာကောင်းပါတယ်၊ သူပြန်လာရင်လည်း ငါသူ့ကိုလက်မခံတော့ဘူး၊ ငါ ပြောပြီးပြီလေ၊ မိုးစွေကို ငါသိပ်မုန်းတယ်”
>>>>>
ဆက်ပါဦးမည်။