(၁၁)
ဝေယံသည် ဖြူစင်၊ နန်းခမ်းလှိုင်တို့အား ဝန်းရံကာ မိုးစွေ၏ အိမ်ခန်းတံခါးကိုတွန်းဖွင့်ဝင် လိုက်သည်။ ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လျက်သားဖြစ်နေသည့် မိုးစွေကိုတွေ့ရသည်။ ကောင်းစည်သူ ၏ လက်ချက်ကြောင့် သူထိုသို့ဖြစ်နေခြင်းပင်။ မိုးစွေ၏ပုံစံက နေမကောင်းချင်သလိုဖျော့တော့တော့ ဖြစ်လို့နေလေသည်။ သို့သော်လည်း မသနားနိုင်ပါ။ စာရိတ္တပျက်ပြားနေသည့်ကောင်။ ယောင်္ကျားဖြစ် ပြီးအောက်တန်းကျလိုက်တာ။ ခြေကောင်းလက်ကောင်းကြီးနှင့် ဒါမျိုးလုပ်စားရသလား ဟုတွေးကာ စိတ်တိုနေမိသည်။
ရုပ်ရည်လေးလည်းရှိ၊ အတန်းပညာလည်းရှိပြီးသားလူတစ်ယောက်အဖို့ အခုခေတ်တွင် တစ်ဝမ်းတစ် ခါး စာအတွက် ဘာအလုပ်ပဲလုပ်လုပ်လုပ်စားလို့ရတာပဲ။ ဘာလို့ဒီအလုပ်ကိုမှ ရွေး ချယ်လုပ်ခဲ့တာလဲ မစဉ်းစားတတ်မိအောင်ပင်။
“မိုးစွေ… ဟေ့ကောင်”
မိုးစွေသည်အားအင်ကုန်ခမ်းနေပုံရသည်။ ထပ်ပြီးဆွဲထိုးမိလျှင်လည်း ပြန်ခုခံနိုင်မည်မဟုတ်ပါ။ ဝေယံ သည် မိုးစွေ၏ ရင်ဘတ်တည့်တည့်နေရာ အင်္ကျီစကိုဆွဲဆောင့်ရင် ဆတ်ခနဲထူလိုက်ပါသည်။
“ဟေ့ကောင် ပြောစမ်း၊ မင်းငါ့ သူငယ်ချင်းကိုမင်းဘေးနားက မိန်းမတွေလိုပဲ စပွန်ဆာ အဖြစ်နဲ့ထားဖို့ ကြိုးစားနေတာလား၊ ချစ်ချင်ယောင်ဆောင်ပြီး ကောင်းစည်သူဆီကရသမျှချုဖို့ကြံစည် နေတာလား မိုးစွေ”
မိုးစွေက ဘာမျှပြန်မဖြေသေးဘဲ နှုတ်ဆိတ်၍သာကြည့်နေလေသည်။
“ဟေ့ကောင် မေးတာဖြေ”
သူခေါင်းခါသည်။
“မယုံဘူး မင်းဟာပိုင်းလုံးပဲ ပိုင်းလုံးအကျင့်ပဲရှိမှာပေါ့”
သူခေါင်းဆက်ခါနေသည်။ ပြီးတော့ လက်ကာပြသည်။ စကားပြောဖို့တော့ အားယူနေတယ်ထင်ပါရဲ့။
“ငါ…”
သူ ရှင်းပြဖို့ကြိုးစားနေသည်။ ဝေယံ၏လက်တစ်ဖက်က သူ့အင်္ကျီစကို ဆွဲဆုတ်ကိုင်ထားဆဲ။
“မိန်းကလေးချင်းချစ်တာဟာ အပြစ်မဟုတ်သလို ယောင်္ကျားချစ်ချစ်တာလည်းအပြစ်မဟုတ်ဘူးကွ၊ လူတိုင်းမှာ တူညီတဲ့ချစ်ခွင့်ရှိတယ်ဆိုတာကို လူပီသတဲ့လူအားလုံးကလက်ခံထားပြီးသား၊ အေး ဒါပေ မဲ့ လူဖြစ်ပြီး သူတစ်ပါးအသိုက်အမြုံကိုဖျက်ဆီးတဲ့ကောင်၊ သူများမိန်းမကိုကြာခိုတဲ့ကောင်၊ ချူစားတဲ့ ကောင်တွေကိုတော့ အားလုံးက ရွံကြတယ်၊ သိက္ခာတရားကင်းမဲ့တဲ့သူအဖြစ်သတ်မှတ်ပြီး အသိုင်းအ ဝိုင်းကလည်းဖယ်ကျဉ်တတ်ကြတယ်မိုးစွေ”
“…..”
“ဘာကြောင့်လဲ မိုးစွေ၊ မင်း ကောင်းစည်သူကိုဘာလို့ မင်းကျင်လည်နေတဲ့ပတ်ဝန်းကျင်ထဲက လူ တစ်ယောက်အဖြစ်သွက်သွင်းဖို့ ဘာလို့ကြိုးစားရတာလဲ၊ မင်းဘာသာမင်းအကန့်နဲ့လုပ်စား လို့ရတာ ပဲ၊ ဘာလို့ငါတို့သူငယ်ချင်းကိုမှလာပတ်သက်နေရတာလဲ”
“မ ဟုတ် ဘူး”
မိုးစွေ၏ အသံဖျော့ဖျော စတင်ထွက်လာသည်။ မျက်ရည်များလည်း ပိုးပိုးပေါက်ပေါက်လိမ့်ဆင်းလာ နေလေသည်။
“မင်းတို့ ထင်သလိုမဟုတ်ဘူး”
မိုးစွေ၏ ဖျော့တော့တော့အသံများက ဝေယံတို့၏ဒေါသကိုမလွှမ်းမိုးနိုင်ခဲ့ပါ။ ပတ်ဝန်း ကျင်တစ်ခုလုံး တိတ်ဆိတ်လို့နေသည်။ ကွန်ဒိုခန်းတစ်ခုလုံးတွင် သူတို့အချင်းချင်းပြောနေကြသည့်စကားသံများသာ လွှမ်းမိုးနေ၏။ အိမ်ထောင်ပရိဘောဂအစုံအလင်နှင့် သေသပ်ကျနလှသော ကွန်ဒိုတိုက်ခန်းကို ဝေယံ တစ်ယောက်ငေးမောကြည့်နေမိသလို မိုးစွေကိုလည်း ခံပြင်းဒေါသထွက်နေမိလေသည်။ ထိုအခန်းကို ရရင် အိမ်ထောင်ရှိမိန်းမတစ်ဦးနှင့်ဖောက်ပြန်ခဲ့သည်။ ထိုမိန်းမသည် ကလေးနှစ်ဦး၏မိခင်လည်းဖြစ် သည်ဟု သိထားသည်။ သုံးနှစ်စာလောက်စာချုပ်တစ်ခါတည်းချုပ်ပြီး ငှားပေးထားခြင်းဟုလည်းခိုင် ခိုင်မာမာသိရသည်။
“ဒါဆို ဘာကြောင့်လဲ၊ မင်း ကောင်းစည်သူကိုချစ်လို့တော့မပြောနဲ့၊ မင်းလိုလူတစ်ယောက်အတွက်အ ချစ်နဲ့ တကယ်ရောထိုက်တန်လို့လား၊ မင်းတို့လောကမှာ အချစ်ဆိုတာရောရှိလို့လား မိုးစွေ”
စကားများသည် လွန်ကောင်းလွန်နိုင်ပေမယ့် မတတ်နိုင်တော့။
“မဟုတ်ဘူး၊ ငါ ဇော့်ကို တကယ်ချစ်တာ၊ တစ်ခြား ဘာရည်ရွယ်ချက်မှမရှိပါဘူးကွာ”
သူ့လေသံက ပုံမှန်အနေအထားကိုရောက်လာခဲ့ပြီ။
“နင် အခုချိန်ထိ အမှန်အတိုင်းမဖြေဘူးလား မိုးစွေ၊ ငါတို့သူငယ်ချင်းမှာ ဘာအပြစ်မှမရှိပါဘူးဟာ၊ နင် သူ့အချစ်ကိုလှည့်စားနေတာဆိုရင်တော့ နောက်ဆုတ်စေချင်တယ်”
“အမှန်အတိုင်းပြောမယ်ဟာ၊ ကောင်းစည်သူတို့က အပြင်ပန်းမှာသိပ်ပြီးဟန်မလုပ်တတ်ပေမယ့် ကျိ ကျိတက်ချမ်းသာတဲ့မျိုးရိုးတွေဆိုတာကို နင်သိထားတယ်မှလား၊ ကောင်းစည်သူဇော်နာမည်နဲ့ပိုင် ဆိုင်ထားတဲ့အရာတွေ၊ သူ့မိဘတွေက သူ့ကိုပေးထားတဲ့၊ သူ့အတွက်လျာထားတဲ့ပစ္စည်းဉစ္စာတွေအ များကြီးရှိတယ်ဆိုတာကို နင်သိထားတယ်မှလား မိုးစွေ၊ ဒါကြောင့်”
“တော်ပါတော့၊ အဲဒီလိုကိစ္စ ငါတစ်ခါမှတောင်မတွေးဖူးဘူး၊ နင်တို့အတွေးတွေက ရုပ်ရှင်ဆန်လွန်း အားကြီးပါတယ်၊ ငါ ဇော့်ကိုတကယ်ချစ်တာ၊ ငါ့ရဲ့ Gender Preference အရ ဇော်ဟာ ငါတစ်သက် တာလုံးလက်တွဲရမယ့်သူလို့ဆုံးဖြတ်ထားပြီးသားမို့လို့ ဇော့်ကိုငါရွေးချယ်ခဲ့တာ”
“နင့်လိုပိုင်းလုံးတစ်ယောက်ဆီမှာ အချစ်ဆိုတာတကယ်ရောရှိလို့လား မိုးစွေ”
ဝေယံသည် မိုးစွေအင်္ကျီစကိုလွှတ်ချလိုက်သည့်အခါ မိုးစွေကထိန်းချုပ်မနေတော့ဘဲအရုပ်ကြိုးပြတ် လဲချပစ်လိုက်တော့သည်။ စားပွဲစောင်းပေါ်တင်ထားသည့်ပစ္စည်းတစ်ချို့ကိုပါ လက်နှင့်အဖျားခတ် တိုက်မိပြီး ပစ္စည်းများပြန့်ကျဲလွှင့်စင်ကုန်သည်။
မထင်မှတ်ဘဲ စာရွက်တစ်ရွက်ကိုဆွဲဖမ်းထားယူလိုက်မိ၏။ မျက်လုံးက မရည်ရွယ်ဘဲထိုစာရွက်ကို ဖတ်ကြည့်မိသားဖြစ်သွားသည့်အခါတွင်တော့ မျက်လုံးအပြူးသားဖြစ်သွားခဲ့ရတော့သည်။
“ဟာ ပေး အဲဒါ ငါ့စာရွက်”
မိုးစွေသည် ထိုစာရွက်ကိုဆွဲလုရန်ကြိုးစားသည်။ အားအင်လျော့နေသည်ကတစ်ကြောင်း၊ ဝေယံက စာရွက်ပါအကြောင်းအရာကိုစိတ်ဝင်စားသွားသည်ကတစ်ကြောင်းနှင့် အလွယ်တကူမပေးမိဘဲ မိုးစွေ လိုက်လုနေခြင်းကို ရှောင်ထွက်လိုက်မိသည်။
“သူ့ကိုခဏ ဖမ်းချုပ်ထားစမ်းပါ ဖြူစင်”
မိန်းကလေးနှစ်ယောက်၏ တစ်ယောက်တစ်ဖက်ဆွဲကိုင်ထိန်းချုပ်မှုကို မိုးစွေခံနေရသည်။ သူကရုန်း လိုက်၊ ဟိုနှစ်ယောက်က လက်မောင်းကိုဆွဲကိုင်ထားလျက်ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ခဏ တွင်ပဲ ဝေယံသည် ထိုစာကိုအသေအချာဖတ်လိုက်နိုင်ခဲ့သည်။
“မိုးစွေ၊ မင်း…”
ဝေယံသည် စာရွက်ပါအကြောင်းအရာကို သေချာအောင်အထပ်ထပ်အခါခါဖတ်မိနေလေသည်။ မိုး စွေက အတင်းကာရောရုန်းထွက်ကာ စာရွက်ကိုလာလုသော်လည်း ဝေယံကတော့ စာရွက်ပါအ ကြောင်းအရာကိုသိနေခဲ့ပြီ။ ထိုစာရွက်သည် ဆေးစာတစ်စောင်ဖြစ်ပြီး ရာနှုန်းပြည့်ကို ဝေယံနားမ လည်ပါ။ သို့သော်လည်း အဓိကအကြောင်းအရာကိုတော့ အသေအချာသိပြီးဖြစ်လေသည်။
“မိုးစွေ…..မင်း…မင်းဟာ Leukemia (သွေးကင်ဆာ) ရောဂါသည်တစ်ယောက်ပေါ့”
Medical Check up စာရွက်ပါရောဂါဗေဒဆိုင်ရာကိုတော့ဝေယံကောင်းကောင်းသိတာပေါ့။ မိုးစွေ၏ နာမည်ကိုတွေ့ရပြီး Leukemia နေရာတွင် Positive ဟုရေးထားခြင်းပင်။
“သူက သွေးကင်ဆာဖြစ်နေတာ ဖြူစင်”
သုံးယောက်သား ပါးစပ်အဟောင်းသားဖြင့် မိုးစွေကိုဝိုင်းကြည့်လိုက်ကြတော့သည်။ ထို့နောက် ရုန်း ရင်းဆန်ခတ်အခိုက်အတန့်များပျောက်ဆုံးကာ ဧည့်ခန်းဆိုဖာပေါ်တွင်လေးယောက်သားအကျအန ထိုင်ပြီး စကားစမြည်ပြောရတော့သည်။ အခြေအနေက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီ။
“ဟုတ်တယ် … ငါဟာ Leukemia ရောဂါသည်တစ်ယောက်ပဲ”
မိုးစွေသည်စကားပြောရန်အားယူသည်။ အားလုံးသိအောင်ပြောပြဖို့ဆုံးဖြတ်ထားပုံရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝေယံ့အနေနဲ့ကတော့ သူငယ်ချင်း ကောင်းစည်သူနှင့် ဒီကောင့်ကို လုံးဝသဘောမတူနိုင်ပါ။ ဘာရောဂါ ပဲရှိနေရှိနေ စာရိတ္တမကောင်းတာတစ်ပိုင်းပဲ။
မိုးစွေက အားမတန်မာန်လျော့ကာ သူတို့ကို စကားစပြောတော့သည်။
“ငါ ခုနစ်တန်းအရွယ်မှာ မိဘတွေဆုံးသွားတယ်၊ ဆွေမျိုးတွေလည်းမရှိ ကြုံရာကျပန်း အလုပ်လုပ် ရင်း ငါ့ကိုယ်ငါကျောင်းခဲ့တယ်၊ ငါတက်ချင်တဲ့ တက္ကသိုလ် ကျောင်းသားဘဝကို မရရအောင်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်”
သူ့မျက်ဝန်းများခက်ထန်နေပါသည်။ အားအင်ဖျော့နေသည့် အမူအရာများမတွေ့ရတော့။ အတိတ်ဆီ ကို ခက်ထန်သည့်မျက်ဝန်းများနှင့် တွေးရင်း ဝေယံတို့အားသူ့အကြောင်းပြော ပြတော့သည်။ မိုးစွေ ဆီကိုရောက်လာခဲ့တာ ဒီလိုသူပြောတာနားထောင်ဖို့မှမဟုတ်ပဲ။ ဒါပေမဲ့ သူဘာဆက် ပြောမလဲဆို တာ သုံးယောက်သား စိတ်ဝင်စားမိနေကြသည်။
“လောကကြီးအလယ် ငါတစ်ယောက်တည်းရှိနေရတာပါလားဆိုတာ တွေးမိ တဲ့အခိုက် အတန့်တွေ ဘယ်လောက်အားငယ်မလဲ၊ နေမကောင်းဖျားနာတဲ့အချိန် ဖေးကူမယ့်သူမရှိ ဘယ်လောက်သိမ်ငယ် ရသလဲ၊ မင်းတို့ကိုယ် ချင်းစာတတ်မှာ မဟုတ်ပါဘူး၊ တစ်ကိုယ် တည်း တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေရတာမပင်ပန်းလှပေမယ့် ငါ့ဘဝထဲကို ရောဂါဆိုး ကြီးတစ်ခုဝင်ရောက်လာပြီးတဲ့အချိန်မှာ အရာရာတိုင်းဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့တယ်”
မိုးစွေ၏ခံစားချက်၊ သူ့ဘဝအခြေအနေများကို မြင်ယောင်မိ စ ပြုသည်။ သူဘာဆက်ပြောမည်လဲဟု ဆက်လက်နားထောင်လိုစိတ်များဖြစ်ပေါ်လာခဲ့တော့သည်။
“ကာလအပိုင်းအခြားလေးတစ်ခုတည်း ရှင်သန်ရတော့မယ့်လူတစ်ယောက်၊ သူရှင်သန် နေရတဲ့ အချိန်မှာ စားဝတ်နေရေးအပြင် နေ့စဉ်သုံးစွဲရမယ့်ဆေးဖိုး၊ စျေး အရမ်းကြီးတဲ့ ဒီဆေးတွေ သူ့ဝင်ငွေနဲ့ ဘယ်ရှာနိုင်မလဲ၊ ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်လုပ်ရင်း ရှင်သန်နေတဲ့ငါ့မှာ ဘယ်အပိုငွေရ တော့မလဲ၊ အတွေးပေါင်း များစွာနဲ့ အိပ်မပျော်ခဲ့ဘူး၊ ဒုတိယနှစ်မတက်ခင် ကျောင်းပိတ်ရက် အချိန် ပိုင်းအလုပ် လုပ်နေစဉ်ကာလမှာပဲ ငါဒီဘဝကို ရောက်မှန်းမသိရောက်လာခဲ့ရတယ်၊ ဒီအတိုင်းပဲ သေ လိုက်မယ်ဆိုတဲ့အတွေး ဝင်လာမိပေမယ့် မသေချင်သေးတဲ့ ငါ့အတ္တကလည်း ဒီလောကဆီကိုတွန်းပို့ ခဲ့လေသလား မသိတော့ပါဘူးကွာ”
ဝေယံသည် မိုးစွေကိုဘာမှ ပြန်မပြောမိကြပါ။ တက္ကသိုလ်ကျောင်းသားဘဝဆီကိုလှမ်းနိုင်ခဲ့သည့် အပြင် ရန်ကုန်တက္ကသိုလ်၌ အချိန်ပိုင်းတက်ရသည့် ဒီပလိုမာသင်တန်းကိုလည်းသူတက်နိုင်ခဲ့ပြီ။ ဒါတွေဟာ သူ့အတ္တတွေ၊ သူဖြစ်ချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နေတာပဲလား။
“လောကကြီးမှာ မှားမှန်းသိလျက်နဲ့ ဆက်လျှောက်နေရတဲ့ဘဝက ဘယ် လောက် ဆိုးရွား တဲ့ခံစားမှုလည်းဆိုတာ မင်းတို့သိမှာ မဟုတ်ပါဘူး၊ ငါဒီလိုဘဝမျိုး ရောက်မှာ လူတွေရဲ့ ကဲ့ရဲ့ခံရမှာ သိပ်ကြောက်ခဲ့တယ်၊ ဒါပေမဲ့”
ဝေယံသဘောပေါက်စပြုသည်။ နန်းခမ်းလှိုင်နှင့် ဖြူစင်တို့သည်လည်း သနားဂရုဏာသက်သောအမူ အရာများဖြင့်နားထောင်နေသည်ကိုတွေ့ရသည်။ သူ့အကြောင်းပြချက်နှင့်သူတော့ ခိုင်မာနေသည်ပဲ။
“ခွင့်မလွှတ်ဘူး၊ ဒါ ခွင့်လွှတ်သင့်တဲ့ကိစ္စမဟုတ်ဘူး၊ မင်းမှာ သွေးကင်ဆာရောဂါရှိနေတာနဲ့ ငါတို့က မင်းကိုသနားမတဲ့လား၊ ဆောရီးပဲဟေ့ကောင်၊ မင်းအကြောင်းပြချက်နဲ့မင်းဆိုပေမဲ့ မင်းကိုငါတို့ခွင့် မလွှတ်နိုင်ဘူး”
“ရပါတယ်ကွာ၊ ငါမင်းတို့ဆီက ခွင့်လွှတ်မှုကိုမလိုချင်ပါဘူး၊ ဒါပေမဲ့ ဒီအကြောင်းကို ဇော့်ကို မပြောဘူးဆိုတဲ့ ကတိလေးတော့ငါလိုချင်ပါတယ်”
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလိုက်ကြသည်။ ပြီးတော့ သုံးယောက်သားခေါင်း ညိတ် လိုက်ကြသည်။ ဒီကတိကိုတော့ပေးနိုင်ကြပြီး ထိုအရာမှာ သူတို့အားလုံးလိုချင်သည့်အရာလည်းဖြစ် လေသည်။ ကောင်းစည်သူသည် မိုးစွေကို စိတ်နာလျှက်သားနှင့်နာနေနိုင်ရက်ပါစေတော့။
“မင်းဆီက ကတိတစ်ခုလည်း ငါတို့လိုချင်တယ်”
“အင်း”
“မင်းဘက်ကလည်း ကောင်းစည်သူကိုမပတ်သက်တော့ပါဘူးဆိုတဲ့ ကတိပေးရင်ပေါ့”
မိုးစွေသည် ခေါင်းကိုတွင်တွင်ငြိမ်သည်။ မျက်ဝန်းမှ တစ်စတစ်စပြူထွက်နေသည့် မျက်ရည်များကို လက်ခုံဖြင့်သုတ်ပစ်လိုက်သည်။
“အင်းလေ… ငါဟာ ဇော့် အချစ်နဲ့မထိုက်တန်တဲ့ကောင်ပါ… ငါပေးပါတယ်၊ ပြီးတော့ ဇော့်ကို ငါ ဘယ်လောက်ချစ်သလဲဆိုတာကိုလည်း တစ်ခါတည်းသက်သေပြခဲ့မယ်”
ရာသီဥတုက ရုတ်တရက်အေးစက်လာခဲ့၏။
အားငယ်မှု၊ သိမ်ငယ်မှုများက မိုးစွေ၏ကျန်းမာရေးအခြေအနေကို ပေါင်းစည်းလိုက်သောအခါ ဝေယံ အတွက်တော့ မိုးစွေကိုနားလည်ပေးနိုင်သင့်မည်ဟုတော့ တွေးမိပါသေးသည်။ ဟုတ်တယ်။ အဖြစ် အပျက်ကိုမြင်နေလျက်သားနှင့်ဘာကြောင့် လက်ပိုက်ကြည့်နေရက်မှာလဲ။ မိုးစွေကို လက်ရှိဘဝထဲမှ ရုန်းထွက်နိုင်ရန် ကူညီ၍မရနိုင်ဘူးလား။
မိုးစွေ၏အလုပ်အကိုင်နှင့် စာရိတ္တ ကိုခဏဖယ်ထား။ ကျန်တာတွေးလိုက်မည်ဆိုလျှင် မိုးစွေသည် ရောဂါသည်တစ်ယောက်။ ဘဝကြမ်းကိုဖြတ်သန်းခဲ့ရသူတစ်ယောက်။ သူ့မှာ အပေါင်း အသင်းများ လိုအပ်သည်။ ဖေးမမှုများလိုအပ်သည်။
ဘဝတွင် နွေးထွေးကြင်နာမှုလောက်တန်ဖိုးရှိသည်မှာ ဘာရှိဦးမှာလဲ။ မိုးစွေ၏ဘဝတွင် ရတောင့်ရ ခဲဖြစ်ခဲ့သော နွေးထွေးခင်မင်မှုများကို သူ့ဘဝအဆုံးမသတ်ခင် အကောင်းဆုံးသူငယ်ချင်းတွေ အဖြစ်ပေးဆပ်ဖို့ကို တွေးနေမိသည်။ ဖြူစင်နှင့် နန်းခမ်းလှိုင်တို့ကိုလည်းတိုင်ပင်ရမည်။
“လူတစ်ယောက်ရဲ့နေဝင်ချိန်ကို ပျော်ရွှင်ကျေနပ်စေမှုတွေနဲ့ခြယ်မှုန်းပေးသင့်ပါတယ်လေ”
>>>>>
ဆက်ပါဦးမည်။