(၁၀)
ထိုအမျိုးသမီးသည် သူ့ကိုမောင်းထုတ်လိမ့်မည်ဟုယူဆထားခဲ့သော်လည်း တကယ်တမ်းတွင် ထိုသို့ မလုပ်ခဲ့ပါ။ သူကသာ ဦးအောင်အခန်းထဲမှ ထွက်သွားခဲ့လေသည်။ သူ့ကိုလူသိမည်ကိုကြောက် ၍လား၊ သူ့အမျိုးသားနှင့်ပတ်သက်သောအသိုင်းအဝိုင်းထဲက လာစုံစမ်းနေသည်ဟုထင်၍လားမပြော တတ်။ အခန်းထဲတွင် သူနှင့်မိုးစွေသာကျန်ခဲ့သည်။
“ဇော်”
မိုးစွေက ပြန့်ကျဲ့နေခဲ့သော ပစ္စည်းများကို တစ်စွန်းတစ်စသိမ်းဆည်းရင်း သူ့ကိုပခုံးဖက်ကာ ဧည့်ခန်း ထဲသို့ခေါ်လာခဲ့သည်။ သူ ခန္ဓာကိုယ်ကိုရုန်းထွက်ပစ်လိုက်သည်။ မိုးစွေ၏တယုတယမြတ်နိုးခြင်းကို ခံစားလိုသည့်အခိုက်အတန့် ကုန်လွန်ခဲ့ပြီ။ သူအင်မတန်စက်ဆုပ်သောအကြောင်းတရားတို့ကိုပိုင် ဆိုင်ထားသော ချစ်သူကိုအလိုမရှိနိုင်တော့ပြီ။
“အဲဒီအမျိုးသမီးက မင်းပြောတဲ့ မင်းအမေဆိုတာလား မိုးစွေ”
သူ သိချင်သမျှကိုတော့ မေးမှရတော့မည်။ မိုးစွေခေါင်းခါပြပါသည်။
“မဟုတ်ပါဘူး”
“ဒါဆို မင်းမှာ အမေမရှိဘူးဆိုတာတကယ်ပေါ့၊ ဟောင်ကောင်မှာနေတယ်ဆိုတာ တကယ်တော့မင်း အမေမဟုတ်ဘဲ မင်းကို အမ်းနေတဲ့ ရှူးဂါးမာမီဆိုတာပေါ့ ဟုတ်လားမိုးစွေ”
“…..”
“မိုးစွေ ငါမေးနေတယ် ဖြေလေ”
“အင်း…. ဟုတ်ပါတယ် ဇော်”
“မင်း လုပ်ရက်တယ်၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ မိုးစွေ၊ မင်း ငါ့အချစ်ကိုဘာလို့ အဲဒီလောက်အထိလှည့် စားစရာလိုလို့လဲ”
မိုးစွေသည် သူ့လက်ထဲကိုင်လာသည့် ပစ္စည်းတစ်ချို့ကို ဧည့်ခန်းထဲက စားပွဲပေါ်သို့ပစ်ချလိုက်သည်။ စာရွက်တစ်ချို့၊ စာအုပ်၊ ဘောလ်ပင်၊ ပိုက်ဆံအိတ် နှင့် ဖုန်းတို့ဖြစ်သည်။ ထိုပစ္စည်းများကို လက်တစ် ဖက်ဖြင့်ကိုင် အခြားတစ်ဖက်ဖြင့် သူ့ကိုသိုင်းဖက်လာခြင်းဖြစ်သော်လည်း သူကတော့ မိုးစွေအဖက်ကို မခံခဲ့ဘဲရုန်းထွက်ကာ ဧည့်ခန်းဆီကို နှစ်ယောက်သားရောက်လာခဲ့ကြခြင်းပင်။
“အခုတော့အားလုံးသဲထဲရေသွန်ဖြစ်ကုန်ပြီ မိုးစွေ၊ ငါဘာလုပ်ရမလဲ”
ယခုလိုအဖြစ်အပျက်ကိုရင်ဆိုင်နိုင်ရန် သူအားအင်များဘယ်ကဘယ်လိုရခဲ့သလဲမသိတော့။ မိုးစွေတို့ နှစ်ယောက်သားကြည်နူးအိပ်စက်နေသည်ကိုသိလျက်နှင့်ဘာကြောင့်များ အခန်းထဲကိုဇွတ်တိုးဝင်နိုင် ရက်ခဲ့တာပါလိမ့်။ သူတို့နှစ်ယောက် အပေါ်အင်္ကျီမပါဘဲနှင့် ကျီစားနေသည်ကိုဘာကြောင့်များရုတ် တရက်ကြည့်နိုင်ခဲ့တာပါလိမ့်။ ထိုနေရာသည် ထိုအိပ်ရာသည် သူနှင့်မိုးစွေတို့၏ ကျီစယ်ကလူပြုရာ နေရာလည်းဖြစ်သည်။
ကိုယ်နှင့်အတူ ပျော်ရွှင်ကြည်နူးနေကျ အိပ်ရာပေါ်တွင် အခြားတစ်ယောက်နှင့် မိုးစွေကိုတွေ့ခဲ့ရသော အခါတွင်တော့ ဒေါသ၊ မောဟများပြင်းထန်လာကာ မိုးစွေနှင့်ပတ်သက်၍ စိတ်အနာကြီးနာလျှက်သာ ရှိတော့သည်။ ဒါဟာ ငါတို့ဝေးဖို့အတွက် ကံကြမ္မာပဲလား မိုးစွေ။
သူ ရုပ်ရှင်ထဲတွင်သာမြင်ခဲ့ရသောမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီ။ မိုးစွေသည် ဝေယံတို့ပြော သည့်အတိုင်းပင် ယောင်္ကျားကီပင်ကောင်။ စပွန်ဆာကောင်။ ချူစားနေသည့်ကောင်။
“ဇော် ငါ…ငါ မရည်ရွယ်ခဲ့ပါဘူး၊ ငါ မင်းကို တကယ်ချစ်တာပါ ဇော်”
“မင်း ပိုင်းလုံးလား မိုးစွေ”
“ဇော် ငါ…ငါ”
“မင်းက သူတို့ပြောသလိုပဲဟုတ်နေတာလား မိုးစွေ၊ မိန်းမကြီးတွေ၊ ယောင်္ကျားကြီးတွေဆီကချူစား နေတဲ့ပြည့်တန်ဆာကောင်ဆိုတာဟုတ်လားမိုးစွေ၊ ဖြေ…ငါမေးတာဖြေ”
မိုးစွေ နှုတ်ဆိတ်၍နေလေပြန်သည်။
“ကိုယ်ကျင့်တရားနဲ့ စာရိတ္တ ပျက်ပြားနေတဲ့ လူတစ်ယောက်က အနာဂတ်အတွက် စပွန်ဆာကိုပဲ အားကိုးနေတဲ့ လူတစ်ယောက်က ငါ့ကိုချစ်တယ်တဲ့လား၊ မင်းမရှက်ဘူးလား”
သူ့မျက်နှာကို စေ့စေ့ကြည့်ပြီးပြောပစ်လိုက်သည်။
“ဇော်ရယ် . . . ငါ”
“ငါမေးတာကို အရင်ဖြေဦး မိုးစွေ၊ မင်းငါ့ကို ဘာမှ မပြောခင် ငါမေးတာကိုအရင်ဖြေပါ”
“ဟူး…အင်းပါ၊ ဇော် ငါဝန်ခံပါတယ်၊ ဇော် ပြောတာတွေဟုတ်တယ်၊ ငါမငြင်းဘူး၊ ဒါပေမဲ့”
“တော်တော့”
သူ မျက်ရည်များလိမ့်ဆင်းလာမိသည်။ ခံပြင်းဒေါသထွက်မှုနှင့်အတူ အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင် သည်။ သူ့လက်သီးပြင်းများက မိုးစွေ၏ မျက်နှာပေါ်ကိုတရစပ်ကျရောက်သွားသည်။ မိုးစွေ၏နှုတ် ခမ်းတောင့်တွင် သွေးစများကိုမြင်ရသည်အထိ သူထိုးပစ်လိုက်သည်။
“ဇော်…ငါ နာတယ်၊ တော်ပါတော့ ဇော်”
မိုးစွေ နေကောင်းပုံမရ။ ဟိုတစ်နေ့က အရှိန်ကြောင့် လူက ဖျော့တော့တောဖြစ်နေမြဲပင်။ ထို့ကြောင့် သူ ထိုးသမျှကိုအားအင်အပြည့်ဖြင့် ခုခံချိန်တောင်မရှိခဲ့။
“ငါ့နာမည်ကိုမခေါ်နဲ့ မင်းနဲ့ပတ်သက်ရင်းနှီးခဲ့တာကို ငါသနလိုက်တာ၊ မင်းဘယ်အရွယ် ကတည်းက ဒီလိုလုပ်စားခဲ့တာလဲ မိုးစွေ၊ ဘယ်လိုအားအင်တွေနဲ့ ငါ့ကိုရော ရည်းစားစကား ပြောခဲ့တာလဲ၊ အချစ်ဆိုတာကိုရော မင်း သိလို့လား၊ ဒါမှမဟုတ် ငါ့ကိုလည်း မင်းရဲ့ချုဆီလိုင်းထဲသွင်းဖို့”
“ဇော် . . . တော်တော့၊ တော်ပါတော့ ဇော်ရယ်”
မိုးစွေမျက်ရည်ဝဲလာခဲ့သည်။ သူနှင့်ပတ်သက်၍ အရာရာကို အရှုံးပေးလိုစိတ်၊ မာန၊ အတ္တများ တစ်ခု မျှမထားလိုစိတ်များနှလုံးသွင်းပြီးဖြစ်လိမ့်မည်။
“မိုးစွေ၊ မင်း ဒီလိုလုပ်စားနေတာ ကြာပြီလား
“……”
“မိုးစွေ မင်း ယောင်္ကျားဖာအလုပ်ကို လုပ်စားနေတာကြာပြီလားလို့ငါမေးနေတယ်လေ”
“ငါမင်းကို သိပ်ချစ်တယ်ဇော်၊ ငါဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ မင်းကိုချစ်ခဲ့တာကတော့ ငါဘဝမှာ အမှန် ကန်ဆုံးသောအရာပါ၊ ပြီးတော့ မင်းကိုငါအဆုံးရှုံးမခံနိုင်ဘူးဇော်၊ ငါတောင်းပန်ပါတယ်၊ မင်းကျေနပ် တဲ့အထိ ငါတောင်းပန်ပါတယ်ဇော်”
“ဟာကွာ၊ ဒါတောင်းပန်ရုံနဲ့ပြီးတဲ့ကိစ္စလား မိုးစွေ”
ငိုလည်းငို ဒေါသလည်းထွက်နှင့် သူ့ကိုရက်ရက်စက်စက်ပြောမည့်စကားလုံးများကို လိုက်ရှာကြည့်နေ မိလေသည်။
“ဇော် မင်းနဲ့အတူရှိတဲ့အချိန်တွေကို စဉ်းစားကြည့်ပါဇော်၊ ငါ …ငါဟန်ဆောင်လိမ်ညာနေတာတစ်ခုမှ မပါဘူး၊ မင်းကိုငါ အဖြူထည်သက်သက်ချစ်ခဲ့တာပါ၊ ငါမပြောဘူးဆိုတာကလည်း ဒါက မင်းအတွက် အဆင်ပြေနိုင်သေးမယ့် အချိန်မဟုတ်သေးလို့”
“မင်းဆက်မပြောနဲ့တော့ ပိုင်းလုံးကောင်ရဲ့”
မိုးစွေ၏မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာအော်ပစ်လိုက်မိသည်။ သူ့ကိုကြောင်ငေးကြည့်ကာ မျက်ရည်များကျနေသည့်မိုးစွေကို သူစိတ်အနာကြီးနာသည်။
“မိုးစွေ …မင်းကိုငါ သိပ်မုန်းတယ်”
ချစ်သူနှင့်ပတ်သက်၍ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီမှန်းသိလိုက်ရသည့်ထိုအခိုက်အတန့်တွင် သူသည် ရင်နှင့်မဆံ့သောခံပြင်းမှုများ၊ စိတ်မကောင်းဖြစ်မှုများ၊ ဒေါသများကို သိမ်းကျုံးပွေ့ပိုက်ပြီးထိုအခန်း ထဲမှ ထွက်လာခဲ့လိုက်တော့သည်။ တော်ရုံနှင့်ပျောက်မည်မဟုတ်သော ထိုဒဏ်ရာကိုကုစားရန်နည်း လမ်းလည်းရှိမည်မဟုတ်။ မိုးစွေနှင့်ပတ်သက်၍ အရာရာတိုင်းသည် လွတ်ကျသွားခဲ့သောပန်အိုးတစ် လုံးလို ကြေမွသွားခဲ့ပြီဖြစ်သည်။
အခန်းတံခါးအပြင်ဝတွင် ဝေယံ၊ နန်းခမ်းလှိုင်နှင့် ဖြူစင်တို့ကို တွေ့လိုက်ရသည်။ သူတို့လည်းခိုးနား ထောင်နေခဲ့၍ အကြောင်းစုံကိုသိပြီးဖြစ်လိမ့်မည်။ သူတို့ကိုလည်း မျက်နှာချင်းမဆိုင်ချင်တော့။ ကွန် ဒိုအောက်ကို ပြေးဆင်းလာခဲ့မိသည်။
“ကောင်းစည်သူ ခဏလေး”
ဝေယံက သူ့အနောက်ကိုလိုက်လာသည်။ ရွှဲစိုနေသည့် မျက်ရည်များကို သုတ်ရင်း ဝေယံ့ကိုရင်ဆိုင် မိလိုက်၏။
“မင်း ပြောတာအကုန်မှန်တယ်ဝေယံ၊ အဲဒီအမျိုးသမီးဟာ မင်းတို့ပြောတဲ့အထဲကတစ်ယောက်ပဲ”
“ဒီကိစ္စ ငါတို့သိပြီးပြီပဲ၊ ဒီလိုဖြစ်မယ်ဆိုတာကိုလည်း ငါတို့ခန့်မှန်းပြီးပြီပဲကောင်းစည်သူ၊ မင်းအဲဒီ လောက်ကြီးခံစားစရာမလိုဘူး၊ ငါတို့ သူနဲ့အေးဆေးသွားရှင်းရအောင်”
“ဟင့်အင်း၊ ငါ့မှာ သူ့အတွက် ပြောစရာစကားမရှိတော့ဘူး၊ ငါအမုန်းဆုံးကိစ္စကို သူလုပ်လိုက်မိတဲ့အ တွက် သူ့ကိုလည်း ငါဘယ်တော့မှ ခွင့်လွတ်မှာမဟုတ်ဘူး”
“အေးပါ ဒါပေမဲ့”
“ဝေယံ မင်းကူညီပေးကွာ၊ ငါသူနဲ့ပြတ်ပြီ၊ ဇာတ်လမ်းကိုအဆုံးသတ်ပြီလို့ ငါကိုယ်စားရှင်းပေး”
ထိုသို့ပြောခဲ့လိုက်သည်။
>>>>>
ဆက်ပါဦးမည်။