လွန်လေပြီးသော ချစ်သူ အပိုင်း (၁)

(၁)
အားလုံးရဲ့ဘဝတစ်သက်တာမှာ တစ်ခါမှမျှော်လင့်မထားတဲ့အဖြစ်အပျက်တွေ တကယ်တမ်းဖြစ်လာတာမျိုးအနည်းနဲ့အများ တွေ့ကြုံဖူး ကြမှာပါ။ လောကကြီးမှာထင်မှတ်မထားတဲ့အရာတွေ ဖြစ်လာတတ်တာဟာ အထူးအဆန်းမဟုတ်သလိုဖြစ်နေပေမယ့် ကျွန်တော့်လို အဖြစ်အပျက်ကတော့ ဘယ်သူကမှတွေ့ကြုံဖူးကြလိမ့်မယ်လို့တော့မထင်ပါ။ ကျွန်တော့်ရဲ့အဲဒီအကြောင်းအရာကိုသိရင်တော့ အဲဒါမျိုး တကယ်ရှိပါ့မလား ဆိုပြီးတော့တောင်သံသယဝင်ကြလိမ့်မှာအသေအချာပင်။ ဒါပေမယ့် ကျွန်တော်တကယ်တွေ့ကြုံခဲ့ရတာပါ။

လူတစ်ရာ မှာတစ်ယောက်၊ အိုဗျာ…တစ်ထောင်မှာတစ်ယောက်တောင် တွေ့ချင်မှတွေ့ဖူးကြမယ့်အဖြစ်အပျက်မျိုးပါ။
နည်းပညာခေတ်ထဲမှာ ဒီလိုအဖြစ်အပျက်မျိုးက နည်းပညာကိုအကြောင်းပြုပြီးဖန်လာခဲ့တာပင်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ဂျီတော့ခ်(gtalk) ဆိုတာမျိုးက လူနည်းစုသာသုံးစွဲကြတော့တာပါ။ အများစုကတော့ ဖေ့စ်ဘုတ်( facebook) ကိုနေ့စဉ်နဲ့အမျှ မသုံးရ မနေနိုင်အဖြစ်နဲ့ပဲရှိကြတာ မဟုတ်လား။ အဲဒီအထဲကမှ ကျွန်တော်ကချွင်းချက်အဖြစ်နဲ့ ဂျီတော့ခ်တစ်မျိုးတည်းကိုပဲ နေ့တိုင်းမသုံးရမ နေနိုင်အောင် ဖွင့်ထားမြဲဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကနေစတင်ခဲ့တာဖြစ်သည်။ မြတ်သစ်ခွဆိုသောအမျိုးသမီး (အကောင့်နာမည် [email protected]l.com) နဲ့ ကျွန်တော် ဂျီတော့ခ်ပေါ်မှာရင်းနှီးခဲ့တာအချိန်အတော်ကြာခဲ့ပြီ။ ရင်းနှီးမှုအတိုင်းအတာကလည်း သာမန် ထက်တောင်ပိုနေပြီလို့တောင် သတ်မှတ်လို့ရသည်။ လူချင်းမတွေ့ဖြစ်တာကလွဲရင်ပေါ့လေ။ ဒါပေမဲ့ သူမရဲ့ဓါတ်ပုံရော၊ ကျွန်တော့်ပုံပါ အပြန်အလှန်ဂျီမေးလ်(gmail) ထဲက နေပို့ဖူးကြသည်။ နေ့တိုင်းနှုတ်ခွန်းဆက်စကားပြောကြသည်။
ဒါသာမန်အဖြစ်အပျက်လို့ပဲ ကျွန်တော်ကထင်ထားခဲ့တာပါ။ တကယ်တော့သူမဟာလည်း ကျွန်တော့်လိုပဲ ဂျီတော့ခ်ကို ခုံခုံမင်မင်သုံးစွဲ နေတတ်တဲ့ အမျိုးသမီးတစ်ယောက်လိ့ုပဲ ကျွန်တော်ရိုးရိုးလေးမြင်ထားခဲ့တာပါ။ ဒါပေမဲ့ သူမနဲ့ကျွန်တော်ကြားမှာလွဲနေတဲ့ အချက်ကို အဲဒီနေ့နောက်ပိုင်းကစတင် သိခဲ့ရတာပင်။ ဖေ့စ်ဘုတ်အကောင့်ရှိရင်ပေးပါလားလို့ကျွန်တော်ကပြောတော့ ဖေ့စ်ဘုတ်ဟုတ်လား မသိဘူး လို့သူမဖြေဖူးသည်။ မသုံးတတ်ဘူးတဲ့လေ။
“ဟေး၊ ဘာလုပ်နေလဲ”
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ဝရက်နေ့ ညရှစ်နာရီခွဲမှာ သူမကကျွန်တော့်ကိုစတင်ခေါ်ပြီး စကားပြောကြရာနောက်ပိုင်းမှစတင်ခဲ့တာပင်။ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲလာမှုများ ခေါင်းစဉ်နဲ့ စာတမ်းလိုလို၊ အစီရင်ခံစာလိုလို တစ်စောင်ကို ကျွန်တော့်ကို မန်နေဂျာကလုပ်ခိုင်းထားတာမို့ အဲဒါကိုလက်စသတ်နေတယ်လို့ သူမကိုပြောပြဖြစ်သည်။
“ဘာအတွက် လုပ်နေတာတုန်း”
“ကျွန်တော်တို့က ဆက်သွယ်ရေးဆိုင်ရာနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ကွန်ရက် (Network) တွေလုပ်ပေးနေတဲ့ကုမ္ပဏီဆိုတော့ ဆက်သွယ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအသေးစိတ်ကို မန်နေဂျာကသိချင်တယ်တဲ့လေ၊ ကျွန်တော်က ဆက်သွယ်ရေးအရာရှိ (Public Relation) တာဝန်ကိုယူထားတော့ မီဒီယာတွေနဲ့ရင်းနှီးတယ်၊ ပြီးတော့အချက်အလက်မှန်သမျှ ကျွန်တော့်ဆီမှာစုဆောင်းထားတတ်လို့ လုပ်ခိုင်းတာတဲ့လေ၊ စိတ်ညစ်ပါတယ်၊ လက်စသတ်နေတယ်ဆိုပေမယ့် စိတ်တိုင်းမကျဘူး”

“အစ်မဆီမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ မှတ်စုတစ်ချို့စုထားတာရှိတယ်၊ စိတ်ဝင်စားလား”

“ဘယ်လိုအကြောင်းတွေပါလဲဟင်”

“ဘယ်တုန်းကစတင်ခဲ့တာ၊ ဝန်ကြီးဌာနပိုင်းဆိုင်ရာအချက်အလက်…အင်း အများပြည်သူသိသင့်တဲ့အပိုင်းတွေပေါ့၊ ဆက်သွယ်ရေးကဏ္ဍ ရဲ့နောက်ခံသမိုင်းတစ်ချို့ပေါ့”

“ဟာ…စိတ်ဝင်စားတယ်၊ အဲမှတ်စုစာအုပ်ကို ဖတ်ခွင့်ရမယ်ဆိုရင် ကြိုက်တာဝယ်ကျွေးမယ်ဗျာ”

“ဟားဟား၊ မုန့်စားချင်လို့မဟုတ်ပါဘူး၊ မင်းအဆင်ပြေမယ်ထင်လို့ငှားဖို့စိတ်ကူးရတာပါ၊ ဒါနဲ့နေပါဦး ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ၊ ခုမှမေးရဦးမယ်၊ မင်းစကားတွေက နည်းနည်းထူးဆန်းတယ်လို့ခံစားရတယ်ကွ၊ မင်းဘယ်ကုမ္ပဏီမှာလုပ်တာလဲဟင်”

ကျွန်တော်က ကျွန်တော်လုပ်တဲ့ကုမ္ပဏီကိုပြောတော့ သူမကတစ်ခါမှမကြားဖူးဘူးတဲ့။

“ဟာ….အစ်မနော်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ ကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီတွေကို မသိတာကပြသနာမရှိပါဘူး၊ အဲဒီအထဲ ကမှ နာမည်အကြီးဆုံးထဲမှာပါတဲ့ ကျွန်တော်တို့ ကုမ္ပဏီကိုမသိဘူးဆိုတာတော့လွန်ပြီ၊ မနောက်ပါနဲ့”

“အေး၊ အစ်မတွေးနေတာလဲအဲဒါပဲ၊ အစ်မလည်းဆက်သွယ်ရေးပိုင်းဆိုင်ရာအလုပ်လုပ်နေတာပါ၊ မင်းတို့ကုမ္ပဏီကို အစ်မသိဘူး၊ အစ်မ ကဝန်ကြီးဌာနပိုင်းမှာဝန်ထမ်းဆိုတော့ ပိုပြီးတော့တောင်သိရမှာ၊ ထူးဆန်းနေတယ်၊”

တစ်ချို့စကားတွေကို သူမနားမလည်ပါ။ သူမကကျွန်တော့်ထက်အသက် ကိုးနှစ်ဝန်းကျင်လောက်ကြီးတာမို့ခုခေတ်စကားတွေကိုနား မလည်တာလို့ပဲကျွန်တော်ယူဆခဲ့တာ။ ရဲရင့်အောင်သီချင်းတွေကို သူမမသိပါ။ ဇေရဲသီချင်းတွေကို သူမနားမထောင်ဖူးပါ။ ထားပါတော့။ ဒါကနားလည်လို့ရသည်။ ဒါပေမယ့် မိုင်လီဆိုင်းရပ်စ်ရဲ့ဟိုးလေးတစ်ကျော်အဖြစ်အပျက်တွေ ကိုသူမလုံးဝမသိတာ၊ PSY ရဲ့နာမည်ကျော် သီချင်း တွေကိုမသိတာတွေက နည်းနည်းလွဲနေ သလိုခံစားရသည်။ အဲဒါတွေရဲ့အဖြေကအဲဒီနေ့ပြီးလို့ နောက်တစ်နေ့ကစတင်ခဲ့တာပါ။

“နေပါဦး၊ မင်းကိုလုပ်ခိုင်းတာက ဆက်သွယ်ရေးဆိုင်ရာပြောင်းလဲမှုကို အစကနေလက်ရှိအချိန်အထိလား၊ အဲဒါဆိုရင်တော့ တော်တော် ရှာယူမှရမယ်ထင်တယ်နော်၊ ဝန်ကြီးဌာနဆိုင်ရာဖက်က မင်းလိုချင်တဲ့အချက်အလက်တွေကို ဘယ်ကနေယူမလဲ”

“အစအဆုံးတော့ ကျွန်တော်မလုပ်ပါဘူးအစ်မရယ်၊ လုပ်လည်းမလုပ်တတ်ပါဘူး၊ သုံးနှစ်စာပဲလုပ်မှာပါ၊ နောက်ဆုံးသုံးနှစ်စာလေ၊ တကယ်လို့ အစအဆုံးလုပ်ရမယ်ဆိုရင်လည်း အစ်မတစ်ယောက်လုုံးရှိတာပဲ၊ အစ်မပဲပြောတယ်လေ၊ ဆက်သွယ်ရေးဝန်ကြီးဌာနပိုင်းမှာ လုပ်တာဆို၊ ကျွန်တော့်ကိုကူညီနိုင်မယ်ထင်ပါရဲ့…ဟဲဟဲ”

“လူလည်လေး၊ မနက်ဖြန်အစ်မခွင့်ယူထားတယ်၊ အိမ်လာခဲ့၊ စာအုပ်လာယူ၊ မင်းနဲ့အွန်လိုင်းပေါ်မှာခင်နေတာလည်း နှစ်ပေါက်နေပြီ၊ တော်တော်လည်းရင်းနှီးနေပြီးဆိုတော့…..လူချင်းလည်းအပြင်မှာ တွေ့ရတာပေါ့၊ လိပ်စာက အမှတ် (…) ၊ က ၆လမ်း၊ မြို့သစ်ရပ်ကွက်၊ အင်းစိန်….မင်း လှည်းတန်းကလာမှာဆိုတော့ ကားတွေပေါမှာပါ”

“ဟာ…ဝမ်းသာလိုက်တာအစ်မရယ် မနကြ်ဖန် ကျွန်တော်အလုပ်ကအပြန် ဝင်ယူမယ်နော်၊ ခြောက်နာရီလောက်ဆိုရမလား”

“အိုကေ”

ကျွန်တော်အဆောင်ငှားနေတာ၊ သူမဘယ်မှာနေတာ စတဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအချင်းချင်းသိလေ့သိထရှိတဲ့ အချက်တွေကို အပြန်အ လှန်သိနေကြပေမယ့် သူမအလုပ်ကိုကျွန်တော်မမေးမိတာ။ သူမကလည်းကျွန်တော့်အလုပ်ကိုအဲဒီနေ့ကမှမေးတာတွေဟာ သူမနဲ့ ကျွန်တော် အလုပ်ချိန်အပြင်ဘက် ညဘက်ကျမှအွန်လိုင်းပေါ်မှာတွေ့တာကြောင့်လည်းဖြစ်နိုင်ပါသည်။ အလုပ်ချိန်ပြီးတော့ အလုပ်အ ကြောင်းကို မပြောချင်ဘဲ တစ်ခြားအကြောင်းလေးတွေကို ပြောဖြစ်ကြတာပင်။ အရာအားလုံးကို ကျွန်တော်တို့နှစ်ယောက်လုံး သတိမထားမိတာကြောင့်လည်း အချိန်အတိုင်းအတာတစ်ခုအထိ လွဲချော်နေခဲ့ကြမှန်းမသိကြတာပါ။

နောက်တစ်နေ့ အလုပ်ကအပြန် သူမပေးထားတဲ့လိပ်စာအတိုင်းရောက်လာခဲ့ပါသည်။ ရုံးဖယ်ရီမောင်းတဲ့ ကိုအောင်မိုးနဲ့ ရင်းနှီးနေတာ ကြောင့် ဖယ်ရီပေါ်မှာပါလာတဲ့လူအကုန်ပြန်ပို့ပြီး ကျွန်တော့်ကိုအဲဒီအိမ်အထိလိုက်ပို့ပေးပါသည်။ အင်းစိန်မြို့သစ်ဆိုတာက ဘုရင့်နောင် ပွဲရုံနားနဲ့နီးပြီး ပေါက်တောဝဘက်မရောက်ခင်ရပ်ကွက်ဖြစ်သည်။ ကနဲ့ ခ ဆိုပြီးရပ်ကွက်နှစ်ခုရှိတာမို့ သူမပြောတဲ့ က ရပ်ကွက်ဘက်ကို ၆လမ်းရှိရာ မေးစမ်းလာခဲ့သည်။ အိမ်နံပါတ် (…) တဲ့။ လမ်းအဆုံးနီးပါးမှာတွေ့ပြီ။

“အစ်မ မြတ်သစ်ခွတို့ အိမ်လားခင်ဗျ”

အိမ်ထဲက အန်တီကြီးတစ်ယောက်ထွက်လာသည်။

“ဘာကိစ္စရှိလို့လဲကွဲ့”

“ဟို ….ကျွန်တော်စာအုပ်ငှားထားတာ လာယူတာပါ”

အန်တီကြီးမျက်နှာမှာ အံအားသင့်ရိပ်တွေကို အထင်းသားမြင်ရသည်။ ကျွန်တော့်ကို အိမ်ထဲဝင်ဖို့ခေါ်သည်။ ကိုအောင်မိုးကတော့ ကားပြန်ကွေ့ပြီး ကားပေါ်ကပဲစောင့်မယ်တဲ့။

“မောင်ရင် အိမ်မှားတာတော့ မဟုတ်ပါဘူးနော်”

ထိုင်ခုံပေါ်နေရာချပေးကာ စကားဆိုသည်။ အန်တီကြီး၏ အမျိုးသားဖြစ်ပုံရသည့် လူတစ်ယောက်လည်းအိမ်ခန်းထဲကထွက်လာ လေသည်။ သူတို့မျက်နှာမှာ ကျွန်တော့်ကို အထူးအဆန်းသဖွယ်ကြည့်နေကြ၏။

“ဟို…ဆက်သွယ်ရေးမှာလုပ်တဲ့ အစ်မမြတ်သစ်ခွတို့ အိမ်မဟုတ်ဘူးလားခင်ဗျ”

မဟုတ်ဘဲနဲ့တော့ အိမ်တံခါးမဖွင့်ပေးလောက်ဘူးလို့ ကျွန်တော်ယူဆသည်။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ သစ်ခွဆုံးသွားတာ ဆယ်နှစ်ဝန်းကျင်လောက်တောင်ရှိပြီလေ ”

“ဗျာ”

ဒါဟာ နောက်ပြောင်ကျီဇယ်မှုတစ်ခုလို့ပဲအဲဒီအချိန်အထိ ကျွန်တော်ယူဆသည်။ ကျွန်တော်တော့ လုပ်ကြံခံလိုက်ရပြီပေါ့။ အစ်မ မြတ်သစ်ခွ ကျွန်တော့်ကို စနောက်လိုက်ပြီပေါ့လေ။

“အင်းလေ…သူကအဲလိုပါပဲ၊ စာအုပ်တွေငှားပြီးပြန်မပေးတတ်ဘူး၊ သူရှိတုန်းကဆို သူ့သူငယ်ချင်းတွေခဏခဏ ပြန်လာတောင်းနေကြ ရတာလည်းမနည်းပါဘူး တစ်ခါတစ်လေလာရင်တောင်တွေ့နေရတယ်၊ အင်း….မောင်ရင်က သူဆုံးသွားတာမသိဘူးလားကွယ်”
“ဟို….ကျွန်တော်….”

“အင်းလေ…..ဗြုန်းစားကြီးဆိုတော့ အားလုံးအံသြ စိတ်မကောင်းဖြစ်ကြရတယ်၊ ကြာတော့လည်းနေသားကျနေပါပြီ၊ ဒါပေမဲ့ မောင်ရင်က အခုမှသိတာဆိုရင်တော့ တိုင်းတပါးများရောက်နေသလားလို့….”

“ကျွန်တော်…..ကျွန်တော်ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး…”

တကယ်လည်း ဘာပြန်ပြောရမှန်းမသိတော့ပါ။ နောက်နေတာလား ပြောင်နေတာလား။ ဘယ်လိုစကားတွေနဲ့ ပြန်ပြောရပါ့မလဲ။ အစ်မ မြတ်သစ်ခွတော့ လုပ်ကြံလိုက်ပြီပေါ့။ ကျွန်တော်အနေရခက်မှန်းသိတော့ ဦးလေးကြီးက ဝင်ကယ်လိုက်လေသည်။

“ကဲပါ …မိန်းမရယ်…ကလေးကို တောင်မေးမြောက်မေး မေးမနေပါနဲ့တော့၊ သူမသိလို့ဖြစ်မှာပါ၊ လူလေး…လာ…..ဦးလေးနောက်လိုက်ခဲ့၊ သူမရှိတော့ပေမယ့် သူ့စာအုပ်စင်ကတော့ ဒီအတိုင်းထားတယ်၊ ဖတ်ချင်တဲ့သူဝင်ဖတ် နေကျဆိုပေမယ့် စာအုပ်တွေကတော့အရင်နေ ရာအတိုင်းပါပဲ၊ သန့်ရှင်းရေးပုံမှန်လုပ် စနစ်တကျထားထားပါတယ်၊ မင်းအဲဒီမှာဝင်ရှာပြီ သစ်ခွငှားထားတဲ့စာအုပ်တွေ့ရင်ယူသွားပေါ့ ”

သူတို့က ကျွန်တော့်ဆီကနေ အစ်မမြတ်သစ်ခွငှားထားတာလို့ထင်နေတာ။ ကျွန်တော်လည်းအူကြောင်ကြောင်နဲ့ပဲ…စာအုပ်စင်ရှိရာကို ရောက်လာခဲ့လေသည်။ အဲဒီမှာ…………………။