(၁)
ကျွန်တော် စတင်သတိထားမိသည်က ကလေး၏မျက်လုံးများဖြစ်သည်။ တောက်ပရွှန်းစိုနေသည့် ထို ကလေးငယ်လေး၏မျက်လုံးများသည် ကျွန်တော်နှင့်တရင်းတနှီးရှိလှ၏။ ဖျတ်ခနဲ တွေးမိရင်းမှသည် သူ့မျက်လုံးများကိုပြေးမြင်လိုက်ပါသည်။ ဒါ အစ်ကိုပိုင်ဆိုင်ထားသောမျက်လုံးများနှင့်တူနေခဲ့သည်ပင်။
အစ်ကို ဟုတွေးမိလိုက်သည်နှင့် ကလေးကိုလက်တွဲထားသူအားကြည့်လိုက်မိပြန်သည်။ ထိုအခိုက်အ တန့်တွင်ကျွန်တော့ကမ္ဘာပြိုခဲ့လေ၏။
“အစ်ကို”
သူ့ကို ခပ်တိုးတိုးလေးရေရွတ်ရင်း မျက်လုံးချင်းမဆုံမိအောင် မျက်လွှာကိုချပစ်လိုက်ကာ ပင်လယ် ဘက် ဆီကိုလျှောက်လာခဲ့လိုက်သည်။ “ကျွန်တော်ဘယ်လိုလုပ်မေ့လို့ရမလဲအစ်ကို”။ သေချာလှပါ သည်။ ကျွန်တော်မြင်ခဲ့သည်က အစ်ကိုမှ အစ်ကိုအစစ်။ သူဟုသိလိုက်သည့်တဒင်္ဂမှစတင်ကာ သူ့ကို စိုက်မကြည့်တော့။ ဘာဝတ်ထားသည်လဲ၊ မျက်နှာအနေအထားဘယ်လိုပုံစံပြောင်းလဲသွားပြီလဲ အစရှိ သည့် ပုံပန်းသဏ္ဌန်ကို ကြည့်လိုသေးသည့်ဆန္ဒရှိသော်လည်း မကြည့်ဖြစ်ခဲ့ပါ။ ကျွန်တော့ရင်ဘတ်ထဲမှ မကျက် နိုင်သေးသော ဒဏ်ရာများတဆစ်ဆစ်နာလာသည်။ လုပ်ရက်လိုက်လေခဲ့ခြင်းဟူသည့် အပြစ် တင်မှုကြား မျက်ရည်များရည်ဝဲလာပါသည်။
“ဒါက မီးမီးကြည့်ကြည့်နေတဲ့ သိုင်းကားတွေထဲမှာ သိုင်းချတဲ့သူရဲ့တကယ့်လက်ရာအစစ်ပေါ့”
ဂျက်ကီချန်း၏လက်ရာပုံစံကို ကလေးငယ်ကိုရှင်းပြနေသည်။ ထိုကလေးက အလွန်ဆုံးရှိလှ ငါးနှစ် ခြောက်နှစ်အရွယ်ပေါ့။ ဂျက်ကီချန်းကိုသိမည့်အရွယ်မဟုတ်သလို ယခုနေရာသည် တကူးတက လာကြည့် နေကြသည့် အထင်ကရနေရာတစ်ခုဟုလည်း သေသေချာချာသိမည့်အရွယ်မဟုတ်ပါ။ ဂျက်ကီချန်းသည် ကျွန်တော်တို့မျိုးဆက်အရွယ်နှင့်သာ ရင်းနှီးကျွမ်းဝင်သည့်သူမဟုတ်ပါလား။ ကျွန် တော်နှင့် အစ်ကိုတို့ရှိ နေသည့်နေရာမှာ ခြေလှမ်းအားဖြင့်ဆယ်လှမ်းခန့်ဝေးကွာမည်မို့ အစ်ကို့အသံ ကိုကြည်လင်ပြတ် သားစွာကြားရပါသည်။ ကျွန်တော် ပင်လယ်ဘက်ဆီကိုလျှောက်နေရင်းမှပင် ပီပီ ပြင်ပြင်ကြားရခြင်းပင်။
အစ်ကို့အသံကအရင်အတိုင်းပါပဲ။ လွန်ခဲ့သောရှစ်နှစ်။ ဆယ်စုနှစ်တစ်ခုနီးပါးကာလကြာသည့်တိုင် အစ် ကို့အသံက လတ်ဆတ်ကြည်လင်လို့နေလေသည်။ “အဲဒီကလေးက အစ်ကို့သမီးလေးပေါ့၊ ဟုတ်လား အစ်ကို” ဟုစိတ်ထဲကမေးပြီး ဟုတ်ကြောင်းလည်းအလိုလိုသိနေမိလေသည်။
“ဘာလို့ဟောင်ကောင်ကိုလာခဲ့တာလဲ အစ်ကိုရာ”
သက်ပြင်းတစ်ရှိုက်ဖြင့် ပင်လယ်ဆီကိုငေးလိုက်ပါသည်။ နေ့ရက်တိုင်းနေ့ရက်တိုင်းအသားမကျနိုင်သေး သည်ကို ဇွတ်တင်းရင်းနေထိုင်ခဲ့သောကာလများထဲ ဒဏ်ရာကိုထပ်လာဆွခဲ့ပြန်ပြီ။ မခေါ်ခဲ့သည့်တိုင် မ မြင်ချင်ယောင်ဆောင်ခဲ့သည့်တိုင် အစ်ကို့ပုံရိပ်များကို မြင်နေကြားနေရသည်။ နောက်လှည့်ပြီး သူရှိရာကို သွားကာ ပြေးဖက်ချင်စိတ် သူ့နှုတ်ခမ်းများကိုဇွတ်တရွတ်နမ်းချင်စိတ်များပေါ်လာသည်ကို တော့ မနည်း ဆွဲချုပ်တည်းရသည်။
စိတ်နာခြင်းက ချစ်စိတ်ကိုလုံးလုံးလျားလျားမဖျက်ဆီးနိုင်သည်မှာ ဘာကြောင့်ပါလိမ့်။ ကျွန်တော့အရှေ့ တွင်ရှိသည့် ဗစ်တိုးရီယားဆိပ်ကမ်း (Victoria Harbour) တစ်လျှောက်ကိုငေးမောကြည့်လိုက်မိ ပါသည်။ တောင်တန်းပြာပြာတစ်ချို့ မိုးမျှော်အဆောက်အဦပတ်ပတ်လည်နှင့် ရေပြင်ကျယ်ကြီးက ပနံရလို့နေ လေသည်။ ပင်လယ်ရေပြင်ကျယ်ပေါ်တွင် ဟိုတစ်စုသည်တစ်စုဖြစ်နေသည့် ကျွန်းများပေါ်၌ တည်ဆောက်ထားသော ဟောင်ကောင်နိုင်ငံကြီးကနေ နှစ်အတော်ကြာသည့်တိုင် မပြန်နိုင်သေးသည့် ကျွန်တော့အဖြစ်က အကြောင်းပြချက်တစ်ခုကြောင့်သာဖြစ်လေသည်။
“ကျွန်တော် ပစုပ္ပန်မှာ အသားကျချင်နေပြီအစ်ကို”
ကမ်းဘေးတစ်လျှောက် လူသွားလူလာများနေရက်သားနှင့် Hand Print ထားရှိရာနေရာများတွင်လူ ဟိုတစ်စု ဒီတစ်စုရှိနေရက်သားနှင့် ဘာကြောင့်များ အစ်ကို့ကိုမြင်ခဲ့ရတာပါလိမ့်။ ပင်လယ်ထဲမှထိုးထိုး ထောင်ထောင်ထွက်လာသည့်နှယ်ဖြစ်နေသည့်တိုက်များကြားတွင် အစ်ကို့မျက်နှာပေါ်လာပါသည်။ ပင် လယ်ပြာပြာမျက်နှာပြင်ပေါ်တွင်ထနေသည့် လှိုင်းကြက်ခွက်သေးသေးလေးများသည် အစ်ကို့မျက်နှာပုံ စံ အစီအရီဖြစ်သွားသည်။ ကျွန်တော်ရောက်ရှိနေသည့် Avenue of Stars ဟောင်ကောင်နားတစ်ဝိုက် သည် အစ်ကို့ပုံရိပ်များထင်ဟပ်သွားပါသည်။ နှေးကွေးသောခြေလှမ်းများနှင့် ပင်လယ်ဖက်ဆီကို လျှောက်သွားလိုက်ပြီး လေးငါးလှမ်းခန့်အရောက်တွင်တော့ အစ်ကို ကျွန်တော့ကိုမြင်သွားခဲ့ပါသည်။
“ဆန်းနေရောင်”
အရင်တုန်းကဆိုပါလျှင် အစ်ကို ကျွန်တော့နာမည်ကို စိတ်တိုသည့်အခိုက်အတန့်မျိုး ကျွန်တော့အပြု အမူများကိုဘဝင်မကျသည့်ကာလမျိုးများတွင်သာခေါ်တတ်ပါသည်။ ကျွန်တော်နောက်ပြန်လှည့်ကြည့် သင့်ပါသလား။ ခြေလှမ်းတော့ တုန့်ခနဲရပ်သွားမိသော်လည်း အသိစိတ်ကတော့ ဆက်လျှောက်ဖို့သာ တွန်းအားပေးနေလေသည်။
“ညီ”
အစ်ကို၏ ဒုတိယမြောက်ခေါ်သံကိုတော့ ဘယ်အရာကမျှမရပ်တန့်နိုင်တော့ပါ။ ကျွန်တော် လှည့်ကြည့် ရပြီဖြစ်သည်။ အရင်ကလိုပါပဲ နူးညံ့ညင်သာလွန်းလှပါသည်။ ဘောင်းဘီနှစ်ဖက်ထဲလက်နှိုက်လျှက် အစ်ကို ရှိရာဆီကိုလှည့်ကြည့်လိုက်ပါသည်။ ကလေးလေးကိုလက်ချင်းချိတ်ထားပြီး ကျွန်တော့ကို လှိုက် လှိုက်လှဲလှဲပြုံးပြနေသည့် အစ်ကို့ကိုတွေ့လိုက်ရပါသည်။ အစ်ကို့အပြုံးများက အသက်ဝင် ညင်သာလွန်း လှ၏။ ကျွန်တော့ကို အကြိမ်ကြိမ်သတ်ခဲ့သည်အပြုံးများ၊ ကျွန်တော်အကြိမ်ကြိမ်လဲကျ ပြိုလဲခဲ့ရသည့် အစ်ကိုအပြုံးများပင်။
“ဆန်းနေရောင်…ညီ ….ညီ ဟုတ်ပါတယ်နော်”
ကျွန်တော်ခေါင်းညိတ်ပြုံးပြရင်း အစ်ကို့ကိုသေသေချာချာစိုက်ကြည့်လိုက်မိပါသည်။ စောစောကတွေး ထားခဲ့သည့် လျစ်လျူရှုမှုသည် ခဏအတွင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့၏။
“နေနိုင်လိုက်တာ ညီ”
သူ၏ အပြစ်တင်စကားကို ကျွန်တော်ပြန်ချေပဖို့စကားလုံးရှာမတွေ့ပါ။ ရက်ရက်စက်စက်လုပ်ခဲ့ပြီးမှ ကျွန်တော့ဘဝတစ်ခုလုံးစုတ်ပြတ်သတ်သွားစေခဲ့ပြီးမှ နေနိုင်လိုက်တာ ဆိုသည့်အပြစ်တင်သံကိုပြော ထွက်ရက်ခဲ့လေခြင်း။ အိမ်ထောင်ရက်သားနှင့် သာယာနေသည့်လူတစ်ယောက်ကို ကပ်ပါးကောင်လို တွယ်ကပ်နေဖို့လောက်အထိ ကျွန်တော်အောက်တန်းမကျသေးပါဘူးအစ်ကို။
“လာလည်တာလား”
လွန်ခဲ့သော ရှစ်နှစ်က သူ့မျက်နှာစူပုပ်ပုပ်သည် ယခုအချိန်တွင်ရွှင်လန်းတက်ကြွနေသယောင်ခံစားလိုက် ရသည်။ သာယာပျော်ရွှင်သောအိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပုံပင်။
“ဆိုပါတော့”
သမီးလေးကိုတစ်ချက်ကြည့်လိုက်ပါသည်။ အစ်ကို့လက်ကိုတင်းတင်းတွဲထားကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို လိုက်လံစူးစမ်းနေလေ၏။ ကလေးမြင်လျှင် ကောက်ချီချင်သည့်စိတ်ကို မနည်းထိမ်းထားရ သည်။ ဒါအစ်ကို့သမီးလေးပေါ့။
“သမီးရေ….ဦးကိုနှုတ်ဆက်လိုက်ပါဦး”
အစ်ကိုက ကလေးနှင့်မိတ်ဆက်ပေးဖို့စကားစသည်။
“မီးမီးနာမည်ဘယ်လိုခေါ်တုန်း”
ကျွန်တော် ကလေးရှေ့ဒူးထောက်ထိုင်ချလိုက်ပါသည်။
“သရဖီမင်းထင်”
“အော”
ဝေယံမင်းထင်၏ သမီး သရဖီမင်းထင်ပေါ့လေ။ စိတ်ထဲနင့်သွားကာ မတ်တပ်ထရပ်လိုက်သည်။ အစ်ကို နှင့်ပတ်သက်သည့် အစ်ကို့ ကိုယ်ပွားလေးကို ကျွန်တော်ဘယ်လိုဆက်ဆံပြောဆိုသင့်ပါသလဲ။
“အစ်ကိုတို့ဘယ်တော့ပြန်မှာလဲ”
“ဘယ်မှတောင်မရောက်သေးဘူးပြန်စေချင်ပြီလား ညီ”
ကျွန်တော်တစ်ချက်ရယ်လိုက်မိသည်။ မပြန်စေချင်လို့တစ်သက်လုံးအတူတူနေမယ်ဆိုရင်ကော လာနေ မှာမို့လို့လားဟုသာစနောက်လိုက်ချင်မိပါသည်။ သို့သော်လည်း အရင်က ဆန်းနေရောင် မဟုတ်တော့ သည့်ပုံစံမျိုးနှင့်နေရတော့မည်လေ။ အစ်ကို့ကို ကျွန်တော်မပိုင်တော့ဘူး မဆိုင်တော့ဘူးပဲ။
ထိုသို့တွေးရင်းမှ မျက်ရည်ရစ်ဝဲလာလေသည်။ တန်ဖိုးထားလွန်းခဲ့သော မြတ်နိုးလွန်းခဲ့သော အစ်ကို့ကို ကျွန်တော် နေ့စဉ်ရက်ဆက်သတိရနေခဲ့သည်မဟုတ်လား။
“မဟုတ်ပါဘူး”
“စတာပါ တစ်ပတ်လောက်တော့အနည်းဆုံးကြာဦးမယ်၊ မနေ့ကမှရောက်တာလေ ညီရ”
“အော်”
သူ့ကို ပြောရန်စကားလုံးများရှာဖွေနေစဉ်တွင်ပဲ သက်ကိုနှင့်အောင်ခန့်တို့ရောက်လာလေသည်။ တော် တော်ဆိုးသည့်နှစ်ကောင်။ သူတို့ကြောင့် ကျွန်တော် Avenue of Stars ကိုရောက်လာဖြစ်ခြင်းပင်။ အတူ နေသည့် အလုပ်တူသူငယ်ချင်းသက်ကိုက သူ့ရည်းစားအောင်ခန့်ရောက်လာခိုက်တွင် ဟိုပို့ သည် ပို့လုပ်ရင်းမှ ဒီနေရာကိုရောက်လာခဲ့ရခြင်းပင်။ ဟောင်ကောင်မှာက သူတို့ကိုသိသည့်သူမရှိသည်မို့ လွတ်လွတ် လပ်လပ်ကဲနေကြသည်။ လမ်းလျှောက်လျှင်ပင် လက်ချင်းတွဲ ပခုံးချင်းတင်းတင်းဖက်ပြီး သွားကြသည့် ကျွန်တော်အင်မတန်အားကျရသည့်စုံတွဲ။
“ဟော အမျိုးတွေ တွေ့နေကြတယ်”
သက်ကိုက ကျွန်တော်တို့အဖြစ်ကိုမြင်သွားကာလှမ်းနောက်သည်။ သို့သော်လည်း သူ့ရင်ထဲမှာ ကျွန်တော့ အတွက် ပြောစရာတစ်ခုခုရှိနေပါလိမ့်မည်။ လုပ်ဖော်ကိုင်ဘက်ဆိုသော်လည်း အရင်းနှီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်လည်းဖြစ် ဟောင်ကောင်မှာအတူနေအခန်းဖော်လည်းဖြစ်သည်။ ထိုမျှသာမက သေး။ ကျွန်တော်နှင့် အစ်ကို့အကြောင်းကိုလည်းခရေစေ့တွင်းကျသိရှိထားသူဖြစ်လေသည်။ ကုမ္ပဏီ တစ်ခုတည်းတွင် ဆယ်စုနှစ်ကျော်အထိ အတူတူလုပ်ကိုင်လာခဲ့ကြသည်မို့ သံယောဇဉ်ကလည်း ညီအစ် ကိုနှင့်မခြား တွယ်မိခဲ့ပြီးသားပင်။
“အော် အေးရောက်လာကြပြီလား ပြန်မယ်လေ”
အစ်ကို့ကို ပြောစရာစကားမရှိဘူးဟု ဇွတ်တင်းသတ်မှတ်လိုက်သည်။ ရှစ်နှစ်ကြာအထိစုဆောင်းသိမ်း ဆည်းထားသော ရင်ဘတ်ထဲကစကားလုံးများအားလုံးကို ရှိရင်းစွဲအတိုင်းပင်မျိုချထားပစ်လိုက်သည်။ ထို့နောက် နှုတ်ဆက်စကားဆိုလိုက်သည်။
“ကျွန်တော် ပြန်တော့မယ်အစ်ကို”
သူ၏ မျက်နှာပေါ်တွင် အံအားသင့်ခြင်းကို ကျွန်တော်မြင်လိုက်ရပါသည်။ စကားလည်းကောင်းကောင်း မပြော၊ လွမ်းဆွတ်တမ်းတခြင်းလည်းမရှိ၊ သူစိမ်းဆန်ဆန်ပြောဆိုဆက်ဆံနေသည့် ကျွန်တော့ ကို သူဘာများတုန့်ပြန်မည်လဲ။
“ဟာ အစ်ကို့ကို ထမင်းစားဖိတ်တာတို့ တစ်နေရာရာကိုလိုက်ပို့မယ်တို့ မလုပ်တော့ဘူးလားညီ”
သူ့စကားကြောင့် သက်ကိုနှင့်အောင်ခန့်ပါတစ်ယောက်ကိုတစ်ယောက်မေးထိုးမျက်စပစ်ကုန်သည်။
“ကျွန်တော့ဖုန်းပေးခဲ့မယ်လေ၊ မနက်ဖြန် စနေဆိုတော့ အလုပ်ပိတ်ပါတယ်”
“ရုံးဆင်းရင်လည်း ညနေပိုင်းတွေ တွေ့လို့ရတာပဲလေ နေရောင်ရ၊ မင်းကလည်း ပျင်းလိုက်တာ ဧည့် သည်ကို ဟိုဟိုဒီဒီလိုက်ပို့လိုက်ပါဦးဟ”
သက်ကိုဝင်ပြောတော့ သူ၏အားကိုးအကြည့်ကိုလှမ်းမြင်လိုက်ရသည်။
ကျွန်တော်တို့ကြားထဲမှာ လိုက်ပို့တာမျိုး လာကြိုတာမျိုးက ကျွန်တော့အတွက် သံယောဇဉ်ထပ်တိုး၊ အနာဟောင်းပြန်ဆွခံရတာမျိုးတွေကလွဲရင် ဘာမှအကျိုးရလာဒ်ရှိမှာမဟုတ်ကြောင်း အစ်ကိုမသိချင် ယောင်ဆောင်နေခဲ့သည်လား။ ရှစ်နှစ်တာ နှိပ်စက်ရုံနှင့်အားမရသေး၍ ထပ်ပြီးဒဏ်ရာပေးချင်ခဲ့သည် များလား။
တကယ်ဆိုလျှင် စတုရန်းမိုင် ၄၀၇ သာကျယ်ဝန်းပြီး လူဦးရေ ၇ သန်းကျော်နေထိုင်သည့်ဟောင်ကောင် တွင် အစ်ကိုနှင့် ကျွန်တော် တို့ပြန်လည်မဆုံတွေ့ခဲ့သင့်ပါ။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးဒေသ တစ်ခုဖြစ်သည့်နေရာတွင် လူနှစ်ယောက်ပြန်လည်ဆုံစည်းဖို့အကြောင်းပြချက်က ကံကြမ္မာလှည့်ကွက် တစ်ခုဟုသာဆိုရပေမည်လားမသိတော့ပါ၊၊
သူ့ဆီမှ ဖုန်းကိုယူကာ ကျွန်တော့ဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်ပါသည်။
“မီးမီးရေ မနက်ဖြန်တွေ့မယ်နော် ဦးဦးပြန်တော့မယ်”
မနက်ဖြန်ဟုအတပ်ပြောလိုက်မိသည်။
ကျွန်တော် မနက်ဖြန်ကို အစ်ကို့မိသားစုနှင့်သေသေချာချာတွေ့ရတော့မည်။ ရှောင်လွှဲလို့မရသည့် အခိုက်အတန့်ရောက်လာခဲ့ပြီလေ။
ဟန်မဆောင်တတ်သည့် ကျွန်တော် အခုတစ်ကြိမ်တွင်လည်း မျက်နှာညှိုးနွမ်းနေပါလိမ့်မည်။ သူက တော့ ကျွန်တော့မျက်နှာကိုဖတ်တတ်လောက်ပြီ။ လေးနှစ်ကြာချစ်ခဲ့သည့် သံယောဇဉ်ကနည်းမှမနည်း ဘဲ။ လေးနှစ်ဆိုသော်လည်း ကျွန်တော်တို့၏ချစ်ခြင်းက ပုံမှန်ချစ်သူစုံတွဲသက်တမ်း လေးနှစ်ထက် ၅ ဆ လောက်ချစ်ပြခဲ့သည်လေ။
မျက်ခုံးပါးပါး မျက်ပေါက်အနည်းငယ်ကျဉ်းကာ မျက်နှာစူပုပ်ပုပ်ဖြစ်နေတတ်သည့် အစ်ကို့နာမည် ပြောင်က ထော်ကြီးဖြစ်သည်။ သူငယ်ချင်းများက ကိုထော်ကြီးဟု အစ်ကို့ကိုစနောက်တတ်ကြပြီး အစ် ကိုက သူ့ထုံးစံအတိုင်းစိတ်ဆိုးစိတ်ကောက်တတ်သည်။ တစ်ခုခုကိုစိတ်မရှည်လျှင် ဆောင့်ကြီးအောင့် ကြီးဖြင့် ကလေးတစ်ယောက်ကဲ့သို့ စိတ်ဆိုးတတ်သည်။ သူစိတ်ဆိုးတိုင်းလိုက်လံချော့မော့တတ်သူမှာ သူ့ရည်းစားကျွန်တော်ပဲဖြစ်ခဲ့ပါသည်။ အစ်ကိုက သူကြည်ဖြူလျှင် ကျွန်တော့မျက်ခုံးထူထူများကို သူ့ လက်များဖြင့်ဆော့ကစားတတ်သလို ကျွန်တော့ဆံပင်အုံထူထူများကိုလည်း မနာအောင်ဆောင့်ဆွဲပြီး ကစားတတ်ခဲ့ပါသည်။
“ဟောလိဝုဒ် Walk of Fame လိုပဲပေါ့၊ ဟောင်ကောင်ရဲ့နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့လက်ရာကို ယူပြီးဆောက်ထားတာဆိုတော့ ခရီးသွားတွေအကြိုက်လျှောက်ကြည့်လို့ရတာပေါ့၊ ဒါရိုက်တာတွေ အော်ပရာစတားတွေ ဇာတ်ညွှန်းရေးဆရာတွေလည်းပါတယ်၊ စုစုပေါင်း ဆယ်လီ ၁၀၀ ကျော်မယ်၊ ကိုယ်တွေသိတဲ့သူက ဘယ်သူရှိမလဲ”
“ဘရုစလီ၊ ဂျက်ကီချန်း၊ ဟောင်ကောင်ဂျက်မ”
“အေး တော်ပြီလား အဲလောက်သိတာ”
“မင်းပဲ သိနေလိုက်”
Avenue of Star အကြောင်းကို သက်ကိုက သူ့ရည်းစားအောင်ခန့်ကို သေချာရှင်းပြနေလေသည်။ ကျွန် တော်ကတော့ သူတို့နှစ်ယောက်နောက်ကနေဖြည်းဖြည်းချင်းလျှောက်ရင်း အစ်ကို့အကြောင်းတွေးနေ မိခဲ့သည်။ ပင်လယ်မှတိုက်ခတ်လာသည် လေပြေနုက ခန္ဓာကိုယ်ကိုအေးခနဲဖြစ်သွားစေခဲ့သော်လည်း ရင်ဘတ်ထဲကပူလောင်မှု စိတ်လှုပ်ရှားမှုကိုတော့ မပြေပျောက်စေနိုင်ပါ။
“ဒီလမ်းတွေက ပြန်ပြင်ထားတာ၊ အသစ်ပြန်ဆောက်ထားတာတွေချည်းပဲ၊ Avenue of Stars ကိုတည် ဆောက်ဖို့ ဟောင်ကောင်ဒေါ်လာ သန်း ၄၀ အသုံးပြုမယ်လို့ကြေညာခဲ့တာ ၂၀၀၄ ခုနှစ်ကလေ၊ အခု ငါ တို့မြင်နေရတာက ၂၀၁၅ ခုနှစ်မှာပြန်ပြင်ဆောက်ဖို့ကြေညာပြီးနောက်ပိုင်းလက်ရာပေါ့”
ဘယ်အချိန်ဘယ်လိုပဲပြင်ပြင် ဒီနေရာ ဒီပတ်ဝန်းကျင်ပဲလေ။ အစ်ကိုနဲ့အတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေ အစ်ကိုနဲ့သာယာခဲ့တဲ့အခိုက်အတန့်တွေ Avenue of Stars မှာလည်းရှိတာပဲ။ ဟောင်ကောင်ဟာ အစ် ကိုနဲ့ ညီ လာခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံခြားလေ။ ဟောင်ကောင်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့အ တိတ်တွေအများကြီးရှိခဲ့တယ်။ ချစ်ခြင်းတရားတွေ ရေတွက်မကုန်နိုင်အောင်ရှိခဲ့တယ်။ ထိုသို့တွေး လိုက်တိုင်း ကြည်နူးစရာအခိုက်အတန့်များပေါ်ပေါ်လာခဲ့သည်မှာ ကျွန်တော် ဟောင်ကောင်ကိုလာခဲ့ ခြင်း၏ အဓိကအချက်တစ်ခုဖြစ်သည်။
“မင်းသားမင်းသမီးတွေရဲ့လက်အရာတွေကိုအခုလို အများပြည်သူရှေ့ပြထားတာ တော်တော်ကြာပြီ ဆိုတော့ ကြာရှည်ခံအောင်ဘယ်လိုလုပ်ထားလဲမသိဘူးနော်။ ရွှံတွေနဲ့ယူထားတာဆိုရင်တော့ မိုးရွာရင် အရည်ပျော်ကျကုန်တော့မှာပဲ”
“မင်းဦးနှောက်သေးသေးလေးနဲ့တွေးပြန်ပြီ”
“ကလေးလိုတွေးကြည့်တာ လျှာမရှည်နဲ့”
အိမ်ပြန်မည့်ရထားဘူတာဆီကိုလျှောက်ရင်း သူတို့နှစ်ယောက်၏ ကတောက်ကဆများကိုတစ်ချက် တစ်ချက်ကြားကာပြုံးမိသည်။ သူတို့ချစ်သူသက်တမ်းက ဆယ်စုနှစ်တစ်ခုကျော်ရှိသည့်တိုင်အောင် အမြဲနုပျိုလတ်ဆတ်နေတာပါပဲ။ အစ်ကိုနှင့်ကျွန်တော်တို့နောက်မှ ချစ်သူဖြစ်သည့်သူတို့နှစ်ယောက်က သက်တမ်းရှည်ကြာ ချစ်ခင်မှုကိုထိန်းထားနိုင်တာ အံအားသင့်စရာကောင်းလှပါသည်။ သို့သော်လည်း အတူနေပါက တစ်စက်ကလေးမှတည့်ကြသည်တော့မဟုတ်။
“အစ်ကို့ကို ကျွန်တော်တွေ့ချင်ပါသေးတယ်ဗျာ”
အစ်ကို ကျွန်တော့်ဆီကိုဘယ်တော့ဖုန်းဆက်လိမ့်မည်လဲ။ မနက်ဖြန်တွေ့ရမည့်အချိန်ကိုရင်ခုန်နေမိလေ သည်။ ကျွန်တော်တို့ပြန်လည်ဆုံတွေ့ခြင်းက ကြည်နူးပျော်ရွှင်စရာအခိုက်အတန့်မဟုတ်ရင်တောင် ဝမ်း နည်းကြေကွဲစရာတော့မဖြစ်ချင်ပါဘူးအစ်ကို။
>>>>>