(၂၀)
“အစ်ကို့ကိုသာမတွေ့ခဲ့ရင်ဆိုတဲ့ဇောနဲ့ လိုက်ရှာတာ ပြန်စဉ်းစားကြည့်မှ ကျွန်တော်သွားတဲ့နှုန်းကမနည်း ဘူး၊ ဟိုဖက်လမ်းဒီဖက်လမ်း နှံ့နေတာပဲ၊ တစ်ကိုယ်လုံးချွေးဒီးဒီးကိုကျလို့”
အရေးအကြောင်းကိစ္စကြုံလာတိုင်း ရင်ဆိုင်ဖြေရှင်းရသည့်အခိုက် ကမ္ဘာ့အခက်ခဲဆုံးပမာဖြစ်နေခဲ့သော် လည်း ထိုကိစ္စများပြီးဆုံးသွားသည့်အခါတွင်တော့ ပြောစမှတ်တွင်စရာ ရယ်စရာ အမှတ်ရစရာများဖြစ် လာခဲ့သည်။ Fashion Walk ကိစ္စက ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ဘယ်သောအခါမျှမေ့တော့ မည့်ကိစ္စမဟုတ်တော့ပါ။ အစ်ကို ကျွန်တော့ကိုချစ်သလို ကျွန်တော်အစ်ကို့ကိုချစ်ကြောင်းလည်းအများ ရှေ့သက်သေထူနိုင်ခဲ့သည်။ လူအများ၏လက်ခုပ်သံသည် ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခြင်းတရားကို အသိအမှတ်ပြု ဩဘာပေးခြင်းများဖြစ်ခဲ့၏။
ကိုယ်နှင့်လူမျိုးမတူ၊ ဘာသာမတူ (တူချင်လည်းတူပါလိမ့်မည်)၊ ယဉ်ကျေးမှု ဓလေ့စရိုက်လည်းကွဲပြား ခြားနားသူအများကြီးရှေ့တွင် ကျွန်တော်တို့နှစ်ယောက်၏ချစ်ခြင်းသည်ပြောစမှတ်တွင်စရာ၊ သတိရစ ရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်မည်ဧကန်ပင်။
“အေး ပြန်တွေ့တော့ အဲဒီတစ်ကိုယ်လုံးစိုရွှဲတဲ့ခန္ဓာကိုယ်ကြီးနဲ့ ကိုယ့်ကိုမလွှတ်တမ်းဖက်ထားတာလေ”
“စိတ်ပူသွားတာကိုးဗျ”
ပြန်ရမည့်ရက်လည်းနီးလာပြီမို့ ကျွန်တော်တို့နေထိုင်သည့်နေရာနှင့်ခပ်ဝေးဝေးနေရာများကိုလျှောက် သွားလျှောက်စားရန်ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် ဘုရားဖူးရန်ရောက်လာခဲ့ကြတော့၏။ Big Buddha ဟုခေါ်ဆိုကြသည့် Tian Tan Buddha ရှိရာဆီသို့ပင်။ ဟောင်ကောင်က ကျွန်းနိုင်ငံဖြစ်သည် ကတစ်ကြောင်း၊ ကျဉ်းသည်ကတစ်ကြောင်း၊ သွားလာရလွယ်ကူသည်ကတစ်ကြောင်းဖြင့် ကိုယ်သွားလို ရာနေရာများကို အလွယ်တကူရောက်နိုင်ပါသည်။ ကမ်းခြေသွားရန်အတွက် အကြာကြီးကားစီးစရာမလို၊ တောင်တန်းများဆီသွားရန်အတွက် လေယဉ်စီးစရာမလိုပါ။ ကျွန်တော်ငယ်စဉ်က မိုးပျံရထားဟုခေါ်ဆို ခဲ့သည့် MTR စီးရုံဖြင့် တစ်နိုင်ငံလုံးကိုနှံ့နှံ့စပ်စပ်သွားနိုင်သည်။ သူတို့နိုင်ငံ၏ လမ်းပမ်းဆက်သွယ်ရေးစ နစ်ကလည်း နေရာစုံကိုသွားလာ၍အဆင်ပြေစေရန်ဆောင်ရွက်ထားလေသည်။
Big Buddha သည် ဟောင်ကောင်တွင် ကျွန်တော်သဘောအကျဆုံးနေရာဖြစ်သည့် လန်တုကျွန်း (Lantau Island) ပေါ်တွင်တည်ရှိပါသည်။ ၃၄ မီတာ (၁၁၂ ပေ) အမြင့်ရှိသည့် ဘုရားဆင်းထုတော်ကြီး က ကျွန်းပေါ်ရောက်သည်နှင့်သိသာထင်ရှားစွာ သပ္ပယ်နေလေသည်။ လန်တုကျွန်းသည် ဟောင်ကောင် တွင် အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး ပုလဲမြစ် (Pearl River) နှုတ်ခမ်းပေါ်တွင်တည်ရှိလေသည်။ ကျွန်း တစ်ဝိုက်ကို မြစ်ကကွေ့ကောက်စီးဆင်းနေသည်မှာ ရေများကသစ်တောအုပ်ကိုပွေ့ဖက်ထားသကဲ့သို့ ရှိ နေလေသည်။ ကျွန်တော်တို့နေနေသည့် Central ဟောင်ကောင်ကဲ့သို့ တိုက်အမြင့်ကြီးများ မိုးမျှော်အ ဆောက်အဦများကို ကျွန်းပေါ်တွင်တွေ့ရနည်းပြီး ကျေးလက်ဒေသဆန်ဆန်တောင်ဖြစ်လို့နေလေသည်။
Big Buddha ကိုလာရာလမ်းတစ်လျှောက် နှစ်ယောက်သားစကားပြော စမြုံပြန်နေကြခြင်းပင်။
“လူတွေအများကြီးရှေ့မှာ ချွေးတွေသံတွေနဲ့ဖက်ကြတာ အီး…ရွံစရာကြီး”
“ဟာ ဘယ်သူကမှ အဲလောက်ကြီးသတိမထားမိပါဘူးဗျာ၊ ရိုနေကြတဲ့ပုံကိုပဲ လူတွေက ချစ်ကြတာ၊ ဟဲ ဟဲ စဉ်းစားကြည့်ရင် ခုထိရင်ခုန်နေတုန်း၊ အစ်ကိုကော ဘယ်လိုခံစားရလဲ မရှက်ဘူးလား အဲနေ့က”
“မရှက်ပါဘူး၊ ကိုယ့်ချစ်သူဖက်တာပဲကို”
“အမယ်၊ တယ်ဟုတ်ပါလား၊ တကယ်နော်”
“တကယ်မို့လို့ အဖက်ခံတာလေ ဘာလဲ ထပ်ဖက်မလို့လား အေး လာလေ လာ”
“ဖက်တယ်ဗျာ”
ဟောင်ကောင်တွင် ဆန်းနေရောင်တစ်ယောက်အရှက်မဲ့ခဲ့လေပြီ။ မည်သူ့ကိုမျှဂရုမစိုက်နိုင်တော့ သလို ကျွန်တော်ပြသမျှ အစ်ကိုကနုနေလေသည်။
“ရန်ကုန်မှာရော အခုလိုဖက်ထားလိုက် လမ်းလျှောက်လိုက်လုပ်လို့ရလား”
“အေး ကိုယ့်ကိုအသေသတ်လိုက်လေ သိလား”
“ပြောတော့ ချစ်တယ်ဆို”
“ဆန်းနေရောင် ငါထထုမိတော့မယ်”
“အထုခံချင်နေတာ”
“ဟာ”
ဘေးနားကဖြတ်သွားသည့်ခရီးသွားအချို့ကတော့ ကျွန်တော်တို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြ သည်။ ဂရုမစိုက်နိုင်ပါ။ ပျော်ရွှင်ရသောအခိုက်အတန့်များ၌ အခြားသောအရာများကိုအာရုံလွှဲဂရုစိုက်ရန် အချိန်မပေးလိုပါ။ ရွှေရောင်နေ့ရက်များသည် ဘဝတွင်နောက်ထပ်ရနိုင်သောလည်း လက်ရှိရနေသော အရာများသည်ပင် နှစ်ခါပြန်၍မတည်ဆောက်နိုင်သည်မို့ တန်ဖိုးထားရပါသည်။
“အစ်ကို”
“အင်း”
“ကျွန်တော် ဒီကျွန်းကိုအရမ်းသဘောကျတယ်ဗျာ”
“ဘာလို့”
“တိုက်တွေအများကြီးမရှိဘူး၊ လေတွေအရမ်းတိုက်တယ်၊ မြစ်ကမ်းဘေးတစ်လျှောက်စက်ဘီးစီးလို့ရ တယ်၊ လမ်းလျှောက်လို့ရတယ်၊ အမယ် ကျွန်တော်ကြည့်ခဲ့တယ်နော်၊ ကမ်းခြေမှာရေကူးလို့လည်းရသေး တယ်ဗျာ၊ ပြီးတော့ ဒီကျွန်းကအိမ်လေးတွေက ချစ်စရာကောင်းတယ်၊ မသိရင် ရှမ်းရွာကအိမ်ကလေးတွေ လိုပဲ”
Big Buddha ကို ရထားစီးလာကြပြီး တောင်ချောင် (Tung Chaung ) ဘူတာတွင်ဆင်းခဲ့ကြသည်။ ထို့ နောက် ထွက်ပေါက် B မှ ထွက်ကာ ကေဘယ်လ်စီးကြရသည်။ ရိုးရိုးကေဘယ်လ်က ဟောင်ကောင်ဒေါ် လာ ၁၈၅ ဖြစ်ပြီး မှန်အကြည်ကြမ်းခင်း Glass Cable က ဟောင်ကောင်ဒေါ်လာ ၂၅၅ ဖြစ်လေသည်။ ကျွန်တော်က အမြင့်ကြောက်တတ်သည်မို့ အောက်ကိုထွင်းဖောက်မမြင်ရသည့် ၁၈၅ ဒေါ်လာတန်ကိုပဲ ရွေးခဲ့ကြ၏။ ကေဘယ်လ်စီးလာသည့်တစ်လျှောက် တောင်တန်းအထပ်ထပ်၊ သစ်တောအုပ်အသွယ် သွယ်နှင့် ပင်လယ်တောက်လျှောက်ကိုမြင်ရပါသည်။ ဟောင်ကောင်လေဆိပ်ကိုလည်းရှင်းရှင်းလင်းလင်း တွေ့ရ၏။ ၂၅ မိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင်တော့ ဘုရားရင်ပြင်တော်ဟုဆိုရမည့် တောင်ခြေနေ ရာကိုရောက်လေသည်။
“အင်း”
တောင်ခြေပတ်ပတ်လည်တစ်ဝိုက်တွင်လည်း စိမ်းလန်းနေသည့်သစ်တောအုပ်ကိုအေးချမ်းဖွယ်တွေ့ရ လေသည်။ လန်တုကျွန်း၏ ဟောင်ကောင်အငွေ့အသက်မှာ မြို့ပြဟောင်ကောင်အငွေ့အသက်နှင့်ကွာ ခြားလှသည်။ နေ့လည်ခင်းအချိန်ဆိုသော်လည်း မြူများပတ်လည်ရစ်ဆိုင်းနေ၏။ တောင်ခြေလူသွား လမ်းသည် ကွန်ဂရစ်အလှဆင်ကျောက်များခင်းထားသည်မို့ ဖြောင့်ဖြူးလို့နေလေသည်။ လမ်းတစ် လျှောက်လုံးကို ပန်းအိုးကြီးများ၊ မြေစိုက်အလှသစ်ပင်များ၊ မြက်ခင်းများဖြင့်အလှဆင်ထားသည်မို့ ဉ ယျာဉ်တစ်နေရာထဲလမ်းလျှောက်နေသလိုခံစားရပါသည်။ သို့သော်လည်း အရှေ့တူရူကိုဝေးဝေးလံလံ ကြည့်၍မရ။ မြူများကပိန်းပိတ်အောင်မှောင်နေလေသည်။ စကားတစ်ပြောပြောဖြစ်လမ်းလျှောက်လိုက်၊ ဓါတ်ပုံရိုက်ပေးရန်အကူအညီတောင်းသူများကို ရိုက်ပေးလိုက်ဖြင့် သာယာသောအခိုက်အတန့်ပင်။
“အစ်ကိုရော သဘောမကျဘူးလား၊ အစ်ကိုတို့ကချင်လိုပဲ အေးတယ်လေ”
“သဘောကျပါတယ်၊ ဒါပေမဲ့ ကချင်နဲ့တော့ မတူဘူး”
“ဘာလို့လဲ”
“ဒီနေရာကပိုအေးချမ်းတယ်၊ စစ်မရှိဘူး”
“သဲကြီးကတော့ ပြောတော့မယ်”
ကျွန်တော်တို့ရောက်ရှိသည့်နေရာမှာ ထင်သည့်အတိုင်းပင် ရွာငယ်လေးတစ်ရွာဖြစ်ကြောင်းမြေပုံကြည့် မှ သိရသည်။ နွန်ပင်းကျေးရွာ (Nong Ping Village) ဟုခေါ်ဆိုပြီး ကေဘယ်လ်ကားကိုလည်း နွန်ပင်း ကေဘယ်လ်ကားဟု သူတို့ကခေါ်ဆိုကြလေသည်။ ဘုရားတောင်ခြေ၏ ဟိုမှာဖက်တွင် လက်ဖက်စိုက် ခင်းနှင့် ဘုန်းကြီးကျောင်းရှိသည်ဟုဆိုကြသော်လည်းမသွားခဲ့ကြတော့။ ဘုရားဖူးရန် လှေကားထစ်များ ကိုသာတက်ခဲ့ကြတော့သည်။
“အား အေးချမ်းလိုက်တာအစ်ကိုရာ၊ အခုလိုမျိုးပဲ လူတွေအချင်းချင်းအေးချမ်းစွာနေထိုင်ကြရင်၊ ကမ္ဘာ ကြီးက ကပ်ရောဂါဆိုးတွေမရှိရင်၊ အချင်းချင်းချစ်ခြင်းနဲ့အေးချမ်းမှုတွေပဲတည်ဆောက်နိုင်ကြရင်သိပ် ကောင်းမှာပဲနော်”
“ဆန်းနေရောင် အရမ်းတွေကဗျာဆန်နေပြီ”
“မသိဘူး၊ အရမ်းကြိုက်လို့ ဒီနေရာလေးကို”
ဘုရားဆင်းထုတော်ကြီးကို အံမခန်းမြင်လိုက်ရသည့်အခိုက် အနီးကပ်ဖူးလိုစိတ်များပြင်းထန်လာခဲ့သည်။ လှေကားထစ်ပေါင်းများစွာကိုတက်ပြီးမှ ဘုရားရင်ပြင်တော်နေရာဆီကိုရောက်ပါသည်။ အထူးဆန်းဆုံး မှာ လေပြင်းများတိုက်နေခြင်းဖြစ်သည်။ တောင်ခြေတွင် လေတိုက်သည်ဆိုရုံသာရှိသော်လည်း တကယ့် ရင်ပြင်ပေါ်ကိုတက်သည့် လှေကားထစ်လမ်းတွင်တော့ မတ်တပ်ရပ်၍တန်းတန်းမတ်မတ်မတက်နိုင် လောက်အောင် လေတိုက်လှပါသည်။ မိန်းကလေးများဆိုပါလျှင် စကပ်နှင့်တက်၍ လုံးဝမဖြစ်။ ဘောင်း ဘီရှည်သာအဆင်ပြေပါလိမ့်မည်။
စကတ်ဝတ်လာခြင်းကြောင့် ဖုံးမနိုင်ဖိမရဖြစ်နေသည့် မိန်းကလေးတစ်ဦးကို အစ်ကိုက သူ့လည်စည်းပဝါ ပေးကာ ကူညီခဲ့သေးသည်။ သမီးရည်းစားစုံတွဲဖြစ်ပြီး သူ့ကောင်လေးကလည်းဘာမျှမကူမကယ်နိုင်။ လေပြင်းတိုက်ရာဘက်ဆီကို ကွယ်ပေးရုံသာလုပ်ပေးနိုင်ခဲ့သည်။ ပဝါစများရောင်းသည့်နေရာမှာတောင် ခြေတွင်ရှိသော်လည်း ရုတ်တရက်အခြေအနေမို့ဆင်းဝယ်လို့အဆင်မပြေသည့်အခိုက်တွင် အစ်ကိုက သူ့ လည်စည်းကိုချွတ်ကာ ကောင်မလေး၏ခါးကိုပတ်စေခဲ့သည်။ လည်စည်းပဝါက မကြီးလှသော်လည်း သူ့ ဒူးဖုံးရုံတော့တတ်နိုင်ပါသည်။
ကျေးဇူးတင်သည့်အကြည့်များနှင့်လက်အုပ်ချီကာ ကျေးဇူးတင်ကြောင်းပြောနေသည့် တရုတ်စုံတွဲကို ကြည့်ကာ ကြည်နူးရပြန်သည်။ ဘုရားဖူးရန်တက်လာရသည့်လမ်းတစ်လျှောက်လှေကားထစ်များဘေး တွင် ထင်းရှုးပင်များရှိသော်လည်း ထိုအပင်များမှာ လေထု၏ကြီးမားစွာတိုက်ခတ်မှုကိုမကာကွယ်ပေးနိုင် ခဲ့ပါ။
ဘုရားရင်ပြင်တော်အပေါ်မှနေ၍ မြူဆိုင်းနေသော သစ်တောအုပ်ကြီးကို လွမ်းမောဖွယ်မြင်ရပါသည်။ ကျွန်တော်က ဘုရားဖူး၊ ဘုရားရှိခိုးပြီး ဆင်းထုတော်ဘေးပတ်ပတ်လည်ကိုတစ်ပတ်ပတ်ကြည့်နေမိ သည်။ ထိုအချိန်တွင် အစ်ကိုက ဘုရားရှိခိုးပုတီးစိတ်နေဆဲပင်။
“ဟိတ် လူကလေး”
အာရုံက တောင်တန်း၊ သစ်တောအုပ်နှင့်ပင်လယ်ကျယ်ကြီးဆီကိုရောက်နေပြီး သန့်ရှင်းလတ်ဆတ် သည့်လေကို ခပ်ပြင်းပြင်းရှုရှိုက်နေသည့်အခိုက်တွင် အစ်ကိုသည် ကျွန်တော့အနားရောက်လာခဲ့ကာ သ ဘာဝအရသာကိုနှစ်ယောက်အတူတူခံစားခဲ့ကြသည်။
ဘုရားပေါ်ကပြန်ဆင်းလာကြသည့်အခါ ကေဘယ်လ်ကားဂိတ်သို့အသွား ပဝါကူညီခဲ့သည့် သမီးရည်းစား အတွဲနှင့်တွေ့သည်။ ကျွန်တော်တို့ကိုမြင်သည်နှင့် ဂိတ်အနားတွင်ရှိသည့် စတိုးဆိုင်ထဲသို့ဝင်သွားကာ ခ ဏအကြာပြန်ထွက်လာသည်။ လက်ထဲတွင် သူတို့သောက်လက်စမဟုတ်သော အအေးဘူးသစ်နှစ်ဘူးကို ကိုင်လျှက် ကျွန်တော်တို့ဆီကိုလာကာလက်ဆောင်ပေးတော့သည်။ ပုဝါပေးပြီးကူညီခဲ့သည်ကိုကျေးဇူး တင်သည့်သဘော။ (မိန်းကလေးခါး၌ပတ်ပြီးသားပဝါမို့လို့ ပြန်မပေးတော့သည်လားမပြောတတ်ပါ၊ ပုဝါ ကိုတော့ ပြန်ပေးရန်စကားမစခဲ့)
“မေ့ကွမ်စီ” ဟု ကျွန်တော်ကငြင်းသော်လည်း သူတို့ကအအေးဘူးနှစ်ဘူးကို လက်ထဲထည့်ပြီးထိုးပေးမြဲ မို့ ယူလိုက်ကြပြီး “ရှဲ့ရှဲ့” ဟုပြန်ပြောလိုက်ပါသည်။
“တရုတ်စာတွေဘာတွေ ကောက်ပြောလို့ပါလား ဆန်းနေရောင်”
“ကျွန်တော်လည်း အဲဒါပဲသိတာလေ၊ မှန်လား မမှန်လားတော့မသိဘူး၊ ငယ်ငယ်တုန်းကတရုတ်ကားတွေ ကြည့်တာများတော့ အဲဒါတွေမှတ်မိနေတာ”
“ပြောပါဦး၊ မှတ်မိတဲ့စကားတွေ”
“နိဟောင်၊ ဝေါ့ဟောင်၊ နိပုကျိသောင်၊ ဝါကျိသောင်၊ နိရှောရှာမား၊ တွစ်ပချီ၊ မေ့ကွမ်စီ၊ ရှောရှောနိ၊ စုန်ပါး၊ လိမ်းလာ…”
“တော်….တော်ပါတော့ ညီရယ်၊ အူတွေနာလာပြီ”
ကျွန်တော် ရွတ်သမျှတရုတ်စကားကို သူက သေသေချာချာနားထောင်ကာ ခွက်ထိုးခွက်လန်ရယ်တော့ သည်။ ပထမတော့ အအေးသောက်မည်ပြုလိုက်သေးသော်လည်း အအေးနင်မည်ကိုကြောက်၍လားမသိ၊ အဖုံးပြန်ပိတ်ကာရယ်ခြင်းပင်။ ထိုအအေးဘူးကို ကြည့်လိုက်သောအခါ အဆင်သင့်ပြုလုပ်ထားသည့် ရယ်ဒီမိတ်ဘူးမဟုတ်ဘူး သဘာဝအသီးဖျော်ရည်ကို ပလတ်စတစ်ဘူးအကြည်ထဲထည့်ရောင်းခြင်းပင်။ ထုတ်ပိုးမှုပုံစံကိုသဘောကျ၍ ထိုဘူးလေးကိုရန်ကုန်အထိယူလာရန်စဉ်းစားလိုက်ပါသည်။
“ဘူးခွံလေးကချစ်စရာကောင်းပါတယ်၊ ရန်ကုန်အထိတောင်သယ်မယ်ဆိုတော့ ဘာလဲ ရေသောက်စရာ ဘူးခွံအဲလောက်ရှားနေလို့လား” ဟုအစ်ကိုမေးသောအခါ “မဟုတ်ဘူး၊ ကျွန်တော် အမှတ်တရသိမ်းထား ချင်လို့၊ အစ်ကိုသောက်တဲ့ဘူးခွံရော၊ ကျွန်တော်သောက်တာရော နှစ်ဘူးလုံးရန်ကုန်ယူမယ်” ဟုပြန်ဖြေ ကာ အစ်ကို့ထံမှ ဘူးခွံကိုလည်းရယူခဲ့ပါသည်။
ထိုနေ့က Big Buddha မှသည် တည်းခိုရာနေရာဆီသို့တန်းမပြန်သေးဘဲ ကေဘယ်ကားစီးသည့် မူလ ပထမနေရာ City Gate ရှိ Outlet တွင် ဈေးဝယ်ထွက်ကြပြန်သည်။ Brand စုံ ဒီဇိုင်းစုံကို ဈေးသက်သာ စွာရောင်းချနေပြီး လူသွားလူလာများသည့်အချက်အချာနေရာမို့ စည်စည်ကားကားလည်းရှိနေပြန်သည်။ ထိုနေရာမှ နောက်ထပ်နှစ်ဘူတာမြောက်တွင် ဟောင်ကောင် Disneyland ရှိလေသည်။
>>>>>