“ညီ ဖန်တီးသော Love Story” အပိုင်း (၁၉)

(၁၉)

အမှောင်ရိပ်အနည်းငယ်သန်းစပြုလာသည်။ ညနေစောင်းခဲ့ပြီ။ Fashion Walk အနီးတစ်ဝိုက်ပတ်ဝန်း ကျင်က ပို၍စည်ကားလာသည်။ ရုံးဆင်းချိန် ဈေးဝယ်လာကြချိန်ဖြစ်၍လားမသိ ပိုပို၍ထူထပ်လာသော လူအုပ်ကြီးကြားထဲ စိုးရိမ်ပူပန်မှုများဖြင့် ဟိုလျှောက်ဒီရှာလုပ်နေမိသည်။

ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ အစ်ကို့ကိုတွေ့လိုဇောဖြင့် တွေ့သမျှလူကိုလိုက်တိုက်မိနေတော့သည်။ ရင်ထဲတွင်ပူလောင်နေမှုကပြင်းထန်လာသည်။ ချွေးဒီးဒီးကျလျှက်ရှိပြီး မျက်လုံးများကတောင်စဉ်ရေမရ ကစားလျှက်နေတော့၏။

“အစ်ကို”

အစ်ကိုက ကျွန်တော့်ထက်ပို၍တောင်စိတ်ပူနေလောက်ပြီ။ ပိုက်ဆံလည်းပါမသွား၊ ဖုန်းလည်းပါမသွား။ ကျွန်တော့ကိုမတွေ့ခဲ့ပါလျှင်မည်သို့မည်ပုံပြန်လာမည်လဲ။

ကြံရာမရသည့်အဆုံး အစ်ကို့ပုံကိုတွေ့သမျှလူကိုလိုက်ပြကာ လူပျောက်ရှာနေမိတော့သည်။ ထိုနေ့ကျမှ လူက ပိုပို၍စည်ကားနေသလားမပြောတတ်တော့။ Branded ဆိုင်တိုင်းတွင်လူအပြည့် အလကားများ ပေးနေသည်လားအောက်မေ့ရသည်။ ဖက်ကျင်ကျကျ၊ စမတ်ကျကျဝတ်ကာ ဈေးဝယ်ထွက်လာသူများ ကိုလည်း အမှတ်တမဲ့မြင်မိသည်။ ဟောင်ကောင်သည်ဖက်ရှင်မြို့တော်မို့ တွေ့သမျှလူတိုင်းကစမတ်ကျ နေသယောင်ပင်။

“ဒီလူကိုတွေ့မိလား”

“လောပန် ဒီလူကိုမြင်လိုက်လား”

“ကျဲကျဲ ဒီတစ်ယောက်တွေ့မိလိုက်လား”

တတ်သမျှမှတ်သမျှ တရုတ်လိုခေါ်ဝေါ်ပြောဆိုကာ သူ့ပုံကိုပြရင်းရှာရင်းဖြင့် အရူးတစ်ပိုင်းဖြစ်နေမိ တော့သည်။ Branded Zone မဟုတ်ဘဲ အမှတ်တရပစ္စည်းများရောင်းသည့်ဖက်ရော Cleveland လမ်းမ ဘက်ကိုရောရောက်ဖြစ်ရှာဖြစ်ပါသည်။ နောက်ဆုံးရှာမတွေ့တော့ Fashion Walk ကိုပြန်လာရတော့ သည်။ အမှောင်ရိပ်တစ်ဖြည်းဖြည်းသန်းလာသည့်အချိန် လမ်းတောင့်တစ်နေရာတွင် Lost and Found ဌာနတစ်ခုသွားတွေ့သည်။

အငမ်းမရဝမ်းသာမိသွားကာ အပြေးတစ်ပိုင်းရောက်သွားတော့သည်။

“ကျွန်တော် လူတစ်ယောက်ပျောက်သွားလို့ လိုက်ရှာနေတာ ကူညီပါဦး”

“ရှမား (Shenme)”

“ကျွန်တော့ ကောင်လေး (boy friend) ပျောက်သွားလို့ ရှာပေးပါဦး”

ဟောင်ကောင်သည် အင်္ဂလိပ်စာညံ့သောဒေသမဟုတ်သော်လည်း ထိုနေရာတွင်ရှိသည့် လုံခြုံရေးများက ဘိုလိုရိပ်ဖမ်းသံဖမ်းတောင်မသိသည်မို့ စိတ်ပျက်သွားမိသည်။ ထို့နောက် ဖုန်းထုတ်လိုက်ကာ အစ်ကိုလုပ် ခဲ့သည့်အတိုင်း Google Translate အကူအညီယူရသည်။

သူတို့က ဖောင်တစ်စောင်ထုတ်ပေးကာ ဖြည့်ခိုင်းလေသည်။

“ဟင် ဒါက ပစ္စည်းပျောက်ရင်ဖြည့်တဲ့ဖောင်မဟုတ်လား”

သူတို့ခေါင်းညိတ်ပြသည်။

“ကျွန်တော်က ပစ္စည်းပျောက်တာမဟုတ်ဘူး၊ ကျွန်တော့ကောင်လေးပျောက်တာ၊ ကျွန်တော့ချစ်သူ ပျောက်တာ”

သူတို့ကိုပြောသာပြောလိုက်ရသော်လည်းမျှော်လင့်ချက်မရှိတော့ပြီ။ ဖောင်ကိုပြန်ချကာ ပစ္စည်းပျောက် ရှာသည်မဟုတ်ကြောင်း၊ လူပျောက်ရှာခြင်းဖြစ်ကြောင်း သူတို့ရိပ်ဖမ်းသံဖမ်းနားလည်အောင်ပြောပြခဲ့နိုင် သည်။

“ပို့လစ်၊ ပို့လစ်”

“ပြသနာမရှိဘူး၊ ကျေးဇူးပဲ”

သူတို့က ရဲခေါ်မလားဟုပြောသော်လည်း ကျွန်တော်လက်ကာပြခဲ့၏။ နောက်ဆုံးမရတော့မှ ရဲကိုခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်တော်တွေ့အောင်ရှာချင်ပါသေးသည်။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြစ် ကာ ငိုမဲ့မဲ့ဖြစ်လာသည်။ Fashion Walk အနီးတစ်ဝိုက်တွင် စလီဗလန်းလမ်းမ (Cleveland Road)၊ ဂလိုစတာလမ်းမ (Gloucester Road)၊ ဖုလမ်းသွယ် (Food Street) ၊ ကင်းစတွန်လမ်းသွယ် (Kingston Street) တို့ရှိသည်။ ထိုနေရာများသို့ လှည့်ကာပတ်ကာရှာလိုက်သေးသည်။

အစားအသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များအားလုံးနီးပါးကို မျက်လုံးကစားကာရှာကြည့်သည်။ ကျွန်တော့ခြေတောက်များညောင်းချိကာ ဒူးများပျော့ခွေညွှတ်ကျချင် လာသည်အထိပင်။

“အစ်ကို၊ ကျွန်တော်စိတ်ပူလာပြီ၊ ဘာလုပ်ရမလဲအစ်ကို”

တစ်ကိုယ်လုံးချွေးများနစ်ရွှဲလျက်ရှိသည်။ မျက်နှာပြင်ပေါ်မှ ချွေးသီးချွေးပေါက်များက မြေပေါ်သို့တစ် စက်ချင်းကျနေသောအခါ ကျွန်တော်ခဏထိုင်ရန်လိုနေပြီဟုသတိမူလိုက်သည်။ အိတ်ထဲတွင်ထည့်ထား သည့် တစ်သျှုးအစိုထုတ်ထဲမှ တစ်ရွက်ကိုယူကာ မျက်နှာတစ်ပြင်လုံးကိုသုတ်ပစ်လိုက်တော့ နူးညံ့အေး စက်သည့်ခံစားမှုကိုရသည်။ ပင်ပန်းနွယ်နယ်မှုတော့ မပျောက်နိုင်ပါ။

“ဘုရား၊ ကယ်တော်မူပါ”

ရသမျှ၊ တတ်သမျှဘုရားစာများကိုလည်းရေရွတ်နေမိသည်။ အစ်ကိုနှင့်လမ်းကွဲသွားသည့်နေရာဆီကိုပြန် သွားပြီး ထိုင်စောင့်နေသင့်သည်ဟုတွေးကာ မူလနေရာဆီကိုပြန်လှည့်လာခဲ့သည်။ ကျွန်တော်တို့ရှိစဉ်က နှင့်မတူတော့။ လူကျိတ်ကျိတ်တိုးစည်ကားနေသောနေရာဖြစ်ခဲ့ပြီ။ ထိုလူအုပ်ကြီးကိုထွင်းဖောက်ကာ အစ်ကို့ကို ကျွန်တော်မည်သို့ရှာရမည်လဲ။

“ညီ”

အဝေးတစ်နေရာမှ ခေါ်သံသဲ့သဲ့ကိုရုတ်တရက်ကြားလိုက်ရသည့်အခါ ပြုတ်ကျလုမတတ်ဖြစ်နေသော စိတ်ဓါတ်များအပေါ်သို့ပြန်တက်လာသည်။ အစ်ကို့အသံမှန်းသဲသဲကွဲကွဲသိလိုက်ရပါသည်။ မည်သို့ပင် အ သံတိုးနေကာမူ အစ်ကို့အသံဆိုသည်မှာသေချာပါသည်။

“အစ်ကို”

“အစ်ကိုရေ”

ဟန်မဆောင်နိုင်တော့။ စိတ်ပူနေသည်မို့ နှစ်ခါသုံးခါဆင့်ခေါ်လိုက်သည်။ “ညီ” ဟုသည့်အသံကလူအုပ် ထဲမှထွက်ပေါ်လာခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်၏ အသံပြုမှုကို ပတ်ဝန်းကျင်မှသတိထားမိတော့ လူချဲပေးသည်။ ထိုစဉ်မှ အစ်ကို့ရုပ်ပုံကိုစတင်မြင်ရပါသည်။ ကျွန်တော်ရောက်နေသည့်နေရာနှင့် အစ်ကို လှမ်းခေါ်သည့်နေရာမှာ ပေ ၅၀ အကွာခန့်တော့ရှိပါလိမ့်မည်။

“ညီ၊ အစ်ကို ဒီမှာ”

“အစ်ကိုရေ”

အစ်ကိုက ကျွန်တော်ရှိသည့်နေရာ၏ အနောက်ဘက်ဆီမှခေါ်ခဲ့ခြင်းပင်။ အစ်ကို့ကိုသေသေချာချာမြင် လိုက်ရသည့်အခါ လူအုပ်ကြီးကိုတိုးဝှေ့ပြေးလွှားတော့သည်။ အစ်ကိုရှိရာဆီသို့ပင်။ အစ်ကိုကလည်း ကျွန်တော်ရှိရာကို မျက်ခြေမပြတ်ကြည့်ကာပြေးလာနေပါသည်။ ပူနေသောစိတ်များလျှော့ချလိုက်သည့် အခါ ဝမ်းနည်းလာသည်။ အစ်ကို့ကို ရှာမတွေ့ခဲ့လျှင်ဟုသောစိုးရိမ်စိတ်ကြောင့်ဖြစ်ခဲ့သည်သောကများ လျော့ကျမသွားဘဲ ရင်ဘတ်ထဲဆောင့်တက်လာကာ ကြေကွဲမိသည်။

“ညီ”

“အစ်ကို”

တစ်ယောက်ကိုတစ်ယောက်အဆက်မပြတ်ခေါ်ဆဲ။ ပတ်ဝန်းကျင်ကလည်း အထူးတဆန်းသဖွယ် ကျွန် တော်တို့နှစ်ယောက်ကိုစူးစမ်းကြည့်နေဆဲ။

နှစ်ယောက်သားမျက်နှာချင်းဆိုင်တွေ့သည်အခါ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တင်းကြပ်စွာ ဖက်ထားလိုက်မိကြသည်။ နှစ်ယောက်စလုံးကလည်း မျက်နှာငိုမဲ့မဲ့ဖြစ်သည့်အနေအထားမှ ချုံးပွဲချငိုမိ တော့သည်။ စိတ်ပူမှု စိုးရိမ်မှု ပင်ပန်းနွယ်နယ်မှုများပေါင်းစပ်လိုက်သည့်အခါ ပို၍ပို၍ တင်းကြပ်စွာဖက် မိကြခြင်းပင်။ ခဏတာနှင့်မခွဲသေး။ အတန်ကြာသည်အထိဖက်ကာ ငိုမိကြသည်။

“ဟေး”

ပတ်ဝန်းကျင်မှ ခရီးသွားများ၊ ဈေးလာဝယ်သော ဒေသခံများ ကျွန်တော်တို့နှစ်ယောက်ဖက်နေသည့်နေ ရာအနားကို တိုးလာကြသည်။ ဟေးခနဲအော်ပြီး လက်ခုပ်ဝိုင်းတီးကြသည်။

“ဘရာဗို”

တစ်ယောက်ကအော်လိုက်သည်နှင့် လက်ခုပ်သံအဆမတန်ကျယ်သွားကာ နှစ်ယောက်သားရှက်၍ ဖက် ထားသည်ကို ပြန်ခွာလိုက်တော့သည်။ သူတို့၏ ကောင်းချီးလက်ခုပ်သံကို ရှက်ရှက်နှင့်ခံယူလိုက်ကြခြင်း ပင်။ အားလုံးကို ခေါင်းညိတ် အသိအမှတ်ပြုကာ ကျွန်တော်နှုတ်ဖျားမှတစ်စုံတစ်ခုပြောရန်အားယူလိုက် သည်။ ထိုအမူအရာကြောင့် အားလုံးအသံတိတ်ဆိတ်သွားလေသည်။

“ကျေးဇူးတင်ပါတယ်၊ ဒါ ကျွန်တော့ချစ်သူကောင်လေးပါ၊ ကျွန်တော်တို့ လူစုကွဲသွားကြတာ၊ သူက လည်း ကျွန်တော့ကိုရှာ ကျွန်တော်ကလည်းသူ့ကိုရှာနဲ့ အချိန်တော်တော်လင့်သွားတယ်၊ နှစ်ယောက်စ လုံးကလည်း စိတ်ပူပြီးသောကရောက်နေတဲ့အချိန်မှာ ပြန်တွေ့လိုက်ရတော့ ဝမ်းသာပြီး အခုလိုမျက်ရည် တွေကျ တစ်ယောက်ကိုတစ်ယောက်ဖက်ထားမိတာပါ”

“ချစ်စရာလေးဟေ့”

“ကောင်းတယ်”

တရုတ်လိုတစ်မျိုး အင်္ဂလိပ်လိုတစ်သွယ် ကောင်းချီးပေးခြင်းများကြားတွင် ရှက်ရှက်နှင့်ပျော်မိကြသည်။ အစ်ကို့မျက်နှာကိုကြည့်လိုက်သည့်အခါတွင်လည်း ရွှင်လန်းတက်ကြွနေလေသည်။ စောစောကရှိခဲ့သည့် ပင်ပန်းမှုများ နွမ်းနယ်မှုများသည်လည်း ယခုအခါတွင်တော့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ လေပြီ။

“Kiss him”

“Yes, kiss him”

“Please”

အနမ်းပေးရန်တောင်းဆိုလာသည့်အခါတွင် နည်းနည်းလေးမျှတုန့်ဆိုင်းမနေတော့။ ကျွန်တော်သည် သူ့ နှုတ်ခမ်းထော်ထော်ဆီသို့ အနမ်းမိုးရွာသွန်းပေးလိုက်တော့သည်။ “ဟေး” ခနဲအော်သံများ လက်ခုပ်တီး သံများ ထပ်၍ ထပ်၍ဆူညံသွားတော့၏။ လူရှေ့တွင်ဆိုပါက အင်မတန်ရှက်တတ်သည့်အစ်ကိုသည် လည်း ငြိမ်ချက်သားကောင်းကာ နည်းနည်းလေးမျှမရုန်းခဲ့ပါ။

တစ်ယောက်ကိုတစ်ယောက် လက်ချင်းတွဲလျှက် Fashion Walk မှ ပြန်ခဲ့သည့် အပြန်လမ်းသည် ကမ္ဘာ ပေါ်တွင်အလှဆုံးဖြစ်ပါလိမ့်မည်။ ထိုနေ့က Cotton on တစ်ယောက်နှစ်ထည်စီနှင့် G 2000 တစ်ယောက် တစ်ထည်စီဝယ်ဖြစ်ခဲ့ပါသည်။ အားလုံးဆင်တူတွေချည်းပင်။

“ညီ အစ်ကို့ကို မတွေ့တွေ့အောင်ရှာမယ်ဆိုတာတော့ယုံကြည်ပြီသားပါ၊ ဒါပေမဲ့ ရှာရင်းရှာရင်းလမ်း လည်နေမှာလည်းစိုးတယ်၊ ဒါကြောင့် ကိုယ်လည်း ဟိုဖက်လမ်းဒီဖက်လမ်းပတ်ရှာနေတာ၊ တော်ရုံနဲ့မ တွေ့တော့စိတ်တော်တော်ပူလာသေးတယ်၊ နောက်တော့မှ အရင်နေရာမှာပဲပြန်နေမယ်၊ သူလာလိမ့်မယ် လို့တွေးပြီး လာလိုက်တာနဲ့လှမ်းတွေ့တော့တာပဲ”

“စိတ်ပူလိုက်တာအစ်ကိုရာ၊ သေမှာ ဒါမျိုးခဏခဏကြုံရင်”

“မကြုံပါဘူးညီရယ်၊ နောက်နေ့ လက်ချင်းချိတ်သွားကြမယ်”

“ဒီနေ့လည်း တန်ပါတယ်”

လူပေါင်းရာချီ၏အရှေ့တွင် သူ့ကိုနမ်းလိုက်ရ၍ အကျေနပ်ကြီးကျေနပ်မိသည်။ ထိုအထဲတွင် မြန်မာ တစ်ယောက်ယောက်များပါလျှင်လည်းကိစ္စမရှိ အမျိုးတစ်ယောက်ယောက်တွေ့သွားလျှင်လည်းကိစ္စမရှိ။ အစ်ကို့ကို ကျွန်တော်ချစ်သည့်ချစ်ခြင်းက အရာရာကိုရင်ဆိုင်ရဲပါသည်။

>>>>>