“ညီ ဖန်တီးသော Love Story” အပိုင်း (၁၈)

(၁၈)

မှတ်မှတ်ရရ သူနှင့်ကျွန်တော်တို့နှစ်ယောက်စလုံး ရှိုက်ကြီးတစ်ငင်ငိုကာ ဝမ်းနည်းဝမ်းသာ စိုးရိမ်ပူပန်မှု များဖြစ်ခဲ့ရသော တစ်ရက်ရှိခဲ့ပါသည်။ Fashion Walk ကိုသွားသည့်နေ့ကဖြစ်ပြီး ထိုအခိုက်အတန့်၏ နောက်ဆက်တွဲဂယက်က ကျွန်တော်တို့နှစ်ယောက်ကို လူအများသတိထားမိခဲ့ကြခြင်းပင်။

ကျွန်တော်တို့နှစ်ဦးနေထိုင်ရာမှာ Wan Chai ဟုအများကခေါ်ဆိုကြပြီး Central ဟောင်ကောင်ဒေသတွင် ရှိသည်။ အစိုးရရုံးများ ပုဂ္ဂလိကလုပ်ငန်းများ အများဆုံးအခြေစိုက်ရာနေရာဖြစ်ပြီး ကျွန်တော်တက်ရ သည့်ရုံးသင်တန်းမှာ Conrad Hong Kong ဟိုတယ်၌ ဖြစ်လေသည်။ တည်းခိုနေထိုင်ရာ အဆောင်မှသင် တန်းတက်မည့်နေရာသို့ ၁၅ မိနစ်ခန့်လမ်းလျှောက်ရလေသည်။ အစ်ကိုက သင်တန်းတက်ရမည့်ဟိုတယ် ဆီသို့ လမ်းလျှောက်လိုက်ပို့ပြီး နေ့လည် ၁၂ နာရီအရောက်လာကြိုပေးပါသည်။ ကျွန်တော့သင်တန်းချိန် အတွင်း သူက အဝတ်လျှော်သင့်ရာလျှော် ပြင်ဆင်စရာရှိသည်တို့ကိုပြင်ဆင်ပြီးမှ အေးအေးလူလူလမ်း လျှောက်လာကြိုခြင်းပင်။

အချိန်ရလျှင်ရသလို အနားမနေဘဲအလုပ်လုပ်တတ်သည့် အစ်ကို့ကြောင့် အင်္ကျီကိုသေသေသပ်သပ်ဝတ် ရသည်။ ရန်ကုန်မှ မီးပူတိုက်ပြီးယူလာသော ခေါက်ရာအထပ်ထပ်အင်္ကျီကို ပြန်ဖြန့်ကာ သင်တန်းသွားခါ နီးမှ သေသေချာချာမီးပူတိုက်ပေးသည်။ တစ်နေ့ဝတ်လာသမျှကို တစ်နေ့လျှော်ပေးသည်။ သင်တန်းချိန် ခဏတာအတွင်း အစ်ကို့ဖြည့်ဆည်းပေးမှုက အတိုင်းထက်အလွန်ပင်။

နေထိုင်ရာအဆောင်မှ သင်တန်းတက်မည့်ဟိုတယ်သို့ လာရာလမ်းတစ်လျှောက်တွင် ဘုရင်မလမ်းမကြီး (Queensway) ကိုလျှောက်ရပြီး လုရတ်လမ်းမ (Luard Road)၊ သောမက်ဆင်လမ်းမ (Thomson Road)၊ ဂျွန်စတွန်လမ်းမ (Johnston Road) တို့ကိုဖြတ်ကျော်ရသည်။ ယင်းအပြင် ကြားထဲတွင် ဖန်ဝစ် လမ်း (Fenwick Street) ၊ အာဆင်နယ်လမ်း (Arsenal Street) တို့ကလည်း ကန့်လန့်ဖြတ်ရှိနေသည်မို့ လူအများ၊ ဆိုင်တန်းအများစုက ပျားပန်းခတ်ရှိနေလေသည်။ အစ်ကို ကျွန်တော့ကိုလာကြိုရာတွင် ထိုနေ ရာများကို ဟိုကြည့်ဒီကြည့်နှင့်ဖြတ်ကျော်လာရသည်မို့ ပျင်းစရာမရှိပါ။ ညနေညခင်း ဆိုလျှင်လည်းဟို ဆိုင်သည်ဆိုင်လျှောက်သွားလျှောက်စားနေကျမို့ အခြားဝေးဝေးလံလံကိုလည်း လာပတ်စရာမလိုဘဲ ပျော်ရွှင်စရာအချိန်များက ကုန်မှန်းမသိကုန်လေသည်။

Conrad ဟိုတယ်နှင့်မနီးမဝေးတွင်လည်း ဈေးတစ်ဈေးရှိပြီး အခြေခံစားသောက်ကုန်၊ အဝတ်အထည်မှ အစချီကာ အမှတ်တရလက်ဆောင်ပေါင်းစုံကို ဈေးသက်သက်သာသာဖြင့်ရောင်းချလျှက်ရှိသည်။ အစ်ကို ရော ကျွန်တော်ပါ ဈေးတန်းလျှောက်လိုက် ဟိုကြည့်ဒီဝယ်လိုက်လုပ်တတ်သူများမို့ သူတို့၏ဒေသတွင်း ရိုးရာအစားအသောက်များကိုမြည်းစမ်းလျှောက်သွားရင်း အချိန်ကုန်လေသည်။

“တောင်ပေါ်မှာ တောင်ထိပ်မှာ အထပ် ၆၀ လောက်ရှိတဲ့အဆောက်အဦကိုဆောက်နေတာ နည်းတဲ့စ ကေးလား၊ ခဏလေး သူတို့ဆောက်တဲ့ပုံစံကိုခဏရပ်ကြည့်ရအောင်”

“ဟိုတရုတ်မကြီး ဝက်သားလှီးတဲ့ပုံမိုက်တယ် ခဏကြည့်ရအောင်”

“ဟာ ခေါက်ထီးတွေချက်ချင်းလုပ်ပြီး ရောင်းနေတာ မိုက်တယ်”

“အသီးသည်ကို ဝယ်မစားဘဲ ဈေးမေးကြည့်ရအောင်”

“အိမ်ဘေးနားက ကလေးအတွက်ကလစ်လေးတွေဝယ်ကြမယ်”

“ရေခဲသေတ္တာမှာ ကပ်ဖို့ ဟောင်ကောင်အမှတ်တရသတ္တုစတစ်ကာတွေ ဒီမှာတန်လိမ့်မယ်၊ သွားကြည့် ရအောင်”

အစ်ကိုက အိမ်ခေါင်မိုးကိုကိုယ်တိုင်တက်၍သံရိုက်ခြင်းမှသည် အိမ်တံမြက်စည်းလှည်းသည်အထိ ကိုယ် တိုင်လုပ်ရမှကျေနပ်သူ၊ အိမ်အတွင်းဗာရီဟမှန်သမျှကိုလုပ်ကိုင်ရန်စိတ်ဝင်စားသူမို့ အရာရာတိုင်းကစိတ် ဝင်စားစရာဖြစ်လို့နေလေသည်။ တစ်ခါတစ်ရံ အိမ်တွင်လုပ်စရာမရှိပါက သစ်တိုသံစများစုစည်းကာ စာ ကလေးအိမ်ဆောက်နေသူလည်းဖြစ်လေသည်။ ကျွန်တော်ကတော့ စိတ်ပါမှထလုပ်တတ်ပြီး စိတ်လည်း သိပ်မရှည်တတ်ပါ။ ဈေးဝယ်ခြင်း၊ ဈေးထဲလျှောက်ကြည့်ခြင်းတွင်တော့ နှစ်ယောက်သားအတိုင်အ ဖောက်ညီလှ၏။

အချက်အချာကျသည့်ပတ်ဝန်းကျင်တွင် တည်းခိုနေထိုင်ကြရသူများမို့ မြင်မြင်သမျှက ဆွဲဆောင်မှုအား‌ ကောင်းလို့နေလေသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများကို အစ်ကိုကပို၍ စိတ်ဝင်စားလေသည်။ ကျွန်းနိုင်ငံ၊ တောင်အထပ်ထပ်ဖြစ်နေသည့်နေရာတွင် မိုးမျှော်အဆောက်အဦအ များအပြားတည်ဆောက်နေသည်မို့ ထူးခြားလို့နေ၏။ အဆင့်မြင့်စက်ကြီးများ၊ လုံခြုံရေးဝတ်စုံအပြည့် ဖြင့်လုပ်ငန်းခွင်ဝင်နေကြသည့် ဆောက်လုပ်ရေးလုပ်သားများမှ စနစ်တကျရှိလှသည်။ အသံပေါင်းစုံ တဂျီဂျီမြည်ကာ ဆူညံနေသည့်ထိုလုပ်ငန်းခွင်ကို စိတ်ဝင်တစားမျှော်ကြည့်နေတတ်သည့်လူဆိုလို့ ကျွန် တော်တို့နှစ်ယောက်သာရှိပါလိမ့်မည်။

ဗိုက်ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ညနေစောင်းလျှင်ရောက်သွားတတ်သည့် ထိုင်းရိုးရာအစားအစာ ရောင်းသည့်လမ်းဘေးဆိုင်ကလည်း ကျွန်တော်တို့ကိုမြင်လျှင် “ဆာဝါဒီခပ်” ဟုမျက်မှန်းတန်းနှုတ်ဆက် တတ်လေပြီ။ သောမတ်ဆင်လမ်းတောင့်ရှိ တိုက်ခန်းတန်းတစ်နေရာ၏အောက်တွင် အဖီလေးဆွဲကာ ထိုင်းအစားအစာများကိုစုံစုံလင်လင်ရောက်နေသည့် ထိုင်းအန်တီနှင့် သူ့သားလားသူ့တူလားမသိသော လူငယ် လေးတစ်ယောက်။

“ဟောင်ကောင်မှာ နေရတာအဆင်ပြေလား” ဟု အင်္ဂလိပ်လိုမေးတော့ သိပ်နားမလည်။ သို့နှင့် အစ်ကိုက သူ့ဖုန်းကိုထုတ်ကာ Google Translate သုံး၍ပြောရသည်။ တစ်ရက်နှစ်ရက်အကြာတွင်တော့ သူတို့နှင့် စကားအပြန်အလှန်ပြောနေနိုင်ကြပြီဖြစ်သည်။ Google Translate ၏ အကျိုးကျေးဇူးကြောင့်ပင်။ ထို ဆိုင်မှ သင်္ဘောသီးသုပ်၊ ကန်စွန်းရွက်ကြော်၊ ကြက်ဉမွှေကြော်၊ ထိုင်းငါးပိနှင့်ချက်ထားသည့်ဝက်သားပင် စိမ်းဟင်းများမှာ ကျွန်တော်တို့နှစ်ယောက်၏ တန်းတန်းစွဲအစားအသောက်များဖြစ်ခဲ့လေပြီ။

“ခေါပွန်ခ”

“ခေါပွန်”

ကျေးဇူးတင်ကြောင်း၊ သာကြောင်းမာကြောင်း အပြန်အလှန်ပြောကာ ထိုင်းလူမျိုးအန်တီကြီးနှင့် ရယ် ရယ်မောမောနေနိုင်သကဲ့သို့ လူငယ်ကိုလည်း ထိကပါးရိကပါး စနောက်နိုင်ပြီဖြစ်သည်။ ကျွန်တော်တို့ ပြောသမျှကို သူတို့က သဘောကျလျှက်။ သူတို့အနေဖြင့်လည်း တစ်နယ်တစ်ကျေးတွင် စကားပြောဖော် အပေါင်းအသင်းငတ်နေဟန်ရှိပါသည်။

“အခန်းခတွေ အရမ်းဈေးကြီးတယ်၊ စားတာနဲ့နေတာနဲ့ အလုပ်လုပ်တာနဲ့ကုန်ရော”

“ဆိုင်က ရောင်းရတယ်မဟုတ်ဘူးလား”

“ရောင်းရတယ်၊ ပိုက်ဆံလည်းရတယ်၊ ဒါပေမဲ့ မလောက်ဘူး”

“ဒါနဲ့ အဲဒါက သားလား၊ မောင်လေးလား”

“သား”

ကျွန်တော်က အစ်ကို့ကိုလက်ညိုးထိုးပြကာ “သူက ခင်ဗျားသားကို ကြိုက်လို့တဲ့” ဟု လှမ်းနောက်တော့ အစ်ကိုက ကျွန်တော့ကို ခပ်ဆဆရိုက်သည်။ သူတို့ကလည်း ဟက်ဟက်ပက်ပက်ရယ်တော့သည်။

“ပီချိုင် (အစ်ကို) ခင်ဗျား ရည်းစားရှိလား”

“မရှိဘူး”

“မိန်းကလေးကြိုက်တာလား ယောင်္ကျားလေးကြိုက်တာလား”

“မိန်းကလေး”

“ယောင်္ကျားလေးကြိုက်ရင် ကျွန်တော်တို့ကိုစဉ်းစားပေးမလား”

ဘန်ကောက်မဟုတ်သည့် တစ်နယ်တစ်ကျေးမှ လာရောက်အခြေချခြင်းဖြစ်ပုံရပါသည်။ ပုံစံက တော် တော်ကြီးကို ရိုးရိုးသားသားရှိလှသည့် သားအမိပင်။ ကျွန်တော်စသမျှပြုံးပြုံးရယ်ရယ်နှင့် သဘော အကျကြီးကျနေသည်။ စတင်ရောက်သည့်ရက်မှစ၍ သုံးရက်မြောက်သည့် အခါတွင်တော့ ဘာစားစား ကန်စွန်းရွက်ကြော်တစ်ပွဲကိုလက်ဆောင်အဖြစ်ပေးတတ်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့ကလည်း နောက် ပိုင်းတွင် သူတို့ဆိုင်ဆီသွားသည့်အခါတိုင်း ဈေးထဲကအသီးတစ်မျိုးမျိုးကို လက်ဆောင်အဖြစ်ဝယ်သွား တတ်ပါသည်။

“နင်ကလေ ပေါက်ကရပြောတဲ့နေရာမှာ နှစ်ယောက်မရှိဘူးနော်”

“အံမယ် အစ်ကို သဝန်တွေတိုနေတာမှလား၊ ကျွန်တော် ကြိုက်လိုက်မှာနော်၊ ထိုင်းဆင်လေး မဆိုးဘူး၊ အပေးအကမ်းရက်ရောမယ့်ပုံလည်းရှိတယ်”

“ကဲ ဆန်းနေရောင်”

Fashion Walk သည် ကျွန်တော်တို့ ဟောင်ကောင်ကိုစရောက်သည့်နေကသွားခဲ့သည့် The Peak နှင့် လမ်းကြောင်းတည့်သော်လည်း ထိုနေ့ကမသွားဖြစ်ခဲ့ဘဲ ၄ ရက်မြောက်နေ့ကျမှ ရောက်ဖြစ်ခဲ့ပါသည်။ ကျွန်တော်သင်တန်းအပြီး အစ်ကိုလာကြိုသည့်အခါ အနီးအနားတစ်ဝိုက်မဟုတ်သောနေရာတစ်ခုသို့ သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် နေ့လည်စာကို အနီးအနားရှိဆိုင်တစ်ဆိုင်တွင်စားလိုက်ကြပြီး Fashion Walk ရှိရာ Caauseway Bay သို့ ရထားစီးလာခဲ့ကြသည်။

ထိုနေရာသည် ကမ္ဘာပေါ်တွင်ရှိရှိသမျှသော တန်ဖိုးကြီးနာမည်ကြီးတံဆိပ် ပေါင်းစုံရာဖက်ရှင်နယ်မြေ ဖြစ်သည်နှင့်အညီ ဆိုင်တိုင်းလိုလိုက သွားရည်ကျစရာကောင်းနေလွန်းခဲ့သည်။ Great George လမ်း အတိုင်း နှစ်ယောက်သားလျှောက်ခဲ့ကြပြီးနောက် ဈေးဝယ်ဖို့ပြင်ကြသည်။

“တစ်ကမ္ဘာလုံးမှာရှိတဲ့ Brand တွေကတော့ မျက်စိရှေ့ကိုရောက်နေပြီ ညီ၊ ကဲ ကိုယ်တို့ဘာလုပ်ကြမလဲ”

“လိုက်ခိုးကြတာပေါ့”

“တစ်ထည်နှစ်ထည်သုံးလေးထည်တော့ဝယ်နိုင်ပါတယ်ဟ၊ အမ်းမယ်လေ”

“အမယ်၊ တယ်ဟုတ်ပါလား”

“နှစ်တိုင်း ဘောနပ်စ်တွေရထားလို့ စုထားတာ အခုမှပဲအမ်းမယ်သူကိုတွေ့တော့တယ်”

“စိတ်မကောင်းစရာတော့ဖြစ်တော့မှာပဲ၊ စတာပါ၊ အစ်ကိုရာ…ကျွန်တော်က အစ်ကိုပင်ပင်ပန်းပန်း အလုပ်လုပ်လို့ရလာတဲ့ပိုက်ဆံကိုအလွယ်တကူသုံးရက်ပါ့မလား၊ ဘာမှမဖြစ်ဘူး၊ ကျွန်တော်တို့ရဲ့ ဘုံ ပိုက်ဆံထဲကပဲဝယ်လိုက်ကြမယ်လေ”

“အစ်ကိုက ညီ့ကိုဝယ်ပေးချင်တာပါ၊ ထားပါ ဒါတွေက နောက်မှ ညှိကြတာပေါ့၊ အင်္ကျီဆင်တူဝတ်ဖို့ အဆင်ပြေလားညီ၊ အစ်ကိုတို့ဆင်တူဝတ်ရအောင်”

“ဟင်”

ကျွန်တော် အကြွေရဆုံးသောစကားကို သူပြောလိုက်ခြင်းပင်။ သိပ်ဝတ်ချင်တာပေါ့။ အစ်ကိုနှင့် အင်္ကျီ ဆင်တူဝတ်ပြီး လမ်းလျှောက်ခွင့်ရဖို့ဆိုသည်မှာ တိတ်တခိုးမျှော်လင့်သော်လည်းဖြစ်မလာနိုင်သောကိစ္စ မို့လက်လျှော့ထားခဲ့ခြင်းပင်။ မရနိုင်မှန်းသိပြီး လက်လျှော့ခဲ့သောအရာတစ်ခုကို သူကလိုလိုလားလား ပေးလာသည့်အခါ အတိုင်းအဆမဲ့ပျော်ရွှင်ရလေပြီ။ ရန်ကုန်တွင် အမျိုးသားငယ်တစ်ချို့ Couple Shirt များဝတ်ကာ ဟိုသွားဒီလာလုပ်တတ်သည့်အပြုအမူအချို့ကိုအစ်ကိုလည်း မြင်လောက်ပြီးဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တို့နှစ်ယောက်၏ ပတ်ဝန်းကျင်အနေအထားက ထိုသို့ပြုမူရန်အခွင့်အရေးမရှိ ပါ။ ယခုလို ဟောင်ကောင်ရောက်တုန်းရောက်ခိုက် အပြတ်ကဲရမည်ဟု အစ်ကိုဆိုခဲ့သည့်အတိုင်းသူ့စိတ် ကို လွှတ်ပျော်ထားပုံရသည်။ စိတ်ထဲရှိသမျှကိုလုပ်ချင်နေပုံရသည်။ အစ်ကိုပြုမူသောအရာများသည် ကျွန်တော်ဖြစ်ချင်သောအရာများလည်းဖြစ်လေသည်။

“ကျေးဇူးတင်လိုက်တာဗျာ”

“ဘာအတွက်လဲ ညီရ”

“ကျွန်တော် အရမ်းမျှော်လင့်ခဲ့တဲ့အိပ်မက်လေး အကောင်အထည်ပေါ်လာခဲ့လို့၊ ကိုယ့်ချစ်သူနဲ့အင်္ကျီဆင် တူဝတ်ဖို့ကိုမမျှော်လင့်တဲ့သူရှိပါ့မလားဗျာ၊ ဒါပေမဲ့ အစ်ကိုက ရှက်တတ်တယ်၊ ပတ်ဝန်းကျင်မြင်မှာကို လည်းကြောက်တတ်တယ်ဆိုတော့ ဒီတစ်သက်မဖြစ်နိုင်ဘူးလို့ထင်ထားခဲ့တာ”

“အော် ဟောင်ကောင်ရောက်တုန်း ကိုယ်လည်း ကိုယ်လုပ်ချင်တာကိုလုပ်ပါရစေ၊ ခင်ဗျားလေးကို ကျုပ် တန်ဖိုးထားတာ ချစ်တာတွေကိုလည်း ဟောင်ကောင်မှာ ဖွင့်ချပါရစေ”

“ဖွင့်ချတော့ဗျာ၊ အရမ်းတွေ ကျေနပ်နေပြီ”

“အင်း အိမ်သာရှာပေးဦး၊ မရတော့ဘူး”

“ဟော ကဲ”

အနီးအနားတစ်ဝိုက်အိမ်သာရှာပြီး သူဝင်သွားတော့ ကျွန်တော်က သူ့ဘေးလွယ်အိတ်နှင့် ဖုန်း၊ ပိုက် ဆံအိတ်များကိုကိုင်ပေးကာစောင့်ကျန်ခဲ့သည်။ သူထွက်လာတော့လည်း သူ့ပစ္စည်းများကို မေ့မေ့လျော့ လျော့နှင့်ပင်ဆက်ကိုင်ထားခဲ့သည်။ သူကလည်း ကျွန်တော်ကိုင်ထား၍ ပြန်မတောင်းဖြစ်။ နှစ်ယောက် သားတစ်တွဲတွဲမို့ အေးအေးလူလူပင် ဟိုငေး ဒီငေးလျှောက်ကြည့်နေခဲ့ကြသည်။ ပြသနာကထိုတွင်စတင် ခဲ့ပါသည်။

နှစ်ယောက်သား ငေးမောရင် လူထူထပ်သည့်နေရာရောက်သောအခါ လူစုကွဲသွားတော့သည်။ သူ့ကို ကိုယ်ရှာ ကိုယ့်ကိုသူရှာ၍ မတွေ့တော့။ ကျွန်တော့ထံတွင် အစ်ကို့ပစ္စည်းများအားလုံးပါလာသည်။ အစ် ကိုကတော့ လက်ဗလာ။

တည်းသည့်နေရာကို ကားငှားပြန်မည်ဆိုပါကလည်း အဆင်မပြေ။ ဖုန်းလည်းမရှိ။ ရုတ်တရက်အစ်ကို့ ကိုရှာမတွေ့သည့်အခါ ကျွန်တော်ထူပူသွားမိတော့သည်။ ဆိုင်ပေါင်းရာကျော်ရှိသည့်အနက် မည်သည့် ဆိုင်တွင်ရှာရမည်လဲ။

“အစ်ကို”

မြန်မာလိုသာ ခပ်ကျယ်ကျယ်အော်ခေါ်၍ရှာတော့သည်။ လူအများဝိုင်းကြည့်နေလည်းမရှက်တော့။ လာ ရာလမ်းအတိုင်းလိုက်ရှာသည်။ အရှေ့လမ်းတွင်လိုက်ရှာသည်။ တောင့်နားရှိဆိုင်များတွင်လည်းကြည့် သည်။ မတွေ့။ နာရီဝက်ခန့်ရှာအပြီးမှာတော့ ကျွန်တော်စိတ်ပူမှုက အထွဋ်အထိတ်ဆီသို့ရောက်လာခဲ့ ပြီဖြစ်သည်။

>>>>>