“ညီ ဖန်တီးသော Love Story” အပိုင်း (၁၇)

(၁၇)

“ဟော ဟိုရှေ့မှာမြင်ရတာက လန်းမားကျွန်း (Lamma Island) ဟိုဟာကတော့ ဗစ်တိုးရီးယားဆိပ်ကမ်း၊ ဒါကတော့ Central ဟောင်ကောင်ပေါ့၊ The peak က ခရီးသွားဧည့်တွေကိုဆွဲဆောင်တဲ့နေရာတစ်ခုတင် မဟုတ်ဘူး၊ အချစ်သက်သေထူတဲ့နယ်မြေတစ်ခုလည်းဖြစ်တယ်အစ်ကို”

ကျွန်တော်တို့နှစ်ယောက် ဟောင်ကောင်ကိုရောက်နေခဲ့ပါသည်။

အားလပ်ရက်မဟုတ်သော်လည်း ကြုံတောင့်ကြုံခဲအခါအခွင့်သင့်သည်မို့ အစ်ကို့ကိုမရရအောင်ခေါ်လာ ခဲ့ခြင်းပင်။ ဟောင်ကောင်၏ အစိတ်အပိုင်းတော်တော်များများကိုအပေါ်စီးမှ လှမ်းမြင်ရသည့် The peak ဆီသို့ရောက်လာခဲ့ကြခြင်းပင်။

“ဆန်းနေရောင်၊ မင်း ရုံးချုပ်ကို သင်တန်း တစ်ပတ်သွားရမယ်” ဟုဆိုလာသည့်အခါ အစ်ကို့ကိုခေါင်းထဲ ပြေးမြင်မိသည်။ ပုံမှန်အားဖြင့် ဟောင်ကောင်နှင့် ထိုင်းနိုင်ငံများမှာ ရုံးမှ လူအများအဖို့မသွားချင်လှသည့် နေရာတစ်ခုဖြစ်နေခဲ့ပြီ။ သင်တန်းတက်ရမည်။ ပြန်လာလျှင်လည်း သိလာသမျှခရေစေ့တွင်းကျကို ရုံး တွင်းပြန်လည်မျှဝေပေးရသည်။ သွားရသလောက်တာဝန်ကြီးသည်မို့ သင်တန်းနှင့်သွားရမည်ဆိုပါက မည်သူကမျှမသွားချင်ကြ။ ထို့နောက် ဖင်ပေါ့သည် သွက်လက်သည်ဟု အသိအမှတ်ပြုထားကြပြီးသော သူတို့ခိုင်းသမျှတစ်သွေမတိမ်းလုပ်ပေးတတ်သော ကျွန်တော့ကို ဝိုင်းဝန်းလက်ညိုးထိုးကြတော့သည်။ သို့  နှင့် ဟောင်ကောင်ကိုလာခဲ့ရခြင်းဖြစ်ပါသည်။

“ကျွန်တော် သင်တန်းတစ်ပတ်သွားရမယ်၊ အစ်ကို ရုံးကခွင့်ရမယ်ဆိုရင်လိုက်ခဲ့စေချင်တယ်၊ ကြားရက် မှာ ပိတ်ရက်လည်းတစ်ရက်ရှိသေးတယ်၊ အစ်ကိုလိုက်မယ်ဆိုရင်တော့ ခွင့်သုံးလေးရက်တော့ အနည်း ဆုံးတော့ ယူရမှာပေါ့၊ အဆင်ပြေရင်တော့ လိုက်ခဲ့စေချင်တယ်၊ ပိုက်ဆံလည်းသိပ်မကုန်ဘူးလေ၊ ကျွန် တော်တို့တည်းနေကျ ရုံးကအဆောင်ပေးထားတယ်၊ နှစ်ယောက်ခန်း၊ အဲမှာ လွတ်လွတ်လပ်လပ်တည်း လို့ရတယ်၊ သွားနေကျဆိုတော့ ပြသနာမရှိဘူး၊ ရုံးချုပ်ကလူတွေနဲ့လည်းခင်နေပြီ၊ ကျွန်တော်အဲလောက် တော့ပိုင်ပါတယ်၊ ဒီအတိုင်းဆိုရင်တော့ ဟောင်ကောင်မှာဟိုတယ်မှာတည်းဖို့က သိတဲ့အတိုင်းပဲ၊ ဈေးက မြောက်တက်နေတာလေ”

“အင်း အစ်ကို စိတ်တော့ဝင်စားတယ်၊ ဟောင်ကောင်ကိုလည်းမရောက်ဖူးသေးဘူး”

“ကျွန်တော်လည်းရောက်ရင်လည်း ဟိုဟိုဒီဒီလည်တာတစ်ခါမှမရှိသေးပါဘူး၊ ဟိုနားဒီနားလောက်ပဲသွား နေကျ၊ အစ်ကိုလိုက်မယ်ဆိုရင်တော့ သွားချင်တယ်၊ ဟန်းနီးမွန်းလည်းဖြစ်သွားတာပေါ့”

“အေးကွာ လိုက်မယ်ကွာ၊ မရရအောင်ကြိုးစားလိုက်မယ်”

ထို့နောက် ဗီဇာတင်ဘာညာနှင့် နောက်ဆုံးတော့ အစ်ကိုနှင့်ကျွန်တော် နိုင်ငံခြားခရီးထွက်ခွင့်ရခဲ့လေ သည်။ ပထမဆုံးသော နိုင်ငံခြားခရီးဖြစ်သကဲ့သို့ ပျော်စရာအကောင်းဆုံးအခိုက်အတန့်ဟုလည်းထပ်မံ ဝန်ခံရပါမည်။

“အင်း ပြောကြည့်ပါဦး၊ အချစ်သက်သေထူတဲ့နေရာဆိုတာ”

“လာ အစ်ကို၊ ကျွန်တော်ပြမယ်”

အမှန်တော့ The peak ကို ကျွန်တော်လည်းမရောက်ဖူးပါ။ အစ်ကိုနှင့်မှ ပထမဆုံးရောက်ဖူးခြင်းဖြစ်လေ သည်။ သို့သော်လည်း သွားဖူးထားသူများပြောပြထားပြီးသားမို့ အစ်ကို့ကိုဆရာလုပ်၍ရခြင်းပင်။ တ ကယ်တော့ တစ်နေရာရာသို့သွားမည်လာမည်ဆိုပါက အစ်ကိုက အင်တာနက်တွင်မွှေနှောက်ရှာဖွေပြီး လေ့လာစုံစမ်းပြီးကာ ဦးဆောင်လမ်းပြနိုင်သူလည်းဖြစ်လေသည်။

ဟောင်ကောင်နှင့်ရန်ကုန်ကို အချိန် ၃ နာရီနှင့် မိနစ် ၂၀ အတိ လေယာဉ်စီးခဲ့ရသည်။ မနက် ၁ နာရီ (ရန်ကုန်အချိန်) လေယာဉ်စီးကာ ဟောင်ကောင်သို့ မနက်မိုးလင်းအစောကြီးအချိန်တွင်ရောက်သည်။ နှစ်ယောက်သားခဏအနားယူပြီး The peak ကိုလာခဲ့ကြသည်။ တနင်္ဂနွေမို့ လူသွားလူလာများမည်ဟု ယူဆကာ လူကျဲမည့်အချိန်ကိုတွက်ဆလာခဲ့ကြခြင်းပင်။ ကျွန်တော်က တနင်္လာမှ စတင်ကာ သောကြာ အထိ သင်တန်းတက်ရမည်။ သို့သော်လည်း သင်တန်းချိန်က နေ့လည် ၁၂ နာရီအချိန်အထိသာ။ သင် တန်းအပြီး ရုံးချုပ်ကစီစဉ်ပေးသည့် နေ့လည်စာကိုစားကာ တည်းမည့်နေရာသို့ပြန်ကြရမည်ဖြစ်သော် လည်း ကျွန်တော်ကတော့ နေ့လည်စာကိုမစားတော့ဘဲ အစ်ကိုနှင့်အတူလျှောက်သွားရန်ဆုံးဖြတ်ထား ပြီးဖြစ်သည်။ ရန်ကုန်ရုံးရော ဟောင်ကောင်ရုံးချုပ်ကပါ ဆန်းနေရောင်ဆိုလျှင် ပွဲပြီးမီးသေမို့ အလိုလိုက် အကြိုက်ဆောင်ကာ ချစ်ကြသည်မှာ ကံကောင်းခြင်းတစ်ပါးပင်။

“ဒီမှာတွေ့လား ကိုယ်ချစ်တဲ့သူကိုပြောချင်တဲ့စကားတွေကိုရေးပြီး ချိတ်ဆွဲထားခဲ့ကြတာ”

အဆောက်အဦ၏တစ်နေရာတွင် အသည်းပုံသုံးထပ်ဖြင့်ပြုလုပ်ထားသော ဧရိယာကြီးရှိပါသည်။ ထိုအ သည်းပုံထဲတွင် သံကြိုးမျှင်များဖြင့် တန်းကလေးများအထပ်ထပ်ပြုလုပ်ထားကြပြီး ထိုတန်းများပေါ် တွင် စာရေးချိတ်ဆွဲထားကြသည့် ချစ်သူသိဖို့ခံစားချက်များကိုတွေ့ရသည်။ ကျွန်တော်တို့လက်မှတ်ဝယ်စဉ်က ပင်ရထားသည့် အသည်းပုံကပ်ထူပြားကလေးကိုဖြန့်ကြည့်လိုက်သည်။ အသဲပုံကနှစ်ခေါက်ခေါက်ထား ခြင်းဖြစ်၍ အစတုန်းကတော့သတိမထားမိခဲ့။ အသဲတစ်ခြမ်းကို ပုံမှန်အသဲဖြစ်စေရန်ဖြန့်လိုက်သည့်အခါ တွင်တော့ စာရေးသားရန် အဖြူရောင်စာမျက်နှာလေးကိုတွေ့ရသည်။ အသဲပုံ၏အပေါ်ဖက်အလယ် တည့်တည့်တွင် အပေါက်ငယ်ကလေးတစ်ပေါက်ရှိပြီး ထိုအပေါက်ကိုဖြတ်၍ ရွှေရောင်ကြိုးလေးတစ် ချောင်းလည်းချည်ထားလေသည်။

“အစ်ကို့အတွက် ကျွန်တော်စာရေးချင်တယ်”

ပါလာသော ဘောလ်ပင်ကိုထုတ်ကာ “I love you forever သဲကြီး” ဟုရေးသားလိုက်လေသည်။ ကျွန်‌ တော်ရေးသည့်စာကို သူကဖတ်ရင်းမျက်မှောင်တစ်ချက်ကျုံ့သွားသည်။

“ဘာလဲ သဲကြီး”

“အစ်ကိုက ကျွန်တော့အသဲကြီးလေဗျာ၊ ခင်ဗျားကြီးကိုတင်စားတာပေါ့”

“အေးပါ၊ အေးပါ သဘော သဘော”

ကျွန်တော့လက်ရေးဖြင့်ရေးထားသော ထိုအသံပုံကို အသဲပုံသုံးထပ်ကြီးထဲတွင်သွားရောက်ချိတ်ဆွဲလိုက် သည့်အခါ အလှဆုံးသောချိတ်ဆွဲမှုဖြစ်သွားလေသည်။

The peak ကို Victoria Peak ဟုခေါ်ဆိုကြပြီး ဟောင်ကောင်ကျွန်း၏ အနောက်ဖက်ခြမ်းတစ်ဝက်ပေါ် တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ အော်စတင်းတောင် (Mount Austin) ဟုလည်းတည်ရှိရာတောင် ကိုခေါ်ဆိုကြပြီး ပေပေါင်း ၁၈၀၀ ခန့်မြင့်သောနေရာဖြစ်သည်။ ထိုနေရာမှနေ၍ ဟောင်ကောင်၏ခမ်း နားထည်ဝါမှုများကို အပေါ်စီးမှကြည့်နိုင်မည်ဖြစ်သည်။ တောင်နှစ်တောင်ကြားမှ ထိုးထွက်နေသော မိုး မျှော်တိုက်ကြီးမား၊ ခမ်းနားသေသပ်စွာတည်ဆောက်ထားသော ဗိသုကာလက်ရာများ၊ မြို့ပြဆန်လွန်း သော ပတ်ဝန်းကျင်များနှင့် ကျွန်းဟိုတစ်စု ဒီတစ်စုတွင်တည်ဆောက်ထားသော လူနေတိုက်ခန်း၊ ရုံးခန်း များကို အံမခန်းမြင်တွေ့ရလေသည်။

“ညဖက်ဆိုရင် ပိုလှတယ်လို့ပြောတယ်”

“ညီက မရောက်ဖူးဘူးလား အရင်က”

“ဟင့်အင်း၊ ကျွန်တော်ဘယ်ကိုမှမသွားဖူးဘူး၊ ရုံးဘေးက ကော်ဖီဆိုင်နဲ့အဝတ်အစားတန်းနဲ့တင်အချိန် ကုန်နေခဲ့တာ၊ အစ်ကိုနဲ့ကျမှ နေရာစုံအောင်လျှောက်ကဲဖို့ဆုံးဖြတ်ထားတယ်”

“ကောင်းပြီလေ”

The peak ကိုလာရန်အတွက် နေသန်လမ်း (Nathan Road) ပေါ်မှ MTR အနီရောင်လိုင်း (Central Line Red) ကိုစီး Tsim Sha Tsui ဘူတာ ထွက်ပေါက် ၆ ကိုထွက်ကာ ဖယ်ရီကားကိုစောင့်စီးရသည်။ သို့သော် လမ်းလျှောက်၍လည်းရပါသည်။ ကျွန်တော်တို့ကတော့ ဖယ်ရီစီးကာ လက်မှတ်ကိုလည်း ဈေးပိုကြီး သည့် ဟောင်ကောင်ဒေါ်လာ ၈၃ တန်ကိုဝယ်ဖြစ်ကြသည်။ သူက တောင်ပေါ်ကနေ ၃၆၀ မြင်ကွင်းနဲ့ တစ်မြို့လုံးကိုလှမ်းမြင်နိုင်သည်တဲ့လေ။ အစ်ကို၏ ငွေကိုင်ပုံသုံးပုံကိုတော့ ထိုနေရာတွင် သဘောအကျ ဆုံးဖြစ်သည်။

“ဒါသုံးသင့်တဲ့နေရာရောက်သွားပြီလေ၊ ပိုက်ဆံကသုံးသင့်တဲ့နေရာသုံးရတယ်ညီရဲ့၊ မဖြုန်းတော့မဖြုန်း နဲ့ပေါ့၊ အခုခရီးထွက်လာတာ ခြွေတာရေးလုပ်ဖို့မဟုတ်ဘူး၊ လိုချင်ဝယ်ချင်စားချင်တာတွေစားသောက် လည်ပတ်ကြမယ်၊ ဒေသန္တရာဗဟုသုတရှာမှီးကြမယ်၊ လိုချင်တာမဟုတ်တဲ့ လိုအပ်တာတွေဝယ်ကြမယ်၊ ညီ စိတ်တိုင်းကျ ကြိုက်တာလုပ်”

ခရီးအတွက် ကျသင့်နိုင်သည့်ငွေပမာဏထက် နှစ်ဆပိုသောငွေကို နှစ်ယောက်သားစုဆောင်းကြပြီး ဘုံ ငွေအဖြစ်သတ်မှတ်လိုက်သည်။ ထို့နောက် ရထားခ၊ ဝင်ကြေး၊ အစားအသောက်စရိတ်များကို စာအုပ် တစ်အုပ်ထဲမှတ်ကာ သေသေသပ်သပ်စာရင်းလုပ်ထား၏။

“ရန်ကုန်က ဝေယံမင်းထင်ရဲ့ အယူအဆနဲ့ ဟောင်ကောင်က ဝေယံမင်းထင်ရဲ့အယူအဆ ဆန့်ကျင်ဘက် နီးပါးကိုကွာတာနော်”

“သောက်ကလေး လူကြီးကိုနော်”

“မဟုတ်လို့လား၊ အစ်ကို့ကိုကြည့်ရတာ အစ်ကိုမဟုတ်သလိုပဲ”

“အော် ညီရယ်၊ ညီပျော်ရွှင်စေဖို့အတွက်ပါ”

သူက ကျွန်တော့ပခုံးကို စိတ်လိုလက်ရဖက်သည်။ လမ်းလျှောက်လျှင်လည်း လက်ကိုမထိတထိလာကိုင် လေသည်။ သူ့ထူးဆန်းမှုများကြားထဲ ကျွန်တော်သည် သာယာအရည်ပျော်ဝင်သွားခဲ့တော့၏။ လူကြား သူကြားထဲသွားလျှင် ကျွန်တော် သူ့ပခုံးကိုဖက်ကြည့်သည်။ သူက ငြိမ်သက်စွာပင်အဖက်ခံပါသည်။ ရန် ကုန်တွင်ဆိုပါက “ပူတယ်” ဟုတစ်မျိုး။ “ဘယ်လိုဖြစ်နေလဲ သူများတွေမြင်ရင်မကောင်ဘူး” ဟုတစ် သွယ်ပြောဆို၍ လမ်းအတူလျှောက်လျှင်ပင် ယှဉ်၍မလျှောက်ဖြစ်တော့။

“ဘာလုပ်နေတာလဲ လာ” ဟု သူခေါ်မှ သူနှင့်ယှဉ်လျှောက်တော့သည်။ များသောအားဖြင့်တော့ သူ့အ နောက်မှ ထပ်ကြပ်မကွာလိုက်လျှောက်ဖြစ်ပါသည်။ ဟောင်ကောင်ရောက်သောအခါတွင်တော့ ထိုအရာ များအဝေးသို့လွှင့်သွားခဲ့လေပြီ။

The Peak မှ ပြန်လာပြီး ဘုရင်မလမ်းအရှေ့ဘက်ခြမ်း (Queens Road East) ရှိ ဆိုင်တန်းများဆီကိုသွား ဖြစ်ကြပါသည်။ လမ်းဘေးနေ့လည်စာ စားကောင်းသည့်ဆိုင်အများသာမို့ ထိုနေရာသို့သွားဖြစ်အောင် သွား ဟု အစ်ကို့ရုံးက သူငယ်ချင်းများကမှာလိုက်သည်တဲ့လေ။

“ချစ်သူနဲ့သွားမယ်လို့ အစ်ကို့ရုံးကိုပြောခဲ့တာလား”

“ဒါပေါ့”

“ဟားဟား လျှောက်ပြောနေတယ် ကိုဝေယံမင်းထင်၊ ခင်ဗျားလားအဲလိုပြောမှာ”

ကျွန်တော် နောက်တော့ သူက မျက်စောင်းလှမ်းထိုးပါသည်။ Queens Road East ရှိ ကျွန်တော်တို့ လျှောက်သောလမ်းတစ်လျှောက်တွင် အရာရာလှပနေပါသည်။ အစ်ကို့လက်ကို ကျွန်တော်ဆုပ်ကိုင်၍ လျှောက်ခွင့်ရရှိခဲ့၍ပင်။ ပထမ ပခုံးကိုမသိမသာဖက်သည်။ ထို့နောက်ပေါ်တင်ဖက်၍ လမ်းလျှောက်ကြ သည်။ ထို့နောက် သူ့လက်ကိုဖွဖွလေးဆုပ်ကိုင်ပြီးလျှောက်ကြည့်သည်။ ဆိုင်အတော်များများကိုဖြတ်ပြီး သည့်အခါတွင်တော့ ဆန်းနေရောင် သူ့လက်ကိုဆုတ်ကိုင်၍ ကြွားကြွားဝံ့ဝံ့လျှောက်နေသူတစ်ဦးဖြစ်မှန်း မသိဖြစ်သွားခဲ့လေသည်။

ထိုအခိုက်တွင် ကမ္ဘာပေါ်တွင်အကျေနပ်ဆုံးသောလူသားတစ်ဦးကိုလိုက်ရှာနေပါက ကျွန်တော်ပင်ဖြစ် ပါ လိမ့်မည်။ ခြေတောက်ညောင်းပါက နှိပ်နယ်ရန် ထိုင်းရိုးရာအနှိပ်ဆိုင်များ၊ တရုတ်ရိုးရာအနှိပ်ခန်းများကို လည်းတွေ့ရလေသည်။

နေ့လည်စာအတွက် ကြီးကျယ်ခမ်းနားမှုမရှိသည့် လမ်းဘေးဆိုင်ငယ်တစ်ဆိုင်ကိုရွေးချယ်ခဲ့ကြပါသည်။ တရုတ်လိုရေးသားထားသောမီနူးများကိုကြည့်ကာ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်မိကြလေ သည်။ အင်္ဂလိပ်လိုရေးသားထားသည့်မီးနူးကိုတောင်းတော့မှ ဆိုင်ရှင်ကထုတ်ပေးလေ၏။ ဟောင်ကောင် သည် ဘာသာစကားနှင့်ပတ်သက်၍ ဆက်သွယ်ပြောဆိုရခက်ခဲသည့်နိုင်ငံမဟုတ်ခဲ့ပါ။ အင်္ဂလိပ်လိုပြော ဆိုမှုများကိုလည်းနားလည်သည့်နေရာများ၍ လည်ရပတ်ရရာတွင်အခက်အခဲမရှိ။

“ထမင်းနဲ့ဟင်းတွဲ ရက်ကိုပဲမှာလိုက်မယ်၊ လူနည်းနည်းများတယ်ဆိုတော့လေ၊ ပြီးမှ လမ်းမှာနောက်ထပ် တွေ့တာထပ်စားကြတာပေါ့၊ အဆင်ပြေလား”

“ဟုတ်”

ဝက်သားကိုခပ်စပ်စပ်ကြော်ထားပြီး အာလူး၊ ပိန်းဉ ဆီပြန်ဟင်းနှင့်ရောထားသည့်ထမင်းပွဲကို ကျွန် တော့အတွက် အစ်ကိုကမှာပေးပါသည်။ သူ့အတွက်က အခေါက်ကင်၊ မုန်ညင်းပြုတ်နှင့်ရောထားသည့် ထမင်းပွဲဖြစ်သည်။ တရုတ်တို့၏ထုံးစံအတိုင်း အချိုကဲလိမ့်မည်ဟုထင်ထားခဲ့သော်လည်း တကယ်တမ်း စားကြည့်သည့်အခါ အရသာအင်မတန်ကောင်းလှသည်။ မြန်မာလူမျိုးနှင့်အနီးစပ်ဆုံးချက်ထားသော လက်ရာများဟုပင်ဆိုရပေမည်။ ရေတစ်ဘူးနှင့်ထိုထမင်းနှစ်ပွဲကို ဟောင်ကောင်ဒေါ်လာ ၈၀ ပေးရသည်။

“အစ်ကို”

“အင်း”

“ကျွန်တော် လက်ကိုင်တာကိုဘာလို့ငြိမ်နေတာလဲ၊ လူတွေအများကြီးရှိနေတာတောင်လေ၊ ရန်ကုန် မှာဆိုရင်တော့လည်း အပြောအဆိုခံရလောက်ပြီ”

“အော် ညီရယ်၊ ဒါက ရန်ကုန်မဟုတ်ဘူးလေ၊ ဟောင်ကောင်လေ ဟောင်ကောင်၊ ဒီမှာ အစ်ကိုတို့ကိုပြော မယ့်သူမရှိဘူး၊ သိတဲ့သူမရှိဘူးလေ”

“ဘယ်ပြောလို့ရမလဲ၊ အသိတစ်ယောက်ယောက်ဟောင်ကောင်ရောက်နေလို့တွေ့သွားရင်ကော”

“အဲတော့လည်း တွေ့ပလေ့စေပေါ့ကွာ၊ ရောက်တုန်းရောက်ခိုက် လွတ်လွတ်လပ်လပ်ချစ်ကြမယ်၊ ကဲကြ မယ်လေ ညီရ”

“ဟား”

သူ့အပြုအမူ အပြောအဆိုများအောက်တွင် ကျွန်တော်သေဆုံးသင့်ပြီ။ ဝေယံမင်းထင်မဟုတ်သော နောက်ထပ်ဝေယံမင်းထင်တစ်ယောက်အဖြစ်တွေ့ရသည်ဆိုသော်လည်း အစ်ကို၏ ပကတိ ကျွန်တော့ အပေါ်ချစ်ခြင်းကို ရာနှုန်းပြည့်မြင်လိုက်ရခြင်းပင်။ ထို့နောက်။

>>>>>