(၁၆)
ခရီးအတူသွားလျှင်လည်း ကတောက်ကဆဖြစ်ခဲ့သည့်သာဓကရှိခဲ့သည်။ နှစ်ယောက်သား၏ အပြုအမူ တစ်ချို့အား ပတ်ဝန်းကျင်ကသတိထားမိပါကလည်း အမြင်မတော်ခြင်းများရှိနိုင်မည်။ ဟိုဟိုဒီဒီသွားလာ ၍လည်း အမြဲတမ်းတော့မကောင်း အစရှိသည့်အကြောင်းပြချက်များအပြင် သူနှင့်အေးအေးလူလူအချိန် ကုန်ချင်၍ ထိုတိုက်ခန်းကို ကျွန်တော်အရစ်ကျစနစ်ဖြင့် ဝယ်ယူဖြစ်ပါသည်။
ခြောက်လခန့်အချိန်ယူပြီးပြင်ဆင်ခဲ့ရပါသည်။ ငါးနှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သည့် အဆိုပါတိုက်ခန်း တွင် သူနှင့် ကျွန်တော့ဓါတ်ပုံများ၊ အမှတ်တရအချို့ကိုအလှဆင်ဖြစ်ခဲ့သည်။ ဉပမာအားဖြင့် သူနှင့် ကျွန်တော် ငွေလှူခဲ့သည့် သံဃာ့ဆေးရုံတွင်ရိုက်ထားသော အမှတ်တရဓါတ်ပုံ၊ သူနှင့်အတူကြည့်ခဲ့သည့် ရုပ်ရှင်လက်မှတ်များကို နံရံတွင် စီရရီကပ်ထားဖြစ်သည်။ ထို့နောက် ဘုရားစင်၊ မွေ့ရာထူထူ၊ ရေခဲသေ တ္တာ အစရှိသည့် ဗာရီဟပစ္စည်းများကို တစ်ခုချင်းဝယ်စုထားခဲ့သည်။
“အစ်ကို့ ကို ကျွန်တော်တစ်ခုပြစရာရှိလို့”
နှစ်ယောက်သားအေးအေးလူလူနေ၍ ရနိုင်သည့်အနေအထား၊ ကျွန်တော့စိတ်တိုင်းကျအနေအထားသို့ ရောက်သည့်အခါတွင်တော့ ထိုတိုက်ခန်းကလေးဆီ သူ့ကိုခေါ်သွားခဲ့ပါသည်။ အိမ်ထောင်တစ်ခုတည် ထောင်ရန်အတွက်လိုအပ်သည့် ပစ္စည်းအသေးစားများကိုတော့ ထိုတိုက်ခန်းတွင်မထားဖြစ်ပါ။ ကျွန် တော်တို့နှစ်ယောက်အားလပ်ရပ်တွင် ခဏတာအပန်းဖြေအနားယူရန်လုံလောက်သည့်အဆင့်အနေ အ ထားအဖြစ်သာ ဖန်တီးထားခြင်းပင်။
အခန်းတံခါးသော့ဖွင့်ပြီးသည့်အခါ ကျွန်တော်စိတ်တိုင်းကျပြင်ဆင်ထားသည့်အခန်းကို သူမြင်လိုက်ရ မည်။ အခန်းခပ်ကျယ်ကျယ်တွင် (အခန်းဖွဲ့ထားခြင်းမရှိပါ) မွေ့ယာနှင့်ခေါင်းအုံးနှစ်လုံး၊ စောင်တစ်ထည်၊ ဖက်ခေါင်းအုံးတစ်လုံးကိုတွေ့ရမည်။ နံရံပေါ်တွင် နှစ်ယောက်သား၏ ဓါတ်ပုံများတွေ့ရမည်။ ဝင်ဝင်ချင်း နေရာနံရံတွင် နံရံကပ်ဘုရားစင်ကိုတွေ့ရမည်ဖြစ်ပြီး ကြည်ညိုဖွယ်ရာဆင်းတုတော်တစ်ဆူကိုတွေ့ရ မည်ဖြစ်သည်။ ဗေဒင်မယုံတတ်သည့် ကျွန်တော်က သူ့ကြောင့်ဗေဒင်သွားမေးခဲ့သည်။
“နေ့နံက သိပ်မကိုက်ဘူး၊ ရေရှည်အဆင်ပြေမှာမဟုတ်ဘူး”
ဗေဒင်ဆရာ၏ ဟောပြောမှုများက စိတ်ညစ်စရာတိုးလာခဲ့သည်။ သို့သော်လည်း ယတြာကောင်းကောင်း လုပ်၍ရသည်တဲ့။
“ယတြာကောင်းရင် မင်းလောင်းတောင်ဖြစ်တယ်မလား၊ စိတ်မပူနဲ့၊ ရာသက်ပန်လက်တွဲလို့ရတဲ့နည်း လမ်းရှိပါတယ်၊ နေ့နံကိုတည့်အောင်လုပ်လို့ရပါတယ်၊ အခြားမဟုတ်ဘူး၊ ဘုရားတရားလုပ်တဲ့နည်းလမ်း ပေါ့၊ ဘုရားတရားလုပ်ပြီး နှစ်ယောက်သားရဲ့ လာမယ့်ကံကြမ္မာဆိုးတွေကိုပယ်ဖျောက်၊ လာဘ်တွေကို ပွင့်သွားအောင် လုပ်နိုင်မှာပါ၊ ဆိုတော့ နှစ်ယောက်သားနေ့နံပါတဲ့ ဆင်းထုတော်တစ်ဆူကိုထုရမယ်၊ ငါ့ ညီရဲ့မွေးနေ့နံပါတဲ့သစ်သားနဲ့ သူ့ရဲ့မွေးနေ့နံပါတဲ့သစ်သားနှစ်ခုကိုပေါင်းစပ်ပြီး ဆင်းထုတော်ထုပြီးကိုး ကွယ်ရမှာဖြစ်ပါတယ်၊ တစ်ယောက်ရဲ့ကိုယ်စားပြုနံက ပလ္လင်ဆိုရင် နောက်တစ်ယောက်ရဲ့ကိုယ်စားပြု နံက ဆင်းထုတော်ပေါ့၊ အဲဒါလေးသွားလုပ်ပြီး အနေကဇာတင်ပြီး နှစ်ယောက်နေမယ့်နေရာမှာကိုးကွယ် ထားရင်အဆင်ပြေပါပြီ”
ရွှေတိဂုံဘုရားဇောင်းတန်းဆီကိုသွားတာ ဆင်းထုတော်ထုခဲ့သည်။ တစ်ပတ်ကြာသည့်အခါတွင်တော့ ဘုရားကျောင်းဆောင်ခပ်သေးသေးထဲ ထိုဆင်းထုတော်ကိုထည့်ထားက အနေကဇာတင်နိုင်ခဲ့ပါသည်။
“ဘုရားပန်းထိုးရင်လည်း ငါ့ညီရဲ့မွေးနေ့နံကိုယ်စားပြုအရွက်နဲ့ သူ့မွေးနေ့နံကိုယ်စားပြုပန်းတို့အရွက်တို့ ကို ရောပြီးထိုးပါ၊ ဒါက လူနှစ်ယောက်ပေါင်းပြီးကုသိုလ်ပြုလိုက်တဲ့သဘောပဲ၊ အကျိုးသက်ရောက်မှုက သူတို့နှစ်ယောက်ရမှာဖြစ်ပြီး ကောင်းမှုကြောင့် အညံ့တွေပျောက်ကင်းစေမယ့်နိမိတ်လက္ခဏာဖြစ်ပါ တယ်”
ထူးခြားသည်မှာ သူရောကျွန်တော်ရော နာမည်အစများမှာ မွေးနေ့နံနှင့်ကိုက်၍ မှည့်ထားခြင်းမဟုတ်ပေ။ ကျွန်တော်က စနေသားဖြစ်ပြီး ဆန်းနေရောင်ဆိုသောနာမည်၌ အလယ်စာလုံး “နေ” ကိုယူမှတ်ထားခြင်း ဖြစ်သည်။ သူ့ကချင်နာမည်တွင်တော့ မွေးနေ့နံနှင့်ကိုက်ကြောင်းကိုက်နိုင်သော်လည်း ဝေယံမင်းထင်ဟု မြန်မာနာမည်ပေးထားသည့် သူကတော့ သောကြာသားဖြစ်လေသည်။ ထို့ကြောင့် သောကြာနံသီဟိုဠ် သားနှင့်စနေနံထိန်သားတို့ပေါင်းစပ်ကာ ဆင်းထု တော်ထုရသည်။ ဘုရားပန်းကို ဒန်းညွှန့်နှင့်သီဟိုညွှန့် ရှာ၍ထိုးထားရသည်။ ရေရှည်ခံသည့် သပြေပန်းလည်း သူ့နေ့နံအဖြစ်ရှာရလွယ်သော်လည်း ကျွန်တော့ မွေးနံဖြစ်သည့် ဒန်းညွှန်းကတော့ အနည်းငယ်ရှာရခက်လေသည်။
သူ့ရုံးနှင့် ကျွန်တော့ရုံးအလယ်ဝန်းကျင်တွင်ရှိသည့် ထိုတိုက်ခန်းသည် ပုဇွန်တောင်ဈေးနှင့်အတော်နီး လေသည်။ တိုက်ခန်းဆီရောက်တိုင်း ပုဇွန်တောင်ဈေးတစ်ဝိုက် သူ့မွေးနေ့နံနှင့် ကျွန်တော့မွေးနေ့နံ ကိုက်သည့်ဘုရားပန်းများကိုလိုက်ရှာဝယ်ရသည်မှာအမော။ သူနှင့်အဆင်ပြေစေရန်ဟူသည့်အတွေးများ ဝင်လာသည့်အခါတွင်တော့ ထိုအမောများသည် တစ်ယောက်ယောက်ကဆွဲနုတ်ယူငင်ပစ်သလိုပျောက် ခြင်းမလှပျောက်သွားခဲ့လေသည်။
“ဘယ်လိုပတ်သက်လို့လဲ သူနဲ့က”
ဗေဒင်ဆရာက မေးသောအခါ ဖြေရအနည်းငယ်ခက်သွားခဲ့သည်။ အသက် (၄၀) ကျော်အရွယ်မို့ သူက ကျွန်တော်တို့ကိုနားလည်ရခက်မည်ကိုစိုးရိမ်ခြင်းပင်။
ကျွန်တော်ကတော့မရှက်ခဲ့ပါ။
“ကျွန်တော့ချစ်သူပါ”
“ဟေ”
“ဆရာ ထူးဆန်းနေလို့လား”
အတန်ကြာစဉ်းစားပြီးမှ ဗေဒင်ဆရာက ခေါင်းတညိတ်ညိတ်လုပ်ကာ သေသေချာချာတွက်ချက်ပေး လိုက်သည်။ ယတြာကိုလည်း ပုံမှန်လုပ်ရန် တိုက်တွန်းခဲ့သည်။
“အေးကွာ အခုခေတ်ကလေးတွေ ထူးထူးဆန်းဆန်းတွေသိပ်လုပ်ကြတယ်၊ အေးလေ မထူးတော့လည်း မထူးဆန်းတော့ပါဘူး”
“ကဲ အိုအောင်မင်းအောင် ပေါင်းရပါစေကွာ” ဟူသည့် သူ့ဆုတောင်းပေးမှုက ကျွန်တော်သဘောအကျ ဆုံးဖြစ်လေသည်။ ထိုတိုက်ခန်းကို ခြောက်လကြာအချိန်ယူပြင်ဆင်ပြီးသည့်နောက်တွင်တော့ ရှင်းလင်း သပ်ရပ်သောအခန်းလေးတစ်ခန်းဖြစ်ခဲ့သည်။
“မနေတာကြာပြီဆိုတော့ ဖုန်တွေထနေလောက်ပြီ၊ အိမ်ငှားလည်းမတင်ဖြစ်ဘူး၊ မင်းဝယ်မယ်ဆိုလို့သာ ရောင်းဖို့ဆုံးဖြတ်လိုက်တာ၊ အခန်းသန့်ရှင်းရေးကို အချိန်ယူပြီးသေချာပြင်ဆင်လုပ်ပေါ့၊ နေရာကတော့ မဆိုးဘူးကွ၊ ငါလည်းရောင်းမယ်ရောင်းမယ်နဲ့လုပ်နေတာကြာပြီ၊ အခုမှ မင်းနဲ့စကားစပ်မိတာ၊ အချင်း ချင်းဆိုတော့ အဆင်ပြေသလိုပေါ့၊ အရစ်ကျပေးဖို့ကတော့ငါ့ဘဏ်အကောင့်တစ်ခုပေးထားမယ်၊ လတိုင်း အဲဒီအထဲကိုထည့်ပေးရုံပဲသားကြီး၊ မင်းနဲ့ငါနဲ့ကသိပ်ပြောစရာမလိုပါဘူး”
သူငယ်ချင်းအခန်းမို့ သိပ်ပြသနာမရှိ။ ငွေရေးကြေးရေးလည်းသိပ်ပြောစရာမလိုခဲ့။ သူငယ်ချင်းက ကျွန် တော်နှင့်ပေါင်းခဲ့သည်မှာဆယ်စုနှစ်တစ်ခုရှိခဲ့ပြီး သူ့အိမ်ကိုယ့်အိမ်လည်းသိသည့် အရင်းအနှီးဆုံးများဖြစ် လေသည်။ ကျွန်တော့အကူအညီအများကြီးလည်း သူ့ကိုပေးထားဖူးသည့်အခါ အရာရာအဆင်ပြေချော မွေ့ခဲ့တော့၏။
“အစ်ကိုနဲ့ ကျွန်တော် နေဖို့ စီစဉ်လိုက်တာ”
သူ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ အံအားသင့်သွားသည်ကိုတော့ ကျွန်တော်မြင်လိုက်ပါသည်။ သို့သော်လည်း ကျွန်တော့အစီအစဉ်ကိုသူသဘောမကျခဲ့။
“ညီရယ် ဘာလို့လုပ်လိုက်တာလဲ၊ ဘာလုပ်တာလဲ”
“ခရီးသွားရင်ပိုက်ဆံကုန်တယ်လို့အစ်ကိုပြောတယ်လေ၊ ဟိုသွားဒီသွားလည်းမသွားချင်ဘူးဆို၊ အပြင်မှာ လည်းနေပူတယ် လူမြင်တယ်၊ ဒီနည်းလမ်းကအကောင်းဆုံးပဲလေအစ်ကိုရ”
“ပိုက်ဆံတွေမဟားတရားကုန်တော့မှာပဲ၊ နင်ကလေ တစ်ခုခုဆိုမတိုင်ပင်ပဲလုပ်ချင်ရာစွတ်လုပ်တော့ တာပဲ”
“အစ်ကို့ကိုတိုင်ပင်ရင်ဖြစ်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်ဘာသာကိုယ်စီစဉ်လိုက်တာ”
“ပြော ပိုက်ဆံဘယ်လောက်တောင်ကုန်သလဲ”
“ဘယ်လောက်မှမကုန်ပါဘူးဗျာ၊ ငါးနှစ်အရစ်ကျဝယ်ထားတာပါ၊ တစ်လချင်းဆိုတော့သိပ်မပေးရဘူး၊ အတိုးလည်းမရှိဘူး၊ ကျွန်တော်တို့ရမယ့် အကျိုးရလာဒ်က တန်ဖိုးဖြတ်လို့ရတာမဟုတ်ဘူးလေ”
“အေး နင်ကလေ ဒါပဲ၊ ဒီစိတ်နဲ့ပဲသေမှာပဲ”
“အဲလိုကြောင့်မဟုတ်ပါဘူးအစ်ကိုရာ၊ ဟိုသွားဒီသွားလည်းမလုပ်ချင်လို့ပါဆို၊ ပိတ်ရက်တွေဆိုရင်လည်း ချိန်းတွေ့နေမယ့်အစားဒီကိုလာပြီး ကိုယ်စားချင်တာချက်စားကြမယ်၊ နားနားနေနေ နေကြမယ်၊ အေး အေးလူလူအိပ်ကြမယ်၊ နောက်နေ့ အိမ်မပြန်ဘဲအလုပ်တန်းသွားမယ်ဆိုရင်လည်းအဆင်ပြေတယ်၊ ဟော အလုပ်မှာ ခေါင်းကိုက်ဖင်နာတာရှိလို့ အိမ်ပြန်ရတာဝေးရင် ဒီမှာလာနားလို့ရတယ်လေ၊ ကဲ ဘာလိုသေး လဲ အစ်ကို၊ ဘယ်လောက်တောင်ကောင်းလိုက်သလဲ”
“နင် လုပ်ချင်တာလုပ်ပြီးပြီမှလား”
“အစ်ကိုကလည်းဗျာ”
သူ့ကိုသိုင်းဖက်လိုက်ကာ မွေ့ရာအသစ်ဆီသို့ပေးထိုင်လိုက်၏။ သူက ကျွန်တော့ကို စနစ်တကျဖြစ်စေ ချင်သည်။ ငွေကြေးသုံးစွဲမှု၊ ဝတ်စားဆင်ယင်မှု အစရှိကာအရာအားလုံးကိုစမတ်ကျစေချင်သည်။ ကားဆီ ဖိုးကအစ တစ်နေ့တာအသုံးစရိတ်များအားလုံးကို စစ်စစ်စီစီဖြစ်စေချင်သည်။
“ကျွန်တော်ဝယ်လိုက်တယ်ဆိုပေမယ့် အစ်ကို့အိမ်လည်းဖြစ်တယ်၊ အစ်ကိုနဲ့ကျွန်တော်တို့ရဲ့နှစ်ယောက် တည်းသီးသန့်ကမ္ဘာလေးလည်းဖြစ်တယ်လေ၊ လုပ်စရာတွေအများကြီး အများကြီးရှိသေးတယ်ဗျာ၊ အိမ် တွင်းအခန်းအပြင်အဆင်တွေ၊ ပရိဘောဂပစ္စည်းတွေကို ဖြည်းဖြည်းချင်းထည့်ကြမယ်”
“ဆန်းနေရောင်ရယ် နင်ကတော့လေ၊ ငါလုပ်မိရင်မကောင်းရှိတော့မယ် သောက်ကလေး”
“ကလေးမဟုတ်ဘူး လူကြီးဗျ၊ လူကြီးမို့လို့ အခုလိုစီစဉ်တာ”
သူငြိုငြင်ဟန်ပြသော်လည်း ကျေနပ်ပုံရပါသည်။
ထိုအိမ်ကလေးသည် ကျွန်တော်တို့နှစ်ဦးအားလပ်ရက်အတွင်းနားခိုရာနေရာလည်းဖြစ်ပါသည်။ သို့သော် လည်းစိတ်တိုင်းကျသလားဟုမေးလာပါက ရာနှုန်းပြည့်စိတ်တိုင်းမကျနိုင်ပါ။ ကျွန်တော့အလုပ်က စနေ၊ တနင်္ဂနွေပိတ်သော်လည်း သူ့အလုပ်က တစ်ခါတစ်ရံမှသာစနေပိတ်လေ့ရှိသည်။ တနင်္ဂနွေဆိုပါကလည်း သူက အိမ်၏ဗာဟီရလုပ်ငန်းများလုပ်စရာရှိသည်မို့ ထိုအိမ်ကိုလာ၍အဆင်မပြေ။ အလုပ်မပြီးဟုဆို သည်။ ထို့ကြောင့် တစ်ခါတစ်ရံမှသာရသည့် အားလပ်ရက်စနေကိုသာမျှော်ကိုးဆုတောင်းရပါသည်။
“အစ်ကို့အားရက်ကလည်းဗျာ”
ကျွန်တော်က ဂျီကျတော့ တစ်ခါတစ်ရံနေ့လည်ဖက်ခိုးပြန်လာပေးကာ ထိုအိမ်ကလေးဆီရောက်လာပေး ပါသည်။ သို့သော်လည်းဘဝင်မကျမိ။ ကျွန်တော်ငြိုငြင်မှာစိုး၍သာ သူလာရပေးခြင်းဖြစ်၍ နောက်ဆံ တစ်ငင်ငင်နှင့် သက်တောင့်သက်သာမရှိလှ။ တိုက်ခန်းဆီရောက်ခါစရှိသေး လာလိုက်သည့်ဖုန်းခေါ်ဆို မှုပေါင်းမနည်း၊ လုပ်စရာများမနည်းမနောပင်။
“ဘယ်သူကမှ မလာဘဲမနေချင်ဘူးလေ၊ အဲလောက်ဂျီမကျနဲ့၊ လာချင်တယ်၊ သွားချင်တယ်၊ ဒါပေမဲ့ ပတ် ဝန်းကျင်အနေအထားရှိသေးတယ်၊ ဟိုဟိုဒီဒီလစ်မလားသူခိုးမျက်လုံးနဲ့ကြည့်ရတယ်၊ အဲလိုလစ်မှထွက် လာရတာလေညီရ၊ လာတော့လည်း မြင်တဲ့အတိုင်းပဲ အလုပ်ကပါလာတယ်လေ၊ အစ်ကို့ရုံးလည်းညီ ရောက်ဖူးနေတာပဲ၊ အလုပ်အခြေအနေလည်းသဘောပေါက်မှာပေါ့၊ မဆိုးရဘူးလေ”
သူ့ပြောစကားတွင်ကျဆုံးရပြန်သည်။ သူပြောသမျှလည်းအမှန်တရားမို့ မပြောသာတော့။ ကျွန်တော်သူ့ ကို အတိုင်းအထက်အလွန်ချစ်မြတ်နိုးပြီး သူနှင့်တစ်သက်တာအတူနေလိုသည့်စိတ်များ၊ သူနှင့်အတူ ပျော်ရွှင်ရသည့်အခိုက်အတန့်ကိုဖန်တီးလိုစိတ်များ ဖြစ်ပေါ်နေမိလေသည်။ မချစ်ဖူးသည့်သူတစ်ယောက် ပမာ အရူးတစ်ပိုင်းဖြစ်နေသည်ဟုဆိုရပေမည်။
သူနှင့်ပတ်သက်၍ ရယူလိုစိတ်များပြင်းထန်လှသည်ကိုလည်း ကျွန်တော်ဝန်ခံပါသည်။ အတိုင်းအထက် အလွန်မဖြစ်စေရန် ကိုယ့်ကိုကိုယ်တားဆီးရမည်မှန်းလည်းသိပါသည်။ ဆင်ခြင်တုံတရားကိုသိသိကြီးနှင့် မထိန်းချုပ်နိုင်သည့်အတွက်လည်း စိတ်အလိုမကျဖြစ်မိပြန်ပါသည်။
“ချစ်မဝဘူးလေဗျာနော်”
“အော် ညီရယ်၊ ကိုယ်လည်းချစ်တာပေါ့ကွာ”
ထိုအပြောများနှင့် ကျွန်တော်အကျေနပ်ကြီးကျေနပ်သလို ကျွန်တော့ကိုချစ်သူတော်လိုက်ရသည့်အတွက် အစ်ကို ပျော်ရွှင်နေမှန်းလည်း ကျွန်တော်ကောင်းကောင်းသိပါသည်။ တစ်ခါတစ်ရံ ဂျီကျဂျစ်တိုက်တတ် သည်ကလွဲရင်ပေါ့လေ။
“အပြစ်မယူရက်ပါဘူးကွာ၊ အရာအားလုံးရဲ့အဆုံးသတ်ကိုကြည့်လိုက်ရင် ကိုယ့်ကို ညီ ချစ်လို့ဆိုတာကို ကိုယ်မြင်နေရတယ်လေ”
တစ်ခါတစ်ရံသဝန်တိုရန်ဖြစ်ရသော်လည်းကြည်နူးပါသည်။ ကျွန်တော်တို့နှစ်ဦး၏ ချစ်သူသက်တမ်းအ တွင်း အပျော်ရွှင်ရဆုံးသော အခိုက်အတန့်တစ်ခု ကျွန်တော်ဖန်တီးပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦး လုံး စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ရသောအချိန်တစ်ခုလည်းဖြစ်ခဲ့ပါသည်။
>>>>>