(၉)
အပြစ်ကြီးတစ်ခုကိုကျူးလွန်ထား၍ ဝန်ခံရခြင်းထက်ပိုသော လေးနက်မှုကိုကျွန်တော်ခံစားရပါသည်။ ဘယ်လိုစကားလုံးများသုံးနှုန်းပြောဆိုရမလဲဟူသည့် တွေဝေခြင်းမျိုး တစ်ညတာလုံးဖြစ်ပေါ်ခဲ့သည်။ စဉ်းစားရင်းအချိန်သာကုန်လာခဲ့ကာ အဖြေကမထွက်တော့ နောက်ဆုံးတော့လည်း ရိုးရိုးရှင်းရှင်းသာ ပြောဆိုဝန်ခံဖို့ဆုံးဖြတ်ခဲ့ရ၏။
“အရေးကြီးကိစ္စပြောစရာရှိလို့ ခဏတွေ့ရအောင်မေ” ဟုချိန်းဆိုခဲ့သည့်တိုင် မည်သို့မည်ပုံစတင်ပြော ဆိုရမလဲတွေးနေခဲ့ဆဲ။ မေက ကျွန်တော့ထက် အသက် ၃ နှစ်ပိုကြီးပါသည်။ ထို့အပြင် သူ့အလုပ်တွင် HR မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်နေသူမို့ ကျွန်တော့ထက်ပိုပြီး ရင့်ကျက်တည်ငြိမ်သည်ဟုဆိုရပေ မည်။ ချစ်သူရေးရာကိစ္စမှတစ်ပါးပေါ့လေ။
“ဟူး ဒီစကားပြောဖို့ တော်တော်စဉ်းစားယူလိုက်ရတယ်”
မေ့ရှေ့တွင်သက်ပြင်းချကာ မသက်မသာဖြစ်နေပုံကို သူကြည့်ပြီး ကျွန်တော့အပူများပါကူးစက်သွားပုံ ရသည်။
“ကောင်းတဲ့အကြောင်းအရာတော့မဟုတ်ဘူး၊ မေတို့လမ်းခွဲပြတ်စဲမယ့်အကြောင်းအရာပဲမှလား”
ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။
“အင်းလေ ထင်ပါတယ်၊ မေတို့လည်းအချိန်အတိုင်းအတာတစ်ခုအထိကျော်ဖြတ်ပြီး တစ်ယောက်အ ကြောင်းတစ်ယောက်သိနေကြပြီပဲ၊ အကျင့်စရိုက်လည်းမတူ ပုံစံလည်းမတူတာမို့ အခုလိုဆုံးဖြတ်တာမှန် ပါတယ်၊ ရှင်မပြောလည်း မေပြောဖို့ဆုံးဖြတ်ထားပြီးသားပါ”
“ဘာလို့လဲ ကျွန်တော့မှာ မေ ဖြတ်ရမယ့်အကြောင်းအရာတစ်ခုခုများရှိနေခဲ့တာလား”
သွေးတိုးစမ်းလိုက်သည့်သဘောနှင့်မေးလိုက်ခြင်းပင်။ မေ့နှင့် တွဲနေသည့်အချိန်ကာလရော အခြားရည်း စားများထားခဲ့သည်ကာလများတွင်ပါ ကျွန်တော် ဂေးတစ်ယောက်ဖြစ်မှန်းအရိပ်အယောင်တောင်ပြခဲ့ သည်မဟုတ်။ ချစ်သူမိန်းကလေးများအနေဖြင့် ကျွန်တော့အကြောင်းကို မည်သို့မျှမသိနိုင်ပါ။
“အင်း မေတို့ဆက်ဆံရေးကအခုအဆင်မပြေတာ နောင်ဆိုဒီထက်ဆိုးလာမယ်လေ၊ အဲဒီတော့ စောစော စီးစီးသိပြီးလမ်းခွဲလိုက်တာအကောင်းဆုံးပဲ၊ ရှင်ကရော မေ့ကိုဖြတ်ဖို့ မေ့မှာ ချို့ယွင်းချက်တစ်ခုခုများရှိ နေခဲ့တာလား”
“မေ့မှာမရှိပါဘူး၊ မေက တာဝန်ကျေပါတယ်၊ ကျွန်တော့အတွက်လည်း ချစ်သူကောင်းတစ်ယောက်အ ဖြစ်တင်မကဘဲ အစ်မတစ်ယောက်လိုရောရှိနေပေးခဲ့ပါတယ်၊ အခုက ကျွန်တော့အကြောင်းနဲ့ကျွန်တော် မို့လို့ပါ”
“မေ သိလို့လို့ရတယ်မဟုတ်လား”
“ရပါတယ်၊ ကျွန်တော် အခြားတစ်ယောက်နဲ့တွဲဖို့ဆုံးဖြတ်လိုက်လို့၊ အဲဒီအခြားတစ်ယောက်ကလည်း မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘူးမေ၊ ကျွန်တော် တစ်သက်တာလုံးမှာသူနဲ့ပဲတွဲဖို့ဆုံးဖြတ်လိုက်တာ၊ သူ့ကိုနှစ်နှစ်ကာကာပေါင်းသင်းဖို့ ဆုံးဖြတ်ခဲ့တာပါ”
“အိုး ဆန်းနေရောင်…ရှင်တော့လေ”
မေ တော်တော်တော့အံအားသင့်သွားလေသည်။ ခဏတာမျှစကားမပြောနိုင်ဘဲ ကျွန်တော့ကိုတွေဝေကာ စိုက်ကြည့်နေ၏။ နှစ်နှစ်တာလောက်သူနှင့်တွဲလာသည့်ချစ်သူသည် ယခုကဲ့သို့သော စိတ်ရှိလိမ့်မည်မှန်း သိလိုက်ရသည့်ခဏတွင် တုန့်ပြန်ဖို့မသက်မသာဖြစ်လှမည်မဟုတ်ပါလား။
“ကျွန်တော် နောက်နေတာမဟုတ်ပါဘူး”
“မနောက်မှန်းသိပါတယ်၊ မေ့ကိုဖြတ်ဖို့အတွက်အကြောင်းပြချက်ပေးတာမဟုတ်မှန်းလည်းသိပါတယ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရှင်က မေ့ရဲ့ မောင်လေးတစ်ယောက်အဖြစ်ရှိနေမှာပါ”
“ယဉ်ကျေးမှု စံနှုန်းများ ရိုးရာအလေ့အထတွေနဲ့ ကြီးပြင်းလာတဲ့နိုင်ငံမှာ ကျွန်တော့ကို အထင်မသေးတဲ့ အတွက် မေ့ကိုကျေးဇူးတင်ပါတယ်”
လိင်တူချစ်ကြိုက်မှုများအား သဘာ၀မကျခြင်းနှင့် မူမမှန်သော ပြုရပ်များဟူ၍ ပြောဆိုကြသူများ ရှိနေသော်လည်း၊ သုသေသန စမ်းသပ်ချက်များအရ လိင်တူချစ်ကြိုက်ခြင်းမှာ လူသားတို့၏ လိင်ဆက်ဆံရန် ဇီဝပြောင်းလဲခြင်းတစ်မျိုးဖြစ်ပြီး စိတ်ဝေဒနာအရ ဖောက်ပြန်ဖြစ်ပေါ်လာခြင်းမဟုတ်ဟု တွေ့ရှိရသည် ဟု အတတ်ပညာရှင် အသိပညာရှင်များက ဆိုထားကြသည်။ အခြေအမြစ်မရှိသော တွေးခေါ်ထင်မြင်ချက်များနှင့် တန်းတူညီမျှဆက်ဆံမှုမရှိခြင်း များကြောင့် လိင်တူဆက်ဆံသူများနှင့် လိင်တူလိင်ကွဲဆက်ဆံသူများတွင် စိတ်ဝေဒနာ ခံစားရနိုင်ခြင်းမျိုး ရှိနိင်သည်မဟုတ်ပါလား။
စာရင်းဇယားနှင့် အတိအကျမရှိသော်လည်း ၁၉ ရာစုနှစ်ခန့်မှစတင်ကာ LGBT အရေးဆောင်ရွက်မှုများ ကိုတွေ့လာရသည်။ တရားဝင်အဖြစ်အသိအမှတ်ပြုရန် ပညာပေးပြောဆိုခြင်းများ၊ လိင်တူချင်းအတူနေ လက်ထပ်ပိုင်ခွင့်များ၊ လုပ်ငန်းခွင်တွင်တန်းတူညီတူဆက်ဆံရေးများအတွက် တောင်းဆိုပြောဆိုခြင်းများ ရှိလာသည်ကိုတွေ့ရသည်။
“သမိုင်းတစ်လျှောက်လုံးမှာ လိင်တူချစ်သူတွေကို အသိအမှတ်ပြုဆက်ဆံတာတွေရှိသလို ကန့်ကွက်ရှုံ့ချ တာတွေလည်းရှိတယ်၊ မေ တို့ရောက်နေတဲ့ခေတ်မှာတော့ ပညာတတ်တော်တော်များများက လက်ခံနေ ကြပါပြီ၊ အထူးသဖြင့်ရန်ကုန်မှာဆိုရင် ဒါအထူးအဆန်းကိစ္စလို့တောင်မသတ်မှတ်တော့ဘူးလေ၊ တကယ် တော့ ဒါဟာ သဘာဝမကျဘူး၊ မူမမှန်ဘူးလို့ထင်ထားတဲ့သူတွေက အသိပညာနည်းနေသေးတဲ့ သူတွေ ဖြစ်တယ်”
မေ ပြန်ပြောသောစကားလုံးများကို အံအားသင့်စွာနားထောင်နေမိသည်။ ထိုကဲ့သို့ အဆင်ပြေချောမွေ့စွာ ကြည်ကြည်ဖြူဖြူလက်ခံလိမ့်မည်ဟုတွေးမထားခဲ့။ မေ့မှာလည်းခံစားချက်တစ်ခုခုများရှိနေသလားဟု တောင်သံသယဖြစ်လောက်အောင်အထိကို အဆင်ပြေချောမွေ့နေစေခဲ့တာပါ။
“ဘာလို့ မေ့ကိုဖွင့်ပြောတာလဲ ဒီအတိုင်းလမ်းခွဲမယ်ဆိုရင်လည်းမေ့ဘက်ကဘာတတ်နိုင်မှာလဲ”
“ကျွန်တော်မလိမ်ချင်တော့လို့ နောက်ထပ်မိန်းကလေးတွေကိုလည်း လိပ်ပြာမသန့်မဖြစ်ချင်တော့လို့ ပေါ့ မေရာ၊ မွေးကတည်းက ပါလာတဲ့စိတ်ကို တစ်သက်လုံးထိန်းချုပ်ပြီးနေသွားဖို့ဆိုတာ ကိုယ်ကိုတိုင်ပင်ပန်း သလို ပတ်ဝန်းကျင်ကိုလည်းမရိုးသားဘူးလေ၊ ကိုယ်နဲ့ပေါင်းသင်းမယ့်မိန်းကလေး မွေးလာမယ့်သားသမီး နောက်ထပ်အသိုင်းအဝိုင်းတွေရဲ့ရှေ့မှာ ကျွန်တော်ဟန်ဆောင်ပြီးနေထိုင်သွားဖို့ဆိုတာ ရှင်ရက်နဲ့ငရဲကျ သလိုဖြစ်မှာပဲ”
သူဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ ကျွန်တော့ကိုလှောင်သည့်ရယ်ခြင်းမျိုးတော့မဟုတ်။ လေးလံနေ သောကျွန်တော့စိတ်များ အနည်းငယ်ပေါ့ပါးသွားစေရန် စိတ်ခွန်အားပေးလိုက်သည့်သဘောပင်။ ထုံးစံ အတိုင်း ကျွန်တော့နဖူးဆံစအချို့ကိုလည်း ပွတ်သပ်ပေးနေလေသည်။
“ရှင်လေးဟာ ကျွန်မကိုဒီလိုပြောဖို့ တော်တော်အားမွေးခဲ့ရမှာပဲ”
“နည်းနည်းပါ”
ဒီတစ်ကြိမ်တွင်တော့ကျွန်တော်ပါ ရယ်မိသည်။ စိတ်ထဲပေါ့ပါးနေသယောင်ခံစားလိုက်ရ၏။
“ရှင့်ကိုဘယ်သူကများ ထင်မှာတုန်းနော်”
“အဲလိုမထင်အောင်ပဲ ကလေးတွေမွေးပြ မိန်းမတွေယူပြနဲ့ မိသားစုအသိုင်းအဝိုင်းတောင့်တောင့်တင်း တင်းဖြစ်ပြီး တစ်သက်လုံးနေထိုင်သွားတဲ့သူတွေလည်းအများကြီးပဲလေ”
“အဲဒီလိုပဲ ကျွန်မကိုလည်းယူပေါ့ဟယ်”
“ဟင့်အင်း၊ စိတ်ပင်ပန်းလူပင်ပန်းတယ်၊ ပြီးတော့…ရှမယ်နော်”
ထိုတစ်ကြိမ်တွင်တော့ နှစ်ယောက်သားဝါးလုံးကွဲမတတ်ရယ်လိုက်ကြပါသည်။
မေ့နှင့်ကျွန်တော် ချစ်သက်တမ်းနှစ်နှစ်ဝန်းကျင်ရှိခဲ့သည်။ ချစ်သည့်အချိန်ထက် ရန်ဖြစ်ချိန်ပို၍များပြား ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ နှစ်ယောက်သားပေါ့ပေါ့ပါးပါးနှင့် အရာအားလုံးလွှတ်ကျကာလေထဲ လွှင့်မျောပါနေသလိုခံစားမိသည်။
“ကျွန်တော်ထင်ပါတယ်၊ ကိုယ်ဘဲပဲကြိုက်တော့မယ့်အကြောင်း ကိုယ့်ချစ်သူကောင်မလေးကိုဝန်ခံတာ ကမ္ဘာပေါ်မှာ ကျွန်တော်တစ်ယောက်ပဲရှိဦးမယ်ထင်တယ်၊ အဲဒီအတွက်လည်း မေ အရမ်းအံဩသွားမယ် ထင်ထားခဲ့တာ၊ စိတ်လည်းတအားဆိုးမယ်ပေါ့”
“အင်း မေအံအားသင့်သွားတာတော့မှန်ပါတယ်၊ ဒါပေမဲ့ စိတ်မဆိုးပါဘူး၊ ကိုယ့်ဖြစ်တည်မှုကို ပွင့်ပွင့်လင်း လင်းပြောပြတာ မေနားလည်ရမှာပေါ့၊ တစ်ခုတော့ရှိတယ် ရှင် အဲလိုပြောပြီး နောက်စော်တစ်ပွေနဲ့တွဲ သွားတယ်ဆိုရင်တော့ ကလိမ်ကကျစ်ကျတာပေါ့လေ၊ ဒါပေမဲ့ ဆန်းနေရောင်ဟာအဲဒီလိုလူစားမျိုးမဟုတ် ဘူးလို့ယုံကြည်တယ်၊ တွဲလာတဲ့သက်တမ်းကလည်းမနည်းတော့ဘူးလေ၊ ဟုတ်တယ်ဟုတ်”
“ကျွန်တော့အတွက် ချစ်သူတစ်ယောက်ဆုံးရှုံးသွားပေမဲ့ အစ်မတစ်ယောက် သူငယ်ချင်းကောင်းတစ် ယောက်ရလိုက်တဲ့အတွက် ဝမ်းသာပါတယ်”
“ဒါပေမဲ့ မေ အဲတစ်ယောက်နဲ့တွေ့ချင်တယ်”
“ဟင်”
မေ့ကို အစ်ကိုနှင့်မိတ်ဆက်ပေးဖို့ကြံရွယ်ထားပြီးသားဆိုသော်လည်း မေက အခုလိုမျိုးချက်ချင်းတွေ့ ဆုံလိုသည့်ဆန္ဒရှိခဲ့လိမ့်မည်ဟုမထင်ထားခဲ့ပါ။
“ဘာလို့လဲ ရှက်တာလား”
“မဟုတ်ပါဘူး၊ အစကတည်းက တွေ့ပေးဖို့စိတ်ကူးရှိပြီးသားပါ၊ ပွင့်ပွင့်လင်းလင်းမှတော့ အရာအားလုံး ကို ပွင့်ပွင့်လင်းလင်းဖြစ်ချင်တာပေါ့၊ ကောင်းပါတယ် ကျွန်တော် ချိန်းလိုက်မယ် မေ”
“ကောင်းသောလမ်းခွဲခြင်းအတွက် မေတို့ ပွေ့ဖက်နှုတ်ဆက်သင့်တယ်”
ချိန်းဆိုခဲ့သော ဆိုင်သည် ကျွန်တော်တို့အား တမင်တကာများမျက်နှာသာပေးခဲ့သည်လားမသိ။ လူသူ ရှင်းလင်း၍နေလေသည်။ မေနှင့် ကျွန်တော်ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။ မေ့ခေါင်းလျှော်ရည်ရနံ့ သင်းသင်းက နှာခေါင်းထဲသို့ဖြတ်ပြေးသွားသည်။ ကျွန်တော်ကိုင်တွယ်ဖြီးသင်ပေးခဲ့ဖူးသော ဆံနွယ်ပျော့ ပျော့များက ဟိုတစ်စဒီတစ်စလွင့်ပျံ့၍နေလေသည်။
ဖက်ထားသည်မှ ခွာပြီးနောက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြန်သည်။ ကြည်နူးမှု အေး ချမ်းမှုကိုယ်စီ ပျော်ဝင်သွားကြ၏။ မေ့ပါးပြင်ထက်တွင်ရှိသော မှဲ့နက်နက်လေးရှိရာဆီကိုတစ်ချက်ဆွဲညှစ် ပစ်လိုက်တော့ “အား နာတယ်ဟ” ဟု ခပ်တိုးတိုးအော်ပါသည်။
“ကျွန်တော်တောင်းပန်ပါတယ်မေ၊ ကျွန်တော့ကိုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”
ကိုယ်ကိုကိုင်းညွှတ်ကာ သူ့ကိုလေးစားသမှုပြုလိုက်သည်။
သူသည် ကျွန်တော့ထက်အသက်ကြီးသူလည်းဖြစ်သည်မဟုတ်ပါလား။
“တောင်းပန်စရာမလိုပါဘူး၊ ရှင် မှန်တာလုပ်တာပဲလေ၊ ရှင်နဲ့ မေ ညားပြီး ရှင်ဒီစိတ်ရှိမှသာ မေ့ကို တောင်းပန်ရမှာ၊ မယားကြီးငုတ်တုတ်နဲ့ သူငယ်ထောင်နေတော့ တားရအခက် လွှတ်ရအခက်နဲ့ ကျွန်မ မှာဘယ်လိုလုပ်ရမှန်းသိမှာမဟုတ်ဘူး”
“ကဲ”
“ဟုတ်တယ်လေ၊ မယားကြီးငုတ်တုတ်ထားပြီး လင်ငယ်နဲ့ဖောက်ပြန်နေတဲ့ယောင်္ကျားတွေအများကြီး တွေ့နေရတာပဲလေ၊ ဟော ဟိုတစ်ယောက် ဟောဟိုတစ်ယောက်နဲ့ အခုခေတ်ကြီးက ပြောလို့ရတာမ ဟုတ်ဘူး၊ ဇွတ်ကျားတွေများနေတယ်”
“တော်ပါတော့ မေရယ်၊ အူတွေနာနေပြီ ရယ်ရတာ”
“ကဲ ပြော ရှင့်ကို အမှန်တရားတွေဆီပို့ဆောင်ပေးခဲ့တဲ့ သူ..ကျွန်မ (ကျမ ဟုခပ်နောက်နောက်လေသံဖြင့် ပြောခြင်းဖြစ်ပါသည်) ကိုပလစ်ပြီး ထွက်သွားရလောက်အောင်ဆွဲဆောင်မှုရှိတဲ့သူနဲ့ ဘယ်တော့လောက် တွေ့ရမလဲ”
“ကျွန်တော် လိုက်တုန်းပဲ ရှိသေးတယ်”
“ဘာလဲ ကျွန်မ လိုက်ပေးရမလားလာပြော”
“ကဲ မေ”
မေ့ ပခုံးကိုမနာအောင်ပုတ်လိုက်ပြီးတားလိုက်ရသည်အထိ မေသည် ကျွန်တော့အတွက် အဆင်ချော အောင် အဖော်ပြုခဲ့ပေးပါသည်။ သူ့ရင်ထဲတွင် နာကျင်ခံစားရမှုများရှိကောင်းရှိပါလိမ့်မည်။ သို့သော် လည်း ကျွန်တော့ရှေ့တွင်လုံးဝမသိစေရ။
“သူ့ကို ကျွန်တော် ချိန်းလိုက်ပါ့မယ်”
သူ့ကို ကျွန်တော်ရအောင်လိုက်ရဦးမည်ဟုတော့ မပြောခဲ့တော့ပါ။ သူ့ဆီကိုသွားကာ ကျွန်တော်လွတ် လပ်သည့်အကြောင်း ရည်းစားအဖြစ်တွဲနိုင်ကြောင်း ကနဦးပြောဖို့လိုအပ်သည်မဟုတ်ပါလား။ ကျွန်တော့ ဖက်က သေသေချာချာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ချစ်သူဖြစ်ဖို့အသင့်အနေအထားဖြစ်ကြောင်းကို သူ့ ဆီသွားပြောသည့်နေ့တွင် မထင်မှတ်ထားသောအရာတစ်ခုကြုံလေသည်။
သူနှင့်ပတ်သက်၍ ဒေါသအထွက်ရဆုံးသောအခိုက်အတန့်တစ်ခုလည်းဖြစ်ကာ ကျွန်တော့ကိုကျွန်တော် မထိန်းချုပ်နိုင်ခဲ့မှန်းလည်း ဆင်ခြင်မိခဲ့ရသည်။ သူနှင့်ပတ်သက်လာပါလျှင် ဘာကြောင့်များ ထိုမျှ လောက်အထိ ထိလွယ်ခိုက်လွယ်ခဲ့သလဲ ကိုယ့်ကိုကိုယ်လည်းတွေးမရတော့ပါ။ ထိုပြသနာသည် ကျွန် တော်နှင့်သူ့ကြားတွင် သံယောဇဉ်ကြိုးတစ်ချောင်းခိုင်မာစေခဲ့သည့်အရာတစ်ခုဟုလည်း အကောင်းဘက် ကတွေးမည်ဆိုလျှင်လည်း တွေးနိုင်ခဲ့ပါသည်။
>>>>>