“ညီ ဖန်တီးသော Love Story” အပိုင်း (၈)

(၈)

မေ နှင့်ဆုံတွေ့တတ်သည့် ရက်တစ်ချို့ကို သူ့ကြောင့် ဖျက်တတ်ခဲ့ပြီဖြစ်သည်။ မေက တွေ့စရာရှိ ကြောင်း ပြောစရာလည်းရှိကြောင်း အကြောင်းအမျိုးမျိုးပြခေါ်တော့မှ ကျွန်တော်သွားတော့သည်။ အ ချိန်တိုအတွင်းတွင် မေ့ကို ခါတိုင်းထက်ပိုပြီး ကလန်ကဆန်လုပ်တတ်သော ကျွန်တော့ကို ပတ်ဝန်းကျင် ကလည်း အပြစ်တင်ပြောဆိုနေတော့သည်။ ထိုအရာအားလုံးကို ကျွန်တော် ဂရုမစိုက်နိုင်ပါ။ သောကြာ နေ့လိုမျိုးဆိုလျှင် မေ့ကိုပုံမှန်ကြိုရတတ်သော်လည်း နောက်ပိုင်းတွင်တော့ ဖယ်ရီဖြင့်သာသွားစေကာ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ခိုင်းတော့သည်။

မေနှင့်အတူပြုလုပ်နေကျဖြစ်သည့် ရုံးဆင်းချိန် တစ်ဆိုင်ဆိုင်တွင်စားသောက်တတ်သည့်အကျင့်ကို သူ နှင့်အစားထိုးဖန်တီးဖို့ကြံရွယ်တတ်ခဲ့တော့၏။ တစ်ချို့ရက်များတွင် သူကလိုလိုချင်ချင်လိုက်တတ်သော် လည်းတစ်ချို့ရက်များတွင်တော့ မလိုက်ပါ။ မှတ်မှတ်ရရ နှစ်ကြိမ်လိုက်ပြီးနောက်ပိုင်း သူကျွန်တော့်ကို ရှောင်နေခဲ့သည်။

တစ်ရက်တော့ ရုံးဆင်းချိန် သူ့ရုံးရှေ့တွင်သွားစောင့်နေလေသည်။ သူ ရုံးပေါ်ကနေဆင်းလာသည့်အခါ ကျွန်တော့ကားကိုတစ်ချက်ကြည့်ပြီး သူ့လမ်းအတိုင်းပင်ဆက်လျှောက်သွားခဲ့၏။ ဖုန်းဆက်ပြီးခေါ်သည့် အခါတွင်မှ သွားစရာရှိလို့ပြန်တော့ ဟုဆိုလေသည်။

“ဟာ အစ်ကို့ကိုတွေ့ချင်လို့လာစောင့်နေတာလေဗျာ၊ ကားကိုမြင်ရက်သားနဲ့ စကားလေးတော့တစ်ခွန်း နှစ်ခွန်းလာပြောသင့်တယ်လို့မထင်ဘူးလား”

“အပိုအလုပ်တွေ၊ အခုဖုန်းဆက်တော့ မလိုက်ဘူးလို့ဖြေလိုက်တယ်လေ ပြီးပြီမှလား”

“မပြီးဘူး၊ သူ့နေရာမှာ ငါဆိုရင်ဆိုတဲ့ခံစားမှုလေးအစ်ကိုထည့်ကြည့်လိုက်လေ၊ အစ်ကိုရော တစ်ယောက် ယောက်ကိုသွားစောင့်လို့ အဲဒီတစ်ယောက်ကအခုလိုပြုမူဆက်ဆံရင် အစ်ကိုကြိုက်ပါ့မလား”

“အေး ငါဘယ်သူ့မှမစောင့်ဘူး၊ အပိုအလုပ်တွေလည်းမလုပ်ဘူး”

“ကျွတ် ခက်တော့တာပဲ ဒီကလေးနဲ့တော့၊ ကျွန်တော်ကားပေါ်မှာအစ်ကို့ကိုစောင့်နေတယ် အစ်ကိုလာခဲ့ ပါ၊ ခဏတော့စကားပြောရအောင်၊ အစ်ကိုမလာရင်တော့ ကျွန်တော်ဆင်းပြီး အစ်ကို့နောက်တောက် လျှောက်လိုက်တော့မှာ”

“လိုက်ပေါ့၊ မလာဘူး”

သူ ထိုသို့တစ်ဇွတ်ထိုးစိတ်ကောက်တတ်မှန်း တစ်ဖြည်းဖြည်းနှင့်သိလာရသည်။ သူ့ကို ချုပ်ကိုင်ဖို့အ တွက်တော့ နည်းလမ်းတစ်ခုသာရှိသည်။ ထိုအရာက သူသည် ကျွန်တော့ထက်ပို၍ ရှက်တတ်ခြင်းပင်။ ထိုအချက်ကို ကျွန်တော်က ရိပ်မိဖြစ်အောင်ရိပ်မိထားတော့ သူ့အတွက်အားနည်းချက်ဖြစ်သွားလေ၏။

“လမ်းမမှာ ဖက်နမ်းခံချင်တယ်ဆိုရင်တော့ မလာနဲ့ပေါ့အစ်ကိုရာ”

သူ ကျွန်တော်ရှိရာကိုလာရန် ထိုနည်းလမ်းကအလုပ်ဖြစ်ခဲ့သည်။

“သောက်ကလေး မင်းလွန်ပြီနော်၊ အေး လာပြီ”

ကျွန်တော့ကားပေါ် ဇိုးခနဲ ဆတ်ခနဲဝင်လာထိုင်တော့ အပြုံးနဲ့ကြိုဆိုလိုက်ပါသည်။

သူ့မျက်နှာကတော့ စိတ်ကောက်နေသူတို့၏ ထုံးစံအတိုင်းစူပုပ်ပုပ်ဖြစ်လို့နေလေ၏။ မေ စိတ်ကောက် လျှင် ထိုသို့ချစ်စရာမကောင်းပါ။ သူကတော့ မကျေမနပ်နှင့်မျက်စောင်းတစ်ချက်တောင်ထိုးလိုက်သေး သည်။ သူ့မျက်လုံးခပ်မှေးမှေးမျက်စောင်းက ဘယ်လိုမှတော့ဆွဲဆောင်မှုမကောင်းသော်လည်း ချစ်စရာ တော့အတော်ကောင်းလေသည်။

“ဘာလဲ ပြော”

သူ့မွေးနေ့တုန်းက သူ့ကို ကျွန်တော်နမ်းလိုက်သည်မှာ ရှက်သွား၍လား။ သို့မဟုတ်အခြားအကြောင်း ပြ ချက်တစ်ခုခုများရှိလေသလားတော့မပြောတတ်။ ကျွန်တော့အပေါ်တစ်ခုခုတော့ အဖုအထစ်ဖြစ်နေလေ သည်မှာ သေချာပါသည်။ မွေးနေ့အပြီးနောက်ပိုင်း ကျွန်တော် သူ့ဆီကိုပုံမှန်သွားစောင့်သေးသည်။ လိုက် သည့်နေလိုက် မလိုက်သည့်နေ့အကြောင်းအမျိုးမျိုးပြကာရှောင်နေလေသည်။ ပုံမှန်မအား၍ဟုသာထင် ထားခဲ့သော်လည်း ရက်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခုတော့ အကြောင်းရှိမည်ဟု သံသယဝင်လာ လေသည်။

“အစ်ကို ကျွန်တော့ကိုဘာလို့ရှောင်နေတာလဲ”

“ဘာကိုရှောင်ရမှာလဲ မရှောင်ဘူးလေ၊ မွေးနေ့အပြီးနောက်ပိုင်းလာခေါ်တာ နှစ်ခါသုံးခါတောင်လိုက်ပြီး မုန့်အတူစားပြီးပြီပဲ အခုကမအားလို့၊ အဲဒါကို နင်နားမလည်ဘူးလား”

ကျွန်တော့ကို သုံးလိုက်သည့် “နင်” ဆိုသည့်နာမ်စားကနားဝင်ချိုလှပါသည်။ ထိုစကားလုံးကိုကြားချင်၍ သူ့ကိုစိတ်ကောက်အောင်ခဏခဏလုပ်ချင်စိတ်ပေါ်လာသော်လည်းမဖြစ်ပြန်။

“ကျွန်တော်သိတယ် အစ်ကိုအမှန်အတိုင်းပြောဗျာ ဘာလို့လဲ ကျွန်တော့ကိုဘာလို့ရှောင်နေတာလဲ၊ အစ် ကို့အပြုအမူတွေက ပုံမှန်မဟုတ်ဘူး၊ ပုံမှန်ရှောင်တာမျိုးမဟုတ်ဘူးလေ”

မွေးနေ့ညတုန်းက သူ့ကိုပြန်လိုက်ပို့တုန်းကလည်းအကောင်း။ နောက်နေ့ ကျွန်တော်သွားတွေ့ပြီးစကား ပြော စားသောက်ကြတုန်းကလည်းအကောင်းရယ်။ ဘာပြသနာမှမရှိခဲ့သည့်အပြင် ကျွန်တော်တို့၏ရင်း နှီးမှုကပိုလာခဲ့သည်ပင်။

“အေး အဲလောက်သိချင်နေလည်းပြောမယ်၊ နင့် ကောင်မလေး ဘယ်သူလဲ မေသံသာဆိုတာလား သူ့ ဖေ့စ်ဘုတ်အကောင့်မှာတင်ထားတယ်၊ ရည်းစားနဲ့အဆင်မပြေဘူး၊ ခြေလှမ်းပျက်နေတယ်၊ ဆိုတဲ့ပုံစံမျိုး တွေတင်ထားတယ်လေ”

“အစ်ကိုက ကျွန်တော်နဲ့ဖေ့စ်ဘုတ်မှာ သူငယ်ချင်းမဟုတ်ဘဲနဲ့ကျွန်တော့ကောင်မလေးနဲ့ကျသူငယ်ချင်း ဘယ်တုန်းကဖြစ်သွားတာလဲ”

“မဖြစ်ဘူး ဒီအတိုင်းကြည့်လိုက်တာ စုံစမ်းပြီး”

“ဟော ကဲ”

“ပေါ့ပျက်ပျက်လာလုပ်မနေနဲ့ ဆန်းနေရောင် ဒါကလေးကစားစရာကိစ္စမဟုတ်ဘူး”

“ကျွန်တော်သိပါတယ်၊ ဒါကြောင့် အစ်ကို့ကိုမေးတာပါ၊ ကျွန်တော့ကောင်မလေးနဲ့ ကျွန်တော်အဆင်မ ပြေတာအခုမှမဟုတ်ဘူး၊ ကြာခဲ့ပြီ၊ စတွဲကတည်းကကိုအဆင်မပြေတာလေ အဲဒါအဆန်းတကြယ်မ ဟုတ်ဘူး၊ အစ်ကို သူ့ဖေ့စ်ဘုတ်အကောင့်ကိုသွားကြည့်ရုံနဲ့ ကျွန်တော့ကိုရှောင်ဖို့အထိအကြောင်းဖန်လာ စရာမလိုဘူးလေ၊ သူက အစ်ကို့ကိုတိုက်ရိုက်ပြသနာရှာနေတာလည်းမဟုတ်ဘူး”

ကျွန်တော်ကျေနပ်သွားမိပါသည်။ သူ ကျွန်တော့အကြောင်းကိုစုံစမ်းနေသည်ဆိုရုံနှင့် ကျေနပ်လှပါသည်။ အကြောင်းမဲ့သပ်သပ်စုံစမ်းခြင်းတော့မဟုတ်၊ ကျွန်တော့အပေါ်အနည်းနှင့်အများစိတ်ဝင်စားမှုရှိနေပြီ ဆို သည်မှာသေချာသလောက်ပင်။

“နင့်ကောင်မလေးက Public နဲ့တင်ထားတာကိုး၊ လတ်တလောမှာ ငါ့ဆီလာလာနေတာ ငါနဲ့ပဲအချိန် ဖြုန်းနေတာဆိုတော့ ယုံထင်ကြောင်ထင်မခံနိုင်ဘူး၊ ပြီးတော့ ငါ့ပတ်ဝန်းကျင်မှာလည်း တစ်ခုခုအသံ ထွက်လာရင်မကောင်းဘူး၊ အလုပ်မှာက ၁၀ နှစ်ကျော်ပြီ၊ တစ်သက်လုံးဘာသတင်းဆိုးမှမထွက်အောင် သေသေသပ်သပ်နေခဲ့တာ အခုကျမှ ဒါမျိုးကိစ္စနဲ့နာမည်ကြီးတာမျိုးတော့မလိုချင်ဘူး၊ အဲဒီတော့ နောက် လည်းမလာပါနဲ့ မပတ်သက်ပါနဲ့၊ ရိုးရိုးတန်းတန်းဆက်ဆံပြောဆိုရင်တော့အဆင်ပြေတယ်”

“အစ်ကို က ခရီးသွားတုန်းကဖွဲ့ထားတဲ့ Group Chat ထဲကနေ ကျွန်တော့ဖေ့စ်ဘုတ်အကောင့် ကိုကြည့်မယ်၊ ပြီးတော့ ကျွန်တော်နဲ့ Relationship တင်ထားတဲ့ ကျွန်တော့ကောင်မလေးအကောင့်ကို ကြည့်မယ်၊ ပြီးရင်သူရေးထားတာတွေဖတ်မယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေတွေကိုသိ မယ် ဒါကြောင့်ရှောင်နေခဲ့တာကိုး၊ ဘာဆိုင်လို့လဲ အစ်ကိုကဘာလို့ရှောင်ရမှာလဲ”

“မတွေ့ချင်တော့လို့ကွာ ရှင်းပြီလား”

ကျွန်တော့ကိုခပ်စိမ်းစိမ်းကြည့်ပြီး ထိုစကားကိုပြောထွက်ခဲ့သည့်အခါ ဝမ်းနည်းစိတ်များဝင်လာမိလေ သည်။ သူနှင့်ကျွန်တော်မတွေ့တော့သည့်အခါ ဟူသည့်အတွေးက ခေါင်းထဲချက်ချင်းဝင်လာကာ ကျွန် တော်မည်သို့ခံစားရမည်လဲကိုလည်း တစ်ပြိုင်တည်းတွေးမိပြန်လေသည်။

သူနှင့်ကျွန်တော်ဝေးကွာသည့်အခါ။ ထိုအခြေအနေမျိုးဆိုပါလျှင် ကျွန်တော်သူ့ကိုသတိရလိမ့်မည်။ တွေ့ ဖြစ်အောင်ကြိုးစားလိမ့်မည်။ အကြောင်းပြချက်မှာ ရိုးရိုးလေးသာဖြစ်သည်။ သူ့ကိုကျွန်တော်မတွေ့ရ လျှင်မနေနိုင်၍ပင်။ ထို့ကြောင့်လည်း ယခုကဲ့သို့ခဏခဏ လာရခြင်းပင်မဟုတ်ပါလား။

“ကျွန်တော်ကတော့ ခင်ဗျားကြီးကိုတွေ့ချင်တယ်၊ မတွေ့ရရင်မနေနိုင်ဘူး”

“မင်း ဘာလဲ ဆန်းနေရောင်၊ မင်းဘာဖြစ်ချင်တာလဲ”

“ကျွန်တော်ပြောပြီးပြီလေ”

“အေး တွေ့တာ ပုံမှန်သူငယ်ချင်းမိတ်ဆွေတစ်ယောက်လိုတွေ့လို့ရတယ်၊ ပြသနာမရှိဘူး၊ အစတုန်းက နင်ကဇွတ်တရွတ်နဲ့ ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်လို့ ထင်ထားခဲ့တဲ့ငါ့အမြင်ပြောင်းခဲ့တယ်၊ နောက်ပိုင်းဆက်ဆံရေး စကားပြောဆိုပုံတွေကိုမြင်ပြီး သူငယ်ချင်းမိတ်ဆွေညီလေးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တယ်၊ အဲဒီအတိုင်းလည်းသွားချင်တယ်၊ ဒါပေမဲ့ နင် ဆက်ဆံတဲ့ပုံစံက သမီးရည်းစားတစ် ယောက်ကိုလာတွေ့တဲ့ပုံစံ ငါ့ကိုလိုက်နေတဲ့ပုံစံလေ”

“ဟုတ်တယ် ကျွန်တော် ခင်ဗျားကို လိုက်နေတာပဲလေ”

“ဘာကွ”

သူ ကျွန်တော့တီရှပ်ရင်ဘတ်ကိုဆွဲဆုပ်ယူကာ ထိုးဖို့ကြံရွယ်သည်။

သူမထိုးရက်ဘူးဆိုတာ ကျွန်တော်အတပ်သိသည်မို့ မေးငေါ့ပေးလိုက်၏။ သူဒေါသထွက်နေသည့်ပုံစံက ကျွန်တော့ထံကိုမကူးစက်ဘဲ ချစ်စရာကောင်းသောအပြုအမူတစ်ရပ်အဖြစ်သာမြင်နေလေသည်။ ထိုအ ရာကို သူက သူ့ကိုလှောင်ပြောင်နေသည် သရော်တော်တော်ပြုနေသည်ဟုများထင်နေပုံရ၍ စိတ်ဆိုးနေ ခြင်းလားမပြောတတ်တော့ပါ။ ရွယ်ထားသောသူ့လက်ကို လွှတ်ချလိုက်ကာ ဟင်းခနဲ သက်ပြင်းဇွတ်ချ၍ ကားကူရှင်ဆီသို့သာ သူ့ခေါင်းကိုဆောင့်ချပစ်လိုက်တော့၏။

“အစ်ကို ကျွန်တော်နောက်နေတယ်ထင်နေတာလား”

သူ့ကို ကျွန်တော်သဘောကျ၍ သူ့နောက်တကောက်ကောက်လျှောက်လိုက်ချင်နေခြင်းမှာ သူနှင့်ချစ်သူ ဖြစ်ချင်၍ ဆိုသောအချက်မှာ သူပြုမူနေသည့်အပြုအမူများကြောင့် ပိုမိုသေချာခိုင်မာသွားလေသည်။ ကို ဝေယံမင်းထင်နှင့်ပတ်သက်၍ တစ်သက်လုံးမမေ့နိုင်သော ထာဝရချစ်ပုံပြင်တစ်ပုဒ်ဖန်တီးရန် မသိစိတ် က နှိုးဆော်မှန်းမသိနှိုးဆော်နေခဲ့ခြင်းပင်။

“မင်းက ဘာလဲ ဆန်းနေရောင်”

ဒုတိယအကြိမ်မေးပြန်သည်။ ပခုံးတစ်ချက်တွန့်ပြလိုက်ကာ ကားစတီယာရင်ကိုလက်နှစ်ဖက်ကကိုင် ထားလျှက် သူ့နှင့်ခပ်နီးနီးကိုမျက်နှာချင်းဆိုင်လိုက်ပါသည်။

“ကျွန်တော် အစ်ကိုနဲ့ ချစ်သူဖြစ်ချင်တယ်”

“မင်းဘာစကားပြောလိုက်တာလဲ ဆန်းနေရောင်”

“ကျွန်တော်နောက်နေတာမဟုတ်ဘူး လေးလေးနက်နက်ပြောနေတာ”

ကျွန်တော့လေသံက ပုံမှန်ထက်အနည်းငယ်ကျယ်လောင်သွားခြင်းကြောင့် သူစိုက်ကြည့်ကာ တံတွေး တစ်ချက်မျိုချလိုက်လေသည်။ သူ၏ ဖြူဝင်းရှင်းမွတ်နေသော လည်တံစလုတ်က အတွင်းသို့တစ်ချက် ရှိုက်ဝင်သွားလေသည်။ ကားစက်နှိုးထားခြင်းကြောင့် စက်သံအနည်းငယ်ကျယ်နေရုံမှအပ ပြင်ပပတ်ဝန်း ကျင်အသံကို သဲသဲကွဲကွဲမကြားရဘဲ ကြားအတွင်းတိတ်ဆိတ်လို့နေလေသည်။

ခဏကြာတော့ သူ့အသံ ထွက်လာပါသည်။ အချိန်တစ်ခုအထိစဉ်းစားပြီးမှ ပြောထွက်လာသော တိုးလျ လျလေသံဖြစ်၏။

“မင်း ငါ့ကို မေသံသာနဲ့ လင်လုဖက်လုပ်ခိုင်းနေတာပဲ”

ထိုစကားလုံးက ကျွန်တော့ရင်ဘတ်ဆီကိုတိုက်ရိုက်လာရိုက်ခတ်တော့သည်။ သူစဉ်းစားနေခဲ့မည်။ လေး လေးနက်နက်တွေးနေခဲ့လိမ့်မည်။ သူ့အမြင်တွင် အရာရာတိုင်းကိုအလေးအနက်သိပ်မထားတတ်သော ရွှတ်နောက်နောက်နေတတ်သော လူငယ်ကောင်လေးတစ်ယောက်ကိုရည်းစားအဖြစ်တော်ဖို့ ကောင်း ကွက်များကိုရွေးချယ်ရှာဖွေနေလိမ့်မည်။

သူ့ကိုကျွန်တော်ကျေနပ်စေချင်သည်။ ခဏတာမဟုတ်သော သံယောဇဉ်များဖြင့် ချည်နှောင်နေမိခဲ့သည် ဆိုခြင်းကို ရင်ထဲကလှိုက်လှိုက်လှဲလှဲသိစေချင်သည်။ ထို့နောက် ကျွန်တော် ဘာလုပ်ရမလဲဆိုသည်ကို ကောင်းကောင်းသဘောပေါက်လိုက်ပါသည်။ သူနှင့်မျက်လုံးချင်းဆုံကြည့်ကာ ခေါင်းညိတ်ပြပြီး ကတိ တစ်ခုပေးလိုက်တော့၏။

“ကျွန်တော် ဘယ် လောက်ထိ အစ်ကို့အပေါ်အလေးအနက်ထားသလဲဆိုတာ သက်သေပြပါ့မယ်”

>>>>>