“ညီ ဖန်တီးသော Love Story” အပိုင်း (၆)

(၆)

“ခရီးသွားရင် မေ့ကိုအမြဲတမ်းမခေါ်ဘူးနော် ဘာလို့လဲ”

ချစ်သူက ငြိုငြင်သည့်အခါတွင် ကျွန်တော့ထံအကြောင်းပြချက်ပေါင်းများစွာဖြစ်သွားလေသည်။ သူငယ် ချင်းအပေါင်းအသင်းမိတ်ဆွေများနှင့် ခရီးသွားသည့်အခါ ချစ်သူစုံတွဲမပါလျှင်အကောင်းဆုံးဟု ပတ်ဝန်း ကျင်ကသတ်မှတ်ထားကြသည်ကို ကျွန်တော်လည်းလက်ခံပါသည်။ တစ်ချို့မိတ်ဆွေများက ခရီးသွား မည်ဟုဆိုလျှင် ချစ်သူစုံတွဲများပါသလားဟုအရင်မေးလေ့ရှိကြ၏။ ရန်ဖြစ်စိတ်ကောက် ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးပြီး အချိန်တန်တော့လည်းအချင်းချင်း ပြေလည်သွားမည်ဖြစ်ရာ အတူသွားသည့် ခရီးဖော်များသာစိတ်မသက်မသာဖြစ်ပြီးကျန်ခဲ့ရသည့် ခံစားမှုမျိုးကို ကိုယ်တိုင်လည်းခံစားဖူးသည်မို့ လွတ်လွတ်လပ်လပ်ခရီးသွားမည်ဟုဆိုလာတိုင်း အကြောင်းတစ်ခုခုပြကာ ချစ်သူကိုချန်ထားတတ်ခဲ့ပါ  သည်။

“ဘယ်အတွဲက ခရီးဖော်တွေကိုကောင်းကျိုးပေးဖူးလို့လဲမေရယ်၊ မသွားခင်ကတည်းကပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ဖြစ်ပြီး အတူလိုက်တဲ့သူတွေကို ဒုက္ခပေးမယ့်အလုပ်ကို ကျွန်တော်မလုပ်ချင်ပါ ဘူး”

“အမလေး အမြဲတမ်းတော့ဘယ်အတွဲကဖြစ်ချင်မလဲကွယ်၊ ဒီလိုပဲ ကတောက်ကဆနည်းနည်းပါးပါး တော့အားလုံးဆီမှာရှိကြမှာပဲ၊ ဒီလိုသာရှောင်ကြေးဆို ချစ်သူရည်းစားတွေ ခရီးအတူမသွားရဘူးဆိုပြီး သတ်မှတ်ချက်တစ်ခုဖြစ်ကုန်တော့မှာပဲ”

“နှစ်ယောက်တည်းသွားရင်ပြသနာမရှိဘူး၊ အဖွဲ့နဲ့သွားရင်ပြောတာပါ”

“ပြသနာမရှာဘူးကွာ၊ ကတိပေးတယ်၊ နောက်တစ်ခါခေါ်မှာလား”

“အာ မရဘူး၊ မခေါ်ဘူး၊ နှစ်ယောက်တည်းသွားရင်သွားမယ်၊ သူများတွေနဲ့သွားရင်တော့မလိုက်ပါနဲ့၊ တောင်းပန်တယ်”

မေနှင့်ကျွန်တော် အဖွဲ့လိုက်ခရီးတွင် တစ်ခေါက်လိုက်ဖူးသည်။ သပ်သပ်ခရီးထွက်ခြင်းတော့မဟုတ်။ ရန် ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးဒီပလိုမာသင်တန်းတုန်းက နေပြည်တော်သို့ လွှတ်တော် လေ့လာရေးခရီးဖြစ်သည်။ စတင်ကြိုက်ခါက လွန်ခဲ့သော တစ်နှစ်ကျော်ကျော်ခန့် ၂၀၁၂ ဝန်းကျင်တုန်း ကပင်။ ကျောင်းလေ့လာရေးဖြစ်သည်ကြောင့် ဆရာမများလည်းပါ၊ အတန်းဖော်များလည်းပါသည်မို့ အ ရာရာ သိပ်အခက်အခဲမရှိ ပြေပြေလည်လည်သွားနိုင်မည်ဟုထင်ထားသော်လည်း ဓါတ်ပုံရိုက်စဉ်ပြသနာ တက်တော့သည်။ လွှတ်တော်လေ့လာရေးမို့ လွှတ်တော်အဆောက်အဉီနှင့် ရိုက်လိုက် သူငယ်ချင်းအုပ်စု လိုက်ရိုက်လိုက်ဖြင့် အလုပ်ရှုပ်နေကြချိန် သူက ကျွန်တော့ကိုသဝန်တိုလို့နေလေသည်။

ကျွန်တော်နှင့် ခင်ခင်မင်မင်ရှိလှသည့် သဇင်အောင်နှင့်တပူးပူးတတွဲတွဲဖြစ်လိုက် ဆယ်လ်ဖီအတူဆွဲလိုက် ဖြစ်နေသည်ကို မေကမကျေမနပ်ဖြစ်ကာတစ်ရက်လုံးစိတ်ကောက်တော့သည်။

“အတူဓါတ်ပုံရိုက်ဖို့လိုက်ရှာပါတယ် သူက ဟိုတစ်ယောက်နားရောက်နှင့်နေပြီ၊ ကားရပ်လို့ တစ်ခုခုပြော မယ်ကြံတယ် အနားမှာမရှိတော့ဘူး၊ အဲတစ်ယောက်နဲ့စကားသွားပြောနေပြီ၊ မပြောချင်လို့ကြည့်နေတာ အကောင်းမှတ်တယ်၊ တော်တော်တရားလွန်နေပြီ၊ အုပ်စုလိုက်ပုံရိုက်တော့လည်း အနားမှာမနေဘူး၊ သူ့ အနားပဲကပ်နေတာပဲ”

“ဟာကွာ ဒါက စုံတွဲခရီးသွားနေတာမဟုတ်ဘူးလေမေရဲ့၊ ကျောင်းက လေ့လာရေးခရီးလေကွာ၊ အဲလို အရာရာကိုလိုက်ကြည့်နေလို့ဘယ်ဖြစ်မလဲ၊ အတူတူထိုင်တယ်လေ၊ ချစ်သူရည်းစားဆိုတာအကုန်သိ တယ်လေ၊ ဒါနဲ့မလုံလောက်ဘူးလား”

“မလုံလောက်ဘူး၊ မလုံလောက်ဘူး၊ နင်ကိုယ်တိုင်ကိုက တော်တော်ဖြစ်နေတာလေ”

ကျွန်တော် စုတ်တစ်ချက်သပ်ကာထွက်သွားလိုက်တော့သည်။ သူ့ကိုချော့လည်းမချော့ဖြစ်သလိုဟိုသွား ဒီသွားလည်း အနားမကပ်တော့။ မဟုတ်တာမလုပ်ဘူးဟူသော တရားသေလက်ကိုင်တုတ်ဖြင့်ကိုယ့်အ မှန်တရားကိုသက်သေပြသည့်သဘောပင်။ ညနေစာစားချိန်လည်းအတူတူမစားဖြစ်၊ ညဖက် စည်ပင်ရိပ် သာတွင် သူနေရသည့်နေရာကိုလည်းသွားမလည်ဖြစ်ခဲ့။

နောက်တော့လည်း သူ့ဘာသာသူစိတ်ကောက်ပြေသွားကာ ကျွန်တော်ရှိရာဆီကိုလိုက်လာခဲ့သည်။ လူဆိုးကြီး အရူးကောင်ဟုခေါ်ကာ ကျွန်တော့လက်မောင်းကို လေးငါးချက်ထုပြီးနောက်ပြန်လည်ပြေ လည်သွားခဲ့လေသည်။ ထိုအကြောင်းပြချက်ဖြင့်ပင် ကျွန်တော်ခရီးသွားတိုင်းမေ့ကိုမခေါ်ဖြစ်သလိုမေခ ရီးသွားတိုင်းလည်း လိုက်မည်ဟုမတောင်းဆိုဖြစ်ပါ။ ဇွဲကပင်တောင်တက်ခရီးအပြီးတွင်တော့ မေကသူမ လိုက်ရ၍ ပြန်လည်ပြသနာရှာလာခြင်းဖြစ်သည်။

“မောင်တော့ စိတ်ပုပ်ပြီ ဘာမဟုတ်တာလုပ်ထားသလဲမသိဘူး”

“အဲလိုထင်နေရင်လည်းသဘောပဲ”

သိပ်မရှင်းပြချင်တော့။ မေ့ကိုလည်းစိတ်မရှည်ချင်တော့ပါ။ ခရီးကပြန်လာပြီးသည့်နောက်ပိုင်းတွင် စိတ် ထဲ၌ အစ်ကိုနှင့်ပတ်သက်၍သာကြီးစိုးနေလေသည်။

ရန်ကုန်ပြန်ရောက်သည့်အခါ သူနှင့် ကျွန်တော်မတွေ့ဖြစ်တော့ပါ။ သုံးလေးရက်ကြာတော့ ကျွန်တော်သူ့ ကိုသတိရလာသည်။ သူဘာများလုပ်နေမည်လဲဟုတွေးဖြစ်လာသည်။ အိပ်သည့်အချိန် ကျွန်တော့ခွ ခေါင်းအုံးနေရာကိုအစားထိုးပေးခဲ့သည့်သူ့ကိုတမ်းတလာသည်။ သူနှင့်တွေ့ချင်လာသည်။ ကျွန်တော်မှန်း သိသိရက်နှင့် အဖက်ခံ အခွခံခဲ့သည့် သူ့ပုံစံကိုတွေးကာပြုံးမိလာသည်။ ထို့နောက် သူရှိရာနေရာ သူအ လုပ်လုပ်သည့်နေရာနှင့်ဆက်သွယ်ရမည့်အဆက်အသွယ်တို့ကို စုံစမ်းမိတော့သည်။

“မေမီ …ကိုဝေယံမင်းထင်ရဲ့ဖေ့စ်ဘုတ်အကောင့်သိချင်တယ်၊ နင်နဲ့ဖေ့စ်ဘုတ်မှာသူငယ်ချင်း ဖြစ် နေတာလား”

“မဟုတ်ဘူးဟ၊ ငါတို့ Group ကိုလာ Join ပြီး Messenger ကနေ ဖုန်းနံပါတ်လာတောင်းပြီးဆက်သွယ် တာ၊ ဖေ့စ်ဘုတ်မှာ Friend လည်းမဟုတ်ဘူး၊ သူလာပြောထားတဲ့ သူ့အကောင့်ကိုတော့သိတယ်၊ ဖုန်းနံ ပါတ်လည်းရှိတယ် ငါပေးမယ်”

အတူပါခဲ့သည့် ခရီးဖော်အားလုံးနှင့် ခရီးသွားသည့်အခိုက်အတန့်တွင်သာ ခင်မင်ရင်းနှီးစကားပြောဖြစ် ကြသော်လည်း ရန်ကုန်ပြန်ရောက်သည့်အခြား သီးခြားကမ္ဘာစီဖြစ်သွားတော့သည်။ တစ်ယောက်၏ ဆို ရှယ်မီဒီယာအကောင့်ကို တစ်ယောက်မမေးမိကြ။ (တိတ်တိတ်လေးမေးမိသူလည်းရှိကောင်းရှိမည်ပေါ့)။ ဘယ်ကုမ္ပဏီတွင်ဘာအလုပ်လုပ်သလဲ ဘာရာထူးလဲဆိုသည်ကို ယျေဘုယျသိရုံမှအပ ထဲထဲဝင်ဝင်မမေး ဖြစ်ကြ။ အားလုံးက ခရီးသွားခြင်းနှင့် စိတ်အပန်းဖြေခြင်းကိုသာအာရုံစိုက်ကြသူများလေသည်။ ပြီးတော့ တစ်ခေါက်နှင့်တစ်ခေါက်တွင်လည်း ခရီးလိုက်လာသည့်သူများမတူကြ။ ကျွန်တော်၊ ကျော်ဝင်းနှင့် မြတ် မိုးကျော် သုံးယောက်သာ ခရီးစဉ်တိုင်းတွင်ပါလွန်း၍ ရင်းနှီးနေကြခြင်းပင်။ ဒါတောင် ဘာအလုပ် ဘယ် ရာထူးလုပ်နေသလဲ သေသေချာချာမမှတ်မိကြ။ ဖေ့စ်ဘုတ်တွင် သူငယ်ချင်းဖြစ်နေသလားမဖြစ်လားကို တောင်သေသေချာချာမဆန်းစစ်မိကြချေ။ ခရီးစဉ်အသစ်ထွက်မည်ဆိုပြီး ဆိုင်တွင်ချိန်းဆိုစကားပြော သည့်အခါတွင်လည်း ခရီးအကြောင်းနှင့် ပေါက်ကရလေးဆယ်ပြော၍သာအချိန်ကုန်တတ်ကြပြီး ကိုယ့် လူမှုဝန်းကျင်အကြောင်းကိုတော့ ဂဃနဏမမေးမပြောဖြစ်ကြပါ။ ထို့ကြောင့် အစ်ကို့ကိုဆက်သွယ်ရန် ကျော်ဝင်းမှတစ်ဆင့် စုံစမ်းရခြင်းပင်။ ကျော်ဝင်းကလည်း ဘာလုပ်မလို့လဲ ဘာရှိလို့လဲ ဘာညာနှင့် မစပ်စုခဲ့ပါချေ။

သူ့ဖုန်းနံပါတ်ရရှိပြီးနောက်တွင်တော့ သူနှင့်တွေ့ဆုံခွင့်ရဖို့ဆက်သွယ်တော့သည်။

“ကျွန်တော် ဆန်းနေရောင်ပါအစ်ကို၊ ဇွဲကပင်ခရီးတုန်းက အစ်ကို့ရဲ့အခန်းဖော်ပါ၊ အစ်ကို့ကိုခွတဲ့တစ် ယောက်ပါ”

“အေး မှတ်မိတယ်ညီလေး၊ ခွတဲ့ကိစ္စပြောစရာမလိုဘူးထင်တယ်”

သူ့လေသံနည်းနည်းမာနေတော့ ကျွန်တော်ဝမ်းနည်းမိသွားလေသည်။

“စကားပြောလို့အဆင်ပြေမလားအစ်ကို”

“အင်း ပြောလေ”

“အရေးကြီးကိစ္စတစ်ခုပြောစရာရှိလို့ပါအစ်ကို၊ အဲဒါအစ်ကိုနဲ့ခဏလောက်လာတွေ့ချင်လို့၊ အော် စိတ်ချ၊ ပိုက်ဆံချေးမယ့်ကိစ္စမဟုတ်ဘူး”

အရေးကြီးကိစ္စဟုသာပြောလိုက်ရသော်လည်း တကယ်တမ်းဘာကိစ္စမှမယ်မယ်ရရမရှိပါ။ သူနှင့်တွေ့ချင် ၍သာ အကြောင်းပြချက်ပေးလိုက်ခြင်းပင်။

“ဘယ်တော့လဲ”

“ဒီနေ့ညနေအစ်ကို၊ အစ်ကို့ကိုကျွန်တော်လာကြိုမယ်၊ ဘာကိုလာခဲ့ရမလဲ”

သူရှိရာနေရာ သူ့အလုပ်နေရာကိုသိချင်၍ တမင်သွားကြိုခြင်းပင်။ သူ့ရုံးက ကျွန်တော့ရုံးနှင့်သိပ်မဝေးလှ ပါ။ ကျွန်တော်က ဆူးလေ သူက ဗိုလ်တစ်ထောင်မို့ မိနစ်ပိုင်းအတွင်းရောက်နိုင်သည်။ သူကသူ့ရုံးတွင် လာကြိုရန်ပြောတော့ ဝမ်းသာမိသွားလေသည်။ သူသည် ဆောက်လုပ်ရေးဆိုင်ရာကုမ္ပဏီရုံးချုပ်တစ်ခု တွင် လက်ထောက်မာကတ်တင်းမန်နေဂျာရာထူးဖြစ်လေသည်။ သူတို့ကုမ္ပဏီမှာ အိမ်ဆောက်ပစ္စည်း ဆိုင်ရာအလှဆင်ပစ္စည်းများကို ဖြန့်ချိတင်သွင်းခြင်းဖြစ်ပြီး သူတို့ဌာနက ဈေးကွက်အရောင်းအတွက် မာကတ် တင်းပြုလုပ်ရခြင်းဖြစ်သည်။

“အိမ်အလှဆင်ပစ္စည်းတွေပေါ့၊ တံခါးလက်ရန်းတွေ ဧည့်ခန်းရေချိုးခန်းသုံးပစ္စည်းတွေကို ကိုယ်တို့ကတင် သွင်းဖြန့်ချိပေးတာ၊ ကိုယ်ကျတော့ ဆောက်လုပ်ရေးကုမ္ပဏီကြီး ၁၀ ခုနဲ့ချိတ်ဆက်အလုပ်လုပ်ရတယ်၊ ဈေးကွက်အသစ်ကတော့ ဂျုနီယာတွေရှာတာပေါ့၊ ကိုယ်တို့ကျတော့ ရှိပြီးသားဈေးကွက်ထဲက ဖောက် သည်တွေနဲ့ ပုံမှန်ဆက်ဆံထောက်ပံ့ပေးရတာမျိုးပါ၊ ကြာပြီလုပ်တာ၊ ၁၀ နှစ်ကျော်ပြီ”

သူနှင့်ပတ်သက်၍ အရာရာတိုင်းကိုသိချင်စိတ်များဖြစ်ပေါ်ကာမေးမိသည်။ သူ့ရုံးကို ညနေ ၅ နာရီကျော် ကျော်ခန့်တွင်ရောက်သွားခဲ့ခြင်းပင်။ တကယ်တော့ ကျွန်တော့ရုံးဆင်းချိန်က ညနေ ၆ နာရီဖြစ်ပြီး အပြင် ထွက်ရန်အကြောင်းပြချက်တစ်ခုခုဖြင့်သူ့ထံရောက်လာခဲ့ခြင်းပင်။

“ကျွန်တော်ကတော့..”

ကျွန်တော့အကြောင်းကိုမိတ်ဆက်ပြောဆိုပြီး အနီးအနားတစ်ဝိုက်ကဆိုင်တစ်ဆိုင်တွင်ထိုင်ဖြစ်သည်။ သူ နှင့်သီးသန့်ချိန်းတွေ့ရသည် ခံစားမှုက ပုံမှန်သူငယ်ချင်းတစ်ယောက်ယောက်နှင့် တွေ့ဆုံမှုထက်ပိုလို့နေ လေသည်။ ရင်ခုန်စိတ်လှုပ်ရှားမှုများရောစွက်ကာ သူ့မျက်နှာကိုစိုက်ငေးကြည့်ချင်စိတ်များသာတစ်ဖွား ဖွားပေါ်လာတော့၏။

“ကဲ ပြော အစ်ကိုနဲ့တွေ့ချင်တဲ့အရေးကြီးအကြောင်းအရင်း”

“ကျွန်တော် အစ်ကို့ကိုသတိရလို့”

“ဟေ”

ထူးဆန်းအံဩမှုများဖြင့် သူကျွန်တော့ကိုကြည့်သည်။ မျှော်လင့်ထားပုံမရသည့် စကားကြောင့်သူ ကျွန် တော့ကိုအထင်သေးကောင်းသေးပါလိမ့်မည်။ သို့သော်လည်း ဂရုမစိုက်ပါ။

“ဟုတ်တယ်ဗျာ၊ မသိဘူး ဘာလို့လဲ၊ ကျွန်တော်အစ်ကို့ကိုသတိရတယ်၊ ညဖက်တွေဆိုလည်း အစ်ကို့ အကြောင်းပဲတွေးနေမိတာ၊ ခွခေါင်းအုံးနဲ့ထိတွေ့တိုင်းလည်းသတိရတယ်၊ တွေ့ချင်တယ်၊ ထင်တာတော့ ကျွန်တော် အစ်ကို့ကိုသဘောကျနေပြီလားမသိ…”

“ညီလေး မင်း စတာနောက်တာ တော်ရုံပဲကောင်းမယ်ထင်တယ်”

သူ စိတ်တိုသွားပြီ။

ကျွန်တော့ထက်အသားဖြူပြီးဝင်းမွတ်နေသော သူ့မျက်နှာတစ်ပြင်လုံးနီးမြန်းသွားလေသည်။ ရှက်သွေး ဖြာသွားသည့် သူ့ကိုဖျောင်းဖျရှင်းပြရန် စကားလုံးများအပြေးအလွှားရှာမိတော့သည်။

“ဟာ အစ်ကို၊ ကျွန်တော် နောက်တာမဟုတ်ဘူး၊ နောက်ရလောက်တဲ့စကားပြောနေတာလည်းမဟုတ် ဘူးလေဗျာ”

“မင်းပုံစံက ရွှတ်နောက်နောက်နဲ့လေ၊ အဲဒါကြောင့် ခရီးမှာကတည်းက ကြည့်မရတာ၊ ပြောမကောင်းဆို မကောင်းလေး၊ မင်းတို့လို အခုခေတ်ကလေးတွေက ပြောစရာရှိ ပြောသင့်မပြောသင့်စဉ်းစားမနေဘူး၊ တစ်ဖက်လူကဘယ်လိုခံစားမလဲ မသိဘူး၊ ပြောထည့်လိုက်တာပဲ”

သူ့စကားကြောင့် စိတ်မကောင်းဖြစ်သွားရသည်။ ကျွန်တော်က ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ် သူမို့ အရာရာတိုင်းကိုအလေးအနက်မထားသည်ကတော့မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော်လည်းသူ့ အပေါ်ထားသည့် စိတ်ကတော့ ပေါ့ပျက်ပျက်မဟုတ်ကြောင်းအာမခံရဲပါသည်။

“အစ်ကိုနဲ့ပတ်သက်ရင်တော့ အလေးအနက်ထားပါတယ်ဗျာ”

“ငါဘယ်လိုယုံရမလဲ”

“ကျွန်တော် အစ်ကို့ကိုနေ့တိုင်းလာကြိုမယ်၊ ပိတ်ရက်တိုင်းကျွန်တော်တို့ အပြင်တူတူထွက်ကြမယ်၊ စား ကြသောက်ကြမယ်၊ အစ်ကိုသွားချင်တဲ့နေရာကို ကျွန်တော်လိုက်ပို့ပေးမယ်၊ ကျွန်တော်သွားတဲ့နေရာ တွေကို အစ်ကို့ကိုခေါ်သွားမယ်”

“အဲဒါက အလေးအနက်ထားတာလား၊ သမီးရည်းစားချိန်းတွေ့မှာလား၊ မင်းနဲ့ငါနဲ့က ယောင်္ကျားချင်း..”

“ယောင်္ကျား မိန်းမ ပညတ်ချက်တွေနဲ့ ချစ်ရမယ်လို့ အစ်ကို့စိတ်ထဲထင်နေတာတော့ ကျွန်တော်စိတ်မ ကောင်းပါဘူး၊ လူတိုင်းမှာ လိင်တိုင်းမှာ သူ့ခံစားချက် သူ့ကိုယ်ပိုင်ချစ်ခွင့်တော့ရှိစေချင်တယ်အစ်ကို၊ အခြားသူတွေကြိုက်လေ့ကြိုက်ထမရှိတဲ့ အရာတစ်ခုကို ကျွန်တော်ကြိုက်မိမယ်၊ ဒါက ကျွန်တော်ဟာ တရားဉပဒေကို ချိုးဖောက်နေတာလို့ပြောလို့မရဘူး၊ ကျွန်တော့ဘဝကို ကျွန်တော်ပဲပိုင်တာပါ၊ ကျွန်တော့စိတ်ထဲ သဘောကျတာ ကျွန်တော်ကြိုက်ခွင့်ရှိတယ်လေ၊ သူတစ်ပါးကိုအဆိပ်အတောက်မ ဖြစ်အောင် မထိခိုက်အောင်နေဖို့နဲ့ ကိုယ်ဟာပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်နေဖို့ ပဲ အရေးကြီးတာမဟုတ်ဘူးလား၊ ကျွန်တော်တို့ဟာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမှာနေနေရတာ ဆိုတော့လူတွေကတော့ ဝေဖန်ကဲ့ရဲ့တာမျိုးရှိမယ်၊ ဒါကိုဆင်ခြင်ဖို့တော့ လက်ခံပါတယ်”

“ဆောရီး အဲလိုသဘောပြောတာမဟုတ်ဘူး၊ ကိုယ်က အဲလောက်ထိအမြင်မကျဉ်းပါဘူး၊ ကိုယ်ဆိုလိုတာ က မင်းနဲ့ကိုယ်ချစ်သူတွေမှမဟုတ်တာ ဘယ်လိုလုပ်အတူသွားအတူလာလုပ်လို့ရမှာလဲဆိုတာကိုပါ၊ ပြီး တော့ မင်း ကိုယ့်ကိုသတိရတယ်ဆိုတာက ဘယ်လိုအတိုင်းအတာမျိုးလဲ၊ မင်းပုံစံက အလေးအနက်မရှိ တော့ကိုယ်ဘယ်လိုမျိုး အသိအမှတ်ပြုရမှာလဲ”

“အစ်ကိုမှန်ပါတယ်၊ သတိရလို့အရေးတကြီးလာတွေ့တယ်ဆိုတဲ့အကြောင်းပြချက်က အစ်ကို့အတွက် ကျွန်တော့ကိုယုံကြည်လောက်တဲ့အနေအထားတော့မဟုတ်သေးပါဘူး၊ စိတ်ချပါအစ်ကို၊ ဆန်းနေရောင် ဟာ အစ်ကိုထင်ထားတဲ့ ပေါ့ပျက်ပျက်လူငယ်တစ်ယောက်ထက်ပိုတယ်ဆိုတာ သက်သေပြပါ့မယ်၊ အစ် ကို့အလုပ်ကိုလည်း ကျွန်တော်သိပြီ ဖုန်းနံပါတ်လည်းကျွန်တော်သိပြီ ဆိုတော့ ကျွန်တော့အတွက်အချိန် နည်းနည်းပေးရင်အဆင်ပြေပါပြီ၊ စိတ်ချပါ၊ အစ်ကို စိတ်ထိခိုက်အနှောက်အယှက်မဖြစ်စေရပါဘူး၊ အခု လာတွေ့လို့ အနှောက်အယှက်ဖြစ်ရင်လည်းတောင်းပန်ပါတယ်”

“ရပါတယ် တောင်းပန်စေချင်လို့ပြောတာမဟုတ်ပါဘူး၊ မင်းဘက်က အလေးအနက်ထားပြီး အခုလိုသတိ တရလာတွေ့တာကိုတော့ ကျေးဇူးတင်ပါတယ်”

“ကျွန်တော် ခင်ဗျားကြီးကိုလွမ်းတာကိုးဗျ”

ထွေရာလေးပါးပြောကာ စားသောက်ရင်း အချိန်အတော်လင့်သွားခဲ့သည်။ သူ့ကိုလွမ်းသည့်စိတ်များအ နည်းငယ်ပြေလျော့သွားလေသည်။ သူနှင့်ထပ်တွေ့ချင်စိတ်ကလည်း တစ်ပြိုင်တည်းတွင်ဖြစ်ပေါ်လာ လေသည်။ သို့သော်လည်း ချက်ချင်းမတောင်းဆိုရဲပါ။

အပြန်သူ့ကိုလိုက်ပို့တော့ သူ့အိမ်ကိုပါသိခွင့်ရလေသည်။ ပြီးတော့ ကမ်းလှမ်းမှုတစ်ခု။

“လာမယ့် တနင်္ဂနွေကျရင် ဇွဲကပင်တုန်းက အဖွဲ့တွေကိုချိန်းပေးလို့ရမလားညီလေး၊ အစ်ကို အားလုံး ကို ခင်မင်မှုအထိမ်းအမှတ်အနေနဲ့ မုန့်ကျွေးချင်လို့ပါ၊ ညနေ ၅ နာရီလောက်၊ ဆူးလေက…..ဆိုင်မှာ”

ထိုချိန်းဆိုမှုသည် ကျွန်တော်နှင့် သူ၏ အမှတ်တရအဖြစ်ဆုံးအခိုက်အတန့်တစ်ခုကိုဖန်တီးပေးခဲ့၏။

>>>>>