(၅)
သူ ခပ်စွာစွာမတုန့်ပြန်၍ ကျွန်တော်အံအားသင့်မိသည်။ ကြည့်ကောင်းကောင်းနှင့်များကြည့်နေလေ သလား။ ခံစားမှုကထူးခြားနေသည်မို့ အလိုက်သင့်မျောပါနေလေသလားမသိတော့ပါ။ ကျွန်တော်တို့ အ တန်ကြာစိုက်ကြည့်ခဲ့သည်ကတော့ အသေအချာသာဖြစ်လေတော့သည်။
“ဂွတ်နိုက်ဗျာ အိပ်တော့မယ်”
သူကျောခိုင်းသွားသည်။
ကုတင်က နှစ်ယောက်အိပ်ကုတင်ဆိုသော်လည်း ကျယ်လှသည်မို့ တစ်ယောက်နှင့်တစ်ယောက်အနား ကပ်၍အိပ်ရသည်မဟုတ်။
“ဆောရီးပါ အစ်ကိုရာ၊ မနေ့ညကမှ တွေ့ဖူးတာ ဒီနေ့ကျတော့ ကျွန်တော်စတာနောက်တာနည်းနည်း များသွားရင်တောင်းပန်ပါတယ်၊ အမိုက်အမဲလေးကိုခွင့်လွှတ်ပါ၊ အစ်ကိုကခင်ဖို့ကောင်းပါတယ်၊ နောက် နေ့လည်းစမယ်နော်၊ အိပ်မက်လှလှမက်ပါစေဗျာ”
သူ ကျွန်တော့်ဘက်ကိုကျောခိုင်းသွားသော်လည်း သူရှိရာဘက်ကိုခပ်တိုးတိုးလေးပြောလိုက်သည်။ သူ ကောင်းကောင်းကြားနိုင်ပါရဲ့။ ထို့နောက်တွင်တော့ သူ့ကိုကျောခိုင်းကာ ကျွန်တော်လည်းအိပ်စက်လိုက် မိသည်။
ညတစ်ရေးနိုးလာသည့်အခါ ရေထသောက်တော့ တစ်နေရာရာကိုစိုက်ငေးကြည့်ကာ အိပ်မပျော်နိုင်သည့် သူ့ကို အမှောင်ထဲ၌တွေ့လိုက်ရလေသည်။ သူအိပ်မပျော်ဘူးဟုထင်သည်။ ကျွန်တော်အိပ်စက်နေသည့် တစ်ချိန်လုံးများဟိုတွေးဒီတွေးလုပ်နေသည်လား။
“ဟာ အစ်ကို”
အခန်းကမီးပိတ်ထားသော်လည်း ရေချိုးခန်းအိမ်သာတံခါးကမီးဖွင့်ထားခဲ့သည်မို့ ထိုအလင်းရောင်ဖြင့် အခန်းတွင်းရှိအရာဝတ္ထုများအားလုံးကို အတိုင်းသားမြင်ရလေသည်။ ထိုအထဲတွင် သူ့မျက်လုံးမှေးမှေး မှ အရောင်များလည်းတောက်ပလျှက်ရှိနေ၏။
သူမျက်ရည်များစို့ရွှဲနေလေပြီ။
“အိပ်မပျော်ဘူးလား”
“တစ်ရေးနိုးတာပါ”
လေးနှစ်ကြာသံယောဇဉ်အတွက် သူမျက်ရည်ဝဲနေသည်မှာမဆန်းပါ။
အရာရာတိုင်းကိုမေ့ဖျောက်ရန် အချိန်တစ်ခုယူရလိမ့်မည်။ သူတို့တကယ်ချစ်ခဲ့ပါလျှင်ပေါ့။ ကျွန်တော် လည်းလုပ်ပေးနိုင်သည့်ကိစ္စမဟုတ်၍ စိတ်မကောင်းရုံမှအပမတတ်နိုင်။ ထို့ကြောင့် ကျွန်တော့ အိပ်စက် ခြင်းဆီကိုပြန်လှည်ဦးတည်လိုက်တော့သည်။
ကျွန်တော်ကုတင်ပေါ်ကိုပြန်တက်ပြီး သူနှင့်ကျောခိုင်းအိပ်နေသော်လည်း ခေါင်းထဲတွင် သူ့အကြောင်း များရောက်လာနေလေသည်။ အဆင်ရောပြေပါရဲ့လား ဟုတွေးမိကာ သူ့ဘက်ကိုလှည့် သူ့ပခုံးကိုလှုပ် လိုက်သည်။
“အစ်ကို”
“အင်း”
“ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမလား”
အဆင်ပြေရာပြေပါစေကြောင်းတွေးကာ လုပ်ပေးနိုင်သည်မှာ ထိုစကားလုံးသာဖြစ်လေသည်။ သူက လို လိုချင်ချင်ပင်လက်ခံတော့ ကျွန်တော်အံအားသင့်သွားမိသေးသည်။
“ကောင်းသားပဲ လျှောက်မယ်လေ”
သွက်လက်စွာပင် ကုတင်ပေါ်မှပြန်ဆင်းလိုက်ပြီး ညဝတ်ဘောင်းဘီတိုနှင့် စွပ်ကျယ်ကို လဲလိုက်သည်။ အပြင်တွင် တော်တော်အေးနေလောက်သည်မို့ ဘောင်းဘီရှည်နှင့် တီရှပ်၊ အနွေးထည်တို့ကို လုံလုံခြုံခြုံ ဝတ်လိုက်ပါသည်။ သူကတော့ ဘောင်းဘီရှည်နှင့်တီရှပ်ဖြင့်သာ အပြင်ထွက်ဖို့ပြင်သည်။
“အေးမှာပေါ့” ဟု ကျွန်တော်ကဆိုတော့ “အင်း၊ အေးအေးလေးနေချင်တယ်” ဟုပြန်ဖြေလေသည်။ ကျွန် တော်တို့နှစ်ယောက် ဟိုတယ်အပြင်ဖက်ဆီကိုရောက်သည့်အခါတွင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှိန်ပျ ပျဖြစ်ကာ မြူဆိုင်းလျှက်ရှိနေလေသည်။
ဟိုတယ်နှင့်မလှမ်းမကမ်းဆီတွင် ဘားအံညဈေးတန်းရှိပြီး ပြောင်သလင်းခါနေအောင် သန့်ရှင်းရေးလုပ် ထားပြီးသားဟင်းလင်းပြင်ကြီးဖြစ်လို့နေလေသည်။ ထိုနေရာသို့ပင်လျှောက်ခဲ့ကြပါသည်။ လေတစ်ဖြူး ဖြူးတိုက်ခတ်မှုက ခန္ဓာကိုယ်ဆီတိုးဝှေ့သည့်အခါ ခိုက်ခိုက်တုန်အောင်ချမ်းသွားသည်။ အနွေးထည်ဝတ် ထားသည့်ကျွန်တော်တောင် ထိုမျှလောက်အေးနေခဲ့ပါလျှင် တီရှပ်သာဝတ်ထားသည့်အစ်ကိုများအရမ်း အေးနေမလားတွေးမိပြန်သည်။ ပြင်ပမှတိုက်ခတ်မှုကြောင့် ရာသီဉတုကြောင့်အေးချမ်းမှုသည် အစ်ကို့ ရင်တွင်းမှ ပူလောင်နေမှုကို တစ်မုဟုတ်ချင်းပျောက်ကွယ်သွားစေချင်လေသည်။ သူတင်မဟုတ် မည်သူ့ ကိုမဆို ပူလောင်မှု မသက်မသာဖြစ်စေမှုများကို မဖြစ်စေချင်ပါ။
ကမ်းနားမှတိုက်ခိုက်လာသောလေထုနှင့် ဘားအံမြို့တစ်ခွင်တိုက်ခတ်နေသောလေထုက အသီးအရွက် အနံ့တစ်ချို့ပါလာနေလေသည်။ ညဈေးတန်း၏ အငွေ့အသက်များကျန်နေခဲ့သည်ထင်ပါရဲ့။
“ခဏထိုင်ကြမလား”
မြစ်ကမ်းဘေးကိုငေးကြည့်နိုင်မည့် အုတ်ခုံငယ်ဆီကိုရောက်သည့်အခါ သူထိုင်ဖို့တောင်းဆိုလာသည်။ ကျွန်တော်က သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး အုတ်ခုံငယ်ပေါ် နီးကပ်စွာထိုင်မိကြသည်။ ဟိုတယ်မှယူလာ သည့် အနွေးထည်ထဲထည့်ထားသည့် ဘီယာပုလင်းငယ်နှစ်လုံးကိုထုတ်ကာ သူ့ကိုတစ်လုံးကမ်းပေးလိုက် သည်။ အံအားသင့်သောမျက်လုံးများနှင့်ကြည့်ပြီး ပြုံးကာ ယူလေသည်။
“မဆိုးဘူးပဲ”
ဖောက်တံပါအဆင်သင့်ပါလာသည်မို့ သူ့ကိုဖောက်တံကမ်းပေးလိုက်သည်။ ကျွန်တော်ဘာကြောင့်ပုံမှန် ထက်ချမ်းနေသလဲဆိုသည်ကို ထိုတော့မှသဘောပေါက်သည်။ ရေခဲသေတ္တာထဲထည့်ထား၍ အေးနေ သည့် ဘီယာနှစ်ပုလင်းကို အနွေးထည်အိတ်ဆောင်ထဲထည့်လာခဲ့မိသည်ကိုး။
“ကဲ ချီးယားစ်”
“ချီးယားစ်”
ပုလင်းချင်းတိုက်သံကတိုးလျလျသာဆိုသော်လည်း ညဖက်တိတ်ဆိတ်မှုကြောင့် ကျွန်တော်တို့နှစ်ဦး၏ ပတ်ဝန်းကျင်ကိုလွှမ်းမိုးသွားခဲ့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးပြမိကြလေသည်။
“အစ်ကို ကျွန်တော်တို့နဲ့ဘာကြောင့်ခရီးလိုက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့တာလဲ သိလို့ရမလား”
ဘီယာကိုတစ်ကျိုက်မော့လိုက်ပြီးနောက် ခန္ဓကိုယ်နွေးထွေးသွားလေသည်။ လမ်းလျှောက်လာပြီးနှစ် ယောက်သားဘာစကားမျှမပြောခဲ့လျှင် ပိုမိုမရင်းနှီးခဲ့လျှင် အပြင်ထွက်လာခြင်းက အိပ်ရေးပျက်ရုံသပ် သပ်သာဖြစ်ပါလိမ့်မည်။ သူနှင့်စကားအကြာကြီးပြောရန် သူ့ခံစားချက်တစ်စုံတစ်ရာများပြောင်းလဲနွေး ထွေးသွားရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည်။
“ကိုယ်မသိတဲ့ပတ်ဝန်းကျင် ကိုယ်မသိတဲ့လူတွေနဲ့ ခရီးသွားရင်များ တစ်ခုခုကိုမေ့လို့ရနိုင်မလားလို့၊ ပတ် ဝန်းကျင်အသစ်က ကိုယ့်ကိုအာရုံပြောင်းစေမယ်လေ”
“ထင်တဲ့အတိုင်းဖြစ်လား”
“အမှန်အတိုင်းဝန်ခံရရင်တော့ မဆိုးပါဘူး၊ ဒါပေမဲ့ ထင်တဲ့အတိုင်းတော့မဟုတ်ဘူး”
“အမှတ်ပြည့်က ၁၀ ဆိုရင် အစ်ကို့ခံစားမှုက ဘယ်လောက်ရှိမလဲ”
“အင်း အဲဒါတော့…၆ လောက်တော့ရှိမယ်ထင်တယ်၊ ပတ်ဝန်းကျင်တွေ အသက်ရှုသံတွေပြောင်းလဲသွား ပေမယ့် စိတ်ထဲကခံစားမှုကတော့ကျန်နေတုန်းပဲ”
“အဲဒါ အစ်ကိုရည်းစားမထားဖူးလို့ဖြစ်မယ်”
ကျွန်တော် လွှတ်ခနဲပြောလိုက်သည့်စကားက သူ့အတွက်စဉ်းစားစရာဖြစ်စေခဲ့သည်။ တစ်ကျိုက်မော့ လိုက်၊ တစ်ချက်စဉ်းစားဟန်ပြုလိုက်လုပ်ကာ ကျွန်တော့ကိုစိုက်ကြည့်၏။
“ညီလေး ပြောတာဖြစ်နိုင်တယ်”
“ဟုတ်”
“သူက အစ်ကို့အတွက် အချိန်အကြာကြီးချစ်ခဲ့တဲ့ အချစ်ဦးပဲ၊ အရင်တုန်းကတော့ အမှန်အတိုင်းဝန်ခံရ ရင် သဘောကျတဲ့ချစ်သူတွေရှိတယ်၊ ခဏတာတွဲခဲ့ဖူးတဲ့သူတွေလည်းရှိတာပေါ့၊ ဒါပေမဲ့ ကိုယ်နှစ်နှစ်ကာ ကာချစ်ရတဲ့သူက သူပဲ၊ ဒါနဲ့များ သူ ကိုယ့်ကိုဖြတ်ရက်ခဲ့တယ်၊ နာကျင်ရတယ် ညီလေး”
သူ့ဆီက ကြာရှည်စွာထွက်ပေါ်လာသည့်စကားလုံးများကို အာရုံစိုက်နားထောင်ရင်း သူ့ခံစားမှုများကျွန် တော့စိတ်ထဲပျော်ဝင်နေလေသည်။ ဝမ်းနည်းမှုများလွှမ်းခြုံထားသည့် သူ့မျက်ဝန်းမှမျက်ရည်များစို့လာ သလိုမြင်ရသည်။ နီယွန်မီးထိန်ထိန်များက ပတ်ဝန်းကျင်တစ်ခွင်လုံးကိုသဲသဲကွဲကွဲမြင်ရအောင်ပံ့ပိုးပေး နေသည်မဟုတ်ပါလား။
“ကျွန်တော်ကတော့ အလေးအနက်မထားလွန်းလို့ပဲလားမသိဘူး၊ ရည်းစားတွေထားတယ်၊ တွဲတယ် ပြီး တော့ ပြတ်တယ်၊ ပြီးရင်ပြန်တွဲတယ်၊ ဒီလိုပြောလို့ ရည်းစားတစ်ယောက်တည်းကိုခဏလေးပဲတွဲတယ် လို့ထင်ကောင်းထင်မယ်၊ အဲလိုလည်းမဟုတ်ဘူး၊ တစ်ချို့ရည်းစားတွေ တစ်နှစ်၊ တစ်နှစ်ခွဲလောက်အထိ ကြာပါတယ်၊ အခုတစ်ယောက်ဆို နှစ်နှစ်ရှိပြီ၊ သူနဲ့ပြတ်သွားရင် အရမ်းခံစားရမလားသုံးသပ်ကြည့်တော့ မဟုတ်ဘူးဗျာ၊ သေချာတယ် ကျွန်တော်ခံစားရမှာမဟုတ်ဘူး”
“ပေါ့ပေါ့လေးတွေးလို့နေမှာပါ”
“မဟုတ်ဘူး၊ ကျွန်တော်လေးလေးနက်နက်တွေးကြည့်တယ်ဗျ၊ ထားလိုက်တဲ့ကောင်မလေးတိုင်းကိုသေ သေချာချာ စိတ်နှစ်ပြီးချစ်ချင်တာပါ၊ ဒါပေမဲ့ ဘာကြောင့်လဲမသိပါဘူးအစ်ကိုရာ၊ အစ်ကို့ပုံစံကိုမြင်တော့ ကျွန်တော်က မချစ်တတ်တာလားလို့လည်းတွေးမိသေးတယ်”
“အင်းဟင်”
သူ လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး အပူဓါတ်ပေးကာ ထိုလက်ဝါးတို့ဖြင့် လက်မောင်းဆီကိုပွတ်သပ်နေတော့ သည်။ ဘားအံည၏ ချမ်းအေးမှုကို သူကောင်းကောင်းခံစားရပြီပေါ့။ သူချမ်းနေပြီဆိုသည့်အသိက ကျွန် တောခေါင်းထဲဝင်လာသည်နှင့် မဆိုင်းမတွပင် ကျွန်တော်ဝတ်ထားသောအနွေးထည်ကိုချွတ်လိုက်ကာ သူ့ဆီကိုထိုးပေးလိုက်သည်။ သူကြောင်ကြည့်နေပါသည်။
“အစ်ကို ဝတ်လိုက်ပါ”
ကျွန်တော့အပြုအမူကို ကိုယ်ကိုကိုယ်တိုင်လည်းအံအားသင့်မိသွားသည်။ တဒင်္ဂအတွင်း ဘာကြောင့်များ ပြုမူမိလိုက်ပါသလဲမပြောတတ်တော့။ သူ့ကိုနွေးထွေးစေချင်သည့်စိတ်ကတော့ အပြည့်ပင်။ သူခံစားနေ ရသည်ကို သက်သာစေချင်၍ အခန်းထဲမှထွက်ကာ အပြင်ကိုလမ်းလျှောက်ထွက်ဖို့ခေါ်ခဲ့သည်။ သူရင်ထဲ ကအပူကွယ်ပျောက်စေချင်၍ စကားပြောဖော်လုပ်ပေးသည်။ သူချမ်းနေ၍ ကျွန်တော့အင်္ကျီချွတ်ပေး သည်။ ဘာကြောင့်များ သူ့ကိုကျွန်တော် ဒီလောက်ထိဂရုစိုက်ခဲ့တာပါလိမ့်။
“ကျွန်တော်မချမ်းဘူး၊ နွေးနွေးလေးဖြစ်နေတယ်”
အနွေးထည်ကို သူမယူမှာစိုး၍ ပြောလိုက်သော်လည်း ကျွန်တော်ချမ်းပါသည်။ သူမငြင်းဘဲ အနွေးထည် ကိုဖျတ်ခနဲယူလိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်စွပ်လိုက်လေသည်။ “ကျေးဇူးပဲ” ဟူသည့်စကားကိုတော့လက် ခံရရှိလေသည်။ သူ့ထံမှ လက်စသတ်ပြီးသောဘီယာပုလင်းခွံနှင့် ကျွန်တော်သောက်ပြီးသောပုလင်းခွံတို့ ကိုသိမ်းကာ အနီးအနားရှိအမှိုက်ပုံးထဲသွားထည့်လိုက်ပြီး ပြန်ထိုင်ကာ ဘားအံ၏သဘာဝပတ်ဝန်းကျင် အကြောင်းကိုဆက်ပြောဖြစ်သည်။
ထိုညက စကားအများကြီးမပြောခဲ့သော်လည်း စကားပြောခြင်းထက်ပိုမိုနွေးထွေးရင်းနှီးမှုကိုကျွန်တော် ရရှိခဲ့ပါသည်။ တစ်နာရီလောက်ကြာအပြီးမှာတော့ ဟိုတယ်ကိုပြန်ကာအိပ်ယာဝင်ခဲ့တော့သည်။
“ညီလေး”
မအိပ်ခင်အချိန်ခဏတွင် သူကျွန်တော့ကိုခေါ်ကာ “ကျေးဇူး” ဟုဆိုလေသည်။ ကျွန်တော်ခေါင်းညိတ် ကာ ပြုံးပြလိုက်သည်။ ထို့နောက်ကျွန်တော်တို့ တစ်ခါပြန်လည်အိပ်စက်ဖို့အကြောင်းပြုပါသည်။ ကျွန် တော် သူ့အနားဆီကိုတိုးလိုက်သည်။
“အစ်ကို ဝေယံမင်းထင်”
ခပ်တိုးတိုးလေးခေါ်လိုက်သော်လည်း သူခဏလေးအတွင်းတွင် အိပ်မောကျသွားခဲ့ပုံရပါသည်။ သူ၏ခပ် တိုးတိုးဟောက်သံကိုကြားလိုက်ရတော့ ကျွန်တော်ပြုံးကာ သူ့ကိုအနောက်မှ သိုင်းဖက်ကာခွလိုက်တော့ သည်။ ကျွန်တော် ခွခေါင်းအုံးလိုနေပြီလေ။ သူ့ဟောက်သံပျောက်သွားစေရန်အတွက် ခပ်တင်းတင်းဖက် ထားလိုက်တော့ ခဏအကြာတွင်မကြားရတော့ပါ။ ထိုအတိုင်းပင် အိပ်စက်ခဲ့လေသည်။
မနက်မိုးလင်းသောအခါ သူ့ကိုဖက်ထားသော ကျွန်တော့လက်များပြေလျော့နေခဲ့သော်လည်းခွထားသည့် ခြေတောက်ကတော့ သူ့ကိုယ်ပေါ်မှကျမသွားပါချေ။ သူ ရုန်းကာကျွန်တော့ခြေတောက်နှင့်လက်များကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်စေရန်ဖယ်လေသည်။
“ကျွန်တော်မထချင်သေးဘူး ခဏအိပ်ဦးမယ်အစ်ကိုရာ”
သူဖယ်လိုက်၍ ကျသွားသော ခြေတောက်ကိုသူ့ကိုယ်ပေါ်ပြန်တင်လိုက်ကာ ပြန်ဖက်လိုက်လေသည်။
ယျေဘုယျအားဖြင့် သူရှောင်ဖယ်လိမ့်မည်ဟုထင်ထားသော်လည်း သူငြိမ်နေပေးပါသည်။ ကျွန်တော် အတွန့်တက်လိုက်ကာ ပုံမှန်ထက်ခပ်တင်းတင်းဖက် ခပ်တင်းတင်းခွလိုက်တော့၏။ သူသည် ကျွန်တော့ အိပ်ခန်းထဲမှ ဖက်ခေါင်းအုံးဖြစ်မှန်းမသိဖြစ်သွားခဲ့တော့သည်။
>>>>>