(၃)
စိတ်ထဲတစ်ထင့်ထင့်ဖြင့် ထိုညစာစားပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ကျွန်တော်လွမ်းနေသည့်အချိန် တွင် အစ်ကိုရောက်လာခဲ့သည်။ သို့သော်လည်း အလွမ်းမပြေသည့်အပြင် ဝေဒနာများတိုးလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အစ်ကို့ကိုကျွန်တော်မေ့မရနိုင်သလို ချစ်လည်းချစ်နေဆဲဟုဝန်ခံရပါမည်။ ဘဝ တစ်သက်တာလုံးအတွက်ရည်ရွယ်ထားခဲ့သူဖြစ်သည့်အပြင် တစ်ရက်ထက်တစ်ရက်ပိုပြီးချစ်ရန်လည်း ပြင်ဆင်ခဲ့ပြီးဖြစ်သည်။
အစ်ကို့ရက်စက်မှုများကိုခွင့်မလွှတ်နိုင်သလို အစ်ကို့ကိုလည်းသတိရလှသည်။ ဆုပ်လည်းစူး စားလည်းရူး ဘဝမို့ ကံကြမ္မာကိုပဲအပြစ်တင်ခဲ့မိတော့သည်။
“ကျေးဇူးပဲမောင်လေးရေ နောက်မှတွေ့မယ်နော်၊ မြန်မာကိုတော့မစွန့်ခွာဘူးမှလား”
“ကိုယ့်မြေကိုယ့်ဒေသမှာပဲအခြေချမှာပါအစ်မ”
“အေးအေး ကောင်းတယ် ကောင်းတယ်၊ ရန်ကုန်ရောရောက်ဖြစ်လား”
အစ်မကတော့ ကျွန်တော့ကို ရွှန်းရွှန်းဝေအောင်ပြောဆိုတာမို့ အမုန်းတီးဆုံးအဖြစ်မှသည် အမှတ်လျော့ ကာ မချစ်သော်လည်းမမုန်းသည့်လူအဖြစ် ရာထူးတက်သွားခဲ့ပါသည်။ ကလေးကတော့ မည်သည့်က လေးကိုမဆို ချစ်တတ်သည်မို့ ကလေးအပြစ်လည်းမရှိသည်မို့ ဘာသဘောမျှမထားမိတော့ပါ။
တကယ်တမ်းမှာတော့ ကလေးနှင့်အစ်မသည် ကျွန်တော်ဖြစ်နေသည့်ခံစားမှုနှင့် လုံးဝမသက်ဆိုင်သည့် လူများအဖြစ်မှတ်ယူမည်ဆိုရင်တောင် မှတ်ယူ၍ရပါသည်။ အစ်ကိုနှင့်မပတ်သက်ခဲ့လျှင်သူတို့ကိုကျွန် တော်အမြင်မကြည်စရာအကြောင်းမရှိ။
“ဟုတ်ကဲ့ ရောက်ဖြစ်ပါတယ်၊ တစ်နှစ်နှစ်ပတ် သုံးပတ်ခွင့်ရရင်တော့ပြန်ဖြစ်ပါတယ်အစ်မ”
“လာလည်ပါဦး တစ်ခါလောက်တော့”
“အော် ဟုတ်”
ကျွန်တော်ရန်ကုန်လာတာ အစ်ကို့ကိုမပြောချင်ဘူးအစ်ကို။ အစ်ကိုနဲ့လည်းမတွေ့ချင်ဘူး။ စိတ်ထဲကမ တွေ့ချင်လို့မဟုတ်ပါဘူး။ ဝေဒနာတွေမတိုးချင်တာပါ။ အစ်ကိုပျော်နေချိန်မှာ ကျွန်တော်လည်းအစ်ကို့ အတွက်ပျော်ပေးချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့ဘဝတစ်ခုလုံးကိုရင်းပြီးပေးလိုက်ရတဲ့ အစ်ကို့ပျော်ရွှင် မှု အတွက် ကျွန်တော်ဝမ်းသာပေးရလောက်တဲ့အထိတော့ သဘောထားမကြီးနိုင်ခဲ့ဘူးအစ်ကိုရယ်။
ထင်သည့်အတိုင်းပင်။ သူကျွန်တော့ကို ခပ်စိမ်းစိမ်းကြည့်သည်။ ရန်ကုန်ကိုရောက်တာတောင်မတွေ့နိုင် သည့်အဖြစ်က စိမ်းကားလွန်းလှသည်ဟုပြောချင်နေမှာအသေအချာပင်။ အစ်ကို့ကိုရော အစ်ကို့မိသားစု ကိုပါ ကျွန်တော်မတွေ့ချင်သည့်အပြင် အစ်ကိုနှင့်ပတ်သက်သောအရာမှန်သမျှအားလုံးကိုလည်း အဆက် ဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် အစ်ကိုမရှိသော အခြားကမ္ဘာမှာ ကျွန်တော်နေထိုင်ပါသည်။
“အစ်ကိုတို့ ရထား (MRT) နဲ့ပြန်ကြမှာမဟုတ်လား”
“ကားငှားပြီးတော့ပဲပြန်လိုက်မယ်လေ၊ သိပ်မဝေးဘူးဆိုတော့”
ကျွန်တော်နှင့်ယှဉ်လျှင် အရာရာချွေတာတတ်သည့် အစ်ကို့အကျင့်စရိုက်ကြောင့် ရထားနှင့်ပြန်မည်ဟု ပုံသေတွက်ထားမိသော်လည်း အစ်ကိုကတော့ ကားငှားရန်သာရွေးချယ်ခဲ့သည်။ ကလေးနှင့်မိန်းမပါ၍ ထင်ပါသည်။
“ပိုက်ဆံတွေကုန်ပါတယ်၊ လိုင်းကားနဲ့ပဲပြန်၊ တက္ကစီစီးဖို့မစဉ်းစားနဲ့၊ အလကား ဘာမှလည်းထူးတာ မဟုတ်ဘူး၊ အချိန်တန်ရင် ကိုယ်ရောက်ချင်တဲ့နေရာရောက်ဖို့ပဲမဟုတ်လား၊ ချောင်တဲ့ကားကိုရွေးစီး နော်”
ကျွန်တော်ကားမယူလာသည့်ရက်များတွင် တွေ့ပြီးချိန်တိုင်း ဘတ်စ်ကားဖြင့်သာပြန်စေခဲ့သည်။ တစ်ခါ တစ်လေ ကားယူလာပါကလည်း ဆီဖိုးကုန်သည်ဟုဆိုကာ မယူလာဖို့ဖျောင်းဖျသည်။ အစ်ကိုက ကျွန် တော်နှင့်ယှဉ်လျှင် ကိစ္စတော်တော်များများကို အလေးအနက်ထားသူပါပဲ။
မတွေ့ရသည့်ရက်များကြာရှည်လာ၍ ကျွန်တော် အရစ်ကျဝယ်ထားသည့်တိုက်ခန်းသို့အေးအေးလူလူ အနားသွားယူကြမည့်အခါ ကားလည်းပါမလာသည့်အခါမျိုးတွင် ကျွန်တော်က တက္ကစီကို အသည်း အသန်ငှားလေ့ရှိသည်။ အစ်ကိုက မျက်စောင်းထိုးကာ “ကဲဘယ်လိုဖြစ်နေလဲ အချိန်တန်ရင် နင်လိုချင် တာရမှာပဲမဟုတ်လား” ဟု ခပ်စွာစွာပြောတတ်သည်။ ထိုအပြောအဆိုရန်စွာမှုများကို ကျွန်တော် ဘယ်လိုမေ့လို့ရပါမည်လဲ။
ရက်စက်လွန်းလိုက်တာ အစ်ကိုရာ ဟုသာ အခါခါပြောနေမိတော့သည်။
ကျွန်တော်တို့လေးယောက် တက္ကစီဂိတ်ဆီကိုလျှောက်ခဲ့ကြသည်။ စားသောက်ဆိုင်နှင့် သိပ်မဝေးလှ။ ကျွန်တော်နှင့်အစ်ကိုက ဘေးချင်းယှဉ်လျှက်လျှောက်ပြီး အစ်မနှင့်ကလေးကတော့ ကျွန်တော်တို့အရှေ့ ကနေလျှောက်ကြသည်။ သူနှင့်ကျွန်တော် စကားမပြောဖြစ်ပါ။ သူက စပြောမည်ဟုလည်း ကျွန်တော် မထင်ထားပါ။ ကျွန်တော်က အမြဲတမ်းစပြီးချော့မော့သူ စကားစပြောသူပဲမဟုတ်ပါဘား။
အချိန်ကာလကြာမြင့်သည့်တိုင် အကျင့်စရိုက်ကိုတော့ ဖျောက်ဖျက်ရခက်သည်မဟုတ်လား။ အထူးသ ဖြင့် အစ်ကို့လို လူမျိုးကပိုလို့တောင်ခက်ဦးမည်။
ရပ်ထားသော တက္ကစီများထဲမှ အလှည့်ကျရာတစ်စီးပေါ်ကိုတက်ရန် ကျွန်တော်က တံခါးဖွင့်ပေး လိုက်ပါသည်။ အစ်မနှင့်ကလေးတို့ကအရင်ဆုံးတက်သွားပြီး အစ်ကိုနှင့်ကျွန်တော်သာ ကားအပြင်မှာ ကျန်တော့သည်။ ထိုခဏအတွင်း မှာ အစ်ကို့ထံမှ တစ်စုံတစ်ရာထွက်လာမည့်စကားသံများကိုကျွန်တော် မျှော်လင့်မိပါသည်။
သူကျွန်တော့ကို စိုက်ကြည့်သည်။ လွမ်းဆွတ်တမ်းတခြင်းများပါဝင်သည့် သူ့အကြည့်ကို ကျွန်တော် ကောင်းကောင်းဖတ်မိတာပေါ့။ သူလည်းကျွန်တော့ကိုလွမ်းနေပါသည်။ သူ့နှုတ်ခမ်းထော်ထော်လေးက အနောက်သို့အနည်းငယ်ပိပြားသွားလျှင် သူကျွန်တော့ကို တစ်ခုခုပြောချင်နေပြီ။
“ညီ”
ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။ သူကစပြီးပြောပြီပေါ့။
“ဟူး”
သူ့သက်ပြင်းသံ ကျယ်လောင်လှ၏။
သူ့ညာလက်ကို ကျွန်တော့ပခုံးတစ်ဖက်ပေါ် ဖတ်ခနဲတင်လိုက်ပါသည်။ သူ့လက်ဖဝါခပ်ကြမ်းကြမ်းဖြင့် ကျွန်တော့ပခုံးကိုဆွဲညှစ်လာပါသည်။ မနာအောင်လုပ်သော်လည်း ကျွန်တော်နာကျင်ရပါသည်။ အစ်ကို့ ကို ကျွန်တော်ပွေ့ဖက်ချင်သည်။ ယခင်လိုဆိုးချင် ဂျီကျချင်ပါသည်။ ယခုကဲ့သို့ အနီးကပ်ဆုံးအနေအ ထားတွင် ကျွန်တော့ ထိန်းချုပ်နိုင်စွမ်းက မရှိသလောက်ပင်။
“ဂရုစိုက်ဦး ညီ”
“ဟုတ်”
သူ ကားပေါ်တက်သွားသည်။ ကျွန်တော့ကိုကျောခိုင်းသွားသည်။
“မောင်လေးရေ ကျေးဇူးပဲနော်”
“ဟုတ်ကဲ့ အစ်မ၊ မီးမီးရေ တာ့တာနော်”
“တာ့တာ ဦးဦး”
နှုတ်ဆက်စကားများကြားထဲ သူကျွန်တော့ကို စိုက်ကြည့်ပြန်သည်။ သူလာတွေ့မည့်နေ့ ပြောမည့်စကား ကို သိချင်လှသည်။ တွေ့ချင်လှသည်။ မူးပြီးသူ့ကို ဟိုးအရင်ချိန်းများတုန်းကလို…။
သူတို့တက္ကစီမထွက်ခွာခင်မှာပင် ကျွန်တော်ကျောခိုင်းလိုက်ပါသည်။
သက်ပြင်းရှည်ကြီးကိုဆွဲချလိုက်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်မိ၏။ ည ၉ နာရီခွဲတဲ့။ ဒီအချိန် ဆိုပါလျှင် ကျွန်တော်ချစ်သည့် မြန်မာနိုင်ငံ၌ ည ၈ နာရီပဲရှိဦးမည်ပေါ့။ ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်လိုက်ကာ သက်ကိုဆီကိုဆက်လိုက်မိ၏။
“ညဈေးလာခဲ့ပေးလို့ရမလားသက်ကို၊ ငါတို့သောက်ရအောင်”
တက်ကြွရွှင်လန်းမှုမရှိသည့် ကျွန်တော့အသံကို သူကောင်းကောင်းသဘောပေါက်လောက်ပါပြီ။
“မင်း အဆင်ပြေရဲ့လား နေရောင်”
“အင်း ငါလား”
ရထားဘူတာရှိရာဆီကိုလျှောက်ရင်း ကျွန်တော့ ခန္ဓာကိုယ်လေးလံလာသည်။ စိတ်ထဲတင်းထားပြီးမှ လွှတ်ချပစ်လိုက်သောအခါ အရုပ်ကြိုးပြတ်ဖြစ်ချင်လာသည်။ စိတ်ညစ်လာသည်။ ထို့နောက် ကျွန်တော် သောက်မှဖြစ်တော့မည်။ တစ်ယောက်တည်းသောက်ပါက အစ်ကို့အကြောင်းစဉ်းစားမည် ဝေဒနာများ တိုးမည်။ တစ်ယောက်ယောက်ကိုရင်ဖွင့်ပြီးသောက်ပါက ပေါ့ကောင်းပေါ့နိုင်ပါရဲ့။
ကွန်ကရစ်မဟုတ်ဘဲ ကျောက်တုံးငယ်အစီအရီများခင်းထားသော လမ်းကြားကိုဖြတ်ကျော်ရင်းရထားဘူ တာဆီကိုခြေလှမ်းများနှေးကွေးသည်ထက်နှေးကွေးလာသည်။ နှုတ်ခမ်းဖျားမှ အစ်ကို၊ အစ်ကို ဟုတီးတိုး ရေရွတ်ရင်း သူနှင့်ပျော်ရွှင်ခဲ့ရသော ရန်ဖြစ်ကျီဇယ်ခဲ့ရသော နေ့ရက်များကိုတမ်းတမှန်းဆရင်း မျက်ရည် ဝဲလာသည်။ နောက်ဆုံး မရတော့ ကျွန်တော် ဒူးထောက်ခွေကျမိသည်။
“နေရောင် …ဟဲလို..နေရောင် သားလေးဟေ့ကောင်၊ မင်းအဆင်ပြေရဲ့လား”
သူ့စကားသံက ငိုချင်ရက်လက်တို့ဖြစ်သွားသည်။
ကျွန်တော် ငိုချပစ်လိုက်သည်။
“သက်ကို၊ ငါ…ငါ…အဆင်မပြေဘူး၊ ငါမရတော့ဘူးသူငယ်ချင်းရာ”
“ဟေ့ကောင်၊ မင်းကွာ၊ အချိန်ဒီလောက်ကြာခဲ့ပြီးမှ အဲလောက်ခံစားစရာမလိုဘူးလေနေရောင်ရ”
“ငါ သူ့ကိုချစ်နေတုန်းပဲ”
စိတ်နာသည်ကလွဲရင် ဘယ်တုန်းကမှ မမုန်းခဲ့ဟုဆိုလျှင်ပိုမှန်ပါလိမ့်မည်။ ကျွန်တော့မျက်ရည်စက်များ သည် လမ်းမထက်ကျောက်သားဇလီဖာတုံးငယ်များပေါ် တစ်စက်ပြီးတစ်စက်ကျလျှက်ရှိနေသည်။ ရှိုက် သံတစ်ချို့ကို သက်ကိုကြားရပါလိမ့်မည်။
“ငါ အခုချိန်ထိ မေ့မရနိုင်ဘူးကွာ ဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ မသိတော့ဘူးကွာ”
“နေရောင်၊ အေးအေး ခဏလေး ငါတို့လာခဲ့မယ်၊ ညဈေးက ငါတို့သောက်နေကျဆိုင်ပဲမှလား အဲကိုပဲလာ ခဲ့မယ် ခဏစောင့်နော် စောင့်နေနော်”
သက်ကို ကျွန်တော့ကိုစိတ်ပူနေလောက်ပြီ။
ကျွန်တော့မှာတိုင်ပင်ရင်ဖွင့်စရာ သူကလွဲ၍ မရှိ။ ဟောင်ကောင်ကိုရောက်ခါစက ပြိုလဲနေသော ကျွန် တော့စိတ်ဓါတ်များကို ပြန်မတ်လာစေရန် သူဖေးမကူညီခဲ့သည်။ ရင်ဖွင့်သံများကိုနားထောင်ပေးခဲ့သည်။ ပိတ်ရက်များဆိုလျှင် ပိုပိုသတိရတတ်သည့်အဖြစ်ကိုဖြေဖျောက်စေရန် ဘုရားသွားစေခြင်း တရားထိုင် ခြင်းများကို သက်ကိုဦးဆောင်လမ်းပြပေးခဲ့သည်။
အမှန်အတိုင်းဝန်ခံရမည်ဆိုပါလျှင် ကျွန်တော့ဘဝပြန်လည်ထူထူထောင်ထောင်ဖြစ်စေရန်အတွက် နှစ်ချီ ၍အချိန်ပေးခဲ့ရသော်လည်း ပကတိအခြေအနေသို့ယနေ့ထက်ထိတိုင်မရောက်နိုင်သေးပါ။
အနာက ကျက်မည်မဟုတ်ပါ။ တစ်သက်လုံးဒီအတိုင်းသွားတော့မည့်ဒဏ်ရာပေါ်သို့ ထပ်မံ၍ဒဏ်ရာတစ် ခုရသည့်အခါတွင်တော့ ခံစားမှုကပြင်းထန်သည်ထက်ပြင်းထန်ခဲ့သည်။ အသက်ပြင်းပြင်းရှုရှိုက်ကာ မျက်ရည်စများကို လက်ခုံဖြင့်သုတ်ပစ်လိုက်ပြီး မတ်တပ်ပြန်ရပ်လိုက်၏။ ဘေးပတ်ဝန်းကျင်တွင်လူနည်း နည်းရှင်းနေ၍တော်ပါသေးသည်။ ကျွန်တော့ကိုသတိထားမိသူမရှိ။
ရှေ့လမ်းမတူရူတွင် နီယွန်မီးလုံးများတောက်လျှောက်လင်းထိန်နေလေသည်။ ကျွန်တော့မျက်စောင်းထိုး တွင် Starbucks တစ်ဆိုင်သာရှိပြီး ကျန်သည့်ဈေးဆိုင်တန်းများကတော့ ပိတ်နှင့်ပြီးနေပြီ။ တကယ် တော့ ရထားဘူတာကမဝေးလှပါ။
“ဒီစိတ်ရှိနေမှတော့ မိန်းမ တစ်သက်လုံးယူပါ့မလား၊ အလကားနေရင်း အပြစ်မရှိတဲ့ မိန်းကလေးတစ် ယောက်ကို အစ်ကိုက ဒုက္ခပေးပါ့မလားကွာ၊ ညီစဉ်းစားသင့်တယ်” ဆိုသည့်စကားလုံးများက ကျွန် တော့အတွက် ပုံပြင်တစ်ပုဒ်ပမာ။
“ကျွန်တော့ အသက်ရှုသံတွေ မုန်တိုင်းတစ်လုံးလိုပြင်းထန်နေပြီ၊ ကျွန်တော့ပတ်ဝန်းကျင်က သစ်ပင်တွေ အားလုံး ပုံဆောင်ခဲဖြစ်နေပြီအစ်ကို၊ အစ်ကို့ကိုလွမ်းလို့ ငိုတာ ဟောင်ကောင်ကျွန်းလည်းရေအောက်ထဲ နစ်သွားတော့မယ်”
“အစ်ကို လုပ်ရက်လိုက်တာ”
“စကားသံဝဲဝဲလေးကို ကျွန်တော်လွမ်းတယ်”
“အစ်ကို့နှုတ်ခမ်းထော်ထော်လေးကို ကျွန်တော်နမ်းချင်တယ်”
“အစ်ကိုဆဲတဲ့အသံလေးကို ကျွန်တော်ကြားချင်တယ်ဗျာ”
“အစ်ကိုချက်ကျွေးတဲ့ဟင်းတွေစားချင်တယ်”
“အစ်ကို ချုပ်ပေးတဲ့ အင်္ကျီတွေ ကျွန်တော်ဝတ်ချင်သေးတယ်”
“ကျွန်တော့ရှေ့မှာ ကျွန်တော့ကို စိတ်ဆိုးစိတ်ကောက်ပါဦီးလားအစ်ကိုရာ”
“အစ်ကိုရေ…..ညီ အဖြစ်ကိုလာကြည့်လှည့်ပါဦီးလားဗျာ”
ကျွန်တော့အခန်းနံရံပေါ်တွင်ရေးထားသော စာကြောင်းများ၊ ဖတ်မိတိုင်း ဖတ်မိတိုင်းတွင် သတိရစိတ်ပို နေတတ်သောအခိုက်အတန့်များအားလုံးမှာ အသစ်ကနေပြန်စ၍မရတော့သော နာကျင်စရာအတိတ် များဖြစ်ခဲ့လေသည်။
ကျွန်တော်နှင့်အစ်ကို အလေးအနက်ချစ်ခဲ့ကြသည်။
မည်သူကမျှတားဆီးမရနိုင်လောက်သည့် ထွင်းဖောက်ဖျက်ဆီး၍မရနိုင်လောက်သည့် အချစ်များနှင့် အ ပြန်အလှန်ချစ်ခဲ့ကြသည်။ ဘယ်တော့မှ မခွဲတော့ဘူးဟု ကျွန်တော့ဖက်က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ ထားခဲ့ပြီး အစ်ကိုလည်း ကျွန်တော့ထက်မလျော့သောချစ်ခြင်းမေတ္တာရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည် ခဲ့သည်။ ဟောင်ကောင်ကျွန်းနိုင်ငံတွင် ကျွန်တော်တို့နှစ်ယောက်၏အတိတ်သမိုင်းများရှိကာ ဘယ်တော့ မှမမေ့ ဖျောက်နိုင်သည့် အပျော်ဆုံးအခိုက်အတန့်များလည်းပိုင်ဆိုင်ခဲ့ဖူးပါသည်။ ဟောင်ကောင်၏ ကြည်နူးရက်စွဲများသည် ကျွန်တော်ရှေ့ဆက်ရမည့်အနာဂတ်အတွက် အမှတ်တရအဖြစ်ဆုံးဟုယူဆကာ ကျွန်တော် လာရောက်အလုပ်လုပ်ခဲ့သည်။ အစ်ကို့ကိုလွတ်လွတ်လပ်လပ်လွမ်းကာ လက်ကျန်ဘဝ အတွက် သတိရ တမ်းတမှုနှင့် အသက်ဆက်ရှင်သည်။
“အဲဒီတုန်းက ကျွန်တော်တို့သိပ်ချစ်ခဲ့ကြတယ်နော် အစ်ကို”
ရထားဘူတာသို့ရောက်လာ၏။ ရထားသံနှင့်အတူ ကျွန်တော့စိတ်များက အတိတ်ဆီသို့ခဏတာလွင့် စင်သွားခဲ့သည်။ အစ်ကိုနှင့်ပတ်သက်ခဲ့သော အတိတ်နေ့ရက်များဆီသို့ပင်။
>>>>>