“ညီ ဖန်တီးသော Love Story” အပိုင်း (၂)

(၂)

ကမ္ဘာပေါ်မှာမဖြစ်ချင်ဆုံးအရာတစ်ခုကတော့ ကိုယ်ချစ်ရသူက သူချစ်ရသူနှင့်တွဲကာ ကိုယ့်ရှေ့တွင် ရောက်လာမည့်မြင်ကွင်းကို ရင်မဆိုင်ချင်ခြင်းပင်။

သို့သော်လည်းကျွန်တော်ကံမကောင်းခဲ့ပါ၊၊ အစ်ကိုနှင့်တွေ့သည့်အချိန်တွင် အစ်ကိုနှင့်အတူ မနေ့က တွေ့ခဲ့သည့်ကလေးငယ်တစ်ဦးအပြင် အမျိုးသမီးတစ်ဦးပါတိုးလာသည်။ အစ်ကိုချစ်ရသည့်မိသားစုပေါ့။ ဆံပင်ခပ်တိုတို၊ နှာတံပွပွ၊ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့်ထိုအမျိုးသမီးသည် အစ်ကိုနှင့်မလိုက်ဖက် လှပါ။ ကော့ညွှတ်နေသောနှုတ်ခမ်းနှင့် နှာတံခပ်စင်းစင်းကိုပိုင်ဆိုင်ထားသည့် ကျွန်တော်သည် အစ်ကိုနှင့် အလိုက်ဖက်ဆုံးသော ကမ္ဘာပေါ်ရှိတစ်ဦးတည်းသောအမျိုးသားလေးသာဖြစ်ပါလိမ့်မည်။ အကြိုက်မတူ အကျင့်မတူတာတွေကလွဲရင်ပေါ့လေ။

“ဆောရီး အစ်ကိုတို့နည်းနည်းနောက်ကျသွားတယ်”

“ရပါတယ် ကျွန်တော်လည်းသိပ်မကြာသေးပါဘူး”

သားကျွေးမှု မယားကျွေးမှုတွေနှင့် အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ထားခဲ့ပြီးမှတော့ အရာရာတိုင်းသည် စိတ်သွားတိုင်းကိုယ်ပါလိမ့်မည်မဟုတ်တော့သည်ကို ကျွန်တော်နားလည်ပါသည်။ ကလေးကိစ္စတစ်ခု လုပ်ပေးနေရ၍ နောက်ကျခြင်းဖြစ်ပါလိမ့်မည်။

ကျွန်တော်ရောက်ပြီး ၁၅ မိနစ်လောက်ကြာမှသူတို့ရောက်လာခြင်းဖြစ်ပါသည်။ ဟောင်ကောင်၏ လူနေ မှုဘဝသည်လည်း အချိန်ကအရေးအပါဆုံးသောအစိတ်အပိုင်းတစ်ခုဆိုသည်ကိုတော့ အစ်ကိုသဘောမ ပေါက်ဘဲမနေပါ။ ထို့အတူ ကျွန်တော်နှင့်ချိန်းဆိုလျှင်နောက်ကျရန် လုံးလုံးလျားလျားတွေးလိမ့်မည် လည်းမဟုတ်ခဲ့ပါ။ အစ်ကိုနှင့်တွေ့ရန် အစ်ကိုကဖုန်းဆက်ချိန်းဆိုလာသည့်အခိုက်အတန့်က ကျွန်တော့ ကမ္ဘာသည် ကိုရိုနာဗိုင်းရပ်စ်မွှေနှောက်ခဲ့စဉ်ကလို အုန်းအုန်းကျွတ်ကျွတ်ဖြစ်ခဲ့ရသည်။ ခဏတာအမှတ် တမဲ့တွေ့ဆုံပြီး ပြန်လာစဉ်ကတော့ စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့သည်ဟုဆိုရမည်ပင်။ မျက် နှာချင်းဆိုင်တွေ့ဆုံပြီး သေသေချာချာစကားပြောဆိုရမည့်အချိန်တွင်တော့ ကြိုတင်ပြင်ဆင်မှုများလို အပ်ခဲ့ပါသည်။ ဆောင်ရွက်ခဲ့ရပါသည်။

“မီးမီး ဦးဦးကိုမှတ်မိတယ်ဟုတ်”

ကလေးက ခေါင်းညိတ်ပြပါသည်။ ဆံပင်ပျော့ပျော့စင်းစင်းလေးနှင့် ပါးဖောင်းဖောင်းကစ်ကစ်များကို ပွတ်သပ်ကိုင်တွယ်လိုစိတ်များဖြစ်ပေါ်လာသော်လည်း စိတ်ကိုထိန်းချုပ်လိုက်ပြန်သည်။ ကျွန်တော် ကလေးတစ်ယောက်လိုချင်တယ်အစ်ကို ဟုပူဆာခဲ့စဉ်က မဖြစ်နိုင်တာကိုပြောပြန်ပြီလားဟုအပြစ်တင် ကာ ကျွန်တော့ကိုစူပုပ်ပုပ်မျက်နှာပေးလုပ်ပြခဲ့သည့် အစ်ကို့ကိုကျွန်တော်အမှတ်မရဘဲနေပါ့မလား။

ကျွန်တော်တို့နှစ်ဦး၏ သွေးသားရင်းကလေးယူ၍ရကြောင်းကိုလည်း အင်တာနက်စာမျက်နှာများပေါ် တွင်မွှေနှောက်ရှာဖွေကာ အစ်ကို့ကိုပြသခဲ့သော်လည်း အစ်ကိုကစိတ်မဝင်စားခဲ့ပါ။

“မောင်လေးက ဘယ်မှာနေတာလဲ”

အစ်ကို့အမျိုးသမီး၏ အသံကိုပထမဆုံးကြားရသည်။ ကျွန်တော့ကိုလှိုက်လှိုက်လှဲလှဲပြုံးပြစကားဆိုနေ သည့်အမျိုးသမီးသည် ကမ္ဘာပေါ်တွင်ကျွန်တော်အမုန်းတီးဆုံးအမျိုးသမီးဖြစ်သော်လည်း အရာအားလုံး ကိုမျိုသိပ်လိုက်ရပါသည်။

“ကျွန်တော် Central မှာပဲခင်ဗျ၊ Pacific Place နားမှာပါ၊ Queensway လမ်းနဲ့နီးပါတယ်အစ်မ”

“ဟယ် အဲဒါဟောင်ကောင်မှာဈေးအကြီးဆုံးနေရာပဲ”

သူဟောင်ကောင်ကို လည်လည်ဝယ်ဝယ်ရှိလှသည်ဟုယူဆလိုက်ပါသည်။

“အစ်မရယ် ဟောင်ကောင်မှာဈေးမကြီးတဲ့နေရာရှိလို့လားဗျာ၊ ဒီလိုပဲ ရုံးကထားတဲ့နေရာမှာနေရတာပါပဲ၊ အဓိကတော့ ရုံးနဲ့နီးပြီး ကျွန်တော်တို့ကိုတစ်ခုခုလိုတာရှိရင်ခိုင်းလို့ပြုလို့ရအောင်ထားတဲ့သဘောပါပဲ”

သူနှင့် အရင်ကတည်းကသိကျွမ်းခဲ့သည့်ပုံစံနှင့်စကားဆိုလိုက်ပါသည်။ စိတ်ထဲကမရင်းနှီးလိုသော်လည်း ရင်းနှီးလှိုက်လှဲချင်ယောင်ဆောင်ရမည်လေ။ သူက ကျွန်တော်အချစ်ဆုံးသော အစ်ကို၏ အမျိုးသမီးမို့ ပင်။ ကျွန်တော်တို့စကားပြောနေသည်ကို အစ်ကိုပြုံး၍ကြည့်နေလေသည်။ အစ်ကိုကျေနပ်တယ်မဟုတ် လားဟု မေးလိုသည့်သဘောဖြင့်အစ်ကို့ကိုတစ်ချက်ကြည့်ပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကတော့ ဉီးနှောက်နဲ့စဉ်းစားပြီးလုပ်တာထက် နှလုံးသားရဲ့လိုအင်ကိုပဲ ဦးစားပေးနိုင်လိမ့်မယ်အစ်ကို။ တစ်သက်စာ တစ်သက်လုံးစာလည်း ထိုအတိုင်းပါပဲ။

“အဆင်ပြေတာမှာကြနော်”

သူတို့ကို မီနူးစာအုပ်ထိုးပေးလိုက်သောအခါ အစ်ကိုနှင့်ကျွန်တော် အကြည့်ချင်းဆုံသည်။ ဆန်းနေရောင် ဟာ အစ်ကိုမှာပေးတာတွေကို ကောင်း၏ဆိုး၏ တစ်ခုချင်းဝေဖန်ပြီး ဂျီမတိုက်တော့ပါဘူးအစ်ကို။ ကျွန် တော်တို့ဆိုင်ထိုင်ပြီဆိုပါလျှင် ကျွန်တော်မှာသမျှကိုအစ်ကိုကမကြိုက် အစ်ကိုမှာသမျှကိုကျွန်တော်က မကြိုက်ဖြစ်တတ်သည်မို့ နောက်ဆုံးတော့ အစ်ကိုပဲဦးဆောင်မှာစားဖို့သဘောတူထားခဲ့ကြသည်။ ကျွန် တော်ကြိုက်တတ်သည့်အစားအစာများကို အစ်ကိုကမှာပေးတတ်သည်လေ။ “နင်ကလေ အရမ်းဂျီးများ တာပဲ၊ စားစရာရှိ စားလိုက်ပေါ့” ဟု စိတ်မရှည်စွာဖြင့်ပြောတတ်သော်လည်း ကျွန်တော့လိုအင်တောင့် တမှုများကို အစ်ကိုမလိုက်လျောဘဲမနေခဲ့ပါ။ ကချင်လူမျိုးဖြစ်သည့် အစ်ကိုသည် ကျွန်တော့်ကို သူ့ သူငယ်ချင်းများကိုပြောသည့်အတိုင်း လူအများရှေ့တွင်ဆိုလျှင်နင်ငါဖြင့်သာပြောတတ်၏။ အစ်ကိုသည် အစားအသောက်များကို ကျွန်တော့လောက်ဂျီးမများတတ်။ အကုန်လုံးကို မကြိုက်လျှင်တောင်မှ စားနိုင် သည်။ ကျွန်တော်ကတော့ ကိုယ်မကြိုက်သည့်အစားအသောက်ဆိုပါက လုံးဝမစားဘဲစိတ်ဆိုး၍သာနေ တော့သည်။ ထိုအခြေအနေမျိုးကို လေးငါးခါကြုံရပြီးနောက် အစားအသောက်သည် ကျွန်တော်၏သ ဘောတော်ကျဟင်းပွဲများသာလျှင်ဖြစ်တော့သည်။ ကျွန်တော်ကိုယ်တိုင်မမှာဘဲ အစ်ကိုမှာပေးသော ကျွန် တော်အကြိုက်ဆုံးဟင်းလျာ စားစရာများပင်တည်း။

“အော် အစ်မတို့ဘယ်မှာတည်းလဲ ချိန်းသာချိန်းလိုက်ရတာ လာရတာအဆင်ပြေပါ့မလားလို့စိုးရိမ်တယ်”

အစ်ကိုက စားစရာများကိုဦးဆောင်မှာနေသည့်အခိုက်ကျွန်တော်က အစ်ကို့အမျိုးသမီးနှင့်စကားပြော ဖော်လုပ်ပေးနေမိသည်။ ကလေးကတော့ ရေတစ်ခွက်ကိုကိုင်ကာငြိမ်ချက်သားကောင်းနေလေ၏။

“Causeway Bay မှာမောင်လေး၊ လာရတာအဆင်ပြေပါတယ်၊ နီးတယ်၊ လမ်းလည်းဖြောင့်တယ်လေ၊ ဟောင်ကောင်မှာတော့ ဘယ်နေရာဖြစ်ဖြစ် ရထားလေးစီးလိုက်ရင်အရမ်းအဆင်ပြေနေတာကိုတော့  သ ဘောကျတယ်ဟေ့”

ရထားစီးကောင်း၍ တစ်နိုင်ငံလုံးပတ်ကာလျှောက်သွားပြီး လမ်းမှားခဲ့ကြသည့်အဖြစ်ကိုပြန်လည်သတိရ မိကာ ပြုံးမိသည်။ ဟောင်ကောင်၏ လမ်းမများကိုချစ်၍ ဟုဆိုကာ ရထားမစီး ကားမစီးဘဲ ဂျွန်ဆင်လမ်း မ (Johnston Road) တစ်လျှောက် ချောင်ကြိုချောင်ကြားမကျန်လျှောက်သွားခဲ့သည့်အခိုက်အတန့်များ ကိုလည်း မေ့မရနိုင်ပါ။ လက်ရှိကျွန်တော်တို့ရောက်ရှိနေသည့် ပတ်ဝန်းကျင်နှင့် သိပ်မဝေးကွာသော နေရာတွင် အမှတ်တရများ စွာရှိနေလေသည်။

“ညီ အလုပ်အကိုင်ကောအဆင်ပြေတယ်မှလား”

စားစရာများမှာပြီးသည့်နောက် ကျွန်တော်တို့နှစ်ယောက်၏ စကားဝိုင်းထဲ သူရောက်လာသည်။

“ဟုတ်ကဲ့၊ ပြေတယ်လို့ပြောရမှာပေါ့၊ အိမ်ကိုလည်းပေးစရာမလိုတော့ လောက်ပါတယ်၊ ဟောင်ကောင် မှာက သိတဲ့အတိုင်း ရရစားစားပဲ၊ ဒါတောင် ကျွန်တော်တို့ကရုံးကပေးတဲ့နေရာမှာနေရလို့ အစားအ သောက်ဖိုး အခွန်ဆောင်စရိတ်လောက်ပဲကုန်တာ”

ကျွန်တော်ကတော့ သူ့အကြောင်းကိုမမေးမိပါ။ သိလည်းမသိချင်ဟုသတ်မှတ်လိုက်ပါသည်။ အရာ အားလုံးကိုမေ့ဖျောက်ထားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီမဟုတ်လား။ တင်းထားသောစိတ်များကို သူတို့မပြန်ခင်အချိန်အထိဖြေလျှော့ဖို့စိတ်မကူးမိ။ ဆန်းနေရောင်သည် လွန်ခဲ့သော ရှစ်နှစ်တုန်းကလိုမျိုး ဂျစ်ကန်ကန် ဇွတ်တရွတ်နိုင်ပြီး အရာရာတိုင်းကို ဟန်မဆောင်တတ် ဖြစ်ချင်လုပ်ချင်လျှင် ထလုပ် တတ်သည့်သူမဟုတ်တော့ကြောင်း သူ တစ်စွန်းတစ်စသိသွားခဲ့လျှင်အဆင်ပြေပါပြီ။ သူမရှိလည်း ကျွန်တော်နေတတ်အောင်နေခဲ့သည်ကို သိနိုင်ခဲ့လျှင်အဆင်ပြေပါပြီ။ လွမ်းဆွတ်တမ်းတမှု သတိရမှု ငိုကြွေးမှုများအားလုံး သူ့ရှေ့မှာဖွင့်ချ၍မရ။ ဝေယံမင်းထင်နှင့်ပတ်သက်သမျှသော ခံစားချက်အားလုံးကို ဖုံးကွယ်ရမည်။ ကျွန်တော်တို့က ဝေးကွာခဲ့ကြပြီးသားလူများသာ။

“ပိန်သွားသလိုပဲနော် ရုပ်ကအရင်အတိုင်းပဲ မပြောင်းလဲဘူး၊ ကိုယ့်ညီ”

သူကျွန်တော့ကို ရွှန်းရွှန်းစားစားကြည့်နေလေပြီ။

“မောင်လေးက ဒီမှာ အဓိက ဘာလုပ်ရတာလဲ”

“မြန်မာနိုင်ငံအတွက် Brand & Communication Manager ပေါ့အစ်မ၊ လွန်ခဲ့တဲ့ ရှစ်နှစ် အဲ..ကျွန်တော် ဒီကိုစလာတုန်းကတော့ Brand Officer ဆိုပြီးတော့လာခဲ့တာပေါ့၊ မြန်မာနိုင်ငံအတွက် တင်သွင်းတဲ့ ကျွန်တော်တို့ကုမ္ပဏီထုတ်ပစ္စည်းတွေကို ကျွန်တော်က ပရိုးမိုးရှင်းအစီအစဉ်တွေဆွဲပေးရတာပါ၊ ဟောင် ကောင်အခြေစိုက်ကုမ္ပဏီမို့ ဒီကနေ တစ်ကမ္ဘာလုံးကိုဖြန့်ပစ္စည်းဖြန့်တဲ့နေရာမှာ မြန်မာနိုင်ငံနဲ့သင့်တော် တဲ့ပစ္စည်းတို့ ဒီဇိုင်းပုံစံတို့ကို ကျွန်တော်ကဆုံးဖြတ်ချိတ်ဆက်ရတာပေါ့ခင်ဗျ”

“ဘာပစ္စည်းတွေလဲ”

“အီလက်ထရွန်နစ်ပစ္စည်းတွေပါ၊ အိမ်သုံးအပေါ့စားပစ္စည်းတွေလည်းပါတယ်၊ တစ်ခါတစ်လေကျရင် ဒီက နာမည်ကြီးအဝတ်အစားတံဆိပ်တစ်ချို့ကိုလည်း မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ကလုပ် ပေးသေးတယ်၊ အခုနောက်ပိုင်း အဲဒါကပိုအလုပ်ဖြစ်တယ်၊ ဟောင်ကောင်ကဖက်ရှင်မြို့တော်ဆိုတော့”

“အင်း ကောင်းလိုက်တာ”

မှာထားသောအစားအသောက်များရောက်လာ၏။ အားလုံးက ကျွန်တော့အကြိုက်များပင်။ ဘာမှာမလဲ ဘာကြိုက်သလဲဟု သူ့အမျိုးသမီးကိုတစ်ခွန်းမှမမေးခဲ့တာကိုတော့သတိပြုမိသည်။ တမင်တကာများ ကျွန်တော့်အကြိုက်ကိုရွေးမှာထားမှန်းသိသာပါသည်။ ကျွန်တော်က အိမ်ရှင်မို့ ကျွေးရမည့်သူမို့များလား ဟုတွေးမိပြန်သည်။

ပထမဆုံးရောက်လာသည့်အရာမှာ ပုစွန်ကွေးလှော်ပွဲကြီးဖြစ်သည်။ အကောင် ၂၀ လောက်တော့အနည်း ဆုံးရှိမည်။ ကျွန်တော်အကြိုက်ဆုံးအစားအစာတစ်ခုပေါ့။ မှတ်မှတ်ရရ အစ်ကိုနှင့်ကျွန်တော်တို့ ဟောင် ကောင်ကိုရောက်သည့် ပထမဆုံးညက ကျွန်တော်ကထမင်းမစားချင်ဘူးဟုဆိုကာ ပုစွန်ကွေးလှော်ပွဲကြီး နှစ်ပွဲဆက်တိုက်မှာစားသည်အထိ ကြိုက်နှစ်သက်ခဲ့သည်။ ဆီပါသည်ဆိုရုံထည့်ကာ ပုစွန်အနေတော် အရွယ်များကို အခွံကျုံ့နေအောင်လှော်ထားသည့်ပုံစံမှာ ဟောင်ကောင်ဆိုင်တော်တော်များများလက်ရာ တူလှပါသည်။ ဘာကြောင့်ဆိုပါလျှင် နောက်ရက်အချို့တွင်လည်း ကျွန်တော်တို့နှစ်ယောက် အခြားဆိုင် များတွင် စမ်းစားကြည့်ခဲ့ကြသည်လေ။

ဒုတိယမြောက်ဟင်းပွဲက ကမာကောင်ကင်များဖြစ်လေသည်။ ပင်လယ်စာကြိုက်တတ်သည့်ကျွန်တော့် အတွက် အရသာအရှိဆုံးဟင်းပွဲလည်းဖြစ်လေသည်။ တတိယမြောက်ဟင်းပွဲအပြီးတွင်တော့ သူတမင် မှာထားကြောင်းသိသာခဲ့ပါပြီ။  ကျွန်တော်ဘာစားစားမပါမဖြစ်မှာတတ်သည့် ကန်စွန်းရွက်ကြော်။ ထို့ နောက် ဉအပြည့်ပါသည့်ဂျပန်ငါးကြော်၊ ပုစွန်နှင့်ကြက်ဉမွှေကြော် တို့ကိုအသီးသီးလာချပေးသည်။ ထို ဟင်းပွဲများအားလုံးသည် ကျွန်တော်နှင့်အစ်ကို စားခဲ့ဖူးသော ဟောင်ကောင်မှအစားအစာများဖြစ်လေ သည်။ တစ်ပတ်တာနေခဲ့သည့် ဟောင်ကောင်အတိတ်က စားစရာများကို ကျွန်တော့ရှေ့တွင်အစီအရီမြင် လိုက်ရသည့်အခိုက် ဝမ်းနည်းစိတ်များဖြစ်ပေါ်လာသည်။

ကလေးကိုပုစွန်နွှာပေးရင်း အာရုံများကိုလွှဲထားသော်လည်းမရ။ မျက်ရည်များရစ်ဝဲလာချင်နေသည်။ တစ်စွန်းတစ်စထွက်လာသောမျက်ရည်စများကို လက်မောင်းဖြင့်တို့ထိသုတ်ပစ်ကာ သူတို့မသိအောင် ကာကွယ်ရသည်။ အစ်ကိုနှင့်နှစ်ယောက်တည်းဆိုပါက မြိန်ရေယှက်ရေစားသုံးခဲ့သောအစားအစာများ သည် အရသာမဲ့နေ၏။ ကျွန်တော်ချိန်းဆိုခဲ့သော စားသောက်ဆိုင်သည် ထိုမျှလောက်ညံ့ဖျင်းလေသလား ဟုအပြစ်တင်ချင်မိတော့သည်။

“မနက်ဖြန်တော့ ဘယ်သွားကြမလဲ၊ ကလေးကို ဒစ္စနေလန်း လိုက်ပို့ပြီးပြီလား၊ ဟောင်ကောင် ဒစ္စနေ လန်းကပိုမိုက်တယ်၊ ကျွန်တော်လည်းအားတယ်ဆိုတော့ လိုက်ပို့လို့ရတယ်”

“ရတယ်ညီ မနက်ဖြန်တော့ မိသားစုတွေရော အခြားလူတွေပါသွားဖို့စုထားတော့ ညီ့ကိုလည်းဒုက္ခမပေး ချင်တော့ပါဘူး”

သူကိုယ်တိုင်က ငြင်းဆိုတော့လည်း ကျွန်တော်ဘာမျှမပြောလိုတော့။ ကျွန်တော်နှင့်သူတို့ဆုံတွေ့မှုက ဒီ နေ့နှင့်ပင်အဆုံးသတ်ပြီလားမသိတော့ပါ။

“အော် ဟုတ်ကဲ့ နောက်ရက်ဆိုရင်တော့ ကျွန်တော်လည်းအလုပ်သွားနေရပြီဆိုတော့လေ”

“အစ်ကို မပြန်ခင် ညီနဲ့တစ်ရက်လာတွေ့ချင်တယ် ရမလား”

“ဗျာ”

“ညီ့ကို အစ်ကိုပြောစရာတွေရှိလို့ အေးအေးဆေးဆေးတွေ့ချင်လို့ပါ၊ သောက်ရအောင်လေ”

မူးပြီးမှားကြမယ်လေ အစ်ကို ဟု ကျွန်တော်အမြဲပြောခဲ့သည့်စကားကို ဖျတ်ခနဲအမှတ်ရမိသွားပါသည်။ ကျွန်တော်တို့မှားခွင့်မရှိတော့ပါဘူးအစ်ကို။ ကျွန်တော်သည် သူ့ကိုတစ်လှည့် ကလေးကိုတစ်ချက် သူ့ အမျိုးသမီးကိုတစ်ခါ အလှည့်ကျကြည့်ပြီး မျက်ခုံးပင့်မိပါသည်။

“ကျွန်တော်…”

“ညီ အားတဲ့ရက်ပဲလာတွေ့မှာပါ၊ နိုင်ငံခြားမှာ အလုပ်လုပ်တာဆိုတော့ နားလည်ပါတယ်”

သူ သဘောပေါက်မြန်ပါသည်။

သောက်လို့တော့ရပါတယ် ကျွန်တော့ဆီမှာတော့ လာအိပ်ဖို့မကြိုးစားပါနဲ့တော့အစ်ကို ဟုစိတ်ထဲကနေ ပြောလိုက်မိပြန်သည်။ ကြာလာတော့ ကျွန်တော် မွန်းကြပ်လာသည်။ ဝမ်းနည်းလာသည်။ ကြေကွဲလာ သည်။ ထို့နောက် ထိုစားပွဲဝိုင်းမှ အမြန်ဆုံးကွယ်ပျောက်ချင်နေပါသည်။ သက်တောင့်သက်သာမရှိလှ သော ကျွန်တော့ပုံစံကို အစ်ကိုဘယ်လောက်တောင်များ စိတ်ထဲကအကဲခတ်နေလိုက်မလဲ။

“အော် ဒါက ကျွန်တော်ယူလာတာ အစ်မနဲ့ ကလေးနဲ့အတွက် အမှတ်တရလက်ဆောင်ပါ”

ဟောင်ကောင်ထုတ်ကမ္ဘာကျော်အမှတ်တံဆိပ်ကိုမြင်လိုက်သည်နှင့် အစ်ကို့အမျိုးသမီး၏ မျက်နှာ ပို၍ ရွှင်လန်းသွားပါသည်။ အားတုံ့အားနာဖြင့် ကျွန်တော့ကိုကြည့်လိုက်ပါသေးသည်။

“အားနာစရာကြီးမောင်လေးရယ် မဟုတ်တာ”

“ရပါတယ်အစ်မ ကျွန်တော့အတွက်အပန်းမကြီးပါဘူး၊ ရောက်တုန်းရောက်ခိုက်ဝယ်ပေးလိုက်ရတာ ကျွန်တော်ကဝမ်းသာနေတာပါ၊ မီးမီးလေးအတွက် အင်္ကျီလှလှလေးတွေလည်းပါတယ်ဗျာ”

အစ်ကို ဘယ်လိုသဘောရမလဲ ကျွန်တော်စိတ်မဝင်စားသလို အစ်ကို့အတွက်လည်းဘာလက်ဆောင်မှမ ယူလာခဲ့ပါ။ သို့သော်လည်း  အစ်ကို ကျွန်တော့်ကိုပြောစရာဆိုသည်က ဘာများဖြစ်နေမလဲ ဆိုသည်ကို တော့ စိတ်ဝင်စားမိပါသည်။ ထို့နောက်။

>>>>>