“ညီ ဖန်တီးသော Love Story” အပိုင်း (၂၉) ဇာတ်သိမ်း

(၂၉)

အစ်ကိုနဲ့ ညီဟာ အသက်ကွာခြားရုံတင်မဟုတ်ဘဲ လူနေမှုအကျင့်စရိုက်ရော အပေါင်းအသင်းပေါင်းတဲ့ ပုံစံရောမတူခဲ့ပါဘူး။ အသက်ဆိုရင်လည်း ရှစ်နှစ်လောက်ကွာတယ်။ ညီက စိတ်ထဲမှာသိပ်မထားတတ် တဲ့ ဘွင်းဘွင်းရှင်းရှင်းသမား။ ရင်ထဲမှာတစ်ခုခုခံစားရရင် ချက်ချင်းထရှင်းလိုက်ရမှ။ ပြသနာတစ်ခုခုဖြစ် ရင် အဖြေကိုချက်ချင်းရှာလိုက်ရမှ။ ပြီးတော့ ညီက သူငယ်ချင်းတွေများတယ်။ ကလပ်သွား၊ ဘားသွားပြီး ကခုန်ပျော်ရွှင်မြူးထူးပြီး ပျော်ရွှင်မှုကိုရှာတယ်။

အစ်ကိုကတော့ အဲလိုမဟုတ်ဘူး။ တစ်ခုခုခံစားရရင်စိတ်ထဲမှာပဲထားတာများတယ်။ အချိန်တန်ရင်ပြီး သွားမှာပါဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထိုင်ပြီး ကာလတစ်ခုစောင့်ဆိုင်းပြီး မေ့မေ့ပျောက်ပျောက်ထား ပစ်လိုက်တတ်တယ်။ အပေါင်းအသင်းဆိုရင်လည်းသိပ်အများကြီးမရှိဘူး။ အိမ်ထောင်သည်တွေဖြစ်ကုန် လို့တစ်ခါတစ်ရံမှတွေ့တတ်ကြတယ်။ ဆိုင်မှာတစ်ခါတစ်လေသောက်ပြီး သူ့အိမ်ထောင်ရေးပြသနာတွေ ပြောပြ ကိုယ်ကဘေးကထိုင်နားထောင်ရုံသပ်သပ်ပဲ။ ပြီးတော့ အစ်ကို့သူငယ်ချင်းတွေက အစ်ကို့ကိုယုံ ကြည်ကိုးစားကြတယ်။ သူတို့အိမ်မှာ အခန်းကန့်တာတို့ မီးဖိုချောင်ပြင်တာမျိုးတို့ဆို အစ်ကို့ကိုလုပ်ခိုင်း ပြီးအကူအညီတောင်းကြတယ်။ အစ်ကိုကစိတ်ရှည်တာကိုး။ ဒါတင်ဘယ်ကဦးမလဲ၊ တစ်ခုခုချက်စားမယ် ဆိုရင်လည်း အစ်ကို့ကိုပဲဆရာတင်တတ်ကြတယ်။ ရပ်ကွက်ထဲမှာတရားပွဲရှိလို့ ဘုရားပန်းအလှဆင်ပေး တာကအစ အိမ်ခေါင်မိုးတဲ့အထိ အစ်ကိုက စိတ်ရှည်လက်ရှည်လုပ်တတ်တဲ့သူ လုပ်ဖို့လည်းဝါသနာပါတဲ့ သူဆိုတော့ အမြဲတမ်းအလုပ်နဲ့လက်မပြတ်ဘူးဖြစ်နေတတ်တယ်။

ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ကျန်တာကိုမေ့မေ့လျော့လျော့ရှိတတ်တာမို့ ညီကစိတ်မရှည်တော့ဘူး။ ညီကျတော့ သူများကိုလုပ်ပေးတာထက် သူ့ကိုဂရုစိုက်တာကိုပိုလိုချင်တယ်။ အမြဲတမ်း ညီ့ကိုတသသ ဖြစ်နေရတာကိုကျေနပ်တယ်။ အစ်ကို့ရဲ့အလေးထားမှုကိုလိုချင်တဲ့ညီဟာ အစ်ကို့စရိုက်နဲ့ဆန့်ကျင်ဘက် လိုမျိုးလည်းဖြစ်နေတဲ့အခါအကျတော့ နားလည်မှုညှိရတဲ့အပိုင်းတွေရှိလာတယ်။

“မသိတော့ဘူး လုပ်ချင်တာလုပ်တော့”

အစ်ကိုက စိတ်တိုလာရင် စကားသိပ်မပြောချင်တော့ဘူး။ လွှတ်ထားပေးလိုက်ရတယ်။ ညီက စိတ်တို လာရင် ဘာကြောင့်စိတ်တိုရတာလဲ ဘယ်လိုလုပ်ရင်စိတ်မတိုတော့ဘူးလဲ အစချီတဲ့ပြသနာအရင်းအမြစ် ကိုရှာပြီးညှိချင်သူမို့လို့ အစ်ကိုတို့တွေကအရမ်းတည့်တဲ့ချစ်တွေရည်းစားတွေတော့မဟုတ်ခဲ့ကြဘူး။

ဒါပေမဲ့ အစ်ကိုတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ခဲ့ကြတဲ့သူတွေဆိုတောကိုတော့ ငြင်းလို့မရဘူး။ နှစ်ယောက်သားရဲ့မတူတာလေးတွေကိုဖယ်လိုက်ရင် အင်မတန်ချစ်ကြတဲ့သူတွေထဲမှာ ပါတယ်လေ။

“ညီ …လွမ်းလိုက်တာကွာ”

နှစ်ယောက်သားဆုံတွေ့တဲ့အချိန်တွေမှာ ညီ့ကိုအတင်းဖက်ပြီး ကလေးတစ်ယောက်လိုချွဲတဲ့အချိန်လေး တွေလည်းရှိခဲ့ဖူးတာပေါ့။ ညီ့နှုတ်ခမ်းကို ခုံမင်စွာနမ်းခဲ့ဖူးတဲ့နေ့ရက်တွေ၊ ညီ့ကိုရင်ဘတ်ထဲထည့်ပြီးက လေးတစ်ယောက်လိုသိပ်ခဲ့တဲ့ရက်တွေ၊ ညီ့ခေါင်းကိုဖွဖွလေးကိုင်ပြီး စကားတွေပြောခဲ့ကြတဲ့ရက်တွေ လည်း ကိုယ်တို့ကြားထဲမှာ နည်းမှမနည်းပဲ။

“လေးနှစ်ဆိုတာ သူများတွေဆယ်နှစ်လောက်နဲ့ ညီမျှတဲ့အချစ်တွေသံယောဇဉ်တွေလောက်အထိကိုခိုင် မြဲခဲ့ကြတာ ကိုယ်တော့သေချာတယ်”

ညီခဏခဏပြောဖူးတယ်။ ကိုယ်က ပတ်ဝန်းကျင်ကိုသိပ်ဂရုစိုက်တာပဲတဲ့။ တကယ်လည်းကိုယ်မငြင်း နိုင်ပါဘူးညီ။ ကိုယ်ကျင်လည်ခဲ့ရတဲ့အသိုင်းအဝိုင်းက ညီနဲ့ယှဉ်ရင်တော့ စာအုပ်ကြီးပိုဆန်တယ်လေ။ ငယ်ငယ်ကတည်းက ကချင်ပြည်နယ်မှာ နေခဲ့ကတည်းက ကိုယ့်ပတ်ဝန်းကျင်ကလူတွေက သဘောရိုးရိုး ပဲ။ ဆိုလိုချင်တာက သူ့တို့အတွက်အမြင်ဆန်းနေရင် ဒါဟာသဘာဝလွန်ဖြစ်ရပ်လို့ဆိုချင်တာပေါ့လေ။

ကိုယ်ဟာ ဂေးတစ်ယောက်ဖြစ်နေတာကို အားလုံးကိုပွင့်ပွင့်လင်းလင်းပြောဖို့မဆိုထားနဲ့ ကိုယ့်အရင်း နှီးဆုံးသူငယ်ချင်းတွေကိုတောင်ပေးသိရဲတာမဟုတ်ဘူး။ မိသားစုအတွင်းမှာလည်း သားကြီးဖြစ်နေတာ ကြောင့် ပိုဆင်ခြင်ရတယ်။ ကိုယ့်ဘဝက အရာရာတိုင်းချုပ်တည်းမှုတွေနဲ့အသားကျနေခဲ့တယ်ညီ။

အရွယ်ရောက်လာတော့လည်း မိန်းကလေးရည်းစားထားခဲ့တာပေါ့။ ကိုယ်ကျင်လည်နေရတဲ့ နေရာမှာ ရည်းစားမရှိရင်ဘဲလူရာမဝင်သလိုလို အဖြစ်မရှိသလိုလို နောက်ဆုံးကွာ မိန်းမစိတ်မဝင်စားတဲ့အခြောက် တစ်ယောက်ဆိုပြီးနှိမ်ချင်သလိုလိုလုပ်တတ်တဲ့လူတွေအတွက်ပေါ့။ ပတ်ဝန်းကျင်က မေးထိုးပြောဆိုကြ မှာကို လိုတာထက်ပိုပြီးစိုးရိမ်တဲ့အတွက် ရလိုက်တဲ့အကျိုးရလာဒ်က မွမ်းကြပ်မှုတွေနဲ့ရှင်သန်နေရတာ ပေါ့ညီ။

“လုပ်ငန်းခွင်မှာတောင် လူတွေက သူတစ်ပါးအပေါ်နည်းနည်းလေးမှ မစလိုက်ရရင်စားမဝင်အိပ်မပျော် တတ်တဲ့သူတွေရှိတယ်ညီ၊ မင်းကခြောက်နေတာလား မင်းကဂေးနေတာလားဆိုပြီး အာလေးနည်းနည်း ချောင်လိုက်ရမှ လူတစ်ဖက်သားကိုနှိမ်လိုက်ရမှကျေနပ်တဲ့သူတွေရှိနေတယ်၊ ဒါဟာ နှိမ်စရာမဟုတ်ဘူး လူတစ်ယောက်ရဲ့မွေးရာပါဖြစ်တည်မှုဆိုတာကို သူတို့ကိုဘယ်လိုမှရှင်းပြလို့ရမှာလည်းမဟုတ်တော့ သူတို့ အပြောမခံနိုင်အောင်နေခဲ့ရာကနေ အစ်ကို ပတ်ဝန်းကျင်ကိုအလေးထားသလိုဖြစ်လာခဲ့တာပါပဲ၊ မိ သားစုမှာလည်း ကိုယ်ဂေးဖြစ်နေတယ်သာပြောကြည့် ဝိုင်းဝန်းအပြစ်တင်လက်ညိုးထိုးတဲ့သူတွေပဲရှိမယ်၊ ဘယ်သူကမှ လက်ခံကြမှာမဟုတ်ဘူးလေ”

မြန်မာနိုင်ငံမှာလည်း မြို့ပြမှာသာပွင့်လင်းနေတာ နယ်တွေမှာဆိုရင်တော့ ဂေးဖြစ်နေခြင်းဟာ ဉပဒေ တစ်ရပ်ကိုချိုးဖောက်နေတာထက်ပိုဆိုးတဲ့ဆက်ဆံမှုတွေရှိတယ်ညီ။

“လူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ၊ ကိုယ်ပြုသမျှအကျိုးရလာဒ်က ကိုယ့်ထံကိုပဲတိုက်ရိုက် သက်ရောက်တာပါ၊ ကိုယ်ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်ဖြစ်ပြီး သူများပါးစပ်ပေါက်နဲ့ကိုယ် အသက်ရှင်ဖို့မလိုဘူးဆိုတာကိုတော့ ကိုယ်လက်ခံနိုင်ဖို့ခက်ခဲခဲ့တယ်ဆိုတာဝန်ခံပါတယ်၊ ဒါကြောင့်ပဲ စိတ်မပါတဲ့အလုပ်တွေလုပ်ခဲ့တယ်၊ မိန်းကလေးရည်းစားထားတယ်၊ ပတ်ဝန်းကျင်မှာ တွေ့တဲ့မိန်းက လေးလှလှတွေကိုမြင်ရင်စိတ်ဝင်စားယောင်ဆောင်ပြရတယ်ပေါ့၊ ဒီလိုလုပ်ခြင်းအားဖြင့်တော့ ပတ်ဝန်း ကျင်မှာ ကိုယ်က ဘောင်ထဲကလူတစ်ယောက်တော့ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အတွင်းထဲမှာတော့ စိတ်အပင် ပန်းဆုံးလူတစ်ယောက်ဖြစ်နေခဲ့ရတာပေါ့”

တစ်ချို့တွေက တစ်သက်လုံးဟန်ဆောင်သွားနိုင်ကြတယ်။ သေဆုံးတဲ့အထိ သူ့ဖြစ်တည်မှုကိုချမပြရဲဘဲ လူ့ဘဝရဲ့ခက်ခက်ခဲခဲအချိန်တွေနဲ့ရင်ဆိုင်ဖြတ်သန်းပြီး နောက်ဘဝကူးသွားကြတယ်။ တစ်ချို့တွေကျ တော့ ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ရှင်းရှင်းဖြတ်သန်းနေကြတယ်။ ကိုယ်ကတော့ အဲနှစ်မျိုးစလုံးထဲမှာ မပါ ဝင်ခဲ့ဘူးညီ။ ပထမဆုံးသောရည်းစားနဲ့ လေးနှစ်လောက်အထိတိတ်တိတ်လေးတွဲနိုင်ခဲ့ကြတယ်။ ညီနဲ့လို မျိုး ပေါ်ပေါ်တင်တင်သွားတာလာတာမျိုးမရှိခဲ့ဘူး။ ချိန်းတွေ့ရင်လည်း သူ့အိမ်မှာကပိုများခဲ့တယ်။ အ ပြင်သွားရင်လည်း နူးနူးညံ့ညံ့ ညင်ညင်သာသာစကားလုံးမျိုးတွေပြောတာမျိုး မျက်နှာချင်းဆိုင်ကြည်နူး တာမျိုးတွေမရှိခဲ့ဘူး။ သူမှာတာသူစား ကိုယ်မှာတာကိုယ်စားပြီး ခပ်တည်တည်နဲ့ပဲ ဆိုင်ထဲကထွက်လာ ဖြစ်ကြတဲ့ရက်ပေါင်းတွေအများကြီးပါပဲ။

ညီနဲ့တွေ့တဲ့အခါမှာတော့ ကိုယ်အပြုအမူတော်တော်များများက ပြောင်းလဲခဲ့ရတယ်။ ကိုယ်လုပ်သမျှ ဟာ ကိုယ့်ရွေးချယ်မှုပဲဖြစ်ရမယ်ဆိုတဲ့သဘောကို ညီက ကိုယ့်ကိုပြနိုင်ခဲ့တယ်။ ကိုယ်ဂေးဖြစ်နေကြောင်း ကို ပတ်ဝန်းကျင်မှာ ပြောစရာမလိုသလို ကိုယ်ဂေးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်မှာအားလုံးသ တိထားမိအောင်လုပ်ပြနေစရာမလိုဘူးဆိုတာ ညီက သက်သေပြခဲ့တယ်။

“လူတွေရဲ့စိတ်ထဲမှာ ကိုယ်ကအမြဲရှိမနေဘူး၊ လူတွေလက်ညိုးထိုးပြောဆိုတာကိုဂရုစိုက်သင့်သလောက် ထက်ပိုပြီးမစိုက်ရဘူး ဆိုတာ ညီအမြဲသတိပေးခဲ့ပေမယ့် ကိုယ်ညံ့ခဲ့တယ်ညီ”

အမှန်အတိုင်းပြောခဲ့ရင် ကိုယ်နည်းနည်းတော့သာယာမိခဲ့ပါတယ်။ ရုံးက ဟိုကောင်မလေးနဲ့အားလုံးက စလိုက်နောက်လိုက်ဖြစ်နေတာကို အလိုက်သင့်မျောပါနေမိခဲ့တယ်။ ကောင်မလေးကလည်း အစ်ကို့ကို သဘောကျနေတော့ ရေလာမြောင်းပေးလုပ်နေမိတာကိုး။ ညီလိုတော့ လက်ရှိတွဲနေတဲ့မိန်းကလေးကို ကိုယ်ကဂေးဖြစ်ကြောင်းဝန်ခံပြီး သူငယ်ချင်းအဖြစ်ပေါင်းသွားဖို့ပြောရလောက်အောင် သတ္တိရှိမနေခဲ့ရိုး အမှန်ပါ။

ရုံးကလူတွေရဲ့ထောက်ခံအားပေးမှုနဲ့ ဟိုကောင်မလေးကိုစကားတွေပြော အလိုက်သင့်လေးနေပေးပြီး ခရီးတွေသွား ဟိုသွားဒီလာလုပ်ကြတာမျိုးတွေလည်းရှိပါတယ်ညီ။ လက်ခုပ်ကုန်းကိုသွားတဲ့နေကလည်း ကိုယ့်ဖုန်းကို သူပဲပိုင်စိုးပိုင်နင်းကိုင်ခဲ့တာပါ။

“သူများဖုန်းကို အဲလိုကိုင်ရလောက်အောင် ယဉ်ကျေးမှုတော်တော်ခေါင်းပါးရသလား၊ မကြိုက်ဘူး နောက်ကို ငါ့ဖုန်းကိုဘယ်တော့မှမကိုင်ပါနဲ့”

“ဖုန်းမြည်သံက တောက်လျှောက်ဖြစ်နေတော့”

“ဖြစ်ပလေ့စေလေ၊ နားငြီးရင် ချပစ်လိုက်လို့ရတာပဲ”

ညီနဲ့ရန်ဖြစ်ထားတာကြောင့် ညီ့ကိုတော့ ဖုန်းပြန်မခေါ်ခဲ့ဘူး။ တကယ်တမ်းက ညီ့ကိုစိတ်ခုနေခဲ့တာ ကြောင့်ရယ်ပါ။ ပြီးတော့ ညီ့ကိုပစ်ပစ်ခါခါပြောဖို့လောက်အထိလည်းမရည်ရွယ်ထားပေမဲ့အဲဒီနေ့ကပြော မိခဲ့တယ်။

“ကိုယ်က ညီနဲ့ယှဉ်ရင်စကားနိုင်မလုတတ်ဘူး၊ စကားကိုနာအောင်လည်းမပြောတတ်ဘူး၊ ညီနာကျင်ရ မယ့်စကားလုံးတွေပြောမိရင်းနဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းဆီကိုရောက်မှန်းမသိရောက်မိသွား တာပါ”

လက်ထပ်တော့မယ့်အကြောင်း၊ မိန်းမယူတော့မယ့်အကြောင်းကိုပြောလိုက်တဲ့အခါမှာတော့ ညီအရမ်း နာကျင်ခံစားခဲ့ရတယ်ဆိုတာ အစ်ကိုသိပါတယ်။ ကိုယ်လည်းစိတ်ဆိုးတုန်းပြောမိလိုက်တာမို့ ညီရဲ့ခံစား ချက်ကို လျစ်လျူရှုထားမိခဲ့တယ်။ ညီပြောသလိုပါပဲ။ အစ်ကိုက စိတ်ဆိုးလာရင် ဘယ်အရာကိုမှငဲ့ကွက် တော့တာမှမဟုတ်ဘဲ။ ငွေဆောင်ကိစ္စလိုမျိုးကြောင့် ညီတစ်သက်လုံးနာကျင်နေရတာပဲကြည့်လေ။

စိတ်ဆိုးတုန်းမို့လို့ နှစ်ပတ်လောက်ကြာရင်အဆင်ပြေသွားမှာပါဆိုပြီး လျော့တွက်နေမိခဲ့တယ်။ ညီအဲဒီ လောက်အထိနာကျင်ခံစားရလိမ့်မယ်မှန်း တကယ်ကိုလေးလေးနက်နက်မတွေးခဲ့မိတာ ကိုယ်သိပ်မှားခဲ့ တယ်၊ အစ်ကိုသိပ်မှားခဲ့တယ်ညီ။

ညီအိမ်ကိုရောက်လာတော့လည်း လာချော့တယ်ပဲထင်ထားခဲ့တာ။ အိမ်ကို နှုတ်ဆက်စကားလာပြော တယ်လို့ဆိုတော့ တော်တော်လေး ရှော့ခ်ရသွားခဲ့တယ်။ နောက်နေ့မှာပဲ ညီကိုဖုန်းတွေဆက် အိမ်တွေ လိုက်စုံစမ်းခဲ့ပေမယ့် အဆက်အသွယ်လုံးဝမရဘူး။ ရုံးကိုသွားမေးတော့လည်း ရုံးမှာမရှိတော့ဘူးဆိုတာ ကလွဲရင် တကယ်ပဲယူကေမှာပဲကျောင်းသွားတက်သလိုလို ဟောင်ကောင်ရုံးကိုပဲပြောင်းသွားသလိုလို နဲ့ တိတိကျကျမသိခဲ့ရဘူး။ အိမ်ကိုလိုက်သွားတော့ ညီ့အိမ်ကလူတွေကတော့ ယူကေမှာကျောင်းသွားတက် တယ်လို့ပဲပြောခဲ့ကြတယ်။ အဲလိုပြောခဲ့ဖို့လည်း ညီကမှာထားခဲ့မှန်း ကိုယ်နောက်မှသိခဲ့ရတယ်။

“အရူးတစ်ပိုင်းပဲညီ၊ တကယ်ကိုအရူးတစ်ပိုင်းပဲခံစားရတယ်၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ဘယ်ကအစ ရှာရမှန်းမသိဘူး အရာရာတိုင်းဟာ အသက်မဲ့နေခဲ့တယ်”

ညီအိမ်ကိုလာတဲ့နေ့က အစ်ကိုရုံးကပြန်မလာဘူးဆိုတာက သီဟရဲ့မင်္ဂလာဆောင်အတွက်ဖိတ်စာသွား ရိုက်ကြတာပါ။ အစ်ကိုနောက်မှ သေသေချာချာတွေးကြည့်တော့မှ ညီအထင်လွဲနေခဲ့တာမှန်းကွင်းကွင်း ကွက်ကွက်ပေါ်လာတော့တယ်။ အစ်ကိုပြောခဲ့တဲ့စကားနဲ့ သီဟတို့ရဲ့မင်္ဂလာဆောင်နဲ့ရောပြီး ညီအမှတ် မှားခဲ့တယ်။

အမေကလည်း သီဟမင်္ဂလာဆောင်မှန်းသေသေချာချာမရှင်းပြခဲ့မှန်းသိခဲ့တယ်။ ကိုယ်ပြောခဲ့သမျှနဲ့ အ ရာအားလုံးတိုက်ဆိုင်နေမှန်းသိတဲ့အခါ ညီကိုရှင်းပြလို့မမှီတော့ဘူး။ ဘယ်လိုရှာရမလဲ တွေးမရတော့ လောက်အောင်ပူလောင်နေခဲ့တယ်။

“သီဟအလုပ်ရပြီးမကြာပါဘူး၊ အစ်ကိုတို့ လားရှိုးကိုသုံးနှစ်ပြောင်းနေရတယ်၊ သီဟရဲ့အလုပ်က အဲဒီမှာ ရှိတာကြောင့်ရယ် အမေ့အမျိုးတွေလည်း လာရှိုးမှာတော်တော်များများအခြေချနေထိုင်နေတာကြောင့် ရယ် ကိုယ်တို့တစ်မိသားစုလုံး ရန်ကုန်အိမ်ကိုသော့ခတ်ပြီး အဲဒီကိုပြောင်းခဲ့ကြတာပေါ့၊ အစ်ကို့အလုပ်ကို လည်းထွက်ခဲ့တယ်၊ လာရှိုးမှာပဲအိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး သုံးနှစ်တာကာလကိုဖြတ်သန်းခဲ့တာပေါ့ ညီ၊ အစ်ကိုတို့ရန်ကုန်ပြန်ရောက်လာတဲ့အခါကျတော့ သရဖီလေးရောက်လာခဲ့ပြီးနေပြီလေ၊ လားရှိုးမှာ တုန်းကလည်း ညီ့ကိုဘယ်လိုရှာရမလဲဆိုတာချည်းပဲ ထိုင်တွေးနေရင်းအချိန်ကုန်ခဲ့တယ်၊ ရန်ကုန်ကညီ အလုပ်လုပ်တဲ့ရုံးကိုပဲ အပူကပ်နေတော့တာ”

ရန်ကုန်စရောက်ရောက်ချင်းမှာ အလုပ်ပြန်မဝင်ခင် ညီရုံးကိုသွားခဲ့တယ်။ ညီအလုပ်လုပ်တဲ့ဌာနမှာသွား ပြီး ညီ့အကြောင်းကို စုံစမ်းခဲ့တယ်။ တစ်ရက်မရနှစ်ရက်မရဘူး။ သုံးလေးပတ်လောက်အထိကြိုးစားနေ ခဲ့တာ။ နောက်ဆုံး ညီရဲ့အကြီးအကဲတစ်ယောက်က အောင်ခန့်ဆိုတဲ့ညီလေးနဲ့တွေ့ပေးတယ်။ အဲဒီကနေ စပြီး ညီ ဟောင်ကောင်မှာရှိတယ်ဆိုတာသေချာခဲ့တယ်။

“ရှစ်နှစ်ဆိုတဲ့အချိန်ကာလက လွမ်းရက်ရှည်ခဲ့တယ်၊ ကိုယ်ညီ့ကိုမေ့မရခဲ့ဘူး၊ တွေ့ခွင့်ရခဲ့ရင်နောက်ထပ် ဘယ်တော့မှ အဆုံးအရှုံးမခံတော့ဘူးဆိုတာ ပိုပြီးသေချာသည်ထက်သေချာလာတယ်ညီ၊ ကိုယ်ပတ်ဝန်း ကျင်ကို လိုတာထက်ပိုပြီးဂရုမစိုက်တော့ပါဘူးညီ”

ဟောင်ကောင်ကိုလာဖို့ဆိုတာ လူလွတ်တစ်ယောက်အနေနဲ့ ထင်သလောက်တော့မလွယ်ခဲ့ဘူးရယ်။ ဗီ ဇာကိစ္စလုပ်ရတာ ဘာညာနဲ့ တော်တော်လေးအခက်တွေ့မှာ မို့ ညီပြန်လာမယ့်ရက်ကိုပဲတစ်နှစ်ပြီးတစ် နှစ်စောင့်နေခဲ့တယ်။ ဒါပေမဲ့ ညီကပြန်မလာဘူး လာရင်လည်းအစ်ကို့ကိုပေးသိမှာမဟုတ်တော့ အောင် ခန့်ကိုပဲအတင်းအကူအညီတောင်းရတော့တာပေါ့။

အဲဒီကနေတစ်ဆင့် သက်ကိုနဲ့ပါချိတ်ဆက်မိခဲ့တယ်။ သီဟက အရင်တုန်းကလက်ကြောမတင်း ပျင်းတွဲ နေသလောက် အိမ်ထောင်ကျမှ သမီးလေးရတော့မှ အလုပ်တွေကြိုးစား မိသားစုကိုဂရုစိုက်တာကြောင့် ကိုယ့်တာဝန်တွေ တဖြည်းဖြည်းလျော့လာခဲ့တာပေါ့။ နောက်တော့ သူ ဟောင်ကောင်ကိုအလုပ်ကိစ္စ လာရင်း မိသားစုကိုပါခေါ်ခွင့်ရခဲ့တယ်။ အမေကတော့ မပါဘူးပေါ့။

“သီဟရဲ့ခေါ်ဆောင်မှုနဲ့ အစ်ကိုဟောင်ကောင်ကိုရောက်လာခဲ့တာပေါ့၊ သက်ကိုနဲ့အောင်ခန့်ကလည်း အစ်ကို့ကို အဓိကကူညီပေးတဲ့သူတွေလေ၊ သူတို့သာမကူညီခဲ့ရင် အခုထက်ပိုပြီးဝေးရဦးမှာညီ၊ ညီ့ကို အစ်ကို ဂရုစိုက်ရမယ့်အချိန်တွေရှိသေးတယ်၊ ညီကြိုက်တဲ့ဟင်းတွေချက်ကျွေးရဦးမယ်၊ ညီ့ခေါင်းလေးကို ပွတ်သပ်ပြီးစကားတွေပြောချင်သေးတယ်လေ”

>>>>>

(၃၀)

“အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ်ညီ”

အိပ်မက်ထဲမှနိုးထလာခဲ့သည်။ သူ၏ အဆိုတင်သွင်းမှုကို ကျွန်တော့လွှတ်တော်၌ပယ်ချခွင့်ပြုဖို့မဲမရှိ ခဲ့ပါချေ။ လူတိုင်းသည် ထင်မြင်ချက်မတူ အယူအဆချင်းမတူ။ အစ်ကိုနှင့်ကျွန်တော်ကလည်းလူထဲမှ လူ ဖြစ်တော့ ကွဲပြားခြားနားခြင်းများရှိခဲ့လေသည်ပင်။ သို့သော်လည်းတူညီသောအချက်ရှိပါသည်။ ကျွန် တော်တို့နှစ်ဦး၏ ချစ်ခြင်းတရားခိုင်မြဲခြင်းပင်။ လေးနှစ်တာချစ်ခြင်းအပြင် ရှစ်နှစ်တာသတိရခြင်းများ ပေါင်းစပ်သည့်အခါ ပေါက်ကွဲလုမတတ်မီးတောင်ကြီးပမာအချစ်စိတ်များက လောင်မြိုက်လျှက်ရှိနေ လေသည်။

ဖွင့်ထွက်ချင်နေလုသောစိတ်များကို ထိန်းချုပ်ကာ အစ်ကို့မျက်နှာကိုစေ့စေ့ကြည့်မိပြန်သည်။ ကျွန်တော် တို့၏ ဇာတ်လမ်းသည်အိပ်ရာဝင်ပုံပြင်မဟုတ်ခဲ့သည်မို့ ဆက်ရန်ရှိပါသေးသည်။ သူမျှော်လင့်သည့် အရာများက ကျွန်တော့ဆုံးဖြတ်ချက်အပေါ်မူတည်နေသည်။

ကျွန်တော်ကြည့်သောရုပ်ရှင်ကားတိုင်း ကျွန်တော်ဖတ်သောဝတ္တုတိုင်းသည် Happy Ending သာဖြစ်လို ပါသည်။ ဟောင်ကောင်၏ ကြီးကျယ်ခမ်းနားမှု ထည်ဝါမှုများကို ကျွန်တော်တို့နှစ်ယောက်စလုံး နှစ်သက်သဘောကျခဲ့သည်။ တစ်တောင်ပေါ်တစ်တောင်ဆင့်ကာ တည်ဆောက်ထားသည့်မိုးမျှော်တိုက် ခန်းများ၊ အထပ်မြင့်အဆောက်အဉီများသည် တောသားမြို့ရောက်ကျွန်တော်တို့အတွက် ငေးမောမဆုံး သည့်အရာများဖြစ်ခဲ့၏။ ထို့နောက်စနစ်တကျသေသပ်ကျနစွာတည်ဆောက်ထားသည့် လမ်းမများ၊ ပင် လယ်ကမ်းခြေကိုဖြတ်၍ဆောက်ထားသည့်တံတားများ၊ ရေအောက်လမ်းများ၊ ဉဒဟိုပြေးလွှားနေသော နှစ်ထပ်ဘက်စ်ကားများ၊ အခြားနိုင်ငံနှင့်မတူ တမူထူးခြားစွာချစ်စရာကောင်းနေသည့် အဝါရောင် အ မှိုက်ပုံးလုံးလုံးလေးများ၊ မြန်မာလျှာနှင့်ခံတွင်းတွေ့လှသည့်ဟောင်ကောင်အစားအသောက်များ၊ လမ်း ဖြတ်ကူးရန် အချက်ပေးသည့် တတီတီမြည်သံများ (လူကူးမျဉ်းကြား လမ်းဖြတ်ကူးချိန်တွင်ထိုအသံ သည် အတော်လေးနားဝင်ချိုလှ၏။)၊ စမတ်ကျဖက်ရှင်ကျလှသည့် အဝတ်အစားများ၊ ကမ္ဘာကျော် Brand များ အားလုံးအားလုံးသည်ချစ်စရာကောင်းနေလွန်းခဲ့သည်။

ထို့အပြင် ဟောင်ကောင်တွင် ကျွန်တော့်အချစ်ပုံပြင်လေးတစ်ပုဒ်လည်းရှိခဲ့ပါသည်။ ကျွန်တော်ဖန်တီး သောအချစ်ပုံပြင်သည် ပုံပြင်တစ်ပုဒ်မျှသာမကခဲ့။ တစ်သက်လုံးအမှတ်တရရင်ထဲစွဲကျန်သွားမည့်အခိုက် အတန့်များလည်းဖြစ်ခဲ့သည်ပင်။ အစ်ကို့ကို ကျွန်တော်စတင်လိုက်ခဲ့သည်။ အစ်ကိုထံမှအချစ်ကိုရအောင် ကြိုးစားခဲ့သည်။ ထို့နောက် အစ်ကို့ကိုကျွန်တော်စွန့်လွှတ်ခဲ့သည်။ သူ့ကိုကျောခိုင်းပစ်ပြီးနောက် ဟောင် ကောင်ကိုရောက်လာခဲ့သည်။

ကျွန်တော်ဖန်တီးသော Love Story အတွက် ဇာတ်သိမ်းရန်ဆုံးဖြတ်ချက်မှာ ကျွန်တော့ဆုံးဖြတ်ချက် အပေါ်တည်မှီလာပြန်သည်။ ကျွန်တော်ဘာလုပ်သင့်ပါသလဲ။

“ကျွန်တော်…..”

သူ့ကိုပွေ့ဖက်လိုက်ရမည့်အစား သူ့ရင်ဘတ်ကိုခပ်ဆဆတွန်းကာ ကားလမ်းမရှိရာဘက်ဆီကိုပြေးတက် လာခဲ့တော့သည်။ လေပြင်းတိုက်ခတ်မှုကိုခန္ဓာကိုယ်က တွန်းကန်တိုးဝှေ့တော့ တဟူးဟူးအသံများနား ဘေးမှ ဖြတ်ပြေးသွား၏။ ဝတ်ထားသော တီရှပ်နှင့် ခေါင်းစွပ်အင်္ကျီအစများက တဘတ်ဘတ်မြည်ကာ လေထဲဝဲပျံလျက်ရှိလေသည်။

“ညီ”

သူက ကျွန်တော့နောက်မှ ပြေးလိုက်လာသည်။ ကျွန်တော်ဆက်ပြေးနေမြဲ။ မောဟိုက်သည်အထိပြေး နေမြဲပင်။ လူရှင်းလင်းနေသည့်နေရာမှသည် လူအချို့တွေ့ရသည့်နေရာသို့ရောက်လာသည့်အခါကျတော့ မှ သတိပြန်ဝင်လာကာအပြေးရပ်လိုက်သည်။ တဟူးဟူးအသက်ရှုလျှက် လက်နှစ်ဖက်ကိုဒူးပေါ်တင် ထောက်ကာအမောဖြေမိသည်။ နိုင်ငံခြားသားအချို့စက်ဘီးစီးကာ ဘေးမှ ဖြတ်ပြေးသွားလေသည်။ ပတ် ဝန်းကျင်တွင် အိမ်အချို့တွေ့ရကာ စားသောက်ဆိုင်လည်းရှိနေလေသည်။ ကျွန်တော်တို့နှစ်ယောက် လျှောက်လာခဲ့သည့်ကနဦးလမ်းမဟုတ်။ အခြားတစ်လမ်းဖြစ်နေ၏။

“ညီ”

သူလည်းမောဟိုက်လောက်ပြီ။ တောင်အတူပဲတက်တက်၊ ခရီးအတူပဲသွားသွား သူကအရှေ့မှသွားနှင့် သူဖြစ်ကာ ကျွန်တော်က သူ့အနောက်မှကပ်လိုက်သည့်သူသာဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ကျွန်‌ တော်သည်သူ့အရှေ့တွင်ရှိနေပါသည်။ မောဟိုက်မှုနှင့်အတူ ချွေးဒီးဒီးကျလာလေသည်။ နဖူးပြင်၊ နသယ် စနှင့် မျက်နှာတစ်ပြင်လုံးချွေးစက်ချွေးပေါက်များရှိနေလိမ့်မည်။

“ညီ …အစ်ကိုနဲ့ ရန်ကုန်ပြန်လိုက်ခဲ့ပါ၊ ညီစားချင်တာချက်ကျွေးမယ်၊ ညီ ဂျီကျတာ အစ်ကိုခံပါ့မယ်၊ ပြီး တော့…ပြီးတော့…ညီ လိုချင်တာအားလုံး အစ်ကိုလိုက်လျောပေးမယ်”

မောဟိုက်နေသည့်အထဲမှ သူ့စကားလုံးတစ်လုံးချင်းကို သဲသဲကွဲကွဲကြားရပါသည်။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ရှစ်နှစ်တာ နာကျင်ခဲ့သမျှတစ်မုဟုတ်ချင်း ကွယ်ပျောက်သွားသည့် စွမ်းအင်ဘယ်ကများရောက်လာခဲ့သည်လဲ မဝေခွဲတတ်တော့။

“အစ်ကို”

ကျွန်တော်သူ့ကိုတင်းတင်းဖက်ထားလိုက်မိတော့သည်။

ချွေးတွေရွှဲနစ်နေပါစေ။ သတိမပြုနိုင်တော့။ သူ့မျက်နှာနှင့်အနီးကပ်ဆုံးအနေအထားကိုရောက်သည့် အခါ လွန်ခဲ့သောရှစ်နှစ်က စိတ်များပြန်လည်အသက်ဝင်လာလေသည်။ သူနှုတ်ခမ်းထော်ထော်ကို တစ် ထွာတောင်မခြားသည့်နေရာမှမြင်ရသည့်အခါ ငယ်စိတ်များပြန်လည်တက်ကြွလာသည်။

လေအဝှေ့မှာ သီချင်းသံသဲ့သဲ့ကိုကြားလိုက်ရသည်။ ကျွန်တော်တစ်နေ့ကို အနည်းဆုံး သုံးကြိမ်ရွတ်ဆို ဖြစ်သည့် Memories သီချင်း။

Everybody hurts sometimes, everybody hurts someday, ayy-ayy

But everything gon’ be alright, Go and raise a glass and say, ayy

ထို့နောက်။

ကျွန်တော်သူ့ကိုနမ်းမိလေသည်။ သူ့ပါးပြင်လွှလွှကိုအရင်နမ်းသည်။ ပြီးတော့ အင်မတန်သတိရတမ်းတ နေခဲ့သော သူ့နှုတ်ခမ်းများဆီသို့။

Cause the drinks bring back all the memories

and the memories bring back memories brink back you

လူရှိနေသော ပတ်ဝန်းကျင်မို့ တစ်ချို့ကသတိထားပြီးငေးမောကြည့်နေလေသည်။ နိုင်ငံခြားသားတစ်ချို့ က ဟေးခနဲအော်ကာလက်ခုပ်တီးဂုဏ်ပြုကြသည်။ မနက်ဖြန်တော့ ရုံးတက်ရမည်။ ရန်ကုန်ရုံးကိုပြောင်း ရွှေ့ရန်စီစဉ်စရာရှိသည်တို့ကို မဖြစ်ဖြစ်အောင်စီစဉ်ရတော့မည်လေ။ လန်တုကျွန်းကတော့ အေးချမ်း ဆိတ်ငြိမ်စွာသာယာနေဆဲ။ ပင်လယ်နှင့်တောင်တန်းများဆီမှလာသော လေသည် လတ်ဆတ်စွာတိုက် ခတ်နေဆဲပင်။

>>>>>

ချစ်ခြင်းအပြိုင်းအရိုင်းနှင့် ထင်ဒိုင်းအောင်