“ညီ ဖန်တီးသော Love Story” အပိုင်း (၂၈)

(၂၈)

“ကလေးနဲ့ အစ်မနဲ့ရော”

သူ့ကိုတွေ့လိုက်ရသောအခါ နှုတ်ဆက်စကားဦးသန်းရန်အတွက် စကားလုံးများလိုက်ရှာစဉ် ကလေးနှင့် သူ့အမျိုးသမီးမပါခဲ့သည်ကိုတွေ့ရလေသည်။ ကျွန်တော်နေထိုင်ခဲ့ဖူးသည့်နေရာသို့ချိန်းဆိုလိုက်ပါသည်။ မြို့ပြနှင့်အလှမ်းဝေးပြီး ဘုရားရိပ်တရားရိပ်နှင့်အနီးဆုံးနေရာ လန်တုကျွန်း။

ဟောင်ကောင်အနောက်တောင်ဘက်တွင်ရှိသည့်ထိုကျွန်းမှာ စတုရန်းမိုင်ပေါင်း ၅၆.၈၂ ရှိပြီး လူဉီးရေ တစ်သိန်းကျော်နေထိုင်သည့်နေရာလည်းဖြစ်သည်။ လူထူထပ်သောနေရာမဟုတ်သည်မို့ ကျေးငှက်သံ များ၊ လေတိုးသံများ၊ သစ်ရွက်ချင်းပွတ်တိုက်သံများကို အတိုင်းသားကြားနေရပါသည်။ အထူးသဖြင့် ကျွန်တော်နေထိုင်ခဲ့သည့်နေရာနားတစ်ဝိုက်တွင် သစ်တောအုပ်များကခပ်လှမ်းလှမ်းတွင်ရှိနေလေသည်။ ထိုကျွန်းမှာ မူလက တံငါရွာလေးတစ်ရွာမျှသာဖြစ်သော်လည်းလက်ရှိတွင်တော့ ထိုထက်ပိုသည့် သဘာ ဝခရီးသွားဒေသတစ်ခုဖြစ်လေခဲ့ပြီ။

“ပြန်သွားပြီလေ”

“ဟင် ဘယ်ကိုပြန်သွားတာလဲ”

“ရန်ကုန်ကိုပြန်သွားတာပေါ့ သူ့အမျိုးသားအလုပ်ပြီးလို့ အတူတူပြန်သွားကြပြီလေ”

“ဘယ်လို”

အစ်ကိုက ရွှတ်နောက်နောက်ပြောတတ်သည့်သူမဟုတ်ပါ။ ထိုစကားများသည် တစ်ချိန်က ဆန်းနေ ရောင်ပြောသည့်နောက်ပြောင်စကားများဖြစ်လေသည်။ ဒီမနက် အစ်ကိုက ဘယ်ကိုလာရမလဲဟုချိန်း သည့်အခါ လန်တုကျွန်းကိုလာ၍ရမလားဟုတောင်းဆိုမိသည်။ ထို့နောက် MTR ဘူတာတွင်စောင့်နေ ကာ ကျွန်တော်နေထိုင်ခဲ့ဖူးသည့်ရပ်ကွက်လေးထဲရှိ ဆိုင်လေးသို့ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်တွင် အစ်ကိုနှင့်ကျွန်တော့ကို သမီးရည်းစားတစ်တွဲဝယ်တိုက်ခဲ့ဖူးသည့် သဘာဝသစ်သီးဖျော်ရည်လက်ရာ ကောင်းကောင်းရသည်လေ။

“လမ်းလျှောက်ချင်တယ် ညီ ၊ လိုက်ပို့ပေးလို့ရမလား”

ခေါင်းညိတ်လိုက်ပါသည်။

သူစကားလုံးများသည် ကျွန်တော့အတွက်ဆန်းကြယ်နေဆဲ။ သူဘာဆက်ပြောမည်လဲဆိုသည်ကိုစိတ်ဝင် တစားနားထောင်ရန်အသင့်ရှိနေဆဲ။ သူ့မျက်နှာကြည်လင်လန်းဆန်းနေသည်ကိုလည်း သတိပြုမိပါ သည်။ သူ့အမူအရာများမှာလည်း လွတ်လပ်ပေါ့ပါးလို့နေလေ၏။ ထော်နေသည့်နှုတ်ခမ်းတစ်စုံသည် စူ ပုပ်ပုပ်ဖြစ်မနေဘဲ ပြုံးရိပ်များသန်းနေကာ မျက်လုံးမှေးမှေးများလည်းအရောင်တောက်ပလျှက်ရှိနေပါ သည်။

“သူ့အမျိုးသားဆိုတာက…”

“အဲဒါ အစ်ကို့ခယ်မလေ၊ သီဟရဲ့ အမျိုးသမီးပေါ့”

“ဟင် အစ်ကို့အမျိုးသမီးမဟုတ်ဘူးလား”

“အစ်ကို့မှာ အမျိုးသားပဲရှိခဲ့တာ”

“အာ နောက်ပြီ”

ဘုရား (Big Buddha) ရှိရာဘက်နှင့်ဆန့်ကျင်ဘက်ဖြစ်သော ပင်လယ်ကမ်းခြေဘေးဆီကိုလျှောက်ခဲ့ကြ သည်။ အစ်ကိုနှင့်ကျွန်တော် ကြည်နူးချိန်များဆိုပါက “ဟော ဟိုဖက်မှာ နွမ်ပင်း (Ngong Ping) လို့ခေါ် တဲ့ဒေသပေါ့အစ်ကို၊ ဟိုဖက်ကတော့ တိုင်အို (Tai O) လို့ခေါ်တဲ့ တံငါရွာရှိတယ်၊ ကျွန်တော်တို့လျှောက် နေတဲ့ ဆန့်ကျင်ဘက်တည့်တည့်ကိုသွားရင်တော့ သက်သက်လွတ်ဘုန်းကြီးကျောင်းရှိတယ်၊ Big Buddha သွားတဲ့သူတွေ သွားသွားလည်တဲ့ကျောင်းပေါ့၊ မြန်မာတော်တော်များများလည်းသွားလည်ကြ တယ်၊ ပြီးတော့ ဒီဒေသမှာ မြန်မာတစ်ချို့လည်းရှိတယ်အစ်ကို” ဟုရှင်းပြကောင်းရှင်းပြလိမ့်မည်။

ရှစ်နှစ်ကြာမတွေ့ခဲ့ရသည့် အစ်ကို့မျက်နှာကို လွတ်လွတ်လပ်လပ်ကြည့်မိသည့်အခါ အစ်ကိုရောကျွန် တော်ပါ မျက်ရည်ဝဲမိကြသည်။ ကလေးနှင့်အစ်မ ရှိတုန်းကတော့ အစ်ကို့ကိုစေ့စေ့ကြည့်ရန်ပင်တော် တော်ကြီး ခက်ခဲခဲ့သည့်အခိုက်အတန့်။ သို့သော်လည်း အလွမ်းများပြေပျောက်စေရန်အလို့ငှာ ကြည့်ဖြစ် အောင်တော့ ကြည့်ခဲ့သည်ကိုဝန်ခံရပါမည်။

“ကလေးကရော”

အစ်ကို့အမျိုးသမီးက ရန်ကုန်မှာကျန်ခဲ့သည်ပေါ့။ ထိုနေ့ကတွေ့ခဲ့သည့်အမျိုးသမီးသည် အစ်ကို့အမျိုး သမီးမဟုတ်ပါလျှင် အစ်ကိုနှင့်ရုပ်တူသော ကလေးကရော။

“သီဟ ရဲ့သမီးလေးလေ”

“ကျွန်တော့ကို ဘာလို့လိမ်နေရတာလဲ”

သူ့မျက်လုံးများကိုစေ့စေ့ကြည့်ပစ်လိုက်ကာ လေသံခပ်မာမာပြောလိုက်တော့ သူဇက်ပုသွားလေသည်။

“အစ်ကိုမလိမ်ပါဘူး ညီရ”

“ကလေးနာမည်က သရဖီမင်းထင်ဆို…”

“ဟုတ်တယ်လေ”

“ကျွတ်”

စုတ်သပ်လိုက်ကာ ပင်လယ်ဘက်ဆီကိုဆင်းသည့် လမ်းတွင်ရှိသည့် သစ်တောအုပ်ထဲက သစ်သား ထိုင်ခုံ ပေါ်တွင် ဆတ်ခနဲထိုင်ပစ်လိုက်သည်။ လေပြင်းများက တဟူးဟူးတိုက်ခတ်နေပါသည်။ အစ်ကိုက ခပ် ဖြည်းဖြည်းလိုက်လာကာ ကျွန်တော့ဘေးတွင်ဝင်ထိုင်ပါသည်။

အစ်ကို့မျက်လုံးများက ရီဝေစူးရှစွာ။

“ဦးမင်းထင်ရဲ့မြေး၊ ဝေယံမင်းထင်ရဲ့တူမ၊ သီဟမင်းထင်ရဲ့သမီးနာမည်ဟာ သရဖီမင်းထင်ဖြစ်နေတာ ဘာဆန်းလို့လဲ ညီ၊ ညီဘာကိုစိတ်တိုတာလဲ အစ်ကိုတော့နားမလည်ဘူး”

သူ့အပေါ် ကျွန်တော်သံသယများဝင်လာသည်။ ထိုသံသယများသည် ကျွန်တော့အတွက်မျှော်လင့်ချက် ရောင်နီများလည်းဖြစ်လေသည်။

သူဘာကြောင့် ကျွန်တော်နှင့်လာတွေ့နေရသည်လဲ။

သူဘာကြောင့် ကလေးနှင့်အမျိုးသမီးသည် သီဟနှင့်ပတ်သက်သည့်သူများသာဖြစ်ကြောင်းရှင်းပြနေရ သည်လဲ။

အမျိုးသားသာရှိပြီး အမျိုးသမီးမရှိကြောင်း သူဘာကြောင့် ရွှတ်နောက်နောက်ပြောခဲ့ရသည်လဲ။

သီဟနှင့် အစ်ကိုက ညီအစ်ကိုမို့ ရုပ်ချင်းဆင်သည်။ သီဟမွေးလာသည့်ကလေးကလည်း သူတို့မျိုးရိုးအ တိုင်းမျက်လုံးမျက်ဖန်တူမည်။ ပုံပန်းသဏ္ဌန်တူမည်။ ဒါကို ကျွန်တော်ဘာလို့များသေသေချာချာမတွေးမိ ခဲ့ရတာပါလိမ့်။

“သီဟက အခု အလုပ်အဆင်ပြေနေပြီလေ၊ ဟောင်ကောင်ကို အစည်းအဝေးလာတက်ရင်းကိုယ်တို့ပါ လိုက်လာခဲ့တာ၊ ဟိုနေ့က သူ့ရုံးညစာစားပွဲရှိတာနဲ့ပါမလာတာ”

ကျွန်တော် သံသယဖြစ်စေသည့်ကိစ္စများကို အစ်ကိုကတစ်ခုချင်းရှင်းပြနေလေသည်။ တစ်ခုခုဆိုအသေး လေးကအစ ရှာကြံရစ်ပြီး ကြံဖန်တွေးတတ်သည့်ကျွန်တော့အကျင့်ကိုသူအခုထိမမေ့နိုင်သေးဘူးပဲ။ လက်ကြောမတင်းဘူးဟုသတ်မှတ်ထားသည့် သီဟတောင် အိမ်ထောင်ကျ၊ ကလေးမွေးကာ အခြေတကျ ဖြစ်နေခဲ့သည်ကိုး။

ကျွန်တော် ဟောင်ကောင်မှာရှိနေမှန်းသတင်းပေးခဲ့သည့်တရားခံက ဟိုနှစ်ကောင်ပဲဖြစ်မည်ဟုခန့်မှန်းမိ လိုက်သည်။ ကျွန်တော့ကိုသူ အခုလိုတကူးတကလာတွေ့မည်မှန်းဘယ်တုန်းကမှထင်မထားခဲ့သလို သ တိရလွန်း၍ သူ့ကိုသွားတွေ့မည့်သူမှာ ကျွန်တော်ဟုသာ ကိုယ့်ကိုကိုယ်ထင်ထားခဲ့လေသည်။

“ကျွန်တော် က အစ်ကို့ကိုပိုပြီးနားမလည်တာ၊ ဘာလို့ကျွန်တော့ကိုလာတွေ့တာလဲ၊ ဘာလို့သူတို့နဲ့မပြန် သွားတာလဲ၊ ဟောင်ကောင်မှာ ကျွန်တော်အသားကျနေပြီ၊ ကျွန်တော့ကိုကျွန်တော် တည်ငြိမ်လာအောင် အခုလိုအနေအထားဖြစ်အောင် ဘယ်လောက်တည်ဆောက်ခဲ့ရသလဲဆိုတာ မရှင်းပြချင်တော့ဘူး၊ ဒါပေ မဲ့ စိတ်ဒုက္ခတော့ လာမပေးပါနဲ့တော့လားအစ်ကိုရာ”

“ညီ”

စူးစူးနစ်နစ်ကြည့်နေသည့်သူ့ကို ကျွန်တော်အသည်းယားလာပြီးဖက်နမ်းချင်စိတ်များပေါက်လာမိတော့ သည်။ သို့သော်လည်း နာကျင်မှုများက အခုချိန်ထိဒဏ်ရာမကျက်နိုင်သေး။ တစ်ဖက်တွင်လည်း သူ့ကို တွေ့ရ၍ ဝမ်းနည်းမှုများရောစွက်နေလေသည်။

“လွမ်းလိုက်တာ ညီရာ၊ လွမ်းတယ်ဆိုတာထက် ပိုလွမ်းလိုက်တာညီရာ…အစ်ကိုမင်းကိုအနှစ်နှစ်အလလ ရှာခဲ့ရတယ်သိလား”

သူ့လက်အစုံသည် ကျွန်တော့ပခုံးနှစ်ဖက်ဆီသို့ရောက်လာပြီး ကျွန်တော့ကိုတင်းကြပ်စွာပွေ့ဖက်လိုက် တော့သည်။ ထို့နောက် သူရှိုက်ငိုပါသည်။ တအီးအီးအသံထွက်သည်အထိ သူရှိုက်ငိုပါသည်။ တိုက်ခတ် နေသော လေပြင်းများက သူကျွန်တော့ကိုဖက်ထားသည့်နေရာများကိုဖောက်မထွက်နိုင်ပါ။ ထိုမျှအထိ တင်းကြပ်လှ၏။

“အစ်ကို”

ကျွန်တော်တွန်းဖယ်လိုက်ပါသည်။

အားစိုက်ကာရုန်းလိုက်ရသည်။ သူက မဖယ်ချင်ဖယ်ချင်ဖြင့် ကျွန်တော့ခန္ဓာကိုယ်ကိုဖြေလျှော့ပေး၏။

“မသင့်တော်ဘူး အစ်ကိုရာ၊ လူများတွေမြင်လို့မကောင်းပါဘူး”

ထိုင်နေသော ထိုင်ခုံမှမတ်တပ်ထရပ်လိုက်ကာ ကမ်းခြေဖက်ဆီကိုထပ်ဆင်းလာခဲ့ပြန်သည်။ သူကမျက် ရည်များရွှဲစိုလျှက် ကျွန်တော့နောက်မှလိုက်လာခဲ့သည်။

“ကိုယ်ဂရုမစိုက်ဘူးညီ”

“ကျွန်တော် ဂရုစိုက်တယ်၊ ခဏတာသာယာမှုနဲ့ ကျွန်တော့ဘဝထဲကိုထပ်ဝင်မလာပါနဲ့တော့အစ်ကို၊ ကျွန်တော်ပြောပြီးပြီပဲ၊ ကျွန်တော့ကို ဝေဒနာတွေမပေးပါနဲ့တော့ဗျာ”

ဒီတစ်ခါတော့ ကျွန်တော်ပါရောငိုမိလေသည်။ သူ ကျွန်တော့ကိုလာဖက်ပြန်သည်။ ကျွန်တော်ဘယ်နေ နိုင်တော့မလဲ။ ကျောက်ရုပ်မှမဟုတ်တာလေ။ သူ့ကိုပြန်ဖက်ကာ နှစ်ယောက်သားဖက်ငိုမိကြသည်။ သူ ဘာကြောင့် ကျွန်တော့ကိုထိုမျှလွမ်းဆွမ်းတမ်းတကာ ငိုချင်းချနေပါသလဲသေသေချာချာမသိသော်လည်း ကျွန်တော်ငိုသည့်အချက်က သူ့ကိုလွမ်း၍ဖြစ်လေသည်။

“ညီ အရင်တုန်းကညီအဖြစ်နဲ့ ကိုယ့်ကိုလာချွဲပါဦးလားကွာ”

“အစ်ကို ကျွန်တော့ဆီက ဘာလိုချင်တာလဲ ကျွန်တော်အခုထိသဘောမပေါက်ဘူး”

“အစ်ကိုရှင်းပြနေပြီပဲလေ”

နှစ်ယောက်သားဖက်ထားရာမှ ထပ်ခွာလိုက်ကာ တစ်ယောက်ကိုတစ်ယောက်ရီဝေယစ်မူးစွာစိုက် ကြည့် လိုက်ကြပြန်သည်။

“ညီ့ကို တွေ့ချင်လို့ တော်တော်ရှာခဲ့ရတာ”

“ဘာလို့တွေ့ချင်တာလဲ”

“အရာရာတိုင်းအတွက်တောင်းပန်မလို့ ပြီးတော့ ညီ့ဘဝထဲကို….”

“ကျွတ်…ဆောရီးပဲ၊ ကိုယ့်ဘဝ ကိုယ့်ဖြစ်တည်မှုအမှန်ကိုလက်မခံဘဲ ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်း အဝိုင်းကြောင့် အခြားဘဝတစ်ခုကိုဖန်တီးတည်ဆောက်ခဲ့တဲ့လူတစ်ယောက်အတွက် ကျွန်တော့ဆီမှာ နေရာမရှိတော့ဘူး၊ ကျွန်တော့ရင်ဘတ်က နာကျင်မှုတွေနဲ့ပြည့်နှင့်နေပြီးပြီအစ်ကို၊ ကျွန်တော်လိုချင်တာ ရိုးသားဖြူစင်ဖို့ ကိုယ်ဘာလဲဆိုတာအမှန်တရားကိုလက်ခံဖို့”

ကျွန်တော်ပြတ်သားရပါလိမ့်မည်။ ကိုယ့်အခြေအနေတစ်ရပ်ကိုဖုံးကွယ်ပြီး အခြားသူ၏ဘဝသို့ဟန် ဆောင်ပြီး ဟီးရိုးသွားလုပ်တတ်သည့်လူတိုင်းလူတိုင်းအတွက် ကျွန်တော့အမြင်ကအတူတူပင်ဖြစ်သည်။ ကျွန်တော်အသက်တမျှချစ်ရသည့်လူပဲဖြစ်နေစေဦးတော့။

“ကိုယ်ပြောခဲ့တဲ့စကားတွေအတွက် ကိုယ်တည်ပါတယ်ညီ”

“ဟင်”

“ကိုယ်ဘယ်တုန်းကမှလက်မထပ်ခဲ့ဘူး ညီ”

“ဟာ ဒါဆို ဖိတ်စာကရော”

“သီဟရဲ့ဖိတ်စာနဲ့ ညီမှားနေတာလို့ ကိုယ်သံသယဖြစ်မိတယ်”

“ဗျာ”

“ကိုယ်ရှင်းပြတာ ညီနားထောင်မလား……..ကျေးဇူးပြုပြီး”

အရှေ့ဖက်ဆီမှ မြူဆိုင်းဆိုင်းသည် ခဏအတွင်းဝေဝါးမှုပျောက်ကွယ်သွားသလိုခံစားရသည်။ နေရောင် ခြည်သန်းလာကာ ဟောင်ကောင်၏မြင်ကွင်းကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ ကျွန်တော့အရှေ့ ကျွန်တော့အနာဂတ်ရောင်နီကို ကျွန်တော်ကိုယ်တိုင်မြင်လိုက်ရသည်။

သူ့စကားသံများက ကျွန်တော့နားထဲသို့ ချိုမြိန်စွာဝင်ရောက်လာလေတော့၏။

>>>>>