(၂၆)
သူကျွန်တော့ရုံးကိုလာခဲ့သည်လား မလာခဲ့ဘူးလားဆိုသည့် သိလိုဇောက စိတ်ထဲတွင်သိသိသာသာကြီး ကိန်းအောင်းနေခဲ့ပါသည်။ သို့သော်လည်း ထိုရက်ပိုင်းက ကျွန်တော့ကိုရုံးတွင်လာမေးသည့်ဧည့်သည်မရှိ ခဲ့ချေ။
နာကျဉ်းစိတ်တစ်ခုတည်းဖြင့် တက်သုတ်ရိုက်အကောင်အထည်ဖော်ခဲ့သည့် အစီအစဉ်သည် အချိန်ခဏ အတွင်းတွင်အကောင်အထည်ပေါ်လာသည်။ ဗီဇာလည်းရ အိမ်ကိုလည်းအသိပေး အားလုံးပြင်ဆင်ပြီး ချိန်တွင် သူ့ကိုသတိရစိတ်များကထိန်းမနိုင်တော့။
“ငါ သူ့ကိုနှုတ်ဆက်သင့်ရဲ့လား”
သူ့လုပ်ရပ်ကိုလက်မခံနိုင်သည့်ဒေါသစိတ်က သူ့ဆီသွားနှုတ်မဆက်ဖို့စိတ်ကူးမိသော်လည်း ကျွန်တော် မရှိသည့်အချိန်များတွင် သူကျွန်တော်နှင့်ပတ်သက်၍ ပြတ်ပြတ်သားသားမေ့ဖျောက်နိုင်ဖို့က နှုတ်ဆက် သင့်နေသည်ဟုထင်မိပြန်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း နှုတ်ဆက်သင့်တယ်၊ နောက်ဆုံးအနေနဲ့ပေါ့ကွာ”
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းသက်ကို၏ အကြံပေးမှုကြောင့် အထူးသဖြင့် ကျွန်တော့မသိစိတ်က တွန်းအားပေး နေသည်ကြောင့် သူ့ကို နှုတ်ဆက်ရန် ညနေခင်းတစ်ခုတွင် သူ့အိမ်ကိုအရောက်သွား ခဲ့ပါသည်။ သူ့မိသား စုကိုလည်းနှုတ်ဆက်ချင် သေးသည်လေ။
ခါတိုင်းစီးနေသည့်ကားကိုလည်း အိမ်ကိုပြန်အပ်လိုက်သည်မို့ ထိုနေ့က ကားပါမလာခဲ့။ ဘတ်စ်ကားစီး ပြီး သူတို့နေထိုင်ရာဆီကိုလာခဲ့ခြင်းပင်။ တစ်သက်လုံးရင်းနှီးအသားကျနေမည်ဟုယူဆထားသည့်ပတ် ဝန်းကျင်ကိုနှုတ်ဆက်လိုက်ရသောအခါ ခံစားမှုကမွမ်းကြပ်လာသည်။ ချစ်စရာကောင်းလှသော သူတို့ရပ် ကွက်အတွင်းရှိ အရိပ်ရပင်များ၊ သရက်ပင်များသည် ရန်ကုန်၏မွမ်းကြပ်မှုကိုခဏတာကွယ်ပျောက်စေ ခဲ့ဖူးပါသည်။ ကလေးများပြေးလွှားဆော့ကစားနေကြသည်။ ဟိုဖက်အိမ်နှင့်တစ်အိမ်ကျော်တို့ နင်ပဲငဆ ပြောဆိုအော်ဟစ်ရန်ဖြစ်နေကြသည်။ ဈေးဆိုင်တွင်ဈေးလာဝယ်သည့်အစ်မကြီးက အကြွေးဝယ်၍ဆိုင် ရှင်က အော်ငေါက်နေသည်ကိုလည်းတွေ့ရ၏။
ကျွန်တော့ရှေ့ကိုလိမ့်လာသည့်ဘောလုံးကို လူငယ်များရှိရာဆီပြန်ကန်ပေးလိုက်ရင်း သူတို့အိမ်ရှေ့သို့ လှမ်းကြည့်လိုက်ပါသည်။ ငြိမ်သက်တိတ်ဆိတ်နေသောအိမ်ကလေး။ ကျွန်တော်နှင့်တရင်းတနှီးရှိလှ သောချစ်စရာအသိုက်အမြုံလေးပင်။
“အန်တီ”
အိမ်ရှေ့သံပန်းတံခါးက ချက်(ဂျက်) မထိုးထားသည်မို့အလိုက်သင့်လေးဖွင့်ကာ ဖိနပ်ကိုချွတ်၊ အိမ်ထဲသို့ ဝင်လာပြီး အန်တီ့ကိုလှမ်းခေါ်လိုက်ပါသည်။
“ဟာ ဆန်းနေရောင်ပါလား၊ ကားသံလည်းမကြားဘူး”
“ဟုတ်တယ်အန်တီ၊ ဒီနားခဏလာရင်းနဲ့ ရေဝင်သောက်တာ၊ ကားက လမ်းဆုံဖက်မှာရပ်ထားခဲ့လို့”
“အေးအေး လာ ရေယူပေးမယ်”
“ရတယ် ကျွန်တော့ဘာသာယူလိုက်ပါ့မယ်”
အိမ်နောက်ဖေးကိုတန်းဝင်ပြီး ရေခဲသေတ္တာထဲက ရေဘူးကိုယူကာမော့သောက်ပစ်လိုက်တော့သည်။ သူ သာအနားမှာရှိမည်ဆိုပါက ဖန်ခွက်ထဲထည့်မသောက်ရကောင်းလားဆိုပြီးဆူဦးမည်။ သောက်လက်စရေ ဘူးကို ရေခဲသေတ္တာထဲပြန်မထည့်တော့ဘဲ ထမင်းစားပွဲပေါ်သို့တင်ထားခဲ့လိုက်သည်။
“ကိုဝေယံကြီးမတွေ့ပါလားအန်တီ၊ ရုံးဆင်းတာပြန်မရောက်သေးတာလား”
“အေး ဟုတ်တယ်နည်းနည်းနောက်ကျမယ်လေ၊ ဖိတ်စာသွားအပ်တာ”
ထိုမျှလောက်မြန်ဆန်ခဲ့လိမ့်မည်ဟုမထင်ထားခဲ့ပါ။ ဖိတ်စာအပ်သည့်အဆင့်အထိတောင်ရောက်နေပြီဆို မှတော့ သူကျွန်တော့ကိုဖုံးကွယ်ထားခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီပေါ့။
“အော် ဟုတ်ကဲ့၊ မင်္ဂလာဆောင်ရက်ကသတ်မှတ်ပြီးသွားပြီပေါ့”
“အင်း နောက်လလေ၊ ဝေယံမပြောဘူးလား”
“သူက မေးရင်တောင်ဖြေချင်မှဖြေတာကို အန်တီကလည်း”
“အေးလေ ဟုတ်ပါတယ်”
ကျွန်တော် ဆက်မနေနိုင်တော့။ သူ့ကိုတွေ့ချင်၍ နောက်ဆုံးလာနှုတ်ဆက်သည့်အခိုက်အတန့်တွင် ပိုမို နာကျင်ရသောစကားလုံးများကို ဆက်တိုက်ကြားနေရ၍ ပြန်မှဖြစ်တော့မည်ဟုဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော် ပညာသင်ဆုရလို့လာနှုတ်ဆက်တာလို့ အစ်ကို့ကိုပြောပေးပါအန်တီ၊ အန်တီ့ကိုလည်းတစ်ခါ တည်းနှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော် မနက်ဖြန်ပဲ ဩစတျေးလျကိုသွားတော့မယ်ခင်ဗျ”
“ဟယ် ဆန်းနေရောင်ရယ်၊ ရုတ်တရက်ကြီး၊ အရင်ကလည်းမကြားမိပါလား”
“ကျောင်းကိစ္စဆိုတော့ စကားမစပ်မိလို့ပါခင်ဗျာ၊ မင်္ဂလာဆောင်မှာ ရှိမနေရတော့တဲ့အတွက်လည်း စိတ်မကောင်းဘူး”
စကားစကိုမြန်မြန်ဖြတ်ကာထွက်လာခဲ့လိုက်ပါသည်။ သူ့အမေကိုကျောခိုင်းပြီးသည့်နောက် ထိန်းထား သောမျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျဆင်းလာလေသည်။ ဘောလုံးကန်နေသည့် လူငယ်များက ကျွန်တော့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ ကျွန်တော့ထံလိမ့်လာသည့်ဘောလုံးကို “အစ်ကို ရေ တစ်ချက်လောက်” ဟုမတောင်းဆိုတော့ဘဲ အပြေးလေးလာကောက်ကြသည်။
သူနှင့်ကျွန်တော် အဆက်အသွယ်မရှိတော့ပြီ။ ဆက်သွယ်ရေးဆိုင်ရာ လူမှုရေးဆိုင်ရာအားလုံးဖြတ် တောက်ထားခဲ့ပြီးဖြစ်သည်။ မနက်ဖြန်သွားမည့်သတင်းကို သူသိပါလျှင် ကျွန်တော့ကိုယုံမည်တော့မ ဟုတ်။ ကျွန်တော်အိမ်လာခဲ့သည်ဆိုလျှင် သူ့ကိုလာချော့သည်ဟုသာထင်ကောင်းထင်ပါလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သူ့ကိုဆက်သွယ်ပြောဆိုခဲ့ပါသည်။ သူ့လိုဖုန်းခေါ်နေမှန်းသိရက်နှင့် တမင်တကာမကိုင်ဘဲနှင့်လည်းမထားခဲ့။ ကျွန်တော့ကိုနားလည်သေချာအောင်မရှင်းပြဘဲနှင့် သူငယ်ချင်း များနှင့် အခြားနေရာသို့လည်းလိုက်မသွားခဲ့ဖူးပါ။
လူနှစ်ယောက် ကတောက်ကဆဖြစ်ပါက တစ်ယောက်ကတစ်ယောက်ကိုဖြေရှင်းရန်အခွင့်အလမ်းတော့ ပေးသင့်ပါသည်။ ပြသနာဖြေရှင်းရင် လမ်းကြောင်းတစ်ခုခုတော့ရှိသင့်ပါသည်။ ထို့ကြောင့် မသိစိတ်က သူနှင့်ပြေလည်ရန်အတွက် သူ့ကိုဖုန်းခေါ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုနေရာတွင် အမျိုးသမီးတစ်ဦးကဖုန်းကိုင် လိုက်၍ ကျွန်တော့ခံစားမှုပိုပြင်းထန်သွားသည်။ သူ့ကိုတင်းနေသော စိတ်များပို၍တင်းသွားခဲ့သည်။ သို့ သော်လည်း သူ့ကိုနောက်ထပ်ထွက်ပေါက်တစ်ခုပေးပြန်ပါသည်။ နောက်ဆုံးကျွန်တော်သွားရတော့မည် ကို သူသိ၍ သူများတားမလား၊ သူ့အစီအစဉ်များ ကျွန်တော့ကိုချစ်စိတ်နှင့်ဖျက်ဆီးကောင်းဖျက်ဆီးလိုက် မလားဟူသည့် တစ်ကိုယ်ကောင်းဆန်ဆန်တွေးမိကာ သူ့အိမ်ကိုသွားနှုတ်ဆက်ခြင်းပင်။ အရာရာတိုင်း တွင် ကျွန်တော့မသိစိတ်ကတွန်းပို့ဆောင်ရွက်ပေးခဲ့ခြင်းက ရာနှုန်းတော်တော်များများပါဝင်ခဲ့ပါသည်။
သူ့အိမ်ကိုသွားနှုတ်ဆက်သည့်အခါတွင်လည်း ဘယ်တော့မှခွင့်မလွှတ်ချင်တော့သည့်စကားသံများကြား ရပြန်လေသည်။ ဖိတ်စာသွားရိုက်သည့်ကိစ္စက ကျွန်တော့ရင်ဘတ်ကို ဓါးနှင့်တစ်လွှာချင်းမွှန်းနေသလို ခံစားရပါသည်။
“မင်းတကယ်ရော သွားမှာသေချာပါတယ်နော်”
အရာရာတိုင်းကိုလွှတ်ချပစ်လိုက်သကဲ့သို့ အရုပ်ကြိုးပြတ်ဖြစ်နေသည့် ကျွန်တော့ကို သက်ကိုကအားမ လိုအားမရဖြစ်နေသည်။ ကျွန်တော့အကြောင်းခရေစေ့တွင်းကျကို သူကသိနေသူလည်းဖြစ်လေသည်။ သူသည်လည်း ဟောင်ကောင်ရုံးသို့တာဝန်ကျသည့်မြန်မာထဲတွင်တစ်ယောက်အပါအဝင်ဖြစ်၏။
“လေဆိပ်ကိုပဲရောက်နေပြီလေကွာ”
“မင်း သူ့ကိုပြတ်နိုင်တာသေချာလို့လား”
“မသေချာဘူး၊ ဒါကြောင့် အကုန်ဖြတ်ထားခဲ့တာ၊ သူနဲ့ငါပတ်သက်သမျှအရာအားလုံးကိုသတိမရတော့ အောင်ဖြတ်ပစ်ခဲ့တာ”
“သူ့ဖက်က ပြန်ဆက်သွယ်လာခဲ့ရင်ကော”
“ငါသူ့ကိုချစ်တာကွ အိမ်ထောင်ရှိတဲ့လူတစ်ယောက်ကိုချစ်တာမဟုတ်ဘူးသက်ကို၊ ဒီလောက်ဆိုရင်မင်း သဘောပေါက်မှာပါ”
“ငါလည်းစဉ်းစားလို့မရဘူး၊ သူဘာကြောင့်များအဲဒီလိုလုပ်ရက်နိုင်ရတာလဲ”
“ရှင်းပါတယ်၊ ငါ့ကိုအရူးလုပ်လို့ရလို့လုပ်ခဲ့တာနေမှာပေါ့၊ သူငါ့ကိုချစ်မှန်းတော့ငါသိပါတယ်၊ ဒါပေမဲ့ သူက သူ့ပတ်ဝန်းကျင်ကိုပိုဂရုစိုက်တယ်၊ သူ့မိသားစုပြောတာကိုပိုအလေးထားတယ်၊ ဒါမြန်မာနိုင်ငံလေ ဒါက အများကလက်မခံဘူးဆိုတဲ့စကားတွေကို သူအာရုံထားတယ်၊ အဲဒါတွေကြောင့်အခုလိုပြသနာဖြစ် ရတာနေမှာပေါ့”
“လက်ခံလို့မရဘူးကွာ၊ မင်းကိုချစ်နေရင် မင်းကလည်းချစ်နေရင် နှစ်ယောက်တည်းကမ္ဘာတည်ဆောက် လို့ရနေတာပဲလေ၊ လူတစ်ယောက်ချင်းစီရင်ဖြစ်တည်မှုမှာ ဘောင်တွေစည်းတွေ နယ်နိမိတ်တွေကန့် သတ်ထားစရာမလိုပါဘူး”
“ငါမထားပေမဲ့ သူထားနေတယ်လေ၊ ဒါကြောင့်ပဲ သူအခုလိုအိမ်ထောင်ပြုမယ်ဆိုပြီးတော့ဖြစ်ကုန်တာ နေမှာပါ၊ အခြားပြသနာကြီးကြီးမားမားလည်းရှိခဲ့တာမျိုးမဟုတ်ဘူး၊ ငါနဲ့သူနဲ့ကြားထဲမှာ ဖြေရှင်းလို့ရတဲ့ ပြသနာတွေချည်းရှိခဲ့တာပါ၊ သူက သူ့ပတ်ဝန်းကျင်မှာ သူ့ကိုတစ်စုံတစ်ခုကန့်လန့်မြင်နေမှာကိုအင်မတန် ကြောက်နေတဲ့သူဆိုတော့ နောက်ဆုံး ငါနဲ့ ပတ်ဝန်းကျင်နဲ့လွန်ဆွဲပွဲမှာ ငါရှုံးခဲ့တာပေါ့ သက်ကိုရာ”
“ဟူး မင်းတို့အဖြစ်ကလည်း အရာရာအဆင်ပြေနေပြီးမှ”
“ဘယ်တတ်နိုင်ပါ့မလဲကွာ”
“မင်း သူ့ကိုမတွေ့ခဲ့ဘူးဆိုရင်တောင်မှ နှုတ်ဆက်စာလေးတော့ပို့ခဲ့လိုက်လေကွာ၊ နောက်လည်းတွေ့ရ တော့မယ်လူတွေမှမဟုတ်တာ”
ကျွန်တော်ခေါင်းညိတ်လက်ခံလိုက်ပါသည်။
လေဆိပ်၏ တစ်နေရာတွင် နှစ်ယောက်သားထိုင်ရင်း သူ့အကြောင်းပြောကာလေယဉ်ကိုစောင့်နေခဲ့ကြ ခြင်းပင်။ သူဆက်လေမလားဟုတွေးကာ ပိတ်ထားခဲ့သည့်ဖုန်းကတ်ကိုထုတ်ကာ ဟန်းဆက်ထဲပြန်ထည့် လိုက်ပါသည်။
တကယ်တော့အစ်ကို့ကို ကျွန်တော်ကစပြီးအဆက်အသွယ်ဖြတ်ခဲ့တာပေါ့။ သို့သော်လည်း အဆက်အ သွယ်မလုပ်ချင်တော့လောက်အောင် အစ်ကိုကနာကျဉ်းစေခဲ့သည်ကိုး။ အစ်ကိုဘာလုပ်လုပ် ကျွန်တော် ရစ်လည်းခဏပါပဲ။ စိတ်ဆိုးလည်းခဏပါပဲ။ ကျွန်တော်မှ မနာကျင်တာအစ်ကို။ ဒါပေမဲ့ ဘဝနဲ့ချီပြီး ရင်းနှီးပေးဆပ်ခြင်းကိုလုပ်လိုက်တဲ့ အစ်ကို့အတွက် မုဒိတာပွားနေရလောက်အောင်တော့ ကျွန်တော်သ ဘောမကောင်းနိုင်ပါဘူးအစ်ကို။ ဒီတစ်ခေါက်ကတော့ အစ်ကို့ကို ကျွန်တော်တော်တော်ကြီးစိတ်ပျက်မိ ပြီး တစ်သက်စာလုံးအတွက်လည်းနာကျင်ခဲ့ရပါပြီ။
“တော်ကြာ မင်္ဂလာဆောင်မှာ မင်းက လာသတ်မယ်ပြောထားတော့တကယ်ထင်ပြီးချောက်ချားနေမှာ စိုးလို့ငါက အကြံပေးတာပါ”
သက်ကိုက ရွှတ်နောက်နောက်ပြောလိုက်သော်လည်း ကျွန်တော်ဟက်ဟက်ပက်ပက်မရယ်နိုင်ပါ။
“အေးပါ ငါ့ကြောင့် သူစိတ်မဖြောင့်မှာစိုးရိမ်စရာလည်းကောင်းပါတယ်၊ ငါပြောခဲ့တာတွေလည်းလွန်မှာ ပေါ့ကွာ”
“မင်းကလည်း တစ်ခါတစ်ခါ ဇွတ်ချည်းနော်၊ လုပ်ချင်တာ လုပ်လိုက်ရမှ စားဝင်အိပ်ပျော်တာ”
“သူကိုချစ်တာကိုး သက်ကိုရာ”
သူ့ကိုချစ်ခဲ့သည့်ရက်များသည် လေးနှစ်တာကာလဆိုသော်လည်းမနေ့တစ်နေ့ကလို အခုမှ ချစ်ဖူးသည့် လူတစ်ယောက်လို တွေးတိုင်းလတ်ဆတ်လို့နေလေသည်။ “အစ်ကို့ကိုသတ်မယ်ဆိုတာ စိတ်ဆိုးတုန်း ခဏပြောတာပါ၊ အစ်ကို့ကိုသတ်ဖို့မဆိုထားနဲ့၊ အစ်ကို့မင်္ဂလာ ဆောင်ကိုသွားဖို့ဆိုတဲ့အတွေးနဲ့တင် ကျွန်တော်အရင်သေဆုံးနှင့်နေပါပြီဗျာ” ။ သူကျွန်တော့ကိုများစိတ်ပူနေလေမလား။ သူ့ဆီသို့မတ်ဆေ့ချ် ရိုက်နေသော ကျွန်တော့လက်များသည် တုန့်ဆိုင်းနှေးကွေးစွာ။
“နောက်ထပ်ဆုံတွေ့ဖို့မသေချာတော့လို့ အပြီးအပိုင်နှုတ်ဆက်ခဲ့ပါတယ်၊ ကျွန်တော်ခံစားရတဲ့ခံစားမှုတွေ လုံးဝမရှိဘဲနဲ့ အချစ်တွေနဲ့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်ပါစေလို့ လှိုက် လှိုက်လှဲလှဲဆုတောင်းပေးပါတယ်၊ ဒီလိုအဖြစ်မျိုးနဲ့တော့ ဘယ်ဘဝမှာမှ ထပ်ပြီးမကြုံချင်တော့ဘူး၊ ကျွန် တော်ဘယ်သူ့ဆီမှာမှ အလိမ်ခံပြီးအချစ်မခံချင်တော့ဘူး၊ အစ်ကို့ကိုကျွန်တော် သေမတတ်ချစ်ခဲ့တာပါ”
ကျွန်တော်တွေးခဲ့ဖူးသော ကမ္ဘာကျဉ်း၍သူနှင့်ပြန်တွေ့သည်ဆိုသည့်အချက်က မှားနေသလားဟုတွေးမိ ပြန်သည်။
“ကမ္ဘာကြီးကျဉ်းတယ်ဆိုတာ ကံကြမ္မာကမျက်နှာသာ ပေးခံရတဲ့သူတွေအတွက်ပါအစ်ကို၊ အခွင့်မသာတဲ့ သူတွေအဖို့တော့ ကမ္ဘာကြီးက လက်ရှိထက်အဆပေါင်းများစွာကျယ်လွန်းခဲ့ပါတယ်၊ အစ်ကိုနဲ့ကျွန်တော် မတွေ့တာ ရှစ်နှစ်လေ၊ အဲဒီရှစ်နှစ်လုံးလုံးမတွေ့ရအောင် ကမ္ဘာကြီးကျယ်ဝန်းခဲ့တာပါ”
>>>>>