(၂၅)
“မမိုက်ရိုင်းနဲ့”
“ကျွန်တော်ချစ်တဲ့ခင်ဗျားကို ကျွန်တော်ကလွဲရင်ဘယ်သူ့မှမရစေရဘူး၊ ခင်ဗျားကျွန်တော်မကြိုက်တဲ့ စကားကိုလည်းပြောတယ်၊ ပြီးတော့….ပြီးတော့…ဟာဗျာ…ခင်ဗျားလုပ်ရက်လိုက်တာ”
အရင်ကတည်းက စကားကိုလိမ်ညာပြောဖို့တွန့်ဆုတ်နေတတ်သူသည် ယခုကဲ့သို့သော ကျွန်တော်သ ဘောမကျသည့်စကားကိုချည်းရွေးချယ်ပြောဆိုနေသောအခါ ကျွန်တော်လည်း အပြင်းထန်ဆုံးစကားလုံး များနှင့်တုန့်ပြန်နေမိတော့သည်။
အစ်ကို အိမ်ထောင်ပြုမည့်ကိစ္စကိုကျွန်တော်လုံးဝလက်မခံနိုင်ပါ။ သူ့ကိုသတ်မည်ဆိုသည့်စကားကိုတော့ ကျွန်တော် ခြိမ်းခြောက်ပြောဆိုခြင်းသာဖြစ်ပါသည်။ ကိုယ်ချစ်သည့်သူ့ကို သတ်မည့်အဖြစ်က ရုပ်ရှင်ထဲ မှာသာရှိသည်ဟု ယူဆထား၍ပင်။ အနည်းဆုံးတော့ သူအိမ်ထောင်မပြုအောင်ခြိမ်းခြောက်ရမည်မဟုတ် ပါလား။
“နင်အရမ်းအတ္တကြီးတယ် ဆန်းနေရောင်”
“ဟုတ်တယ် ကျွန်တော်အတ္တကြီးတယ်၊ ကျွန်တော်ချစ်တဲ့သူတွေအတွက် ခင်ဗျားအတွက်ကျွန်တော် အတ္တကြီးတယ်၊ ခင်ဗျားနဲ့ပတ်သက်ပြီးအရာရာတိုင်းကို စိတ်ဝင်စားတယ်၊ ခင်ဗျားဂရုစိုက်တာလိုချင် တယ်၊ ခင်ဗျားတစ်ခုခုဖြစ်လာရင် ရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးချင်တယ်၊ အဲဒါ ကျွန်တော် အ တ္တကြီးတယ်ဆိုရင်လည်း ဆယ်ခါပြန်ကြီးပလေ့စေ၊ အေး သေချာတာတစ်ခုကတော့ ကျွန်တော်တစ် ကိုယ်ကောင်းမဆန်ဘူးဗျ၊ ကိုယ့်သိက္ခာကျမှာကြောက်လို့ မိသားစုသိသွားမှာကြောက်လို့ ပတ်ဝန်းကျင် မြင်မှာကြောက်လို့ဆိုပြီး ကိုယ့်ချစ်သူကိုလျစ်လျုရှုမထားဘူး၊ ကိုယ်ဖြစ်ချင်တာ လိုချင်တာတွေကို သူ တစ်ပါးကိုဂရုမစိုက်ဘဲနဲ့ ဟီးရိုးလုပ်မယူဘူး”
“အေး ငါက တစ်ကိုယ်ကောင်းဆန်တယ်ပေါ့ ဟုတ်လား”
“ဟုတ်တယ်၊ အရာရာတိုင်းကို ကိုယ့်အတွက်ပဲကြည့်တယ်၊ ကျွန်တော့ဖက်ကိုမငဲ့ကွက်ခဲ့ဘူး၊ ကျွန်တော် ကသာ အရူးတစ်ယောက်လိုခင်ဗျားနားမှာတွယ်ကပ်နေခဲ့တာ”
“အေး ငါအခုမိန်းမယူတော့မယ် ဆက်တွယ်ကပ်ဖို့စိတ်မကူးနဲ့တော့”
“ယူလေ မင်္ဂလာဆောင်ကို အသက်ရှင်ရက်ဆောင်ဖို့တော့မစဉ်းစားနဲ့၊ ခင်ဗျားကို ကျုပ်သိပ်စိတ်နာတယ် ကိုဝေယံမင်းထင်”
သေချာပါသည်။
ကျွန်တော်တို့နှစ်ယောက်ပြတ်စဲခဲ့ပြီ။ သူ့ဖက်က မည်သည့်နည်းနှင့်မျှ ကျွန်တော့ဆီကိုမလာနိုင်တော့။ ဖုန်းချလိုက်ခြင်းသည် ဘဝကြီးနှစ်ခုအဆက်အသွယ်ပြတ်သွားခြင်းလည်းဖြစ်တော့သည်။ သူနှင့်ကျွန် တော် သိပ်မကြီးသောပြသနာတစ်ခုမှအစပြုကာ ပြတ်စဲလောက်သည်အထိဖြစ်ခဲ့ရပြီ။ ပြသနာကြောင့် သူကျွန်တော့ကိုဖုံးကွယ်ထားသော အကြောင်းအရာကြီးကို ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ။
“ရက်စက်လိုက်တာ အစ်ကိုရာ”
“ငါ ဘာဆက်လုပ်ရမလဲ”
ရှိုက်ကြီးတငင်ငိုချပစ်လိုက်သော်လည်း ရင်ထဲကလေးလံနေသည့် ခံစားမှုများပြေပျောက်မသွားခဲ့ပါ။ စိတ် ဆိုးစိတ်ကောက်ကြပြီး အချိန်တန်တော့လည်း စိတ်ပြေသည့်တစ်ယောက်ကဖုန်းစဆက်၊ ပြန်ပြေလည် သွားသည့်ခံစားမှုမျိုးမရှိတော့ဘဲ သူနှင့်အဆက်အသွယ်လုံးဝမရှိသော အခြားကမ္ဘာတစ်ခုကိုရောက်သွား သလိုခံစားလိုက်ရသည်။
သူ့ဆီကို အပြေးအလွှားသွားချင်စိတ်လည်းမရှိတော့။ လုပ်ရက်လေခြင်းဆိုသည့်အသိနှင့်အတူ နာကျင်မှု များ ရှိုက်တက်လာကာ သူနှင့်ပတ်သက်ခဲ့သောအရာများအားလုံးကို မေ့ပစ်ချင်လာသည်။
“သူအိမ်ထောင်ပြုမယ်၊ တစ်အိုးတစ်အိမ်ထူထောင်မယ်၊ ကလေးတွေမွေးမယ်၊ အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုဘဝကိုတည်ဆောက်မယ် အဲဒါတွေအားလုံးဟာ ငါ့မျက်စိရှေ့မှာ မြင်ရတော့မှာလား”
ထိုသို့တွေးလိုက်သောအခါ ကျွန်တော်အကြောက်ကြီးကြောက်သွားမိလေသည်။
ထို့နောက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်အစပြုလိုက်သည်။
နောက်တစ်နေ့တွင် သူမလာမှန်းသိသောတိုက်ခန်းကို ကျွန်တော်မသွားဖြစ်တော့ပါ။ တက်ကြွကြွမရှိ သောစိတ်များဖြင့်အရာရာတိုင်းကို အသက်မဲ့စွာလုပ်ကိုင်နေမိသည်။ ပိတ်ရက်ဆို နောက်ကျမှ အိပ်ရာထ တတ်သော်လည်း မနက်စောစောနိုးနေကာ ညတုန်းကလည်းကောင်းကောင်းအိပ်မပျော်ခဲ့။ မနက်မိုးလင်း သည်နှင့် သူ့ကိုသတိရခြင်းက စသည်။
သူ လက်ခုပ်ကုန်းသို့သွားနေပြီလား။ ရေကူးဘောင်းဘီပါသွားရဲ့လား၊ ခါတိုင်းသုတ်နေသည့် သဘတ်အ ဖြူပဲထည့်သွားမည်ထင်ပါရဲ့။ ကျွန်တော်နှင့်ဆင်တူရှိသော (ဟောင်ကောင်မှဝယ်လာခဲ့သည့်) တီရှပ်တစ် ထည်ထည်နှင့် ဘောင်းဘီတိုကိုတွဲဖက်ဝတ်သွားလိမ့်မည်ကိုတော့ ခန်းမှန်းသိရှိနေပါသည်။
ခရီးအတူသွားလျှင် ပစ္စည်းပစ္စယအစုံထည့်ကာ လိုအပ်သမျှကိုလိုက်လံဖြည်းဆည်းပေးတတ်သည့် ခရီး ဖော်တို့၏ စူပါဟီးရိုးကြီး ဝေယံမင်းထင်တစ်ယောက် မျက်မှန်တစ်လက်တပ်ပြီးသီချင်းအော်ဆိုပျော်ပါး နေပြီလား။
“ငါ ဖုန်းကြိမ်တော့ဆက်သင့်ပါတယ်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပါ၊ သူက ငါချစ်ရတဲ့သူတစ်ယောက်ပဲ လေ၊ အခုထိ နောက်ဘဝအထိ…”
နေ့လည် ၁၁ နာရီလောက်ထိုးသည့်အခါ ကျွန်တော်မနေနိုင်တော့။ သူ့ဆီကိုဖုန်းဆက်ချင်လာသောစိတ် သည် ယင်းထနေသည့်ဘိန်းစားတစ်ယောက်ပမာဖြစ်လာလေသည်။ အမှန်တော့ ကျွန်တော်သည်ထိုဖုန်း ကိုမဆက်သင့်ခဲ့။ ထိုဖုန်းသည် ကျွန်တော်မနေ့ကစိတ်ကူးခဲ့သည့်ဆုံးဖြတ်ချက်ကို ခိုင်မာသေချာအောင် ပံ့ပိုးပေးသည့်အရာတစ်ခုလည်းဖြစ်ခဲ့လေသည်။
“ဟဲလို”
သူ့ထံကိုဖုန်းဆက်သောအခါ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေခဲ့ရာမှ ကျွန်တော် သူ့အပေါ်နာကျဉ်းစိတ် များ ပိုပိုကြွထလာခဲ့ရသည်။
“ဟဲလို ဘယ်သူလဲ”
ထိုအမျိုးသမီးသည် အစ်ကို့ဖုန်းကို ပိုင်စိုးပိုင်နင်းကိုင်ရလောက်သည်အထိ အစ်ကိုနှင့်ပတ်သက်မှုရှိနေခဲ့ သည်လား။ ချစ်သူသက်တမ်းလေးနှစ်အတွက် အစ်ကို့ဖုန်းကို သူများကိုင်ပေးသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်မို့ ထူးဆန်းအံ့ဩမိလေသည်။
ပထမတစ်ကြိမ်ဖုန်းချပစ်လိုက်သည်။
ထို့နောက် နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပါသည်။
“ဟဲလို ဘယ်သူလဲ၊ ကိုကြီးက ဟိုဖက်ခဏရောက်နေလို့ပါ”
ကိုကြီးဟူသောအသုံးအနှုန်းကိုကြားလိုက်ရသောအခါတွင်လည်း ကြက်သီးမွှေးညှင်းများထောင်ထသည် အထိ ဒေါသထွက်လာလေသည်။ သူလက်ခုပ်ကုန်းသွားသည်မှဟုတ်ရဲ့လားဆိုသည့် ပဟေဠိကလည်း ဖြစ်လာလေသည်။
အစ်ကိုသည် ကျွန်တော့ကိုနှစ်နှစ်ကာကာချစ်ပါသည်။ ချစ်ကြောင်းလည်းသူ့လုပ်ရက်များကသက်သေ ပြခဲ့သည်။ သို့သော်လည်း ကျွန်တော်ချစ်သလောက်ပြန်မချစ်နိုင်ပါ။ ကျွန်တော်နှင့်တွဲရသည့်ကာလများ ကို ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လူသိမခံချင်သော အခိုက်အတန့်များအဖြစ်သက်သေပြသည်။ အရေး ကိစ္စတစ်ခုခုကြုံလာပါက အခြားလူကပထမ၊ ကျွန်တော်က ဒုတိယသာဖြစ်သည်။ အစ်ကို့မိသားစုသည် ကျွန်တော်မည်သို့မျှယှဉ်မရသော အစ်ကို့ဦးစားပေးဖြစ်သည်။ ကျွန်တော်လုံးဝပါးစပ်အဟောင်းသားဖြစ် လောက်သည်အထိ ကျွန်တော့အပေါ် (တစ်ခါတစ်ရံတွင်) ရက်စက်တတ်သူလည်းဖြစ်လေသည်။ ဉပမာ အားဖြင့် ငွေဆောင်ခရီးကျွန်းပတ်စဉ်က ကျွန်တော့ကိုချန်ထားကာတောင်တစ်တောင်လုံးဆီကိုတက် သွားသည့်အဖြစ် (စိတ်ဆိုးစိတ်ကောက်သည်ဟုမည်မျှပင်ပြောပါစေ၊ ထိုကိစ္စကတော့ဘယ်လိုမှမဖြစ်သင့် ပါ)။
အစ်ကို့ထံမှ နောက်ထပ်ဘယ်တော့မှမရလိုတော့သည့်အခိုက်အတန့်များတွင် ပဲခူးအိမ်မှကိစ္စ၊ ခရီးသွား လျှင် ကျွန်တော့ကိုလျစ်လျူရှု သူများကိုဟီးရိုးလုပ်သည့်ကိစ္စများလည်းပါဝင်လေသည်။ တစ်ခါတုန်းက လည်း (သူနှင့်ကြိုက်ခါစအချိန်တွင်ဖြစ်သည်) သူ့ထံကိုဖုန်းဆက်ချိန်တွင်မဆက်မိလိုက်၍ စိတ်ဆိုးဖူး သည်။ သူစိတ်ဆိုးပုံကလည်းအဆန်း။ ကျွန်တော်က ညဖက်သူ့ထံကိုဖုန်းဆက်ဖို့မေ့နေသည်ကို အွန်လိုင်း မှလာပြောသည်။
“အေးနော် ဒီမှာ အိပ်တော့မယ် ဘယ်ရောက်နေလဲ ဖုန်းလည်းမဆက်ဘူး”
ကျွန်တော်က ထိုတော့မှ သတိရကာဖုန်းဆက်ဖို့ပြင်ပါသည်။ သူ့ကိုသတိမရခြင်းမဟုတ်ဘဲ စာအုပ်တစ် အုပ်ဖတ်ရင်းတကယ်ကိုဈာန်ဝင်စားသွားကာ အချိန်နစ်မျောနေခြင်းဖြစ်လေသည်။
“ဆောရီး အစ်ကို ဒီအချိန်ထိရှိသွားတာမသိလိုက်လို့ အခုဆက်လိုက်မယ်”
“မဆက်နဲ့ အိပ်ပြီ”
“အာ နေဦးခဏလေးပဲကိုင်ကွာ ဆက်မယ်”
“ပြောပြီးပြီလေ မဆက်နဲ့ မကိုင်ဘူး”
ကျွန်တော်သူ့ကိုဖုန်းခေါ်ပါသည်။ လေးငါးခေါက်ဆက်တိုက်ခေါ်သော်လည်းမကိုင်။ ထိုအခါ ကျွန်တော် က အွန်လိုင်းမှပင်သူ့ကိုပြန်ပြောရသည်။
“ဘာလို့မကိုင်တာလဲ ဒီလောက်ခေါ်နေတာ”
“မကိုင်ဘူးလို့ပြောပြီးပြီပဲ ဘာလို့ကိုင်ရမှာလဲ”
ထိုနေ့ညက အမှန်တကယ်ပင်ဖုန်းမကိုင်ခဲ့ပါ။ ဘယ်ချစ်သူရည်းစားက သူ့ကိုအကွက်မျိုးလုပ်လိမ့်မည်လဲ။ ဖုန်းကိုင်ကာ အကျိုးအကြောင်းရှင်းပြသည်ကိုနားထောင်သင့်သည်မဟုတ်ပါလား။ ထိုအရာကို ပြသနာ တစ်ရပ်ဟုတော့ မယူဆခဲ့သော်လည်း သူနှင့်ပတ်သက်၍ အမှတ်တရမို့ စိတ်ထဲစွဲနေခဲ့ခြင်းပင်။
ကျွန်တော်မဖြစ်ချင်မကြားချင်သောအမူအရာများ၊ စကားလုံးများကို သူအတတ်နိုင်ဆုံးပြင်ဆင်ပေးခဲ့ သည်ကိုတော့အသိအမှတ်ပြုရပါသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့သောအကြောင်းအရာပေါ်ပေါက် လာသည့်အခါ ပို၍နာကျင်စွာခံစားရခြင်းဖြစ်သည်။
ကျွန်တော်သဘောမကျသောအရာများကို သူကောင်းကောင်းသိပါသည်။ သိသိရက်နှင့်ပြောသည့်စကား လုံးများကိုတော့ ကျွန်တော်ရင်မဆိုင်ချင်သလို နက်နက်ရှိုင်းရှိုင်းလည်းနာကျင်ရပါသည်။ မိန်းမယူမည်ဆို သည့်စကားကို သူနောက်တစ်ကြိမ်မပြောဘူးဟုတစ်ထစ်ချယုံကြည်ထားခဲ့ရာမှ ကျွန်တော့နာကျင်မှုများ အထွဋ်အထိပ်ဆီသို့ရောက်လာခဲ့သည်လားမပြောတတ်တော့။
သူက ကျွန်တော်လုံးဝမကြိုက်သည့်ထိုစကားကိုပြောသည့်အပြင်လက်တွေ့အကောင်အထည်ဖော်တော့ မည်ဟုဆိုလာသောအခါ ကမ္ဘာပြိုခဲ့ခြင်းပင်။
“ကောင်းပြီလေ ခင်ဗျားဘဝထဲကနေ ဆန်းနေရောင်ကိုထုတ်ပစ်နိုင်လိမ့်မယ်လို့ကောင်းကောင်းကြီးမျှော် လင့်ပါတယ်၊ ကျွန်တော်မရှိတော့ရင် ကျွန်တော့ကိုတမ်းတပြီးရှာဖွေနေမယ့်လူလည်းမဟုတ်တာမို့ သိပ် တော့လည်း စိတ်ပူစရာမရှိပါဘူး”
ပထမဆုံး သူ့ဖုန်းကိုဘလော့ခ်လိုက်သည်။ သူနှင့်ကျွန်တော် ဖုန်းအဆက်အသွယ်ရှိတော့မည်မဟုတ်ပါ။ ဒုတိယ သူနှင့်ကျွန်တော် ဖေ့စ်ဘုတ်သူငယ်ချင်းအဖြစ်မှရပ်စဲလိုက်သည်။ ဖေ့စ်ဘုတ်မှသူနှင့်ပတ်သက် သောလူများ ကိုလည်း တစ်ခါတည်း ဘလော့ခ်ပစ်လိုက်သည်။ ထိုနှစ်ခုလုပ်ပြီးသွားသည့်အခါ သူနှင့် ကျွန်တော်အဆက်အသွယ်တော်တော်ပြတ်သွားပါလားဟုတောင်ခံစားရသည်။ ကျွန်တော်ကသာသူနှင့် ပတ်သက်သော အရာများ၊ သူ့မိသားစု၊ သူ့ရုံး၊ သူ့ပတ်ဝန်းကျင်၊ သူ့ဆွေမျိုးများကိုသိပြီး သူကတော့ ကျွန် တော်နှင့်ပတ်သက်၍ ကျွန်တော့ရုံးနေရာတစ်ခုကိုသာသိရှိထားသူဖြစ်လေသည်။
ခရီးအတူသွားဖူးသည့်သူငယ်ချင်းများကိုပါ တစ်ခါတည်းဘလော့ခ်ပစ်သည်။ ရင်းနှီးသူများကိုတော့ သူ ကျွန်တော့အကြောင်းမေးလာပါက မသိကြောင်းဖြေရန်နှုတ်ပိတ်သည်။
“ခင်ဗျားကို ကျွန်တော်မသတ်ရက်ပါဘူး၊ အဆင်ပြေပါစေ အစ်ကို”
နောက်ဆုံးဖြစ်ခဲ့သည့်ပြသနာတွင် သူ့ဘက်ကကြည့်မည်ဆိုပါက ကျွန်တော့အမှားမို့ သူကျွန်တော့ကို ဖုန်း စဆက်လိမ့်မည်မဟုတ်ပါ။ မည်သည့်ပြသနာဖြစ်ပါစေ များသောအားဖြင့် ကျွန်တော်ကသာစပြီး ဆက်လေ့ရှိသူမို့ သူ့ဖုန်းကိုဘလော့ခ်ထားသည်ဆိုသည့်ကိစ္စ သူသိချင်မှတောင်သိပါလိမ့်မည်။
“ကျွန်တော် ရုံးပြောင်းချင်တယ်”
လွယ်ကူသောကိစ္စတစ်ခုတော့မဟုတ်သော်လည်း ဟောင်ကောင်ရုံးကိုပြောင်းရန်အတော်ပြောဆိုကြိုးစား လိုက်ရသည်။ သူမရှိသော ကမ္ဘာမှာကျွန်တော်နေထိုင်ရန် တစ်ထစ်ချဆုံးဖြတ်နိုင်ခဲ့သည့်ကိစ္စမှာ သူအိမ် ထောင်ပြုမည်ဆိုသည့် တစ်သက်လုံးခွင့်မလွှတ်နိုင်သောကိစ္စကြောင့်ဖြစ်လေသည်။
“ရုတ်တရက်ကြီးဘယ်လိုကြောင့်လဲ”
“ကျွန်တော်အရမ်းအခက်အခဲဖြစ်နေလို့ပါ အစ်ကိုကူညီမှရမယ်၊ ဒီတစ်ပတ်အတွင်းတောင်ပြောင်းပစ် လိုက်ချင်တာ၊ အကုန်လိုက်လုပ်ပေးပါဗျာ”
ရုံးတွင်လည်း အထက်လူကြီး လုပ်ဖော်ကိုင်ဖက်များသည် ကျွန်တော့ကိုချစ်ခင်ကြသူချည်းမို့ အများထက် ပို၍ အခွင့်ကောင်းရကာ ကျွန်တော်ဖြစ်ချင်သည့်ဆန္ဒကိုအကောင်အထည်ဖော်ခွင့်ရသည်။ သူနှင့်ဝေးကွာ ဖို့ ကံကြမ္မာကမျက်နှာသာပေးခဲ့သည်ဟုလည်းဆိုရမည်ပေါ့။
ဟောင်ကောင်ရုံးကိုသွားပြီး ခြေရာဖျောက်ရန်ကြိုးစားခဲ့သော်လည်း မသွားခင်နှုတ်ဆက်ချင်ပါသေး သည်။ ကျွန်တော်ချစ်သော အစ်ကို့ကို နာကျင်မှုမျက်လုံးအစုံနှင့် နောက်ဆုံးတစ်ကြိမ်တော့ကြည့်ခဲ့ချင်ပါ သေးသည်။
ညနေခင်းတစ်ခုတွင် သူ့အိမ်ကို ကျွန်တော်ရောက်သွားခဲ့ပါသည်။
>>>>>