(၂၄)
အစ်ကိုချက်ကျွေးသော ထမင်းနှင့်ဟင်းများသည် ကမ္ဘာပေါ်တွင်အရသာအရှိဆုံးသောအစားအသောက် များဖြစ်လေသည်။ အထူးသဖြင့်လက်လေးလုံးလောက်ရှိသည့်အမဲသားတုံးများကိုကို မဆာလာနိုင်နိုင် အနှစ်များများနှင့်နှပ်ထားသည့်ဟင်း၊ ပဲသီး၊ အာလူးနှင့်ခရမ်းသီးတို့ကို ငါးပိ၊ ငရုတ်သီးစပ်စပ်ဖြင့်ချက် သည့်ရခိုင်ဟင်း၊ ပင်လယ်စာချဉ်စပ်တို့သည် ကျွန်တော်အကြိုက်ဆုံးသောဟင်းများဖြစ်သည်။ ကျွန်တော် က ဟင်းချေးများတတ်သည်။ ပြီးတော့ တစ်မျိုးကိုကြိုက်လျှင်ထိုတစ်မျိုးမှလွဲ၍ ကျန်သည့်ဟင်းအမယ် ကိုမစားတတ်။ တစ်ရက် အစ်ကို့အိမ်ကို အမဲသားနှပ်စားချင်၍ ရောက်သွားမိသည်။ (ကျွန်တော်တို့နေရ သည့်အိမ်တွင် တစ်အိမ်လုံးကအမဲသားရှောင်ကြပါသည်။) ကျွန်တော်လာမည်မှန်းသိ၍ အစ်ကိုကဖွယ် ဖွယ်ရာရာချက်ထားပေးပါသည်။ သို့သော်လည်း အမဲသားမဟုတ်ခဲ့။ ဈေးသွားတုန်း ဘဲသားတွေ့၍ ဘဲ သားကို မဆလာနိုင်နိုင်ဖြင့်ချက်ထားပေးသည်။ ကျွန်တော်ကြိုက်မည်ဟုယူဆ၍ သေသေချာချာအချိန် ပေးချက်ထားသော်လည်း ဘဲသားဟင်းကို ကျွန်တော်မစားသည့်အခါ သူစိတ်မကောင်းဖြစ်သွားရသည်။
“နင်က ကြောက်စရာကောင်းတယ်”
ဟု အစ်ကိုက ကျွန်တော့အကြိုက်များ၊ အစွဲအလန်းများနှင့်ပတ်သက်၍ သုံးသပ်ခဲ့သည်။
“အစ်ကို့တစ်ယောက်တည်းကို တစ်သက်လုံးစွဲစွဲမြဲမြဲချစ်တာကိုရော ကြောက်တာလား”
“အဲဒါတော့မပါဘူး”
တစ်ခါတစ်ရံတွင် အစ်ကိုက ဆိတ်သားခြောက်ကိုဖုတ်၍ထောင်းကာ ဆီဆမ်းပြီးဘူးထဲထည့်လာတတ် သေးသည်။ ကျွန်တော်ကြိုက်သည့်သွားရည်စာတစ်မျိုးမို့ ရုံးအံဆွဲတွင်သိမ်းထားရန်ဟုဆိုသည်။
“ရုံးမသွားခင် ကိုယ့်ရုံးအောက်ကိုခဏလာခဲ့”
သူ့ရုံးဆီကိုခေါ်ကာ သူများမမြင်အောင် ဆိတ်သားခြောက်ဘူးကိုတိတ်တိတ်လေးပေးသည့်ပုံမှာ ရယ် စရာကောင်းသလို ချစ်စရာလည်းအင်မတန်ကောင်းပါသည်။ ကျွန်တော်က သူ့ကိုကားထဲအတင်းခေါ်ကာ ဖက်နမ်းပစ်သည့်အခါ အကြောက်အကန်ရုန်း၍ ကားတံခါးဖွင့်ကာထွက်ပြေးတတ်ပါသည်။ သူ့ပတ်ဝန်း ကျင်က တစ်မျိုးထင်မည်ကို အင်မတန်ကြောက်သူဖြစ်လေသည်။
ကျွန်တော်ကြိုက်သည့်အင်္ကျီပုံစံကိုလည်း သူက မှတ်ထားကာ အားလပ်ရက်များတွင် သေသေချာချာအ ချိန်ယူချုပ်ထားပေးလေသည်။ သူချုပ်ပေးသော အင်္ကျီများ၊ သူချက်ကျွေးသော အစားအသောက်များ အစရှိသည့် အစစအရာရာသော ဂရုစိုက်မှုများအောက်တွင် ကျွန်တော်သည် သူ့ကိုချစ်ပြီးရင်းချစ်လာမိ သည်မှာ အံအားသင့်စရာမကောင်းတော့ပါ။ သူသည် ကျွန်တော့ဘဝအတွက် အရာရာဦးဆောင်လမ်းပြ သူလည်းဖြစ်လေသည်။ အလုပ်တွင်အဆင်မပြေသည့်အခါ တိုင်ပင်ဖော်တိုင်ပင်ဖက်၊ အိမ်နှင့်စကားများ သည့်အခါ ဖျောင်းဖျနှစ်သိမ်းပေးသည့်သူငယ်ချင်း။ ကျွန်တော်လိုအပ်သည့်အချိန်တွင်ဘေးနားတွင်အ လိုက်သင့်ရှိနေသည့်ချစ်သူဖြစ် လေးနှစ်ဝန်းကျင်အထိရှိခဲ့သည်ပင်။ ပြသနာတစ်ရပ်မဖြစ်ခင်အထိပဲဆို ပါစို့။
“ဒီည ကျောက်မြောင်းက သူငယ်ချင်းဆီမှာသွားသောက်မလို့”
သူက တစ်ခါတစ်ရံတွင်သူငယ်ချင်းအချို့နှင့် ဘီယာဆိုင်၊ အရက်ဆိုင်ထိုင်တတ်သည်။ ထိုသို့သောအခါ မျိုး တွင် ကျွန်တော်မေးသမျှမေးခွန်းများကို ခရေစေ့တွင်းကျဖြေရသည်။
“ဘယ်သူနဲ့လဲ၊ ဘယ်နှစ်ယောက်လဲ၊ ဘာအထိမ်းအမှတ်လဲ” အစရှိသောမေးခွန်းများကို မေးသည့်အခါ မငြိုမငြင်ဖြေပါသည်။ များသောအားဖြင့်ပေါ့။ တစ်ခါတစ်ရံတွင်လည်း စိတ်မရှည်စွာဖြင့်ကျွန်တော့ကို ပြန်အော် ပြန်ပြောသည့်အခါတွင်တော့ ကြီးကြီးမားမားမဟုတ်သည့် ချစ်စဖွယ်ရန်ပွဲများကိုရင်ဆိုင်ရ၏။ ကျွန်တော်တို့နှစ်ယောက်စလုံးကအကြာကြီးတော့ စိတ်မဆိုးနိုင်ကြပါ။ တစ်ယောက်ယောက်က စိတ်ဆိုး ပြေလျှင်ဖုန်းဆက်လိုက်ပြီး ကျန်သည့်တစ်ယောက်က အလိုက်သင့်ပြန်ခေါ်ရသည်ကများပါသည်။
“အစ်ကို ကျွန်တော် ဒီည ကလပ်သွားမလို့”
သူ့ကိုကျွန်တော်ခွင့်တောင်းသည့်အခါတွင်တော့ ကျွန်တော့လောက်သူမရစ်ပါ။
“အေးပါလေ၊ သွားပါ သွားပါ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ကိုယ့်ဘဝလေးက သနားပါတယ်” ဟူသည့် စကား လုံးချိုချိုများဖြင့် နောက်ပြောင်ကျီဇယ်တတ်သည်။ ကျွန်တော်သူ့ကို စစ်လားဆေးလားလုပ်သကဲ့သို့ တင်းတင်းကြပ်ကြပ်မေးလေ့မရှိပါ။ ထိုအခါတွင် ကျွန်တော်က ပြန်ရစ်ရလေသည်။
“ခင်ဗျားကြီးက ကျုပ်ကို ကျီးစားစားခွေးထိုးထိုးလွှတ်ပစ်တာနော်၊ ဘယ်သူနဲ့သွားလဲ ဘာအထိမ်းအမှတ် လဲမေးပါဦးလား၊ ဒီတိုင်းလက်လွတ်စပယ်လုပ်ရသလား”
“ဟော မလိုအပ်ရင်မေးစရာလိုလို့လားကွာ၊ လူငယ်သဘာဝအပျော်သွားတယ်ဆိုတာသိနေတာပဲကို ကိုယ့်ချစ်သူကို ကိုယ်ကစိတ်ချပြီးသား”
“အေး စိတ်ချနေလိုက်၊ ကျုပ် ကဲပစ်ဦးမယ်ကြည့်နေ”
“ဘယ်တတ်နိုင်ပါ့မလဲ…”
“ကိုယ့်ဘဝလေးက သနားပါတယ် ပြောဦးမယ်မှလား”
တကယ်တော့ သူသည် ကျွန်တော်နှင့်ပတ်သက်၍ အရာရာကိုစိတ်ချသူ။ သူ့ကိုကျွန်တော်ပုံအပ်ချစ် ကြောင်းအကြွင်းမဲ့ယုံကြည်ထားသူဖြစ်ပါသည်။ ထို့ကြောင့် ကိစ္စသေးသေးမွှားမွှားများကို သိပ်ရှင်းပြလေ့ မရှိ။ (ကြိုက်ခါစရော သက်တမ်းကြာလာသည့်အချိန်တွင်ပါ မရှင်းပြတတ်ပါ။) သူချစ်ကြောင်းကိုလည်း ကျွန်တော့လို တီတီတာတာပြောပြလေ့မရှိ။ အများရှေ့တွင်လည်း ခပ်တည်တည်သာနေတတ်ကာနှစ် ယောက်တည်းရှိသည့်အချိန်၊ တိုက်ခန်းတွင်ချိန်းသည့်အချိန်မျိုးလောက်တွင်သာ ဟောင်ကောင်ခံစားမှု မျိုးကိုပေးလေသည်။
“ကျွန်တော်တို့ တစ်သက်လုံးအတူတူနေသွားဖို့က မျှော်လင့်ရင်းဝေးနေသလိုပဲဗျာ”
တစ်ခါတစ်ရံ သူနှင့်အတူနေလိုသောရက်များကိုဖြတ်သန်းချင်သော်လည်း အပြင်ဟန်ဆောင်မှုများနှင့် နေရသည့်အခါ ကျွန်တော်ပင်ပန်းလာသည်။ သူ့ရင်ခွင်ဆီကိုခေါင်းတိုးဝှေ့ကာ သူပွတ်သပ်ပေးသည့်ခံစား မှုကိုလိုချင်လာသည်။
ရှင်းရှင်းပြောရပါလျှင် သူနှင့်ကျွန်တော် တစ်အိုးတစ်အိမ်ထူထောင်ကာ မိသားစုအနှောင်အဖွဲ့ကင်းကင်း ဖြင့်နေချင်လှပါသည်။ သူမိသားစုကိုတော့ ကျွန်တော်ခင်မင်သလို သူလည်းသံယောဇဉ်မပြတ်နိုင်မှန်း လည်းကိုယ်ချင်းစာတွေးမိပြန်သည်။
“အော် ဘေဘီရယ် ကိုယ်လည်းနေချင်တာပေါ့၊ ကိုယ့်မှာကအမေတစ်ယောက်ပဲရှိတာလေ၊ အငယ် ကောင်ဆိုတာကလည်း ညီသိတဲ့အတိုင်းပဲ၊ အိမ်ကိုသိပ်ကြည့်တာမဟုတ်၊ ရည်းစားထား အိမ်မကပ်ဖို့ လောက်ပဲသိတာလေ၊ သူ့ကိုတည်ငြိမ်အောင်အရင်လုပ် နေသားကျပြီဆိုမှ အမေနဲ့အစ်ကိုနဲ့ရင်အေးနိုင်မှာ အဲဒါပြီးမှ အစ်ကိုနဲ့ညီတို့ကိစ္စတစ်ခုခုစီစဉ်ရမှာပေါ့”
“မသိဘူးဗျာ၊ ကျွန်တော် အစ်ကိုနဲ့တူတူနေချင်တာပဲသိတယ်”
“အစွဲအလန်းလေး နည်းနည်းလျှော့ပါညီရာ၊ ကိုယ်လည်းချစ်တာပေါ့၊ အခြေအနေတွေက ရှိသေးတယ် လေ၊ ညီက လိုချင်ပြီဆိုအသည်းအသန်ပဲ”
“အဲလိုတော့လည်းမဟုတ်ပါဘူးဗျာ”
ငြင်းလိုက်သော်လည်း သူကကျွန်တော့ချစ်သူမို့ ကျွန်တော့အကြောင်းကို ကျွန်တော့ထက်တောင်တစ်ခါ တစ်ရံတွင်ပိုသိပါသေးသည်။ ကျွန်တော်သူ့ကိုပိုင်ဆိုင်ထားရမှန်းသိသော်လည်း တစ်ခုခုကိုကြောက်နေမိ သည်မှာ နိမိတ်လားတော့မသိပါ။ သူ့ကို ကျွန်တော်နာကျင်အောင်မလုပ်ရန်ကိုတော့ မသိအောင်တစ်မျိုး သိအောင်တစ်သွယ်ပြောပြထားရသည်။ သူနှင့်ပတ်သက်၍ နာကျင်ခံစားမှုများရလေလေ သူ့ကိုပိုပိုပြီး လက်မလွှတ်ချင်လေလေဖြစ်နေမိသည်မှာ ဘာကြောင့်လဲ ကိုယ်တိုင်လည်းမဝေခွဲတတ်။
“ငွေဆောင်တုန်းကလိုအဖြစ်မျိုး ပဲခူးတုန်းကလိုအပြုအမူမျိုး မိန်းမယူမယ်ဆိုတဲ့အပြောမျိုးတွေနောက် တစ်ခါမပြောပါနဲ့၊ ကျွန်တော်အဲလိုတွေဖြစ်တိုင်း အစ်ကိုက ကျွန်တော့ကိုတန်ဖိုးမထားဘူးဆိုတဲ့အသိ အ ခြားအရာတွေထက်ပိုပြီးဦးစားမပေးနိုင်ဘူးဆိုတဲ့အသိတွေဝင်ဝင်လာတယ်၊ ပြီးတော့ အစ်ကိုက အစ်ကို့ အတ္တတစ်ခုတည်းကိုပဲကိုးကွယ်တတ်တဲ့လူဆိုပြီးတော့မြင်ယောင်လာတယ်၊ နောက်ဆုံးဗျာ ကျွန်တော် …ကျွန်တော်ကြောက်လာတယ်၊ တစ်ချိန်ချိန်မှာ အစ်ကို ကျွန်တော့ကိုထားသွားမလားဆိုပြီးတော့စိုးရိမ် စိတ်တွေဝင်ဝင်လာတတ်တယ်”
“မဆိုင်လိုက်တာ ဆန်းနေရောင်ရယ်”
“အစ်ကိုကမဆိုင်ဘူးဆိုပေမဲ့ အစ်ကိုလုပ်ခဲ့တဲ့လုပ်ရပ်တွေက ကျွန်တော့ကိုဆိုက်ကိုတွေပေးနေတယ်၊ နောက်တစ်ခါထပ်ဖြစ်ရင်ဆိုတဲ့ကြောက်စိတ်တွေဝင်လာနေမိတယ်”
“တော်တော့၊ တမင်တကာလုပ်ခဲ့တာတွေမဟုတ်ဘူးလို့ပြောနေတာပဲ၊ ငါလည်း ငါတတ်နိုင်သလောက် ချစ်ပေးနေတာပဲ၊ ဒီထက်ပိုပြီးလုပ်စရာလည်းမရှိတော့ဘူး၊ လုပ်လည်းမလုပ်တတ်တော့ဘူး”
“ဟူး အိုကေ အိုကေ ကျွန်တော်မပြောတော့ဘူး”
ကျွန်တော်စိတ်တိုင်းမကျသောအရာတစ်ခုခုဆိုပါလျှင် စိတ်ထဲမှမကျေမချမ်းနိုင်ဖြစ်တတ်သည်ကို သူက သဘောမကျသလို သူ၏ကျွန်တော်နှင့်ပတ်သက်၍ခပ်ပေါ့ပေါ့ (စိတ်ထဲတွင်ချစ်မှန်းတော့သိပါသည်) အ ပြုအမူများကိုတော့ ကျွန်တော်ကလည်းသဘောမကျပါ။ သို့သော် ကျွန်တော်တို့နှစ်ယောက်၏ကွာခြားမှု က ထိုမျှသာရှိပြီး ကျန်သည့်အရာအားလုံးမှာချစ်စိတ်ဖြင့် ခွင့်လွှတ်နားလည်ကြသည်ချည်းသာဖြစ်လေ သည်။
သို့သော်လည်း ကျွန်တော့စိတ်ထဲတစ်သက်လုံးထင့်နေခဲ့သောအရာသည် တစ်ဖြည်းဖြည်းချည်းနင်းဝင် ရောက်လာခဲ့တော့သည်။ ထိုနေ့က အစ်ကိုနှင့်ကျွန်တော်စကားများသည်။ ခါတိုင်းလည်းထိုသို့စကားများ လေ့များထရှိပါသည်။ ချစ်သူရည်းစားကြားထဲတွင် ကတောက်ကဆဆိုသည်မှာ မကြာခဏဖြစ်နေတတ် သည်မို့ မထူးဆန်းသော်လည်း ထိုနေ့ကတော့ စိတ်ခံစားမှုအားပြင်းကြလေသည်။
သူကလည်း အလုပ်ပင်ပန်းကာစိတ်အခန့်မသင့်ချိန်။ ကျွန်တော်ကလည်း တစ်ခုခုဆိုလျှင်ဖိပြောတတ် သည့်အနေအထားက အမြင့်ဆုံးရောက်ချိန်တို့ တိုက်ဆိုင်သည့်အခါ မတော်တဆကြီးကျယ်သွားသည့် ပြသနာဖြစ်ခဲ့ရလေသည်။
ထိုနေ့က နှစ်ယောက်စလုံး၏ပိတ်ရက်ဖြစ်သည်။ တိုက်ခန်းတွင်ချိန်းထားသည့်ရက်လည်းဖြစ်သည့်အခါ ကျွန်တော်စိတ်လှုပ်ရှားရင်ခုန်နေလေသည်။ များသောအားဖြင့် ပိတ်ရက်ဆိုပါလျှင် ကားကိုအိမ်မှာထားခဲ့ ကာ အစ်ကိုနှင့်တစ်နေရာတွင်ချိန်းသည်။ ထို့နောက် ဘတ်စ်ကားစီး၍ တိုက်ခန်းရှိရာပုဇွန်တောင်သို့သွား လေ့ရှိသည်။ ကျွန်တော်က စိတ်မရှည်စွာဖြင့် တက္ကစီငှားသည့်အခါမျိုးတွင် သူကမျက်စောင်းထိုးဆူပူ သည့်အခိုက်အတန့်လည်းရှိပါသည်။
ဖြစ်ချင်တော့ ကျွန်တော်တို့ထိုတိုက်ခန်းသို့မသွားရသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အေးအေး လူလူနေ၍ အစ်ကို့ကိုချွဲချင်စိတ်များတစ်ဖွားဖွားဖြစ်နေသောကာလသို့ရောက်နေသည်ဟုဆိုရပေမည်။ အချိန်ကောင်းပင် ထိုနေ့ကျမှ အစ်ကို လက်ခုပ်ကုန်းသို့သူငယ်ချင်းများနှင့်သွားကြသည်တဲ့။
“မနက်စောစောသွားလိုက်မယ်လေ ညီရယ်၊ နေ့လည်လောက်ဆိုအရောက်ပြန်ခဲ့မယ်၊ ညီက သွားနှင့် ပြီး သန့်ရှင်းရေးလုပ်ပြီးစောင့်နေပေါ့”
မျှော်လင့်ထားပြီဆိုပါလျှင် အကောင်အထည်ပေါ်မှကျေနပ်သူကျွန်တော့အဖို့ မည်သို့မျှသက်တောင့်သက် သာမရှိခဲ့ပါ။ သူနှင့်မတွေ့ရသည်မှာကြာပြီဖြစ်၍ တွေ့သည့်အခါသူ့ကို ဂျီကျမည်၊ ကျွန်တော်ကြိုက်သည့် အစားအသောက်များစုပြုံချက်ခိုင်းမည်၊ သူ့အနားတွင်ကျွန်တော်နေကာဝိုင်းကူမည်၊ အားလပ်ရက်ကို ရို မစ်တစ်ဆန်ဆန်ဖြတ်သန်းကြမည်ဟုတွေးထားသည့် အတွေးများသည် အဝေးတစ်နေရာသို့လွှင့်စင် ပျောက်ကွယ်သွားတော့သည်။ ထိုသို့သောအချိန်တွင် သူတကယ်အဆင်မပြေ၍ အပေါင်းအသင်းများနှင့် သွားရသည့်လူမှုရေးရှိ၍ ဆိုသည့် ပုံမှန်နားလည်ပေးရမည့် ဓမ္မဒိဌာန်ကျကျမတွေးတတ်တော့ဘဲကျွန် တော့်မျှော်လင့်ချက်ရိုက်ချိုးခံလိုက်ရခြင်းဆိုသည့် မကျေနပ်ချက်ကသာ စိတ်ထဲလွှမ်းမိုးလာလေခဲ့သည်။ ထိုအရာကို ကျွန်တော့အတ္တဟုမတွေးဘဲ ကံကြမ္မာကြောင့်ဟုသာ ပုံချချင်တော့သည်။
“မသွားတော့ဘူး နောက်အပတ်တွေမှ သွားတော့မယ် ဒါဆိုလည်း”
“အင်း ပြီးရောလေ နောက်အပတ်မှ စောစောသွားဈေးဝယ်ပြီးအေးဆေးနေကြတာပေါ့”
ကျွန်တော်ကရွဲ့ပြောလိုက်သော်လည်း ထိုရွဲ့ပြောသည်ကိုအတည်ယူပြီး စကားပြန်ပြောနေသည်မှာ လူတစ်ဖက်သား၏ခံစားချက်ကိုစော်ကားနေခြင်းဟု သတ်မှတ်လိုက်ပါသည်။
“ပြီးရောဗျာ ပြီးရော၊ အမြဲတမ်း မင်းအလုပ်တွေချည်းပဲ၊ ဒီတစ်သက်ရော ပြီးဦးမှာလားမသိဘူး၊ တစ်ခုခု ဆို အားလုံးကကျွန်တော့ထက်ဦးစားပေးရမယ့်အရာတွေချည်းပဲမှလား၊ လူမသိသူမသိကွယ်ရာကျမှာ ကျွန်တော်က ခင်ဗျားရဲ့ချစ်သူဖြစ်ခွင့်ရတာ၊ ကျန်တဲ့ အရေးကိစ္စပေါင်းသောင်းခြောက်ထောင်ရှိလာရင် ကျွန်တော်က ဖုတ်လေတဲ့ငါးပိမရှိတဲ့ကောင်ပဲ”
သူ့ကို မင်းတစ်လုံးခင်ဗျားတစ်လုံးဖြင့်ပြောမိသည့်အခါ သူကလည်းငြိမ်ခံမနေတော့။ ကတောက်ကဆ စဖြစ်တော့သည်။
“ဘာဖြစ်တာလဲ ဒီလောက်လေးတောင်နားလည်မှုမရှိဘူးလား”
“နားလည်မှုရှိလို့ ဒီလောက်သက်တမ်းဖြစ်လာတာပေါ့၊ ဘာကိစ္စပဲရှိရှိ ချစ်သူက ဒုတိယလုပ်သွားတဲ့လူ ကို တွဲလာတာကိုတောင် နားလည်မှုမရှိဘူးတဲ့လား၊ ခင်ဗျားကြီး လက်ခုပ်ကုန်းက ရန်ကုန်ထဲမှာရှိတယ်သာ ဆိုတယ်၊ အသွားအပြန် အနည်းဆုံးတော့ ငါးနာရီခြောက်နာရီကြာမှာပဲ ရောက်ပြန်လို့မရဘူး၊ ဟိုမှာ စား မယ်သောက်မယ်လေ၊ ဒီကိုပြန်လာရင် ညနေ သုံးနာရီအနည်းဆုံးပဲ၊ သွားမယ့်သူကဘယ်သူလဲ ဘယ် လောက်တောင်အရေးကြီးလို့လဲ”
“ရုံးကလူတွေပဲ”
“ဟိုမိန်းမပါတယ်မှလား”
သူ့ကိုကြိုက်နေသည့် အမျိုးသမီးကိုဆိုလိုခြင်းဖြစ်သည်။
“ရုံးကသွားတာပါတယ်လေ၊ ဘာဖြစ်လို့လဲ၊ သူပါတော့ ဘာဖြစ်လို့လဲ”
“ခင်ဗျားကိုကြိုက်နေတာလေသူက၊ ပတ်ဝန်းကျင်ကလည်း လှော်ပေးနေတာမဟုတ်ဘူးလား”
“အေး ဘာဖြစ်လဲ သူလည်းအပျို ငါလည်းလူပျို လှော်ပေးတော့ ဘာဖြစ်လို့လဲဆန်းနေရောင်၊ နား လည်မှုမရှိလိုက်တာ၊ သူနဲ့ငါကြိုက်တော့ရော ဘာဖြစ်သေးလဲ၊ အချိန်တန်ရင်အိမ်ထောင်ပြုကြမယ့်သူ တွေချည်းပဲ”
“အစ်ကို ဘာပြောလိုက်တယ်”
ရုတ်တရက်သူပြန်ပြောလိုက်သည့်စကားသည် ယခင်ကနာကျင်ခဲ့ဖူးသည့် ကျွန်တော့်ဒဏ်ရာကို ပြန်ပြီး တူးဆွလိုက်လေခြင်းဖြစ်တော့သည်။
“အေး ဟုတ်တယ်၊ ငါမိန်းမယူတော့မလို့ ငါ့ပတ်ဝန်းကျင် ငါ့အသိုင်းအဝိုင်းမှာလည်း လာလာစပ်ပေးကြ တဲ့သူတွေများနေပြီ၊ အမေကလည်းရွေးချယ်ပြီးသွားပြီ၊ အကုန်လုံးလည်းစီစဉ်နေပြီ၊ နင့်ကိုသာမပြောဖြစ် သေးတာ ရှင်းလား”
သူစိတ်တိုဒေါသထွက်၍ ပြန်ပြောနေသောစကားလုံးများဆိုသော်လည်း အမှန်တရားများဖြစ်သည်ဟု ကျွန်တော်တစ်ထစ်ချယုံကြည်နေပါသည်။ ထိုစကားမျိုးက နောက်ပြောင်စရာ လူတစ်ဖက်သားကို အလဲ ထိုးစရာစကားလုံးများမဟုတ်။ တမင်နာကျင်အောင်ပြောသည့်စကားများမဟုတ်။
“ကောင်းပြီလေ ခင်ဗျားကိုရော အဲဒီမိန်းမကိုပါ ကျုပ်လက်နဲ့သတ်ပြမယ်”
>>>>>