(၂၂)
“ကိုယ် မိန်းမယူဖို့ အချိန်တန်ပြီလေ”
ထိုစကားကြားလိုက်ရသည့်ခဏတွင် ကျွန်တော့အမြင်များ အတွေးများအားလုံးဝေဝါးက ကမ္ဘာကြီးချာ ချာလည်သွားတော့သည်။ ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်ဟုထင်မှတ်ထားသည့်စကားလုံးအားသူ ပြောထွက်သည့်အခါ စိုးရိမ်ပူပန်မှုများလှိုက်တက်လာလေသည်။
“အစ်ကိုဘာပြောလိုက်တာလဲဟင်”
“အချိန်တန်ရင် မိန်းမယူမှာပေါ့ လို့ပြောတာလေ၊ ဘာလို့လဲ”
“ဟာ”
ကျွန်တော်က သူ့ကိုအမှတ်တမဲ့စလိုက်ရမှ ထိုစကားထွက်ကျလာခြင်းဖြစ်သည်။ ရန်ကုန်၏ သူနှင့်ကျွန် တော်အခိုက်အတန့်များသည် ပျော်စရာသိပ်မကောင်းခဲ့ဟုဆိုရပါမည်။ ဝယ်ထားသည့်တိုက်ခန်းငယ်လေး သည် ပိုင်ရှင်နှစ်ယောက်ကိုမျှော်လျှက်အထီးကျန်ဆန်လှသည်။ တစ်ပတ်တစ်ကြိမ်တောင်မသေချာသည့် ချိန်းဆိုမှုများကြားတွင် အဖော်မဲ့လျှက်ရှိသည်။ တစ်ခါတစ်ရံတွင် သူ့သခင်နှစ်ယောက်ထဲမှ တစ်ယောက် သာလာပြီးခဏလေးအတွင်းပြန်သွားခဲ့သည်။ တစ်လလျှင်တစ်ကြိမ်ခန့်တော့ သူ့သခင်နှစ်ယောက်စလုံး ရောက်လာသော်လည်း ကြာကြာမနေနိုင်ခဲ့။
“အိမ်အလုပ်တွေလုပ်စရာရှိတယ်၊ စောစောပြန်ရမယ်”
“အမေ နေမကောင်းဘူး၊ ဆေးခန်းပြရမယ်”
“ရုံးမှာ သင်တန်းပေးဖို့စာလုပ်ရဦးမယ်”
“ညအိပ်လို့မရဘူး၊ ဟိုကောင်က ဘယ်အချိန်ပြန်ရောက်မယ်မသိဘူး၊ အမေ့ကိုစိတ်မချဘူး”
အစရှိသည့်အကြောင်းပြချက်များကြားတွင် တိုက်ခန်းငယ်ကလေးသည် ခြောက်ကပ်ကပ်နိုင်လွန်းခဲ့ လေ၏။ တစ်ခါတစ်ရံမှာလာသူအဖို့တော့ ဘယ်ကဘယ်လိုမှန်းမသိရောက်ရောက်နှင့်နေသော ဖုန်များကို လှည်းကျင်းပြီးပြန်သွားရုံမျှသာရှိနေခဲ့သည်ကများသည်။ ကြာလာတော့ ကျွန်တော်သည် အစ်ကို့ပတ်ဝန်း ကျင်ကိုမုန်းလာသည်။ အစ်ကို့သူငယ်ချင်းများကို ကြည့်မရနိုင်တော့။ အစ်ကိုဘေးနားပတ်ပတ်လည်တွင် ရှိနေသူများကို အမြင်မကြည်တော့ပါ။
“ကျွန်တော် ဟောင်ကောင်ကိုလွမ်းတယ်”
ထိုစကားကိုပြောလာသည့်အခါ အစ်ကိုကငြိုငြင်လေသည်။ ကျွတ်ခနဲစုပ်သပ်ကာ မျက်စောင်းလှမ်းထိုး တော့ ကျွန်တော်ပါသက်ပြင်းလိုက်ချမိသည်။
“နင် မဖြစ်နိုင်တာတွေလာပြောနေပြန်ပြီလား ဆန်းနေရောင်ရယ်၊ ငါဒီလောက်သေချာပြောပြရင်ထား သားနဲ့ နားမလည်ဘူးလား”
သူက စိတ်လိုလက်ရရှိမှစကားပြောတတ်သူဖြစ်သည်မို့ ကျွန်တော်စိတ်ကျေနပ်အောင်ရှင်းပြလေ့မရှိ။ ကျွန်တော့ကိုလည်းရှင်းပြရန်မကြိုးစားခဲ့။ တမင်ရည်ရွယ်ခြင်းမဟုတ်သည်ကိုတော့ ကျွန်တော်သဘော ပေါက်ပါသည်။ သို့သော်လည်း ချစ်သူအချင်းချင်း အနုအရွများပြောချင်သည်။ အစ်ကိုကကျွန်တော့ခေါင်း ကိုပွတ်သပ်ပေးကာ အစ်ကို့ရင်ခွင်ထဲ ကလေးတစ်ယောက်ကဲ့သို့ချွဲချင်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့ နှစ်ယောက်စလုံးတက်ညီလက်ညီ အိမ်သန့်ရှင်းရေးလုပ်ကြမည်၊ ချက်ပြုတ်ကြမည်။ တစ်ခါတစ်ရံတွင် တော့ အိမ်ခေါင်မိုးယိုနေသည်ကိုတက်ဖာကောင်းဖာကြမည်။
အစ်ကိုစိတ်ဆိုးလျှင်ကျွန်တော်က မရရအောင်ချော့မည်။ ကျွန်တော်စိတ်မကြည်လျှင်လည်း အစ်ကို့ကို လျစ်လျူရှုမနေစေချင်ပါ။ သူ့ပင်ကိုယ်စရိုက်က အေးအေးလူလူနေတတ်ပြီး တော်ရုံကိစ္စတစ်ခုခုကိုမျှဝေ ရင်ဖွင့်လေ့မရှိတတ်။ လူမှု့ဆက်ဆံရေးနယ်ပယ်တွင် ကျွန်တော့လောက်အပေါင်းအသင်းမများဟုသုံးသပ် ရပါမည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော့ကို ဂရုစိုက်ပြီးအလေးအနက်ထားချင်သည်မှာ ကျွန်တော်များ အတ္တကြီးနေသည်လားမပြောတတ်တော့ပါ။ သူ့စိတ်ထဲတွင် ကျွန်တော်နှင့်ပတ်သက်၍ အရာရာကိုတန် ဖိုးထားမှန်းတော့နားလည်ပါသည်။ သို့သော်လည်း လူအများစုသည် အတွင်းစိတ်သဏ္ဌန်ထက် အပြင်ပန်း အသွင်အပြင်ကိုသာ သာယာတတ်ကြသည်မဟုတ်ပါလား။
“ချစ်သူအချင်းချင်း အနုအရွလေးတွေလိုချင်တာပေါ့ဗျ”
“ဟ ငါတို့က ပတ်ဝန်းကျင်မှာ ကမူးရှူးထိုးနေထိုင်လို့မရဘူးလေ၊ အားလုံးကိုဆင်ခြင်ရတယ်လေ”
“ကျွန်တော်ကတော့ ရင်ဘတ်ထဲမှာဖြစ်ပေါ်နေတာကို ဖုံးကွယ်ဖို့အရမ်းပင်ပန်းတယ်အစ်ကို၊ ဟန်ဆောင် ခြင်းအတတ်ပညာကို အစ်ကို့လောက်မတတ်ကျွမ်းဘူး၊ စိတ်ထဲရှိရှိတဲ့အတိုင်းပဲနေချင်တာ၊ ဖြစ်နိုင်ရန်အစ် ကို့ကို ကျွန်တော် လာတောင်းပြီးအပိုင်ယူပစ်ချင်နေတာ”
“ကိုယ်ကတော့ အဲဒါလက်ခံလို့မရသေးဘူး”
“ဘာလို့လဲ”
“ကိုယ် မိန်းမယူဖို့အချိန်တန်ပြီလေ”
“အချိန်တန် မိန်းမယူမှာပေါ့ ဘာလို့လဲ” ဟု သူကထပ်လောင်းပြောသည့်အခါတွင်းတော့ “ဟင်” ဟူ သည့်အံအားသင့်မှုနှင့်အတူဆွံအနေခဲ့လေသည်။ ထိုနေ့က အိမ်အပြန်လမ်းသည် စကားအတိတ်ဆုံးဟု ဆိုရပါသည်။ ကျွန်တော်နှုတ်ဆိတ်နေမှန်းသူရိပ်မိသော်လည်း စိတ်ဆိုးနေမှန်းသိသော်လည်း သူလုံးဝမ ချော့ခဲ့ပါ။ သူ့ဝသီအတိုင်းသာ မည်သည့်စကားမျှမပြောဘဲ ဆိတ်ငြိမ်စွာဖြင့်သာလိုက်လာခဲ့သည်။ ဘာ ကြောင့်များထိုစကားကိုပြောရက်ပါသလဲဟု ပုံမှန်အားဖြင့် ကျွန်တော်မေးမည်ဖြစ်သော်လည်းထိုနေ့က စိတ်မကောင်းဖြစ်သွားမှုက ခါတိုင်းထက်ပိုသည်မို့မမေးခဲ့တော့။
သူတကယ်များ မိန်းမယူလေမလားစိုးရိမ်စိတ်ဖြင့် အတွေးပေါင်းနယ်ချဲ့ကာ ကားအရှေ့ဘက်ကိုငေးရင်း မောင်းလာခဲ့ရသည်။ “ဒါကိုယ့်အမျိုးသားရဲ့ကောင်လေးလေ” ဆိုသည့် သူ့အမျိုးသမီးက ကျွန်တော့ကို အခြားလူတစ်ယောက်ယောက်နှင့်မိတ်ဆက်ပေးမည့် မြင်ကွင်းကို ဟာသဆန်ဆန်မြင်ယောင်မိလိုက် သော်လည်း ရင်ထဲပေါ့မသွားခဲ့။ ကျွန်တော်သူ့အိမ်အထိလိုက်ပို့ပြီးသည့်နောက် ညစာလည်းစားခဲ့ပါသေး သည်။ ကျွန်တော့ ကိုမြင်သည်နှင့် သူ့မိခင်က ဝမ်းသာအားရလှမ်းခေါ်သည်။
“ဟယ် ဆန်းနေရောင်၊ သားလာတာနဲ့အတော်ပဲ၊ ညနေစာစားပြီးမှ ပြန်၊ အမဲသားနှပ်ချက်ထားတယ်”
သူ့ဆီခဏခဏလာရင်း၊ သူ့ကိုလိုက်ပို့ရင်းနှင့်ပင် သူ့အိမ်ကစားအိမ်သောက်အိမ်ဖြစ်နေခဲ့လေပြီ။ ကျွန် တော်အင်မတန်ကြိုက်သည့် အမဲသားနှပ်ဟုဆိုလာသောအခါငြင်းနိုင်စရာမရှိတော့ပါ။ သူ့ကိုစိတ်ဆိုးနေ သည်ကလည်း ဗိုက်ဆာသည့်တွန်းအားပင်လားမပြောတတ်။ သူရေချိုးသည်ကိုပင်မစောင့်တော့။ အဆင် သင့်ရှိနေသည့် ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်တော့သည်။
သူ့ညီဖြစ်သူက ထမင်းခူး၊ ဇွန်းတပ်ပေးကာ ကျွန်တော့ကိုစကားစမြည်လာပြောပေးပါသည်။
“ပျောက်နေပါလား ကိုဆန်းကြီး”
“ရှိပါတယ် ညီရ၊ ပိတ်ရက်ဆို မအားတာကြောင့် အခုနောက်ပိုင်းမလာဖြစ်တာ”
ကျွန်တော်နှင့်သူ ဟောင်ကောင်ကိုအတူတူသွားသည့်အဖြစ်ကို သူတို့မိသားစုလုံးဝမသိပါ။ ကျွန်တော့ကို လည်းမပြောရန်တားမြစ်ထားပြီးဖြစ်သည်။ သူ့အမေကတော့ ကျန်းမာရေးအကြောင်း၊ အိမ်နီးနားချင်း များအကြောင်းပြောကာ တစ်ရက်ရက်တွင် ကျွန်တော်ကြိုက်သည့်အမဲသားကိုဖုတ်ပြီး ထောင်းပေးလိုက် မည်ဖြစ်ကြောင်း၊ ကျွန်တော်ရံဖန်ရံခါထည့်ပေးလိုက်သည့်လက်ဆောင်များလည်းရကြောင်း စကားပြော ဖော်ရရှာသည်။
“ပိတ်ရက် အိမ်လာအိပ်ဦးလေ”
တစ်ခါတစ်ရံတွင် (သီဟမရှိသည့်အချိန်) ကျွန်တော် သူ့အိမ်ကိုလာအိပ်တတ်ပါသည်။ အတူတူမအိပ်ရ သော်လည်း တစ်အိမ်တည်းတွင်ရှိနေသည်ဆိုသည့်အသိက နွေးထွေးစေသည်။ သီဟအခန်းတွင်ကျွန် တော်က အိပ်တတ်ပြီး လစ်လျှင်လစ်သလိုသူ့အခန်းဝင်ကာ ခိုးခိုးနမ်းရသည့် ခံစားမှုကလည်းစိတ်လှုပ် ရှားစရာကောင်းလှသည်။
“သီဟ မရှိလို့လား”
“အမလေး ရှိလည်းအိပ်လို့ရပါတယ်တော်”
ကချင်ပြည်နယ်ကစစ်ပွဲများအကြောင်း၊ ငယ်စဉ်ကဖြတ်သန်းခဲ့ရသောအကြောင်းများကို စီကာပတ်ကုံး ပြောပြသည်မို့ သူလည်းစကားပြောဖော်ရသလို ကျွန်တော်ကလည်းရင်းနှီးမှုရပါသည်။ အန်တီက ညဖက် အိပ်ရာစောစောဝင်သည့်အခါ ကျွန်တော်နှင့်သူ တစ်ယောက်ကိုတစ်ယောက်ကြည့် မျက်လုံးချင်းကစား ကာ မအိပ်ခင်အနမ်းပေးကြသည်။ အန်တီ့အခန်းထဲမှ အမှတ်တမဲ့ချောင်းဟန့်သံကြားကြားသည့်အခါ တွင်တော့ လန့်ဖျတ်ကာ ရေခဲသေတ္တာထဲကရေဘူးကိုဖွင့်ရှာသလို တစ်ခုခုပဲထလုပ်စားမလိုဟန်ပြင်ကြရ သည့်အဖြစ်။
ထိုစိတ်လှုပ်ရှားမှုကိုကျွန်တော်နှစ်သက်ပါသည်။ ညဖက်တစ်ရေးနိုးသည့်အခါ သူက ကျွန်တော့်အခန်းထဲ ဝင်လာပြီး ခိုးနမ်းသည်ကိုလည်းကြုံရသည်။ လူအလစ်တွင် သူ့ကိုအနောက်မှသိုင်းဖက်ပြီးထမင်းအတူတူ ချက်သည့်အခိုက်အတန့်များလည်းရှိခဲ့ပါသည်။ ကျွန်တော်ဝယ်ယူခဲ့သည့် တိုက်ခန်းထက် သူ့အိမ်တွင်ပို အနေများပါသည်။ သူက သူ့မိသားစုကို အထူးသဖြင့် သူ့မိခင်ကိုပိုခင်တွယ်သည်လေ။
“ဟိုမှာ လာပြီ”
ရေမိုးချိုးပြီးနောက် ကျွန်တော်စားနေသည့် ထမင်းစားပွဲဝိုင်းသို့သူရောက်လာသည်။ ထိုအထိ ကျွန်တော် နှင့်စကားမပြောသေးပါ။ ပြောရန်လည်းစိတ်ကူးမရှိပါ။ ကျွန်တော်သည် သူ့ကိုစိတ်ပူကာ စိုးရိမ်နေမိတော့ သည်။ သူ့ကို ကျွန်တော်ဆုံးရှုံးရမှာအင်မတန်ကြောက်လှပါသည်။ ထမင်းပန်းကန်ယူကာခူးခပ်စား သောက်နေရင်း ကျွန်တော့ဖက်ကိုတစ်ချက်မျှမကြည့်၊ မျက်လွှာချကာစားသောက်နေလေသည်။ တော် တော်နေနိုင်သည့်လူ။
“မနက်ဖြန် နင့်အဒေါ်လာလိမ့်မယ်၊ ဟိုကိစ္စ”
“ဟာ အမေ၊ တော်ပြီ အဲကိစ္စခဏခဏပြောလို့မပြီးတော့ဘူးလား”
သူ့အဒေါ်ကိုကျွန်တော်လည်းသိပါသည်။ တစ်ခါဆုံဖူးတော့ ဝေယံကြီးသူငယ်ချင်းဟုအသိအမှတ်ပြုကာ နယ်ကိုလိုက်လည်ရန်လည်းဖိတ်ခဲ့ဖူးသည်။ အန်တီပြောသည့်ကိစ္စကို သူကလှမ်းအော်သည့်အခါ ဘာကိ စ္စများဖြစ်နိုင်မလဲဟု စပ်စုလိုစိတ်ကပြင်းထန်သွားသည်။ ထို့နောက် အန်တီ့ကိုတစ်ချက်ကြည့်မိလိုက်ပါ သည်။ အန်တီက ရယ်လိုက်ကာ…
“အေး ဆန်းနေရောင်ရေ၊ နယ်က ကောင်မလေး သူနဲ့ပေးစားမယ့်ကိစ္စ သူ့အဒေါ်က…”
“အမေ၊ မပြီးတော့ဘူးလား၊ အဲကိစ္စပြောတာ သားမကြိုက်ပါဘူးဆိုနေ”
အန်တီအသံတိတ်သွားကာ ဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့သည်။ ကျွန်တော့ရင်ထဲတွင်တော့ အတိုင်းအဆမသိ ရုန်းရင်းဆန်ခတ်ဖြစ်သွားလေပြန်၏။
“အင်း”
အင်းခနဲ သက်ပြင်းရှိုက်သံကကျယ်လောင်သွားကာ စားလက်စပန်းကန်ကိုလက်စသတ်လိုက်တော့သည်။ မည်မျှပင်ကြိုက်သည့်ဟင်းဖြစ်နေပါစေ စားမဝင်နိုင်တော့။
“ဘာမှမေးမနေနဲ့တော့၊ ဘာကိစ္စမှမဟုတ်ဘူး၊ အမေတို့ကလည်း ဘာမှမဟုတ်တာကိုနောက်ထပ်မပြော နဲ့တော့၊ ဆန်းနေရောင် နင်လည်းထပ်မသိချင်နဲ့တော့၊ အဲဒါအရေးကြီးတဲ့ကိစ္စမဟုတ်ဘူး”
ကျွန်တော်က ငြိမ်နေလိမ့်မည်မဟုတ်ဘဲ အန်တီ့ကိုဂျီကျကာမေးတော့မည်ဆိုသည်ကို သူကကြိုသိနေ သည်မို့ ကြိုကာခြင်းပင်။ သူမသိစေချင်သည့်ကိစ္စဟုပြောလာသည့်အခါ သူကအရေးမကြီးဘူးဟုဆိုလာ သည့်အခါ ကျွန်တော်လက်လျှော့ဖို့ဆုံးဖြတ်လိုက်ပါသည်။
“အေးပါ မပြောတော့ဘူး၊ သူမကြိုက်ဘူး ဆန်းနေရောင်တွေ့လား”
အန်တီက ကျွန်တော့ကိုရယ်ကျဲကျဲပြောသည့်အခါတွင်တော့ ထမင်းပန်းကန်များကိုဆောင့်ချသံ၊ ဇွန်း များကိုအသံမမြည်မြည်အောင်လုပ်နေသံများထွက်ပေါ်လာတော့သည်။
“ဟဲ့ တော်ပြီလား”
“တော်ပြီအန်တီ၊ ညနေစာ များများစားရင်ဝမှာစိုးလို့”
“အမလေး”
ပန်းကန်ကိုယူကာ ဘေစင်ထဲသွားဆေးလိုက်တော့သည်။ ခဏနေတော့ နှုတ်ဆက်ကာပြန်ခဲ့တော့ သည်။ ကျွန်တော် ပြန်သည့်အချိန်တွင် သူက ပန်းကန်ဆေးနေလေ၏။ သူ့ကိုလည်းနှုတ်မဆက်ခဲ့တော့။ ကား ပေါ်ကိုအမြန်တက်ကာ လူရှင်းသည့်တစ်နေရာဆီကိုအမြန်မောင်းသည်။ ထို့နောက် အရှိန်သတ်လိုက်ကာ စတီယာရင်ပေါ်လက်တင်ရင်းငိုင်မိပါသည်။ ထိုစဉ် သူ့ထံမှဖုန်းလာခဲ့သည်။
“ဘာလို့နှုတ်မဆက်ဘဲပြန်သွားတာလဲ”
“ဘာလို့လဲ”
“ဘာကိုလဲ”
“ဘာလို့ မိန်းမယူမယ်ဆိုတဲ့စကားကို ကျွန်တော့ကိုပြောရတာလဲ၊ ခင်ဗျားက ကျွန်တော့ဘဝဆိုတာ မသိဘူးလား၊ ခင်ဗျားဗျာ ဒီစကားကိုပြောထွက်ရက်တယ်၊ ကျွန်တော်ကဘာလဲ၊ ခဏတာအပျော်တွဲခဲ့တဲ့ ဘောင်မဝင်တဲ့ချာတိတ်တစ်ယောက်လား”
သူ့ဆီသို့ ပြောချင်သည့်စကားများထွက်အံကျရင်း ရှိုက်ငိုမိသည်။
“ဆန်းနေရောင်၊ ဘာဖြစ်နေတာလဲ၊ ဘာလို့ငိုနေတာလဲ”
“ခင်ဗျားအရမ်းရက်စက်တယ်၊ ခင်ဗျားမို့ အဲစကားပြောထွက်ရက်တယ်”
ငိုသံနှင့်စကားသံရောစွက်နေသော်လည်း ကျွန်တော့ဝမ်းနည်းမှုများသည် ဖုန်းထဲမှတစ်ဆင့်ဖြတ်ကျော် ကာ သူ့ရင်ဘတ်ဆီသို့တိုက်ရိုက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်လိုက်ပါသည်။ သို့သော်။
>>>>>