(၁၄)
မနက်မိုးလင်းတော့ပြသနာအသစ်က ထပ်စသည်။ ငွေဆောင်တွင် Snorkeling လုပ်ပြီး ရေအောက် ကြမ်းပြင်ဆီမှ သန္တာကျောက်တန်း၊ ရေမှော်၊ ရေပျော်ငါးများကိုကြည့်၍ရသည့် ခရီးကိုသွားရန် ကျွန်တော် တို့အားလုံးစီစဉ်ထားကြသည့်အခါ ကျွန်တော်ပြသနာရှာရန်အကြောင်းဖြစ်လာသည်။
“ကမ်းခြေအရသာအပြင် အရမ်းလည်းမပင်ပန်းဘဲ စွန့်စားခန်းအသေးစားလေးတွေလုပ်လို့ရတဲ့ ငွေ ဆောင်နား တစ်ဝိုက်ကကျွန်းတွေဆီလည်ကြမယ်၊ ပင်လယ်ရေနက်ကြီးမှာ အသက်ကယ်အင်္ကျီဝတ်ပြီး ရေပေါ်မှာဆော့မယ်၊ အသေးစား တောင်တက်မယ်၊ စပိဘုတ်နဲ့ရေနက်ကြီးကိုပတ်မယ်” ဟု ကျွန်တော် က ဆော်ဩခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်သွားရန် မော်တော်လှေငှားသည့်အခါ ကွိုင်စတက်သည်။ ထုံးစံအတိုင်း သူ ကျွန်တော့အနားဆီကိုမလာ၊ အခြားသူများနှင့်ရောရောနှောနှောသာနေလေသည်။
ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ လိပ်ကျွန်း၊ ချစ်သူများကျွန်း တို့ကို ငွေဆောင်ရောက်သူတိုင်းနီးပါးသွားကြ ပတ်ကြလေ့ရှိသော်လည်း ကျွန်တော်တို့ကတော့ ထိုအချိန်ထိုအခါကလူသွားနည်းသေးသည့် ငှက်ကျွန်း၊ ကျွန်းလျားရှည်နှင့် လိပ်ကျွန်းတို့ကို စပိဘုတ်ငှားကာသွားကြရန်ဆုံးဖြတ်ခဲ့သည်။ လူက ၁၁ ယောက်မို့ စပိဘုတ်က နှစ်စီးငှားမှရသည်။ ပင်လယ်ရေမျက်နှာပြင်ကို လျှပ်တိုက်သွားကာ စပိဘုတ်ကတော့ရေ ပေါ်ငါးလက်မလောက်မြောက်တက်လိုက် ရေကြမ်းပြင်ပေါ်ဖြန်းခနဲပြန်ကျလိုက်ရှိကာ စီးနင်သူများအဖို့ စိတ်လှုပ်ရှားမှုများကိုပေးစွမ်းလေသည်။
“ကိုဝေယံကြီး နိုးပြီလား၊ လှေငှားရမယ်လေနော်”
ပါလာသည့် မိန်းကလေးအများစုသည် ခိုင်းကောင်းမည့်သူကိုညာခိုင်းသည်။ သူတို့သက်သာလျှင်ပြီးရော ဆိုသည့်စိတ်ဖြင့် မြှောက်ပင့်ပြောဆိုညာစားတတ်သည်။ တက်ညီလက်ညီဝိုင်းလုပ်ရန်ထက် ဟီလာထရန် သာ စိတ်ကူးပိုကြသည်။ အပျော်လာခြင်းဆိုသော်လည်း ပရဟိတစိတ်ကတော့ မရှိမဖြစ်လိုအပ်သည်မို့ ကျွန်တော်တော့သိပ်ဘဝင်မကျ။ အထူးသဖြင့် သူ့ကို ခဏခဏခေါ်ကာ အားကိုးခြင်းကိုသဘောမကျ။ သူ နှင့် ကျွန်တော့အချိန်သည် သူတို့အတွက်မပေးလိုပါ။ သို့သော်လည်း သူကတော့ ကျွန်တော်နှင့်ဆန့်ကျင် ဘက်သာလျှင်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဆိုခဲ့သည့်အတိုင်း အားလုံးရှေ့ဟီးရိုးလုပ်ပြချင်သူဖြစ်လေ တော့ ပြသနာတက်ရသည့်အခြေအနေများဖြစ်လာခဲ့၏။
မနက်မိုးလင်း၍ ကြည်နူးမှုအခြေအနေကို ပြန်လည်ထိန်းသိမ်းရဟန်မပြင်ရသေးခင်မှာပဲဖုန်းတစ်ဂွမ် ဂွမ် ဆက်ကာ ကမ်းခြေဘက်ကိုဆင်းဖို့ခေါ်ကြသည်။ သူက ကောက်ခနဲထလိုက်ပြီး အဝတ်အစားလဲတော့ သည်။ နိုးနေသော်လည်းမျက်လုံးကိုလုံးဝမဖွင့်သေးဘဲ သူ့လှုပ်ရှားမှုများကို မျက်လွှာအနည်းငယ်ဟကာ ချောင်းကြည့်ဖြစ်သည်။ တစ်ယောက်အိပ်ကုတင်နှစ်လုံးထားထားသော ကျွန်တော်တို့၏အခန်းတွင် တစ် လုံးက အနည်းငယ်သေသပ်လို့နေ၏။ ထိုကုတင်ကို ရှုပ်ပွစေရန်ဖွနေသည့် သူ့ကိုတွေ့ရသည်။ ထို့နောက် ကျွန်တော်အိပ်နေရာသို့ရောက်လာကာ မနက်ခင်းအနမ်းတစ်ပွင့်ပေးလေ၏။
“ညီ ထတော့၊ အစ်ကို ကမ်းခြေဘက်ဆင်းပြီး လှေသမားနဲ့ဈေးညှိတာတို့ သွားတာတို့စီစဉ်ပေးလိုက်မယ်၊ ပြီးရင် မနက်စာအတူစားမယ်၊ လိုက်ခဲ့နော်”
ကျွန်တော့မျက်လုံးများပွင့်လာသည်။ သူ့ကို ကြည်နူးမှုများနှင့်ကြည့်လိုက်သည်။ သို့သော်လည်း မကျေ နပ်မှုများသို့ချက်ချင်းပြောင်းပစ်လိုက်ပါသည်။
“မသွားရပါဘူး၊ ကျွန်တော့ကိုစောင့် ကျွန်တော်ပြီးမှ အတူတူသွားမယ်၊ ဖုန်းလာရင်လည်းကိုင်စရာမလို ဘူး၊ အားလုံးကိုယ့်လက်ကိုယ့်ခြေပါတယ်၊ ပါးစပ်ပါတယ်၊ အဆင်ပြေအောင်စီစဉ်တတ်တယ်”
အမိန့်ပေးသံအနည်းငယ်ရောစွက်ပါဝင်သည့် အသံကြောင့် သူဆိတ်ငြိမ်ကာ ကုတင်ပေါ်ထိုင်ချလိုက် သည်။
“ဖုန်းဆက်ခေါ်တဲ့တစ်ယောက်ကို မနက်စာစားရင်စောင့်ခိုင်းလိုက်၊ အစ်ကို…ရေမချိုးရသေးဘူးမဟုတ် လား၊ ကျွန်တော်နဲ့ရေတူတူချိုးမယ်”
“နင်ကလေ”
သူ့ မျက်စောင်းများကျွန်တော့ဆီရောက်လာသည်။
“အချိန်ကုန်သက်သာအောင်ပြောတာဗျ၊ အရမ်းသွားချင်နေတယ် ဟီးရိုးကြီးလုပ်ချင်နေတယ်မဟုတ် လား၊ အဲတော့ နှစ်ယောက်တူတူချိုးတော့အမြန်ပြီးတာပေါ့၊ လာ..ချွတ်”
စိတ်မပါတပါဖြင့် ကျွန်တော်ပြောသမျှကိုနာခံသည်။ မနက်စာစားချိန်တွင်တော့ အဖွဲ့ဝင်အချို့နှင့်တွေ့ ကာ စပိဘုတ်ကိစ္စဝိုင်းဝန်းစီစဉ်ကြသည်။
ကမ်းခြေတစ်ဝိုက်ဝန်ဆောင်မှုပေးနေကြသည့် သူများထဲမှ ကျွန်တော်တို့သွားလိုသည့် ပုံစံနှင့်ကိုက်ညီ သည့် ဝန်ဆောင်မှုကို ရွေးချယ်ခဲ့ကြသည်။ Speed boat အကြီး၊ အသေး၊ စက်လှေ အစရှိသည်ဖြင့် ၆ ယောက်ဆံ့၊ ၈ ယောက်ဆံ့၊ ၂၄ ယောက်ဆံ့ အရွယ်အစားအမျိုးမျိုးရှိသည့် အနက် ကျွန်တော်တို့ကတော့ ၆ ယောက်ဆံ့နှစ်စီး ကို တစ်ယောက်ကို တစ်သောင်းခွဲကျပ်နှင့် ဈေးတည့်ခဲ့သည်။ တစ်ယောက်ကို ၁၈၀၀၀၊ ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ပုံစံအမျိုးမျိုးရှိကာ နေ့လည်စာကျွေး၊ ရေသန့်ပေး၊ ဟိုတယ် ကိုလာကြို အစရှိသည့်ဝန်ဆောင်မှု အမျိုးမျိုးရှိသည်။ ရေအောက်တွင်ဓါတ်ပုံရိုက်ပေးသည့် ဝန်ဆောင်မှု ကတော့ အားလုံးလိုလိုလုပ်ပေးကြလေသည်။ လှေရောက်လာသည့်အခါ သူက လှေတစ်စီးပေါ်သို့ဦး ဆောင်တက်သွားပြီး လှေပေါ်မှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက်ကို ဆွဲတင်ခေါ်လေသည်။ ကျွန်တော်ကတော့ နောက်လှေတစ်စီးပေါ်တွင်သာလိုက်ခဲ့ရတော့သည်။
“တောက်”
အတူတူသွားမည်ဟု မနက်စာစားစဉ်ကသေသေချာချာပြောထားရက်သားနှင့် ယခုကဲ့သို့အခြေအနေ ဖြစ်လာသည့်အခါတွင်တော့ စိတ်ထပ်တိုရပြန်ပြီ။ ကျွန်တော်တို့ငှားသည့် Speed boat က ငှက်ကျွန်းကိုပထမဆုံးလိုက်ပို့ပါသည်။ ပင်လယ်ရေနက်ကြီးထဲကို အရှိန်မြန်မြန်နှင့် မောင်းထွက်သွား သည့်အခါ လူတစ်ကိုယ်လုံးပြုတ်မကျအောင် လက်ကိုင်တန်းကိုကိုင်ထားရင်း ပင်လယ်ရေမှုန်ရေမွှား တွေက မျက်နှာပေါ်ကိုဖြန်းခနဲပက်လိုက်လူကဟေးခနဲအော်လိုက်နှင့် အင်မတန် ပျော်စရာကောင်းပါ သည်။ သို့သော်လည်း သူဘေးနားတွင်ရှိမနေသည့်အခါဆိုသည့်ခံစားချက် လှေတစ်စီးတည်းတွင် အတူ မရှိသည့် ခံစားချက်ကဆိုးရွားလှသည်။
ရေနက်ကြမ်းပြင်က ထင်ထားသကဲ့သို့ပျော့ပျောင်းမနေခဲ့ပါ။ ကားလမ်းကြမ်းကြမ်းကြီးကိုမောင်းနေရ သကဲ့သို့ ချိုင့်များ ခွက်များကို ဖြတ်သန်းသလိုမျိုး ဘုတ်ခနဲ ဘုတ်ခနဲ ဖြစ်ကာ အများသူငှားကို ဆောင့် ဆောင့်လျှက် ကျီးစားနေသည်။ ထိုခံစားမှုမျိုးကို ၂၅ မိနစ်ခန့်ခံစားရအပြီးတွင်တော့ ငှက်ကျွန်းကိုရောက် ပါသည်။
လှေနှစ်စီးက မတိမ်းမယိမ်းရပ်သည်။ သူတို့လှေကအရင်ရောက်နှင့်ကာ ကျွန်းပေါ်တက်ဖို့ပြင်ကြသည်။ ငှက်ကျွန်းတွင် စားသောက်ဆိုင်သုံးလေးဆိုင်ကိုတွေ့ရပြီး အားလပ်ရက်မို့လူအနည်းငယ်ရှိလေ၏။
“ခဏစောင့် ပြောစရာရှိလို့”
သူ့ကိုဖုန်းဆက်ခေါ်ရသည်အထိ အလိုက်မသိသူဖြစ်သည်။ လှေရပ်ပြီးတောင်ပေါ်တက်မည့်ဟန်ပြင်နေ သည့်အခိုက် ကျွန်တော်ဖုန်းဆက်လိုက်၍ သူစောင့်နေခဲ့လေသည်။ အားလုံးကိုယ်စီ တောင်ပေါ်ဆီကို တက်သွားသည့်အခိုက် သူနှင့် ကျွန်တော် နှစ်ဦးသာကျန်ခဲ့တော့သည်။
“နှစ်ယောက်အတူတူသွားမယ်ပြောထားရက်နဲ့ ဘာအချိုးချိုးပြန်ပြီလဲ ခင်ဗျားကြီး”
“ဟာ လုပ်ပြန်ပြီ၊ ဒီမှာ လိုက်စီစဉ်ပေးနေတာနားမလည်ဘူးလား၊ ရှေ့ကနေသွားတယ် နောက်ကနေမသိ မသာ အသာလေးလိုက်ခဲ့လေ၊ ပြီးပြီပေါ့၊ အခုက အခြေအနေက ဒီလိုဖြစ်သွားတာနားလည်ရမှာပေါ့”
“စကားကိုအလွယ်မပြောနဲ့ ကိုယ့်စိတ်ထဲရှိတာက သူများစိတ်ထဲရှိတာနဲ့မတူဘူး၊ နည်းနည်းပါးပါးလေး တော့ကိုယ်ချင်းစာစိတ်ထားလေ”
“တောက်”
သူ ဒေါသထွက်ကာယူလာသည့် အိတ်ကိုပစ်ပေါက်လိုက်သည်။ ကမ်းခြေအစပ်နားမှာမို့ လူအများသိပ် သတိမထားမိလိုက်ကြ။ ကျွန်တော်တို့နှစ်ယောက်၏ တိုက်ပွဲသည် လူမသိသူမသိ ဖြစ်ခဲ့သလို ကျွန်တော့ ရင်ဘတ်ထဲတွင်တစ်သက်တာလုံးကိန်းအောင်နေသော အမာရွတ်တစ်ခုလည်းဖြစ်မှန်းမသိဖြစ်ခဲ့ရလေ သည်။ တွေးလိုက်တိုင်း သူလုပ်ရက်လေခြင်းဆိုသည့်အတွေးက ကြီးစိုးကာ အိပ်မက်ဆိုးကြီးတစ်ခုပမာ ဖြစ်ခဲ့ခြင်းပင်။
သူသည် ဒေါသဖြင့်ပစ်ပေါက်လိုက်သော အိတ်ကို စက္ကန့်ပိုင်းအတွင်းပြန်ကောက်ကာ ငှက်ကျွန်းအပေါ်ဆီ ကို ခပ်သုတ်သုတ်တက်သွားတော့သည်။ ကျွန်တော်က သူနှင့်အတူတူတောင်တက်ချင်၍ ဖြစ်လာသည့် ပြသနာ ကို သူအဆင်ပြေအောင်မရှင်းလင်းခဲ့။
ကျွန်တော့ကိုများစောင့်ခေါ်လေမလားဟုတွေးမိသော်လည်း လုံးဝပင်နောက်လှည့်မကြည့်ခဲ့သည့်အပြင် ကျွန်တော် အနောက်မှနေ၍အေးအေးလူလူလိုက်၍မရအောင် ခေါ်၍မရအောင် အပြေးအလွှားတက် သွားခဲ့တော့သည်။ ငှက်ကျွန်းမှာ သိပ်မမြင့်ပါ။ လှေကားထစ်များကိုတက်ရင်း mini trekking ပြုလုပ်ရုံ မျှသာဖြစ်သည်။ နည်းနည်းတော့မောဟိုက်သည်ဟုဆိုရပေမည်။ ကျွန်းအပေါ်စီးမှနေ၍ ပင်လယ်ရေပြာ ပြာ၊ ကောင်းကင်ပြာပြာကိုနောက်ခံထားကာ ဓါတ်ပုံရိုက်ခြင်းဖြင့် အခြားကျွန်းမှိန်မှန်များ၊ ကျောက် ဆောင်နက်ကြီးများကိုလည်း မြင်ရမည်ဖြစ်သည်။ ကျွန်းပေါ်ကိုရောက်တော့ သူတို့ကဆင်းဖို့ပြင်နေလေ ပြီ။ ကျွန်တော့ကိုစကားတစ်ခွန်းမျှမပြော အနားလည်းလာမနေသည့်အပြင် ဆင်းမည့်အဖွဲ့နှင့်တစ်ခါ တည်းလိုက်သွားခဲ့လေတော့သည်။
ကျွန်းလျားရှည်နဲ့လိပ်ကျွန်းကတော့ ကပ်ရပ်မို့သပ်သပ်စီသွားစရာမလိုပါ။ လှေ (စပိဘုတ်) က ကျောက် ဆောင်ကြီးတစ်နေရာဆီကိုပင်မစတည်းချရာနေရာပြုလုပ်ပြီး ပင်လယ်ရေနက်ကြီးထဲတွင် အသက်ကယ် အင်္ကျီဝတ်ကာ ရေကူးရခြင်းဖြစ်လေသည်။ ရေမကူးလည်းပြသနာသိပ်မရှိ။ လှေဆရာများကစောင့်ကြပ် ပေးနေလေသည်။ ကျွန်တော်ကတော့ လှေပေါ်ပါလာသည့်သူငယ်ချင်းများနှင့်ရေနက်ထဲဆင်းကာ ရေ အောက်ဓါတ်ပုံရိုက်၊ Snorkeling လုပ်ကာ ရေအောက်ကြမ်းပြင်နှင့်ငါးများ၊ ကျောက်မှော်များကိုကြည့် လေသည်။ လှုပ်ရှားသွားလာသမျှ အသက်မပါ၊ ပျော်ရွှင်စရာမကောင်းခဲ့။ သူ့ကိုသာ ဒေါသထွက်ပြီးနား မလည်နိုင်အောင်ဖြစ်လေမိသည်။
မည်သို့ပင်ပြသနာဖြစ်ပါစေ။ ကျွန်တော်ဘာလိုချင်သလဲသူကောင်းကောင်းသိနေသည်။ ကျွန်တော့ဘေး နားခဏလာ၍ စကားတစ်ခွန်းသော်လည်းကောင်း၊ အမူအယာအားဖြင့်သော်လည်းကောင်း ပြောပြလိုက် လျှင် အရာအားလုံးပြေလည်နိုင်သည်ကိုသိလျှင်နှင့် ကျွန်တော့ကိုမခေါ်ဘဲငှက်ကျွန်းကိုတက်သွားခဲ့ သည်။ ကျွန်တော်နှင့်အတူလှေတစ်စီးမစီး၊ ကျွန်းလျားရှည်ရှိရေအောက်ဆင်းကာ Snorkeling ပြုလုပ် တော့လည်း အနားကိုတုတ်တုတ်မျှရောက်မလာခဲ့။ ခရီးစဉ်တစ်ခုလုံးတွင် သူ ကျွန်တော့ဘေးတွင်ခဏ တာမျှရှိမနေခဲ့။ ကျွန်တော်ဖြစ်စေချင်လွန်းသောအရာကို မသိကျိုးကျွံပြုနေခဲ့သည့် အပြုအမူသည်နာ ကျင်စရာကောင်းလှသော အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ရတော့သည်။
“ကိုယ်က ဒေါသနဲ့အမှတ်တမဲ့ပြုမူလိုက်တဲ့သေးသေးလေးကိစ္စတစ်ခုဟာ တစ်ဖက်လူအတွက်တစ်သက် လုံးနာကျင်စရာဖြစ်တတ်တယ်ဆိုတာ အစ်ကိုသိစေချင်တယ်”
သူနှင့်ပတ်သက်၍ ပျော်ရွှင်မှု၊ သာယာမှုများသာရှိလိုသော်လည်း ချိုချဉ်ဖန်ခါးအရသာအားလုံးရောစွက် နေလေတော့ ပျင်းစရာမကောင်းဘူးဟု အကောင်းဘက်ကတွေးရပါသည်။ သို့သော်လည်း ကတောက် ကဆဖြစ်သည့်အခိုက်အတန့်မျိုးတွင်တော့ ကမ္ဘာပျက်မတတ်ပူလောင်ရ၏။
အသွားအပြန် အချိန်သုံးနာရီခန့်သာကြာခဲ့သည့် ငွေဆောင်ကျွန်းပတ်ခရီးသည် ကျွန်တော့အတွက် သုံးကမ္ဘာစာမမေ့နိုင်စရာအခိုက်အတန့်ဖြစ်ခဲ့သည်။ တွေးမိတိုင်း နှလုံးသွေးများဆူပွက်လာသည်အထိ နာ ကျင်ရခဲ့သည်ဟုဆိုပါလျှင် အပိုပြောခြင်းမဟုတ်မှန်း ရင်ဘတ်ထဲကသာသိနိုင်ပါလိမ့်မည်။
“အရင်ချစ်သူနဲ့ လေးနှစ်တောင်မှချစ်ခဲ့တယ်ဆို၊ ဘယ်နေရာချစ်ခဲ့တာလဲပြောပါဦး၊ ချစ်သူဆိုတာ အဲဒီလိုပစ်စလက်ခတ် တွဲလို့ရသလား၊ ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မအောက်မေ့ဘဲ ချစ်သူထားလို့ရ သလား”
အခန်းထဲရောက်ပြီး နေ့လည်စာစားချိန်မရောက်ခင်မှာ စကားထပ်များကြပြန်သည်။ မကျေနပ်နိုင်သည့် ကိစ္စဖြစ်၍ ရင်ထဲသိုလှောင်မထားချင်ပါ။ သူကတော့ ကိစ္စတစ်ခုခုဖြစ်တိုင်း ရှောင်လွှဲခြင်း၊ အချိန်ရွှေ့ဆိုင်း ခြင်းနှင့် ဖြေရှင်းလေ့ရှိသော်လည်း ကျွန်တော်ကတော့ ထိပ်တိုက်ရင်ဆိုင်းခြင်းနည်းလမ်းကိုသာသဘော ကျလေသည်။
“နင် ဘာဖြစ်ချင်နေတာလဲ၊ ငါ့ကိုအရမ်းစိတ်ဒုက္ခပေးနေတယ်နော်၊ စိတ်ဆင်းရဲလာပြီ”
“ကျွန်တော်ဘာဖြစ်ချင်လဲ ခင်ဗျားကြီးတကယ်မသိဘဲလုပ်နေတာလား၊ သိအောင်ပြောပြရက်သားနဲ့ တမင်တကာ လူတစ်ဖက်သားကိုနှိပ်ကွပ်နေတာလားပဲပြော”
“နင်လိုချင်တာရပြီးပြီမှလား၊ ဘာလုပ်ပေးရဦးမှာလဲ”
ညတုန်းကအဖြစ်အပျက်ဆီကို အတွေးရောက်သွားမိသည်။ ကြည်နူးစရာပင်။ သို့သော်။
“ကျွန်တော်လိုချင်တာ ကြည်နူးမှုဗျ၊ ခင်ဗျားနဲ့အတူရေကူးမယ်၊ ပင်လယ်ဘေးလမ်းလျှောက်ရင်းလေပြင်း တွေကိုရင်ဆိုင်ကြမယ်၊ ခင်ဗျားအသားကိုထိပြီးသဲသောင်ပြင်ပေါ်ခြေတောက်ဗလာနဲ့လမ်းလျှောက်မယ်၊ ဒီရေတက်တာကိုအတူထိုင်ကြည့်မယ်၊ ညအမှောင်ကိုကြည့်ပြီး ပင်လယ်အော်သံကိုနားထောင်မယ်၊ အ ရက်တွေအတူသောက်မယ်၊ အတူမူးမယ်၊ တစ်ယောက်ပခုံးကိုတစ်ယောက်ဖက်ရင်း ပင်လယ်ထဲဒိုင်ဗင် အတူပစ်မယ် အဲဒါတွေ အဲဒါတွေအားလုံးဟာ ခင်ဗျားနဲ့ကျွန်တော်လုပ်ချင်တဲ့ ဒီကိုလာတဲ့ဆန္ဒတွေပဲ၊ ချစ် သူနဲ့အတူ စက္ကန့်တိုင်းရှိနေဖို့ထက် ရှိနေတဲ့အချိန်တိုင်းကတစ်ယောက်အပေါ်တစ်ယောက်ချစ်ခြင်းတရား နဲ့ပဲဆက်ဆံတာ၊ နူးညံ့ကြင်နာမှုတွေပဲပေးတာမျိုးကို ကျုပ်တစ်ယောက်တည်းလိုချင်တာမဟုတ်ဘူး၊ တစ် ကမ္ဘာလုံးမှာရှိတဲ့ချစ်သူတိုင်းလိုချင်တဲ့အရာပဲ”
“ဒါ ဟန်းနီးမွန်းမဟုတ်ဘူးလေ၊ နင် နားမလည်ဘူးလား”
“ဟုတ်တယ်၊ ဒါသူငယ်ချင်းတွေစုလာတဲ့ခရီး ဟန်းနီးမွန်းမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမဲ့ ခင်ဗျားကျွန်တော့ကို ဉပေက္ခာပြုပြီး သူများတွေကိုချည်းလိုက်ပြီးဂရုစိုက်နေရမယ့်ခရီးလည်းမဟုတ်ဘူး ဗျ”
“ဆန်းနေရောင်ရယ်၊ ငါ စိတ်ညစ်လာပြီ”
“ကျွန်တော့အရှေ့ကကောင်ကို အစ်ကိုဘယ်လိုတွဲခဲ့သလဲနားမလည်ဘူး၊ ကျွန်တော်ကတော့ တော်တော် ပင်ပန်းလှပြီ”
“နင်ဘာပြောလိုက်တာလဲ ဆန်းနေရောင်”
သူ့အရင်ရည်းစားသည် ကျွန်တော်နှင့်အသက်သိပ်မကွာသော လူငယ်တစ်ယောက်ဟုသိနှင့်ပြီးသားပါ။ လျှို့ဝှက်မထားသော်လည်း သူမပြောလိုသောကိစ္စကို ကျွန်တော်က အောက်ဖဲလှန်လိုက်သောအခါသူ ကျွန်တော့ကို အံအားတကြီးနှင့်ကြည့်တော့သည်။
>>>>>