“ညီ ဖန်တီးသော Love Story” အပိုင်း (၁၃)

(၁၃)

ဇွဲကပင်တောင်ကိုတက်ခဲ့သည့် သူငယ်ချင်းများနှင့်အတူသွားသည့် ဒုတိယမြောက်ခရီးစဉ်ကတော့ တိုင် ပင်ခဲ့ကြသည့်အတိုင်း ကမ်းခြေခရီးဖြစ်လေသည်။ သမီးရည်းစားများနှင့် အတူခရီးသွား၍မကောင်းဘူး ဆိုသည့်အချက်ကို ကျွန်တော် ရာနှုန်းပြည့်လက်ခံခဲ့သောအချိန်လည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်က အစ်ကိုနှင့်ကျွန်တော် ချစ်သူဖြစ်နေကြပြီလေ။

ငွေဆောင်ကမ်းခြေခရီးသည် သူငယ်ချင်းသပ်သပ်ချည်းဆိုပါက အင်မတန်ပျော်ရွှင်စရာကောင်းမည်ဟု ယူဆစရာရှိပါသည်။ ဇွဲကပင်ခရီးစဉ်တုန်းကလူအားလုံးမပါဝင်သော်လည်း တစ်ဝက်ခန့်တော့ပါဝင်ခဲ့ ပါ သည်။ သူနှင့်ကျွန်တော်ရည်းစားဖြစ်နေပြီဖြစ်ကြောင်းကို သူတို့သိလျှင်လည်းပြသနာမရှိကြောင်း ပြသ လိုသော်လည်း အစ်ကိုကတော့ သူတို့ရိပ်မိမှာ သိသွားမှာအင်မတန်စိုးရိမ်လေသည်။

“အစ်ကို့ ပတ်ဝန်းကျင်ကလူတွေကို ကျွန်တော်နဲ့ကြိုက်နေတာသိမှာ အဲလောက်ထိကြောက်ရသလားဗျာ၊ ဘာြဖစ်လဲ သိသိပေါ့”

“ရမလားကလေးရယ်၊ ဒါက မြန်မာနိုင်ငံလေ၊ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က လူကြီးတွေများတယ်လေ၊ ဒါကိုဘယ်လက်ခံမလဲကွယ်၊ ကိုယ်ကလည်းတစ်သက်လုံး ဒီလိုပဲနေလာတော့ ဒီအချိန်ကြီးကျမှ သူများ အပြောခံအဆိုခံမဖြစ်စေချင်ဘူးကွယ်၊ ညီကရော အစ်ကို့ကို သူများပြောဆိုတာကြိုက်လား”

“တစ်စက်ကလေးမှ မကြိုက်ဘူး၊ အစ်ကိုနဲ့ပတ်သက်လို့ တစ်ခုခုမကျေနပ်စရာလာလုပ်ကြည့်ပါလား၊ အဲ ကောင်ကို သောက်ခွက်ချည်းဖြတ်ရိုက်မှာ မိန်းမသော ယောင်္ကျားသော သိပ်ကြည့်မှာမဟုတ်ဘူး”

သူ လူမသိစေချင်သည့်ကိစ္စမို့ ဇောတကသိပ်မတက်ခဲ့တော့။ သူ့အလိုအတိုင်းလိုက်နေရန်ဆုံးဖြတ်ခဲ့ပါ သည်။ သို့သော်လည်းခရီးထွက်သည့်အခါမျိုးတွင် တစ်နေရာရာကိုနှစ်ယောက်တည်းသွားသည့်အခါမျိုး တွင်တော့ စိတ်ကိုလွှတ်ပြီးချစ်ချင်ပါသည်။ တစ်ချိန်လုံးထိန်းချုပ်နေရမည့်အဖြစ်ကို စိတ်အညစ်ဆုံးဖြစ် သည်။ ငွေဆောင်ခရီးတွင်တော့ သူက ပထမခရီးထက်ပို၍ သွက်သွက်လက်လက်ရှိခဲ့ပြီ။ ခရီးစဉ်အစအ ဆုံးအထိ ကားတစ်စီးလုံးအားဦးဆောင်သူလူကြီးအဖြစ် မေမီတို့ကလည်းသူ့ခေါင်းပေါ်ကိုပုံချလိုက်သည် မှ အစပြုကာ ကျွန်တော်နှင့်ပြသနာတက်တော့သည်။

ငှားထားသည့်ကားက ၁၂ ယောက်စီး။ ထုံးစံအတိုင်းခရီးသွားတိုင်းငှားနေကျကား။ ပြသနာက ထိုင်သည့် နေရာဖြစ်လေသည်။ ကျွန်တော်က သူနှင့်နှစ်ယောက်အတူတူထိုင်ချင်သော်လည်း သူကတော့ ခေါင်းခန်း တွင်ထိုင်သည့်သင်ဟုဆိုကာ ကားခေါင်းခန်းသို့ခွဲထွက်သွားထိုင်လေသည်။ ထမင်းစားနားခြင်း၊ အပေါ့ အပါးသွားရန်ကားရပ်နားခြင်းမျိုးတွင်လည်း ကျွန်တော်ရှိရာဆီတစ်စက်ကလေးမှမကြည့်။ တစ်ခါမှမသိ သည့်လူတစ်ယောက်လိုမျိုး၊ သိပ်မရင်းနှီးသည့်ခရီးဖော်လိုမျိုးကြည့်ကာ ဆက်ဆံတော့သည်။

“တစ်ခန်းတည်း တည်းဖို့ကိုတော့ ယူဘာသာယူစီစဉ်နော်၊ ကိုယ်က လူကြီးဆိုတော့ မကောင်းဘူး” ဟု ခရီးစဉ်မစတင်ခင်တုန်းက ကျွန်တော့ကို တည်းမည့်အခန်းနှင့်ပတ်သက်၍ ကြိုတင်ပြောထားခဲ့၏။ ထို ကိစ္စကတော့ပြသနာမရှိ။ ကိုယ့်ချစ်သူနှင့်တစ်ခန်းတည်း တည်းရရေးကို ကျွန်တော်က မရမကကြိုးစား မည်။

တကယ်ဆိုပါလျှင် အနေအထားတစ်ခုအရ အတူမထိုင်ဖြစ်ဘူးပဲထားဦး။ ထမင်းစားချိန်အတူတူတစ်ခုံ တည်းစား၍ရသည်။ မုန့်ဝယ်ချိန်စောင့်ဝယ်၍ရသည်။ ယုတ်စွအဆုံးအပေါ့အပါးသွားချိန်အတူတူသွား၍ ရသည်။ ကျွန်တော်တို့ကချစ်သူတွေမို့ သွားအတူလာအတူ စားအတူဖြစ်သင့်သည်မဟုတ်ပါလား။ တစ်ခ ရီးတည်းသွားသည့် သူငယ်ချင်းအချင်းချင်းတောင် စောင့်ခေါ်သွားလာနေကျကို သူကတမူးသာ၍ သူများ မြင်လျှင်မကောင်းဟု အကြောင်းပြသည်ကိုလည်း အံအားသင့်လှသည်။

“ငါကဘာကောင်လဲ၊ သူ့ချစ်သူမဟုတ်ဘူး၊ သောက်ရေးမပါတဲ့ကောင်လေ၊ ချစ်သူဆိုပြီးတော့ငါ့ကို နည်း နည်းလေးမှ သောက်ရေးမလုပ်ဘူး၊ ပလစ်ခံရတယ်၊ တမင်တကာချိုးတာများလား” အစရှိသည့် အတွေး များဖြင့် လမ်းတစ်လျှောက်လုံးပူလောင်နေခဲ့သည်။ သူကလည်း တစ်စက်ကလေးမှ ကျွန်တော်ရှိရာဆီကို ငဲ့စောင်းမကြည့်။ သို့သော်လည်း ကားပေါ်ရှိအခြားသူငယ်ချင်းများနှင့် စလိုက် နောက်လိုက်ဖြင့် ဟီလာ တော့ထဖော်ရသည်။

“ကိုဝေယံကြီး အဲလောက်ကြီးမျက်နှာပြောင်မယ်တောင်မထင်ထားဘူး၊ အချက်အပြုတ်လည်းကျွမ်း တယ်တော့ သူ့အိမ်ကလုပ်လာတဲ့ကြက်ကြော်က အမလေး တစ်သက်လုံးသူ့အိမ်သွားနေချင်စိတ်ဖြစ် လောက်အောင်အထိကောင်းတာ”

မိန်းကလေးတစ်ချို့၏ မြှောက်ပင့်ပြောဆိုမှုအပေါ်သူသာယာနေသည်လား။ အားလုံးက သူ့ကိုဟီးရိုးကြီး တစ်ယောက်လိုဆက်ဆံနေသည်ကို သူသဘောကျနေသည်လားမပြောတတ်တော့။ သေချာသည်က တော့ ကျွန်တော့ကိုသူ ဉပေက္ခာပြုထားခြင်းပင်။ သူက သူ့ဝါသနာအရ အိမ်မှုကိစ္စဗာဟီရအကုန်လုံးကို သူ့လက်သူ့ခြေလုပ်ချင်သူဖြစ်ခြင်းသည် ကျွန်တော့အတွက်သဝန်တိုစရာပိုရလေခြင်းပင်ဖြစ်လေမလား လည်းမပြောတတ်တော့။

နေ့လည်စာစားရန်ရပ်နားသည့်အခါတွင်လည်း စုပုံစားသောက်ရန်၊ အားလုံးစားချင်သည့်အစားအ သောက်များကိုမျှမျှတတဖြစ်အောင်မှာရန် သူကစီမံခန့်ခွဲပေးသည်။ မိန်းကလေးများအတွက် အချဉ် ပေါင်းလက်ဖက်အစကိုယ်တိုင်လုပ်လာပေးကာ ယောင်္ကျားလေးများအတွက် သောက်စရာ အမြည်းများ ကိုလည်းစီစဉ်လာခဲ့ပေးသည်။ ကားဆီဖြည့်သည့်အခါ ကားပေါ်ကဆင်း၍ ကားဆီပေါက်ဆီကိုဆင်း၍ ကြည့်ပေးသည်။ သူလုပ်သမျှအရာရာတိုင်းကို ကျွန်တော်က မျက်စိဒေါက်ထောက်ကြည့်နေသူဖြစ်ပြီး သူ ကတော့ ကျွန်တော်ရှိရာဆီ တစ်ချက်မှလှည့်မကြည့်သောအခါ ဝမ်းနည်းစိတ်များဖြစ်လာသည်။ ထို့ နောက်တွင် ငါ့ကိုလုပ်ရက်လေခြင်းဟူသောအသိတရားဖြင့်ဒေါသလည်းထွက်လာသည်။ အချစ်စိတ်က ဉပေက္ခာပြုမှုခံရသည့်အခါ ဒေါသဖြစ်သွားခြင်းပင်။

ခရီးသွားတိုင်း တက်ကြွရွှင်လန်းနေခဲ့သောကျွန်တော် ထိုစိတ်ဝင်လာသည့်အတွက်ကြောင့် ဒေါသထွက် ရသည်။ ဟန်မဆောင်တတ်၍ မျက်နှာကစူပုပ်နေသည်။ ခရီးဖော်သူငယ်ချင်းများကသတိထားမိသွား၍ မေးကြသော်လည်း သူကတော့နည်းနည်းလေးမျှမမေး မသိချင်ယောင်ဆောင်နေသည့်အရိပ်အယောင် များလည်းတွေ့ရလေသည်။ ငွေဆောင်ရောက်သည့်အခါ နှစ်ယောက်တစ်ခန်းရရှိစေရေး ကျွန်တော်က သော့မန်နေဂျာအဖြစ် မည်သူကမျှတာဝန်မပေးဘဲလုပ်ပစ်လိုက်သည်။

“ဟေး ချက်ချင်းထွက်ရမှာနော် အဝတ်လဲပြီးချက်ချင်းထွက်ခဲ့”

ကောင်မလေးအုပ်စုနှင့်စနောက်ကာ ရေကူးရန်ချိန်းဆိုသည်ကို ကျွန်တော်ကလည်းကြားဖြစ်အောင်ကြား လိုက်ပါသည်။ အခန်းထဲတွင် ခေတ္တခဏနား၍ အေးအေးလူလူနေချင်သော်လည်း သူ့အပြုအမူက မည်သို့ မျှခံစားပုံမရ။ ရေကူးကန်တွင်ရေသွားကူးရန်သာတက်ကြွနေတော့သည်။ ရန်ကုန်မှ မနက်စောစောထွက် လာပြီး ငွေဆောင်ကို ဟိုတယ်ချက်ကင်အချိန်မီရောက်လာကြခြင်းပင်။ နေ့လည်စာလည်းစားပြီးပြီမို့ ရေကူးလိုက်အနားယူလိုက်လုပ်ရန်အချိန်ဖြစ်သည်။ ထိုအချိန်ကို ချစ်ရသူနှင့်အကျိုးရှိစွာဖြုန်းတီးရန်သူ မစဉ်းစားခဲ့ဘဲ အခြားသူစိမ်းများနှင့်ပျော်ပါးရန်သာစိတ်ကူးခဲ့လေသည်။

အခန်းထဲရောက်ပြီးသည့်အချိန်တွင် ကျွန်တော်သူ့ကိုတောက်လျှောက်ကြည့်နေခဲ့ပြန်သည်။ သူက ကျွန် တော့ဆီကိုလာကာ တစ်ချက်တော့သိုင်းဖက်လိုက်သည်။ “အား လွမ်းလိုက်တာ ညီရယ်” ဟုတစ်ခွန်း ဆို ကာ သူ့မျက်နှာကို ကျွန်တော့ရင်ခွင်ဆီတစ်ချက်အပ်သည်။ ချစ်သူ၏ ပါးပြင်နှင့် ကျွန်တော့ရင်ဘတ်ထိ တွေ့ခွင့်ရသည့်အခါ သူ့အပေါ်ဖြစ်ခဲ့သော ဒေါသစိတ်များပြေလျော့သွားသယောင်ခံစားရသည်။ ကျွန် တော်က သူ့နှုတ်ခမ်းဆီကိုနမ်းရန်ဟန်ပြင်စဉ်မှာပဲ သူက “ရေသွားကူးမလို့ လိုက်လာခဲ့နော်၊ ဟိုကလေး မ တွေကို ရေကူးသင်ပေးမယ်ပြေားထားလို့” ဟုဆိုကာ ရေကူးဘောင်းဘီလဲ၊ အခန်းပြင်ဆီကိုထွက်သွား တော့သည်။ ကျွန်တော့မှာ တောက်တစ်ချက်ခေါက်ပြီး ဆန့်ငင်ဆန့်ငင်ကျန်ခဲ့ရလေတော့သည်။

ရေကူးကန်ဆီလိုက်မသွားဖြစ်။ ဒေါသများပြေရာပြေကြောင်းတစ်ရေးတစ်မောအိပ်လိုက်သည်။ ကျွန် တော်နိုးလာသည့်အခါတွင်တော့ ညနေစောင်းခဲ့ပြီ။ သူကရေမိုးချိုးပြီး အခန်းရှေ့တွင်သောက်စားရန်စီ စဉ်နေပြီးပြီ။

“ညီ နိုးလာပြီလား”

အခန်းထဲရှိရေခဲသေတ္တာထဲမှ တစ်စုံတစ်ခုလာယူတုန်း ကျွန်တော်နိုးနေသည့်အခိုက်နှင့်ကြုံတော့ ကျွန် တော့ကို ညင်ညင်သာသာနှုတ်ဆက်စကားလှမ်းဆိုသည်။

“ကဲ ထ သွား၊ ရေချိုးတော့…ပြီးရင်သောက်ကြမယ်၊ စားကြမယ်၊ အဆင်သင့်ပြင်ထားတယ်၊ ညီကြိုက်တဲ့ အမဲသားခြောက်လည်းဖုတ်လာပေးတယ်”

ကျွန်တော့အကြိုက်ကိုသူသိပြီး တကူးတကလုပ်လာပေးပါလားဆိုသည့်အသိဝင်လာကာ သူ့ကိုကျေးဇူး တင်မိပြန်သည်။ ထို့နောက် သူအနားမှာမနေသည့်အတွက် စိတ်တိုရဝမ်းနည်းရပြန်ပါသည်။

“ညကျရင် အေးအေးဆေးဆေး ကမ်းခြေဖက်လမ်းထွက်လျှောက်ကြမယ်၊ ဟုတ်ပြီလား”

ဟု သူကထပ်ပြောပြန်တော့ “အင်း ညကျရင်တော့ သူ့အပြုအမူတွေဟာ ရည်းစားဖြစ်တဲ့ငါ့အတွက် တော့သဝန်တိုစရာကိစ္စတွေ မလုပ်စေချင်တဲ့ကိစ္စတွေဆိုတာ အေးအေးလူလူ ပင်လယ်ဘေးမှာလျှောက် ပြီးပြောပြရတာပေါ့” ဟု တေးမှတ်ထားလိုက်လေသည်။ သို့သော်လည်း ကျွန်တော့အကြံမအောင်မြင်ခဲ့ ပါ။ ဝိုင်းဖွဲ့စားသောက်ပြီးတော့ သူကပင်စ၍ ဝိုင်းတွင်စကားစသည်။

“ကဲ ပင်လယ်ဖက်လမ်းလျှောက်မယ်၊ ဘယ်သူလိုက်မလဲ”

ယောင်္ကျားလေးတော်တော်များများက ဟိုဟိုဒီဒီမလိုက်ချင်ကြတော့။ ပင်ပန်းထားကြသည်မို့အခန်းပြန် အိပ်ချင်သည်ဟုဆိုကြသည်။

“မီးတို့လိုက်မယ် ကိုဝေယံကြီး”

မိန်းကလေးအုပ်စုနှင့်သူ ပင်လယ်ဖက်ဆီလမ်းလျှောက်သွားခဲ့တော့သည်။ မျှော်လင့်ခဲ့သည်များဆုံးရှုံးရ သည့်အခါ ဒေါသကပိုလာသည်။ အလိုက်ကန်းဆိုးမသိလေခြင်းဆိုသည့်စကားအဆင့်မဟုတ်တော့။  ကျွန်တော့ကို အကြောင်းတစ်ခုခုဖြစ်တမင်တကာ စိတ်ဒုက္ခပေးလေခြင်းဟု ကင်ပွန်းတပ်လိုက်ကာ အိပ် ရာဝင်ခဲ့တော့သည်။ တစ်နေကုန်နီးပါး ဉပေက္ခာပြုခြင်းအတွက် သူကတော့ မသိကျိုးကျွံပြုနေသ လောက် ကျွန်တော့ရင်ဘတ်တစ်ခုလုံးလောင်မြိုက်လျက်ရှိနေလေသည်။

သူပြန်ရောက်လာသည်အထိ စောင့်ကာ အိပ်ရာပေါ်လူးလိမ့်ခံစားဒေါသမျိုချရတော့သည်။ ကမ်းခြေဖက် လမ်းလျှောက်သည့်အချိန်တော့ သိပ်မကြာလိုက်ပါ။ သူပြန်ရောက်လာခဲ့သည်။ သူအခန်းထဲဝင်ဝင်လာ ချင်းတွင်ပဲ ကျွန်တော်က သူ့ကို စိမ်းကားစွာကြည့်လိုက်မိသည်။ ဒေါသမျက်လုံးများသူ့ဆီကိုကူးစက်သွား လေ၏။

“ဘာဖြစ်နေတာလဲ”

“ဘာဖြစ်ရမလဲ၊ မသိဘူးလား ခင်ဗျား ကျွန်တော့ကိုလုပ်တာတွေ နှိပ်ကွပ်တာတွေ၊ ကျွန်တော်နဲ့လမ်း လျှောက်ဖို့ပြောပြီး ဘာလို့သူတို့နဲ့သွားလျှောက်သလဲ”

သူက စဉ်းစားဟန်ပြုပြီးမှ သူပြောသည့်စကားကိုအခုမှ သတိရဟန်ပြုသည်။ နှစ်ယောက်စလုံးကလည်း သောက်ထားကြပြီးခပ်ထွေထွေမို့ ပုံမှန်အချိန်ထက် အနည်းငယ်ဆင်ခြင်တုံတရားကင်းမဲ့လို့နေလေသည်။

“ဟာ အေး၊ ဆောရီး မေ့သွားတာ လူရောသွားတာ”

 

“အဲဒီလောက်အထိ ကျွန်တော့အပေါ်အာရုံထားတာကျေးဇူးတင်တယ်၊ တစ်လမ်းလုံးလည်းကျွန်တော် ကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ဘူး၊ ဘာလဲ ရည်းစားထားတာ လျစ်လျုရှုဖို့အတွက်လား၊ ကျွန်တော်ကခင် ဗျားအတွက် သောက်ပေါကြီးများဖြစ်နေပြီလား”

ကျွန်တော်ဒေါသထွက်နေပြီးမှန်း သူကောင်းကောင်းသဘောပေါက်ခဲ့ပြီဖြစ်သည်။ သို့သော်လည်းသူ့ဖက် ကတမင်ရည်ရွယ်လုပ်နေခြင်းမဟုတ်ကိုတော့ ကာကွယ်ပြောဆိုပါသည်။

“ငါဘာလုပ်လို့လဲ၊ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးနေတာလေ၊ ဒါလေးတောင်နားမလည်ဘူးလား”

“ကျွန်တော့အတွက်အဆင်မပြေဘူး”

“အေး၊ အဆင်မပြေအောင် ဘယ်သူကမှ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး၊ အဲလိုစိတ်လည်းမရှိဘူး၊ ဒီအတိုင်းပဲတစ်သက်လုံးနေလာတာ၊ ဘာအပိုအလုပ်တွေမှလည်းလုပ်တာမဟုတ်ဘူး”

“တစ်ဖက်သားခံစားချက်ကိုထည့်တွက်ပေးသလား၊ အထူးသဖြင့် ကျွန်တော့ခံစားချက်ကိုထည့်တွက် ပေး သလား၊ ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ခရီးအတူသွားတာ အတူထိုင်ချင်တာ အတူစားသောက်ချင်တာပေါ့၊ နောက်ဆုံးဘာမှမလုပ်နိုင်ရင်တော့ အကြည့်နဲ့စကားပြောလို့ရတာပဲ၊ ထမင်းစားချိန်ဖြစ်ဖြစ်အတူမထိုင် နိုင်ရင်တောင် ကျွန်တော်အဆင်ပြေရဲ့လား ကျွန်တော့ကိုတစ်ချက်ကြည့် ကျွန်တော်ကပြန်ကြည့်ပြီး အသိအမှတ်ပြုရင်ရပြီလေ၊ ကျွန်တော်တောင်းဆိုနေတာ အဲလောက်တောင်ခက်ခဲသလား၊ ကြီးမားသ လား၊ အဲလိုလုပ်လိုက်လို့သေသွားမှာမို့လို့လား”

“အကုန်လုံးနဲ့အဆင်ပြေအောင်နေရတာလေ၊ အားလုံးအဆင်ပြေအောင်လုပ်ပေးနေတာလို့ပြောပြီးပြီ လေ၊ နင်လိုချင်တာချည်းပြောလို့ရမလား၊ အများနဲ့လာတာလေ”

“ကျွန်တော်လိုချင်တာချည်းပြောရရင် ဒီခရီးတောင်လိုက်လာစရာအကြောင်းမရှိဘူး၊ ခင်ဗျား ကျုပ်ကို အတ္တကြီးတယ် အတ္တကြီးတယ်နဲ့ပြောပြောနေခဲ့တာ အခုဘယ်သူအတ္တကြီးတာလဲ စဉ်းစားဆုံးဖြတ်ကြည့် လေ၊ ခင်ဗျားလုပ်တဲ့အကွက်တွေက ကိုယ်ဟီးရိုးဖြစ်ရင်ပြီးရော ကိုယ့်ချစ်သူကိုသောက်ဂရုစိုက်စရာမလို ဘူးဆိုတဲ့အကွက်လေ၊ သူများတွေက ခင်ဗျားကို ကိုဝေယံကြီး အရမ်းအားကိုးရတာပဲ၊ တော်လိုက်တာ ဆိုတဲ့ ချီးမွမ်းစကားတွေက ကျွန်တော့ကိုဉပေက္ခာပြုပြီးမှရထားတာ၊ ကျွန်တော့ဝမ်းနည်းမှုတွေ ဒေါသ တွေ သဝန်တိုမှုတွေနဲ့ရင်းပြီးမှရထားတာ၊ အဲဒါကိုကျေနပ်နေတာလား”

“နင် မနာလိုဖြစ်နေတာလား”

“ကျုပ်မှာ အဲလိုစိတ်တစ်စက်မှမရှိဘူး၊ ခင်ဗျားကိုချစ်တာက ခင်ဗျားကို ပျော်ရွှင်စေချင်တာ၊ အရာရာတိုင်း မှာ အကောင်းအညွှန့်ဆိုတာကို ခင်ဗျားကိုပဲပေးချင်တဲ့စိတ်ပဲရှိတယ်၊ ဘယ်အရာဖြစ်ဖြစ်သူ အဆင်ပြေဖို့နံပါတ်တစ်အချက်လို့ ၂၄ နာရီပတ်လုံးတွေးတယ်ဗျ၊ ခင်ဗျားကောင်းစားလေ ကျွန်တော် ပျော်ရွှင်လေ၊ ခင်ဗျားကို ပတ်ဝန်းကျင်ကချီးမြှောက်လေ ကျွန်တော်ဝမ်းသာလေပဲ၊ အေး ဒါပေမဲ့ အမြဲအ တူဘေးမှာရှိတဲ့ ကျွန်တော့ကိုတော့ အသိအမှတ်ပြုရမယ်၊ လူရာသွင်းရမယ်ဗျ၊ ကျုပ်ကခင်ဗျားချစ်သူ ဆို တာကိုမေ့ပြီး သာယာနေဖို့ ကျုပ်တို့က သူစိမ်းတွေမဟုတ်ဘူးဆိုတာ ခေါင်းထဲထည့်ထားရမယ်”

“မထည့်ဘူး မလုပ်နိုင်ဘူးဟာ၊ ဘာဖြစ်သေးလဲ”

“ကျွန်တော်ပြောတာတွေအကုန်လုံးအမှန်ချည်းပဲလိုဝန်ခံလိုက်တာလား၊ ဒါဆို ကျွန်တော့ကိုဘာလို့ချစ် ခဲ့သေးလဲ၊ ကျုပ်ကိုစိတ်ဆင်းရဲအောင်လုပ်ဖို့ ခင်ဗျားကြီးကိုဘယ်သူကခိုင်းခဲ့တာလဲပြော”

“မဟုတ်ပါဘူး တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးလို့ပြောနေတယ်လေ၊ စကားတတ်တိုင်း စကားလုံး တွေနဲ့လာပြီးနှိပ်ကွပ်မနေနဲ့..နင်လွန်လာပြီနော်”

သူ ကျွန်တော့ရှေ့တွင်ငိုချလိုက်သည်။

သူ့မျက်ရည်များမြင်သည့်အခါ ကျွန်တော့စကားလုံးများသည်သူ့အတွက် ပုံမှန်ထက်နာကျင်စေခဲ့ကြောင်း ကို စိတ်မကောင်းစွာသဘောပေါက်လိုက်တော့သည်။ ဒေါသထွက်ထားသူမို့ ချက်ချင်းလက်ငင်းချော့ဖို့ ကလည်း သက်တောင့်သက်သာမဖြစ်သေးပြန်။

“အစ်ကိုရာ”

ကျွန်တော် သူ့ကိုပွေ့ဖက်လိုက်တော့သည်။ သူက ပထမတော့ “လာမဖက်နဲ့” ဟုဆိုကာရုန်းသည်။ သို့ သော်လည်း ကျွန်တော့ထပ်ခါတစ်လဲလဲပွေ့ဖက်မှုကိုမရုန်းနိုင်တော့။

“ကျွန်တော့ချစ်သူဆီက ကျွန်တော်တစ်နေ့လုံးမျှော်လင့်တောင့်တနေခဲ့တာ ဒီအချိန်ဗျ”

လွမ်းနေခဲ့သော သူ့နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းလေးနမ်းပစ်လိုက်ကာ သူ့ကိုအိပ်ယာပေါ်လဲချပစ်လိုက် တော့သည်။ ထိုစဉ်မီးပြတ်သွားခဲ့၏။

>>>>>