“ညီ ဖန်တီးသော Love Story” အပိုင်း (၁၂)

(၁၂)

သူက ကျွန်တော်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိနားလည်သိရှိပြီး အကဲခတ်ပြီးသူမို့ ကျွန်တော် နှင့်သူ ချစ်သူဖြစ်ခွင့်ရခဲ့ပါသည်။ သာမာန်အားဖြင့်သူ့ကိုချစ်သူဖြစ်ခွင့်ရဖို့ အရမ်းကြီးမခက်ခဲဟုဆိုနိုင် သော်လည်း ကျွန်တော်တို့၏ ချစ်သူသက်တမ်းခရီးလမ်းမှာ အဆင်ပြေချောမွေ့နေသည်ဟုပြော၍မရပါ။ ညှိနှိုင်းရမှုများ၊ နားလည် အလျှော့ပေးရမှုများစွာ ပါဝင်ဖြည့်စွက်ခဲ့ရလေသည်။

မည်သို့ပင်ဆိုစေကာမူ ကျွန်တော်အစ်ကို့ကိုချစ်ပါသည်။ တစ်ကမ္ဘာလုံးတွင်ရှိသည့်လူများ ကျွန်တော့် အချစ်ကိုနားလည်သဘောပေါက်ကြမည်ဆိုလျှင် သူ့ကိုကျွန်တော် တောင်းရမ်းလက်ထပ်ယူချင်ပါသေး သည်။ မတည့်အတူနေရသည့်အဖြစ် သူ့အလိုလိုက်ရသည့်အဖြစ် တစ်ခါတစ်ခါသူက ကျွန်တော့ကို အ လျှော့ပေးရသည့်အဖြစ်များသည် ချိုမြိန်စရာအချစ်အရသာများဖြစ်ခဲ့ပါသည်။

အသက်အားဖြင့် အစ်ကိုနှင့်ကျွန်တော် ၈ နှစ်ဝန်းကျင်ကွာဟပါသည်။ အစ်ကိုက ၁၉၈၂ ခုနှစ်တွင်မွေးဖွား သူဖြစ်ပြီး ကျွန်တော်ကတော့ ၁၉၉၀ ခုနှစ်မွေးဖွားသူဖြစ်သည်။ ကျွန်တော်တို့ချစ်သူစဖြစ်သည့်နေ့က ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်ဖြစ်သည်။ မှတ်မှတ်ရရ သူကျွန်တော့ကိုအဖြေပြန်ပေးသည့်နေပေါ့။ ဆူး လေနားက ဆိုင်တစ်ဆိုင်တွင်ချိန်းဆိုကာအဖြေတောင်းခဲ့ပါသည်။

“ကျွန်တော် တစ်သက်လုံးစာအတွက်ချစ်သွားပါ့မယ်၊ အစ်ကို့ဆီက ချစ်တယ်ဆိုတဲ့အဖြေကိုလိုချင် တယ်အစ်ကို၊ အနားမှာအမြဲတမ်းရှိခွင့်ပေးပါ”

အရှေ့တွင် မည်သို့ပင်ရှိခဲ့ ရှိခဲ့ သူ့နှုတ်မှ ကျွန်တော့ကိုချစ်တယ်ဟူသည့်တရားဝင်စကားကို လိုချင်နေ သည်မို့ သပ်သပ်ချိန်းဆိုအဖြေတောင်းခဲ့ခြင်းပင်။

“ဒီလောက် အခြေအနေကို နင် နားမလည်ဘူးလားကွာ”

သူက ဘုဆတ်ဆတ်နှင့်ပြန်ပြောခဲ့သော်လည်း ကျွန်တော့ဂျီကျမှုကိုတော့မလွန်ဆန်နိုင်ခဲ့ပေ။

“နားလည်ပါတယ်၊ အစ်ကို့ရင်ထဲကိုလည်းကျွန်တော်မြင်ရတယ်၊ ဘယ်လိုသဘောထားတယ်ဆိုတာကို လည်းကောင်းကောင်းသိပါတယ်၊ ဒါပေမဲ့ အစ်ကို့နှုတ်ကမပြောရင်တော့ တရားဝင်မဟုတ်ဘူးလေ၊ အစ် ကို့ကို ကျွန်တော်တရားဝင်တွဲချင်တာပေါ့ဗျ”

“ငါ့အလုပ်ကလူတွေ ငါ့ပတ်ဝန်းကျင်ကလူတွေကိုပါ မောင်းခတ်ကြေညာစေချင်တာလား”

“မဟုတ်ပါဘူး၊ အစ်ကိုရှက်တတ်မှန်းလည်းသိပါတယ်၊ ကျွန်တော့ကို နှစ်ကိုယ်ကြားလေးပဲပြော၊ ဆန်း နေရောင်ကိုချစ်တယ်လို့”

“ကျွတ်…တော်တော်ခက်တဲ့အကောင်”

အချိန်တော်တော်ကြာ ဂျီတိုက်ပြီးမှ “အေးဟာ ချစ်တယ် ချစ်တယ်” ဆိုသည့် ငြူစူစူအဖြေကိုပေးလေ သည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်သဘောကျပါသည်။ သူ့နှုတ်ဖျားမှ ထွက်အံကျလာသည့်စကား လုံးများကို ကျွန်တော်မြတ်နိုးလှပါသည်။ ကျွန်တော့အချစ်ကို ဆန့်ကျင်တွန်းလှန်မည့်စကားလုံးများက လွဲရင်ပေါ့လေ။

ထူးဆန်းစရာကောင်းသည်မှာ သူသည် ကျွန်တော်နှင့်မေ ပြတ်စဲပြီးနောက်ပိုင်း သူနှင့်ချစ်သူဖြစ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော့မိသားစု၊ ကျွန်တော့ပတ်ဝန်းကျင်၊ သူငယ်ချင်းများအကြောင်းကို နှိုက်နှိုက် ချွတ်ချွတ်မေးသည့်အကြိမ်ရေနည်းပါးလေသည်။ ယျေဘုယျအားဖြင့်သာမေးလေ့ရှိပြီး သိပ်စိတ်ဝင်စား ဟန်လည်းမပြပါ။ ကျွန်တော်ကတော့ သူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့မိသားစု သူ့ပတ်ဝန်းကျင် သူ့ သူငယ်ချင်းအကြောင်းကို အမြဲတစေစိတ်ဝင်စားလေ့ရှိကာ သဝန်တိုရန်လည်းဆည်ဝမှစောင့်နေသော ဗျိုင်းကဲသို့ လည်တမျှော်မျှော်ဖြစ်နေလေသည်။

“ကျွန်တော့ မိဘတွေက မော်လမြိုင်မှာ၊ ရန်ကုန်မှာက အဖွားနဲ့နေတာ၊ အဒေါ်မိသားစုရော၊ မောင်နှမ ဝမ်းကွဲတွေရော အတူနေကြတယ်၊ ကျွန်တော်စီးနေတဲ့ကားက အဖွားဝယ်ပေးထားတဲ့ကား၊ အခုအလုပ် က ကျောင်းပြီးကတည်းလုပ်လာတဲ့ပထမဆုံးအလုပ်ပေါ့၊ ရာထူးက Brand Officer ၊ ကုမ္ပဏီကထုတ်တဲ့ ထုတ်ကုန်တွေအကြောင်းကို အများပြည်သူသိအောင်လုပ်ပေးရတယ်၊ ကြော်ငြာကိစ္စတွေလုပ်ပေးရ တယ်၊ ဘယ်မြို့မှာတော့ ဘယ်ထုတ်ကုန်တွေရောင်းအားကောင်းပြီး ရောင်းအားမြှင့်သင့်တယ်၊ ဘယ်မြို့ ကတော့ ရောင်းအားကျလို့ အခြားပစ္စည်းတစ်မျိုးပြောင်းပြီးရောင်းသင့်တယ်ဆိုတာမျိုးကို အဓိကလုပ်ရ တာဖြစ်ပါတယ်၊ ရုံးချုပ်ကဟောင်ကောင်မှာ၊ ထိုင်းမှာလည်းရုံးခွဲရှိတယ်၊ အဲဒီရုံးတွေကိုလည်း မကြာမ ကြာသင်တန်းသွားတက်ရတာမျိုးတွေရှိတယ်”

သူသိထားသည်ရော မသိထားသည့်ကိစ္စများပါရော၍ သူ့ကို ကျွန်တော့အကြောင်းပြောပြဖြစ်ပါသည်။ သူ့ အကြောင်းကိုတော့ သူကိုယ်တိုင်ရှည်ရှည်ဝေးဝေးမပြောသော်လည်း ကျွန်တော်ကတော့ ဟိုတစ်စွန်းဒီ တစ်စဖြင့် မေးမြန်းသိရှိပြီးဖြစ်ပါသည်။

“ပိတ်ရက် အိမ်လိုက်လည်ပါလား”

သူက ကျွန်တော့လို စကားအလှသိပ်မပြော၊ တိုင်းရင်းသားမို့လို့လည်းဖြစ်ကောင်းဖြစ်မည်။ သူပြောချင် လိုချင်သည်များကို ဝေ့ဝိုက်မနေခဲ့ပါ။ စကားအပိုများကိုလည်းသိပ်ပြောလေ့ပြောထမရှိသည်မို့ စကားဝိုင်း တော်တော်များများကို ကျွန်တော်ကသာဦးဆောင်ရသည်။ သူကျွန်တော့ကိုချစ်သည့်အမူအရာများ စိတ် များကိုတော့ သူ့မျက်လုံး သူ့အပြုအမူများမှတစ်ဆင့် ကျွန်တော်ကောင်းကောင်းမြင်ရပါသည်။

သူ့အိမ်ကို ထမင်းစားဖိတ်သည့်နေ့က အင်မတန်ရင်ခုန်ခဲ့ပါသည်။ ချစ်သူအိမ်ကို ပထမဆုံးလိုက်လည်ရ သည့်နေ့မို့ သူ့မိသားစုနှင့်အဆင်ပြေပါ့မည်လား၊ သူ့ပတ်ဝန်းကျင်က ကျွန်တော်နှင့်သူကိုမည်သို့ထင်ကုန် မည်လဲ ဟုသည့်အတွေးများကိုလည်းတွေးနေခဲ့လေသည်။ သူ့မှာ မိခင်နှင့် ညီလေး တစ်ယောက်ရှိမှန်း အ စောကြီးကတည်းက သိထားခဲ့ပြီး ထိုနေ့တွင် သူတို့နှင့်တွေ့ခဲ့ရသည်။ သူ့မိခင်မှာ ရုပ်လှသဘောကောင်း သော ကချင်လူမျိုးအန်တီကြီးဖြစ်လေသည်။ ရိုးရာအစားအသောက်များနှင့်ကျွန်တော့ကို ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံပြီး ထိုအစားအသောက်များအားလုံးက ချစ်သူ၏ လက်ရာဖြစ်လေသည်။

“အန်တီကတော့ လက်နာနေလို့မချက်ဖြစ်ဘူး၊ ဝေယံကြီးချက်ထားတာ”

ကျွန်တော်ကြိုက်သော အမဲသားနှပ်၊ ပင်လယ်စာသုပ် တို့သည် ထမင်းစားပွဲဝိုင်းတွင် ပန်းကန်လှလှဖြင့် အလှဆင်ထားကာ ကမ္ဘာပေါ်တွင်အကောင်းဆုံးသောဟင်းလက်ရာများဖြစ်ခဲ့သည်။ ပဒက်စာနှင့်ရော ချက်ထားသည့်ဘူးသီးဟင်းချိုကိုသောက်လိုက် အမဲသားနှပ်အနှစ်များကို ထမင်းနှင့်နယ်ဖတ်စားလိုက်၊ ပင်လယ်စာသုပ်တစ်ဇွန်းခပ်ထည့်လိုက်ဖြင့် အင်မတန်စားမြိန်သောနေ့လည်စာဖြစ်ခဲ့လေသည်။ သူ့ညီ ဖြစ်သူ သီဟ နှင့်လည်းရင်းနှီးခွင့်ရခဲ့ကာ သီဟ ကထမင်းအတူစားပြီး အပြင်ကိုထွက်သွားခဲ့၏။

“အိမ်မကပ်တဲ့ကောင်လေ၊ ပြောမကောင်းဆိုမကောင်းဘူး၊ ညဖက်ဆိုလည်းမိုးချုပ်မှပြန်လာတယ်၊ အ လုပ်အကိုင်ဆိုရင်လည်း ဘာမယ်မယ်ရရမှလုပ်တာမဟုတ်ဘူး၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့၊ မြင် ရတာ အကုသိုလ်များတယ်”

ညီဖြစ်သူနှင့် တစ်စက်ကလေးမှမတည့်ခဲ့ဘူးဆိုသည့်အချက်ကို ထိုအိမ်ရောက်မှ သေသေချာချာသိခဲ့ရ လေသည်။ မတည့်ချင်စရာကောင်းသည့်အချက်မှာ သူ့ထံတွင်လည်းရှိသည်မို့ သီဟကို ကျွန်တော်အပြစ် မတင်ရက်ခဲ့ပါ။ သို့သော်လည်း ကျွန်တော့အတွက်ကတော့ ချစ်သူသည်သာအရာရာအမှန်ကန်ဆုံးသူဖြစ် နေသည်လေ။

“အဲမှာ အသီးစား နားနားနေနေနေ၊ ကိုယ်ကတော့ အလုပ်လုပ်လိုက်ဦးမယ်”

ထမင်းစားပြီးသည့်အချိန် ကျွန်တော့ကိုအနားယူခိုင်းထားပြီး သူကတော့ တကုပ်ကုပ်လုပ်တော့သည်။ ရုံး ပိတ်ရက်မို့ တစ်အိမ်လုံးရှိသမျှသောဗာဟီရကိစ္စများကို သူတစ်ယောက်တည်းဒိုင်ခံလုပ်ရခြင်းဖြစ်လေ သည်။

အမှန်တော့ သူနှင့်အေးအေးလူလူနေရန် နေ့လည်စာလာစားခြင်းဆိုသည်ကို သူသဘောမပေါက်ခဲ့ပါ။  နောက်နေ့ အလုပ်သွားရမည်ဆိုသည့်အကြောင်းပြချက်ဖြင့် လုပ်စရာရှိသည်ကိုသာလုပ်နေခြင်းပင်။ နေ ပူနေသည်မို့ ရေတိုင်ကီဆေးသုပ်ရမည်ဆိုကာ သုတ်ဆေးများစပ်သည်။ ပြီးနောက် စွပ်ကျယ်အစုတ်တစ် ထည်ကောက်ဝတ်ကာ တိုင်ကီကိုကော်ပတ်စားသည်။ ကော်ပတ်စားရင်း သူ့တစ်ကိုယ်လုံးချွေးများရွှဲနစ် လာလေသည်။ သူ အင်္ကျီကိုချွတ်လိုက်ကာ ဆေးဆက်သုတ်သည်။ တိုင်ကီတစ်လုံးလုံးကို အနီရောင်ဆေး များသုတ်ပြီးသည့်အခါ နေပူပူတွင်ထုတ်လှန်းထားပြီးသည့်နောက် အိမ်နောက်ဖေးခြံစည်းရိုးကိစ္စကိုဆက် လုပ်ပါသည်။

ခြံစည်းရိုးတံခါးပြုတ်ထွက်နေသည်ကို သစ်သားသံရိုက်ရမည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ထွက်နေသည့် ချွေးတစ်စက်ချင်းအလိုက် ကျွန်တော်လည်းထွက်သည်။ သူပင်ပန်းသမျှကျွန်တော်လည်းလိုက်ကြည့်ပြီး ပင်ပန်းကာ သူ့ကိုကူညီလုပ်ကိုင်ပေးစိတ်လိုရှိနေသည်။ တစ်ဖက်ကလည်း ကျွန်တော်ရှိနေရက်သားနှင့် ဘာကြောင့်များ လျစ်လျုရှုကာအိမ်အလုပ်လုပ်နေနိုင်သနည်းဆိုသည့်အချက်ကို စဉ်းစားမရနိုင်အောင် ဖြစ်မိလေသည်။ ခြံစည်းရိုးတံခါးသံရိုက်သည့်အခါ အကူတစ်ယောက်လိုအပ်၍ ကျွန်တော်ဝင်ကိုင်ပေးဖြစ် သည်။ တံခါးဘောင်များမှသံများကွာနေသည်ကို ခွာ၍ပြန်ရိုက်သည်။ ထို့နောက် ခြံစည်းရိုးတွင်ပြန်ကပ် လိုက်သည်။

“ကဲ ပြီးပြီ”

သူ ပြီးပြီဟုဆိုသည့်စကားမှာ ခြံစည်းရိုးတံခါးကိစ္စကိုဆိုလိုခြင်းဖြစ်သည်။

ဘေစင်တွင် ရေယိုနေ၍ ပိုက်လဲသည့်အလုပ်ကိုဆက်သည်။ သူက ရေပိုက်ခေါင်းကိုကိုင်ပြီး ကျွန်တော်က တော့ အိမ်အောက်သို့ဝင်ကာ ပိုက်ခေါင်းပေါက်တည့်မတည့်ကိုချိန်ပေးကြည့်ပေးရသည်။ နာရီဝက်ခန့် အကြာတွင်တော့ ရေပိုက်လည်းအဆင်ပြေသွား၏။ ထို့နောက် အိမ်တံမြက်စည်းလှည့်မည့်ဘက်ဆီသို့ ရောက်သွားသည်။

“ပြီးရင်ဘာဆက်လုပ်မှာလဲ အစ်ကို၊ ကျွန်တော်ကြိုလုပ်ထားပေးမယ်”

ကျွန်တော့လေသံက သိပ်မကြည်တော့ပြီမို့ သူသဘောပေါက်သွားလေသည်။ သို့သော်လည်း ဂရုတော့ သိပ်မစိုက်၊ လုပ်စရာတွေတစ်ပုံတစ်ပင်ရှိနေသေးသည့်ပုံပြသည်။

“အဝတ်တွေလျှော်စက်ထဲထည့်ရမယ်၊ မီးပူတိုက်ရမယ်၊ ပြီးတော့ ရုံးက သူငယ်ချင်းနှစ်ကောင်ရဲ့အင်္ကျီ ကိုချုပ်ပေးရဦးမယ်”

“အစ်ကို က အင်္ကျီချုပ်တတ်တယ်လား”

“အင်း အားရင်ချုပ်ပေးတာပေါ့၊ တစ်ထည်ကို ၂၅၀၀ ရတယ်လေ၊ ချုပ်ခရတော့ ဟိုဟိုဒီဒီလှူလို့ရတာ ပေါ့၊ စိတ်ချ ..ယူ ကိုယ်နဲ့နေရင် တစ်သက်လုံးထမင်းမငတ်စေရဘူး”

“ထမင်းငတ်မှာ ကျွန်တော်မကြောက်ဘူး၊ အစ်ကို ကျွန်တော့အနားမှာရှိမနေတာကိုတော့ မကြိုက်ဘူး”

“ဟော ဘာြဖစ်ရပြန်တာလဲ”

တစ်ခုခုဆို မျက်စိမျက်နှာပျက်ဖြစ်နေသည့် ကျွန်တော်နှင့်သူ ကတောက်ကဆဖြစ်ရတော့သည်။

“အစ်ကို အလုပ်ရှိသလို ကျွန်တော်လည်းအလုပ်ရှိတယ်၊ အစ်ကိုလည်း ၂၄ နာရီပိုင်သလို ကျွန်တော် လည်းပိုင်တယ်ဗျ၊ အစ်ကိုနဲ့နီးနီးကပ်ကပ်နေချင်လို့ အိမ်လာလည်တာလေ၊ နေ့လည်စာစားရုံသပ်သပ် တော့ လာမနေဘူး”

“နင် တော်တော်အတ္တကြီးပါလား ဆန်းနေရောင်”

“ဘာြဖစ်သေးလဲ၊ ကိုယ့်ချစ်သူ ကိုယ့်အနားမှာနေတာ အတ္တကြီးတာဆိုရင်လည်းဆယ်ခါပြန်ကြီးပလေ့ စေအစ်ကို၊ နောက်တစ်ခါ ကျွန်တော်အိမ်ကိုလာလည်ရင် ဘာအလုပ်မှမလုပ်နဲ့၊ ကျွန်တော့အနားမှာပဲ နေပါ၊ အလုပ်ရှိရင်လည်း ကျွန်တော်ဝိုင်းလုပ်ပေးမယ်၊ အစ်ကိုက တစ်ရာဖိုးလုပ်ရင် ကျွန်တော်လည်း တစ်ရာဖိုးလုပ်မယ်၊ ညီတူမျှတူပဲ၊ ရှိသမျှအချိန်အားလုံးကျွန်တော်နဲ့ပဲနေရမယ်ဗျာ၊ ကျွန်တော့ဘေးကနေ ခွဲထွက်ပြီး ဘယ်မှမသွားရဘူး”

“မနေဘူး မလုပ်ဘူး”

“မလုပ်ကြည့်လေ၊ ဒါအစ်ကို့အိမ်နော်၊ အစ်ကို့ရပ်ကွက်နော်၊ ကျွန်တော်က အားလုံးသိအောင်မောင်း ခတ် ကြေညာစေချင်တာလား”

“တောက် ပြောမကောင်း ဆိုမကောင်းတဲ့ အကောင်”

“အခုအလုပ်တွေသိမ်းပြီးရေချိုးတော့ ပြီးရင်ကျွန်တော့ကိုလိုက်ပို့ ကားမပါတာရောသိရဲ့လား”

“မသိဘူး”

သူ၏ ဘုဆတ်ဆတ်ပြောမှုများသည် သူ့ဆွဲဆောင်မှုများဖြစ်နေခဲ့မှန်းမည်သူကသိနိုင်မည်နည်း။ ကျွန် တော်တစ်ဦးတည်းသာအသိဆုံးဖြစ်ခဲ့သည်ပင်။

“အနားကပ်ပြီး ထော်နေတဲ့နှုတ်ခမ်းကိုမနမ်းခင်မှာ အလုပ်အားလုံးကိုရပ်ပြီးရေသွားချိုးလိုက်ပါ၊ ကျွန် တော် အစ်ကို့ကို ရေချိုးစေချင်နေတယ်”

သူ့အနားကို အနီးကပ်ဆုံးအနေအထားကိုလှမ်းလိုက်သည့်အချိန်တွင်တော့ ကျွန်တော့ရင်ဘတ်ကိုတွန်း ထုတ်လိုက်ခြင်းခံလိုက်ရသည်။ ဘေးပတ်ဝန်းကျင်မြင်မှာကို အင်မတန်စိုးရိမ်သည်မို့ မျက်စောင်းလှမ်း ထိုးကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ သူ့အမေကတော့ ကျွန်တော်ပြန်ခါနီးမှ အခန်းထဲကထွက်လာ ခဲ့သည်။ သေသေချာချာနှုတ်ဆက်ပြီးပြန်ခဲ့ကာ သူ့အမေက နောက်လည်းလာလည်ဖို့လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခြင်းကိုလည်းခံပါသည်။

“ကျွန်တော်လုပ်သမျှအရာရာတိုင်းဟာ ကျွန်တော်ပြုမူသမျှအရာရာတိုင်းဟာ အစ်ကို့ကိုချစ်လို့ပါဗျာ၊ အစ် ကို …အစ်ကို့ဘေးမှာ တစ်သက်လုံးအတူရှိနေချင်တယ်၊ ခွင့်ပြုပါ”

သူ့ဆီကိုပို့သည့် ပထမဆုံးသော ဖုန်းမတ်ဆေ့ချ်တစ်စောင်သည် ထိုစာသားများဖြစ်လေသည်။ ကားမှတ် တိုင်ဆီကိုနှစ်ဦးသားလမ်းလျှောက်ပြီး သူလိုက်ပို့တော့ စိတ်ကောက်နေပါသေးသည်။ ကျွန်တော့ထံမှ မတ်ဆေ့ချ်အပြီး သူ့ထံမှလည်းပြန်ရောက်လာသည်။

“တစ်သက်လုံးပဲလား” ဟူ၍။ “နောက်ဘဝဆက်တိုင်းအထိ” ဟုပြန်လည်ပို့လိုက်ကာ သူ့မျက်နှာကိုမြင် ယောင်ကြည်နူးမိသည်။ စိတ်ညစ်စရာများ ကြည်နူးစရာများ ဒေါသထွက်စရာများ ပျော်စရာများအားလုံး ကိုအချစ်စိတ်နှင့်မြင်ယောင်သည့်အခါ ကမ္ဘာလောကသည် သာယာလှပနေတော့၏။ သို့သော်လည်း စိတ် မနာသော်လည်း တွေးမိတိုင်းရင်နာရသောအဖြစ်အပျက်အချို့ကို အစ်ကိုဖန်တီးပေးခဲ့သောအချိန်များ လည်းရှိပါသေးသည်။

ကျွန်တော်ဘဝအတွက်မမေ့နိုင်စရာ တွေးမိတိုင်းနာကျင်စရာဖြစ်ခဲ့ပါသည်။ အချစ်နှင့်နာကျင်မှုကိုတော့ ကျွန်တော်ခွဲခြားနိုင်ခဲ့ပါသည်။ ကျွန်တော်အစ်ကို့ကို တစ်ရက်ထက်တစ်ရက်ပို၍ ချစ်နိုင်ခဲ့ပါသည်။ လက် လွှတ်ဆုံးရှုံးရမှာကိုလည်း အင်မတန်ကြောက်ရွံခဲ့ရပါသည်။

>>>>>