(၁၁)
“မေသံသာပါ”
သူ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပါသည်။ ကျွန်တော်နှင့်မေတို့ ချိန်းဆိုကာ သူရှိသည့်နေရာကိုအ ရောက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းမြင်မှာကို အင်မတန်ကြောက်သည့်သူ့အနေဖြင့် နှစ်ယောက်တွဲရောက်လာခြင်းကိုတော့လက်ခံပါသည်။ ယုန်ထင်ကြောင်ထင်ဖြစ်စရာအကြောင်းမရှိဘူး ဟုယူဆပုံရသည်။ ရုံးဆင်းချိန်မို့ လူတစ်ချို့ကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြလေသည်။ သူ့ နေရာ သူ့ရာထူးကိုတော့ အတော်များများကရှိန်ကြပုံပင်။ “အစ်ကို ပြန်ပြီခင်ဗျ၊ အစ်ကို ပြန်ပြီရှင့်” အစ ချီကာ ရိုရိုသေသေလေးလေးစားစားနှုတ်ဆက်သွားကြသည်။
လုပ်ငန်းခွင်ထဲတွင်တော့ သေသပ်ခန့်ညားစွာဝတ်စားထားသည်မို့ လူကြီးလူကောင်းတစ်ဦးဖြစ်မှန်းသိသာ နေပြီး ခရီးသွားစဉ်ကလူငယ်ပုံစံဝတ်စားဆင်ယင်ခဲ့သည်မို့ ယခုနှင့်ယှဉ်ပါလျှင် လူငယ်လေးတစ်ယောက် နှင့်တူနေခဲ့လေသည်။ လူကြီးလူကောင်းတစ်ဦး၏ ပုံစံကိုရော လူငယ်တစ်ဦး၏ပုံစံကိုရော ကျွန်တော် သဘောကျနှစ် သက်ခဲ့သည့်အပြင် စိတ်ကောက်စိတ်ဆိုးပုံကိုလည်းမေ့မရနိုင်ခဲ့ပါချေ။ သူလုပ်ကိုင်နေ သော ရာထူး၊ သူကျင်လည်နေရသောပတ်ဝန်းကျင်နှင့် ကျွန်တော် ဟိုတစ်နေ့ကတဇွတ်ထိုးဆန်မှုမှာ မည်သို့မျှမကိုက်ညီ ၍ သူရှက်နေလိမ့်မည်ဟုလည်းတွေးတော့တွေးခဲ့မိသားပင်။ သို့သော်လည်း သဝန်တို စိတ်ဆိုသည်မှာ မသိစိတ်ကငုပ်လျှိုးထွက်ပေါ်လာခဲ့သော ဉာဉ်ဆိုးမို့ထိန်းသိမ်းရအတော်ပင်ခက်လှသည်။
မျက်လုံးခပ်မှေးမှေးဆိုသော်လည်း တောက်ပရွှန်းစိုသည်ဟုသတ်မှတ်ရမည့် မျက်လုံးအမျိုးအစားကိုပိုင် ဆိုင်ထားပါသည်။ မေက သူနှင့်တွေ့ရန် ကျွန်တော့ထက်ပိုပြီးတက်ကြွနေခဲ့လေသည်။ ချစ်သူတစ်ဦးအ ဖြစ် အနားမှာရှိနေပေးခဲ့သည့်အပြင် သူငယ်ချင်းကောင်းတစ်ယောက် အစ်မတစ်ယောက်အဖြစ်ရှိနေရန် ပါ တက်ကြွခဲ့သောမေ့ကို ကျေးဇူးတင်၍မဆုံးပေ။
“ချစ်သူက ဂေးသွားတော့လည်း မိဘပေးစားတဲ့သူကိုယူပြီး တစ်နယ်တစ်ကျေးပြောင်းရတော့မှာပေါ့” ဟု သူ့ဆီလာမတွေ့ခင် ခပ်နောက်နောက်ရင်ဖွင့်ပါသည်။ မေတို့မိဘအသိုင်းအဝိုင်းက တောင်းဆိုထားသည့် အဆိုပြုထားသည့်သူကိုရွေးချယ်ပြီး လက်ထပ်ရန်စီစဉ်တော့မည်ဟုဆိုခြင်းပင်။
“နောက် နှစ်နှစ်လောက်ဆိုရင်ပေါ့”
အချိန်ကာလ အကန့်အသတ်တောင်ရှိပြီမို့ ကျွန်တော့လုပ်ရပ်ကမေ့ကိုစိတ်နာခဲ့စေသလား၊ နာကျင်ခဲ့စေ သလား မပြောတတ်တော့ပါ။
မေပြောသည့် တစ်နယ်တစ်ကျေးဆိုသည်မှာ မြန်မာနိုင်ငံတွင်းမဟုတ်ခဲ့။ ဉရောပနိုင်ငံတစ်နေရာဖြစ်မှန်း နောက်အချိန်အတော်ကြာမှသိခဲ့ရသည်။ မေနှင့်ကျွန်တော် အဆက်အသွယ်တော့မပြတ်ခဲ့ပါ။ ကျွန်တော် လိုအပ်သမျှ ဖြည့်ဆည်းပေးရန်အသင့်ရှိနေခဲ့သော သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ အစ်ကို နှင့်တွေ့ဆုံရန် တက်ကြွနေသည်ကပဲ မေ၏ လိုလိုလားလားဆောင်ရွက်ပေးမှုထဲက တစ်ခုဖြစ်လေသည်။
“မေ အစ်ကို့ကိုတွေ့ချင်လို့ ဆန်းနေရောင်ကိုတောင်းဆိုပြီးလာတွေ့တာပါ”
ရုံးအနားတစ်ဝိုက်တွင်ရှိသော ဆိုင်တစ်ဆိုင်သို့သွားရောက်ကာညနေစာအတူစားဖြစ်တော့ သူက ရှက် အမ်းအမ်းဖြစ်နေခဲ့သည်။ မေကတော့ သွက်လက်စွာပင် သူ့ကိုရွှန်းရွှန်းဝေအောင်ပြောဆိုနေလေတော့ သည်။ ကျွန်တော်ကတော့ သိပ်အထွေအထူးပြောပြစရာမလိုခဲ့။ မေတစ်ယောက်လုံးပါနေ၍ မေကသာ အရာရာကို ဦးဆောင်ပေးလိမ့်မည်။
“ဟုတ်ကဲ့”
“မေ နဲ့ သူနဲ့က မောင်နှမတွေလို သူငယ်ချင်းတွေလိုပါပဲအစ်ကို၊ မေတို့ ချစ်သူရည်းစားတွေမဟုတ်ကြ တော့ပါဘူး၊ အရင်တုန်းကလည်း ကြည်နူးတစ်တီတူးဖို့နေနေသာသာ တကျက်ကျက်နဲ့ရန်ဖြစ်နေခဲ့ကြ တာ၊ အခုနောက်ပိုင်းမှနည်းနည်း တည့်လာတာ”
မေ သူ့ကိုရည်ရွယ်ပြောဆိုသည့် ကျွန်တော့အကြောင်းများသည် ဘာကိုဆိုလိုနေမှန်းသူကောင်းကောင်း သဘောပေါက်ပါလိမ့်မည်။ သူ့မျက်နှာပေါ်တွင်အပြုံးရိပ်အနည်းငယ်သန်းနေသည်ကိုတော့ သတိထားမိ ၏။ သူကျေနပ်နေသည့်သဘောပါပဲ။
ရောက်ရှိနေသည့် ထိုင်းစားသောက်ဆိုင်အပေါ်ထပ်တွင် ပန်းရနံ့များသင်းပျံ့လျှက်ရှိနေသည်။ သစ်ခွပန်း တစ်ခက်စီကို ဆိုင်စားပွဲပေါ်ရှိပန်းအိုးတိုင်းတွင်ထိုးထားကာ ဝါးဖြင့်ပြုလုပ်ထားသည့် စားပွဲခင်းပါးပါးတို့ နှင့် ပနံရနေပါသည်။ ဆိုင်တွင်နေရာထိုင်ခင်းအတည်တကျဖြစ်ပြီး အစားအသောက်များမှာကာ စကားဦး သန်းကြရုံသာရှိသေး မှာထားသောအစားအသောက်ထဲမှတစ်ချို့ရောက်လာခဲ့သည်။ ဝက်ဂုတ်သားကင် ကို ထိုင်းဆော့နှင့်တွဲဖက်ထားသည့်ဟင်းပွဲ။ ဆလတ်ရွက်များဖြန့်ကျဲခင်းထားသည့်အပေါ်တွင် ဝက်သား ကင်များကို စနစ်တကျလှလှပပစီထားပြီး မန်ကျဉ်းနှစ်ဆော့ကတော့ညိုနက်နက်နှင့်စားချင်စဖွယ်ဆွဲ ဆောင်နေပါသည်။ အစ်ကိုကြိုက်မည်အထင်နှင့် ကျွန်တော်မှာပေးထားခြင်းပင်။
သူတို့နှစ်ယောက်က ဒိုင်ခံစကားပြောမည့်သူများဖြစ်၍ အစားအသောက်မှာသည့်တာဝန်ကိုကျွန်တော်က ရယူလိုက်သည်။ မေ ကြိုက်သည့်အစားအသောက်ကို ကျွန်တော်ကောင်းကောင်းသိသလို သူဘာကြိုက် မလဲဆိုသည်ကိုလည်း ကျွန်တော်ကအနည်းငယ်တော့ခန့်မှန်းနိုင်သည်လေ။
ဆားဘဲဉနှိုင်းချင်းထည့်ထားသည့် သင်္ဘောသီးထောင်းကလည်း ကြက်သွန်ဖြူနံ့မွှေးမွှေးဖြင့်ရောက်ချ လာလေသည်။ မေကြိုက်သည့်ထိုင်းအစားအစာပါပဲ။
“အစ်ကိုနာမည်ဘယ်လိုခေါ်လဲဟင် မေ အစ်ကို့နာမည်ကိုမသိသေးဘူးကော”
ကျွန်တော်မပြောပြထားဖြစ်ခဲ့။
“ဝေယံမင်းထင်ပါ”
“အော် ဟုတ်ကဲ့၊ မေ့ကိုလည်းမှတ်ထားပေးပါအစ်ကို၊ နောက်လမ်းမှာတွေ့ရင်လည်းခေါ်ပါရစေနော်”
“ရပါတယ်ညီမ”
စကားဝိုင်းက အေးစက်နေလိမ့်မည်မဟုတ်မှန်း ကျွန်တော်အတပ်တွက်ထားပြီးသားဖြစ်သည်။ မေက သူ မသိသောသူများနှင့်စကားပြောရသည်ကိုခုံမင်သူတစ်ဦးဖြစ်သည်။ အစ်ကိုကတော့ စကားများလျှင်သိပ် ကြိုက်တတ်ပုံမရ။ ကျွန်တော်တို့၏ချိန်းဆိုမှုကိုလက်ခံလိုက်ပြီးကတည်း မေစကားပြောတာကိုရော ကျွန် တော်ပြောသမျှကိုပါစိတ်ရှည်လက်ရှည်နှင့် နားထောင်ဖို့တော့ သူဆုံးဖြတ်ထားပြီးဖြစ်ပါလိမ့်မည်။ “ငါ နဲ့ဘာဆိုင်လဲ၊ ရှုပ်ရှုပ်ယှက်ယှက်တွေလာမလုပ်နဲ့၊ မသိဘူး” ဟု ငြင်းဆိုလိုက်ပါက ဘာတတ်နိုင်မည်လဲ။ ကျွန်တော့အနေနှင့်လည်း ပြသနာတစ်ရပ်ကြုံလာပါက အလွယ်ဆုံးရှင်းနည်းဖြစ်သည့် ခေါင်းရှောင်ကာ သူတစ်ပါးကိုလက်ညိုးထိုးလွှဲချခြင်းထက် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းကိုပိုခုံမင်သည်မို့ ယခုတွေ့ဆုံပွဲ ကို တက်ကြွနေပါသည်။
အစ်ကို့ဆီက ချစ်ခြင်းကိုရရှိရန် နည်းလမ်းပေါင်းစုံသုံးချင်ပါသည်။ ဟိုတစ်နေ့က အနမ်းများကိုလည်းခုံ မင်တမ်းတမိလေသည်။
“ဆန်းနေရောင် ကို ဂရုစိုက်ပေးဖို့တောင်းဆိုချင်တာပါအစ်ကို၊ မေ ဒီနေ့အစ်ကိုနဲ့တွေ့ချင်တယ်ဆိုတာက အဲဒါလေး အကူအညီတောင်းချင်တာပါ၊ သူက တစ်ခုခုဆိုစွတ်စွတ်ရွတ်ရွတ်လုပ်တတ်တော့ အစ်ကို့ကို လည်း မရမကကပ်နေတော့မယ်ဆိုတာ မေသိထားတယ်၊ သူအဲလိုလုပ်တယ်ဆိုတာကလည်း စိတ်ထဲက နှစ်နှစ်ကာကာပါလို့ပါ၊ သူ မေ့ကိုဝန်ခံတယ်အစ်ကို၊ အစ်ကိုနဲ့ပတ်သက်လို့သူ့မှာ ရှေ့ဆက်စရာအများကြီး ရှိတဲ့အကြောင်းတွေလည်းပြောတယ်”
“ဟုတ်”
ဘေးနားမှ တစ်စုံတစ်ယောက်များနားထောင်နေမိခဲ့ပါက မေပြောသောစကားလုံးများသည် မည်သည့် ဆိုလိုရင်းမှန်းတော်ရုံနှင့်နားလည်လိမ့်မည်မဟုတ်ပါ။ မေနှင့် အစ်ကိုကတော့ ပြောသူနားထောင်သူတို့ အတိုင်အဖောက်ညီလျှက်ရှိနေလေသည်။
“သူ့စိတ်က ဒေါက်တိုင်တစ်ခုလိုပဲအစ်ကို၊ တစ်စုံတစ်ရာသောပယောဂကြောင့် အဲဒီဒေါက်တိုင်ပြိုလဲခဲ့ရင် ကျန်တဲ့အရာတွေအားလုံးလည်းပြိုလဲတော့တာပါပဲ၊ အစ်ကို့ဆီကိုနှစ်ထားတဲ့စိတ်က အစ်ကိုတစ်ခုခုများ ဆန့်ကျင်ဘက်အတွေးရှိခဲ့မယ်ဆိုရင် သူသဲထဲရေသွန်ဖြစ်သွားလိမ့်မယ်”
မေပြောပြသည့်စကားလုံးများသည် ကျွန်တော့အတွက် ရာနှုန်းပြည့်အထောက်အကူပြုသောအရာများ ဖြစ်သည်မို့ ကျွန်တော်က အစားအသောက်များကိုစားရင်းနှင့်ပင်နားထောင်နေပါသည်။ ဟင်းပွဲများတစ် ပွဲပြီးတစ်ပွဲရောက်လာပြီး မေကတော့ နည်းနည်းစားများများပြောလုပ်နေရသည်။ သူကတော့ မေပြောသ မျှကိုခေါင်းညိတ်ကာ တို့ခနဲ့ဆိတ်ခနဲ့စားနေရသည်။ ကျွန်တော်ကတော့ စကားပြောစရာမလိုသေးသည့် ကာလမို့ စားရင်းနှင့်ပင်ကျေနပ်နေတော့သည်။
မပါမဖြစ် ကန်စွန်းရွက်ကြော်ကတော့ ထိုင်းငါးပိရနဲ့သင်းလို့၏။ သူတို့ပန်းကန်များထဲသို့ တစ်စွန်းစီခပ် ထည့်ပေးလိုက်ကာ ကျွန်တော်တစ်ယောက်တည်းထပ်ခါထပ်ခါယူစားဖြစ်သည်။ အစ်ကိုကြိုက်မည်ဟု ယူဆကာမှာထားသည့် တို့ဖူးအသီးအရွက်ကြော်ကတော့ လုံးဝမထိဖြစ်။
“ညီမက ဆန်းနေရောင်ရဲ့ ရှေ့နေလား”
ရယ်ကျဲကျဲသူ့အပြောကို မေက ပြုံးပြလိုက်၏။
“အဲလိုပြောလို့လည်းရပါတယ်၊ ပြီးတော့ အခုအချိန်မှာ မေက အစ်ကို့ထက်ပိုပြီးသူ့အကြောင်းကိုသိတဲ့ သူဆိုတော့ သူ့မကောင်းကြောင်းတွေကိုလည်း အစ်ကိုသိထားအောင်ပြောပြချင်သေးတာ”
“ဘယ်လို သူ့မကောင်းကြောင်း၊ ဇွတ်တရွတ်ဆန်တာက ကောင်းတဲ့အကြောင်းလားဒါဆို”
“ဟား အစ်ကိုလည်းနောက်တတ်တာပဲ၊ အမှန်အတိုင်းပြောရင် အဲဒါလည်းမကောင်းတဲ့အကြောင်းထဲပါ ပါတယ်၊ လုပ်ချင်ပြီဆိုရင်အချိန်တစ်ခုကိုမစောင့်ဘူး၊ ထလုပ်လိုက်ရမှ၊ မှန်၏မှား၏မသဲကွဲခင်မှာသူ့စိတ် ခံစားချက်နောက်ကိုလိုက်တတ်တာမျိုးတွေ၊ လူတစ်ဖက်သားခံစားချက်ကိုနားမလည်ဘဲနဲ့ ပြောချင်တာ ဇွတ်ပြောပြီး သူတစ်ပါးကိုစိတ်ဒုက္ခပေးတာတွေ..”
“ဟေး ဟေး၊ ဒါတော့ လွန်ပြီနော်”
ကျွန်တော် ဝင်တားယူလိုက်ရသည်။
မေရော သူပါ ဟက်ဟက်ပက်ပက်ရယ်လိုက်ကြ၏။
“ကိုယ်လည်း ဆန်းနေရောင်အကြောင်းကို သိဖို့ စိတ်ဝင်စားပါတယ်၊ ဒါကြောင့် ဒီညစာစားပွဲလေးကို လိုလိုချင်ချင်နဲ့လိုက်လာခဲ့တာ”
ကျွန်တော်ခံစားရမိသလောက်တော့ သူလည်းကျွန်တော့်ကိုသံယောဇဉ်ပိုနေပြီဖြစ်သည်။
“ကျွန်တော်နဲ့တွဲလိုက်ရင် အကုန်သိရပါလိမ့်မယ်”
ဖျာဝင်ခင်းရန်အချိန်တန်နေသည်မို့ သူ့ကိုလှမ်းပြောလိုက်တော့ မျက်စောင်းတစ်ချက်ရသည်။ မေ၏ ကူ ညီမှုထိရောက်ပါသည်။ အပြန်ကျတော့ မေ့ကိုရော အစ်ကို့ကိုပါ လိုက်ပို့ဖြစ်၏။ “မေ့ကိုအရင်ပို့ပေးလို့ အ ဆင်ပြေတယ်မဟုတ်လား” ဟု အလိုက်တသိနှင့်ပြောလာသည့်အခါတွင်တော့ ကျွန်တော်ထားခဲ့ဖူးသော ရည်းစားကို ကျေးဇူးတင်အမှတ်ရ၍မဆုံးတော့ပြီ။
မေဆင်းသွားပြီးသည့်အချိန်တွင် ကျွန်တော့ဘေးမှထိုင်လာသည့်သူ့ကိုတစ်ချက်ရယ်ပြလိုက်တာ ဟိုတစ် နေ့က အဖြစ်အပျက်ကိုပြန်ပြောင်းစိတ်ကူးမိလေသည်။ ကျွန်တော်နမ်းခဲ့သည့် နှုတ်ခမ်းတစ်စုံက အရှေ့ သို့ပို၍ထော်ထွက်နေသယောင်မြင်ရသည်။ တောက်ပရွှန်းစိုသည့်မျက်လုံးခပ်မှေးမှေးက ချစ်စိတ်များကို နိုးကြားလာစေခဲ့သည်။
ရန်ကုန်ည၏ အမှောင်ထုကိုဖုံးကွယ်ထားသော နီယွန်မီးရောင်စုံများတွင် အစ်ကို့ရုပ်သွင်များအဖြစ် ပြောင်းလဲသွားသည်။ မောင်းနေသောကားအရှေ့ဘက်ဆီတွင် အစ်ကို့မျက်နှာပုံရိပ်များထင်လာသည့်အခါ ကျွန်တော် အရှိန်ပြင်းပြင်းမောင်းရန်လက်တွန့်သွားသည်။ ကျွန်တော့ကြောင့် အစ်ကို့ပုံရိပ်မျှကိုပင်မထိ ခိုက်စေချင်ပါ။
“အစ်ကို”
သူက သူ့ဖုန်းနှင့်ချိတ်ကာသီချင်းဖွင့်ရန်ပြင်လိုက်သော်လည်း ကျွန်တော်က သူ့လက်ကိုအုပ်မိုးကာ တား လိုက်လေသည်။ ကျွန်တော့ကိုပဲစကားပြောစေချင်သည်။
“ကျွန်တော့ကိုယုံပြီမှလား”
“ငါ ယုံဖို့အတွက် သူ့ကိုစတေးတာတော့မကောင်းဘူးထင်တယ်၊ အတ္တအရမ်းကြီးလွန်းတယ် ဆန်းနေ ရောင်၊ ဟိုဖက်က စိတ်မကောင်းဖြစ်သွားမှာမတွေးမိဘူးလား”
“အမှန်တရားတစ်ခုအတွက် အနည်းနဲ့အများတော့စတေးရမှာပဲလေ၊ အဆုံးသတ်လှဖို့အတွက်ပဲ ကျွန် တော်တို့အားလုံးကြိုးစားနေကြရတာပါ၊ ကျွန်တော်အစ်ကို့အပေါ်အလေးအနက်ထားတယ်ဆိုတာသိရင် ကျေနပ်ပါပြီ”
သူ့တုန့်ပြန်သံတိတ်ဆိတ်သွားလေသည်။ သီချင်းကိုလည်းဆက်မဖွင့်တော့ ကျွန်တော်ကိုင်ခဲ့သည့်လက် ကိုလည်း ချက်ချင်းရုန်းထွက်ခဲ့သည်။
“အစ်ကို”
ဘာလဲဆိုသည့်သဘောဖြင့် ကြည့်သည်။ ကားအရှေ့တူရူကိုကြည့်နေရင်းမှ သူ့ကိုအကြင်နာမျက်ဝန်းများ နှင့်ကြည့်လိုက်ပါသည်။
“ဟိုတစ်နေ့ကအတွက် ဆောရီး”
“ဟင်း လုပ်ချင်တာလုပ်ပြီးမှလေ”
“အော် အစ်ကိုရယ်”
သူ့အိမ်နားရောက်ခါနီးလေ ကျွန်တော့သွေးများဆူပွက်လာလေဖြစ်သည်။ သက်ပြင်းကိုအကြာကြီးဆွဲပြီး ရှိုက်လိုက် သူ့ကိုကြည့်လိုက်ဖြင့် တသသဖြစ်နေတော့သည်။ ဟိုတစ်နေ့ဆီက အပြုအမူများကိုမြင် ယောင်လာပြီး ဟိုတစ်နေ့ကိုအားကျလာသည်။ နောက်ဆုံးတော့ ကျွန်တော် ကားကိုလမ်းဘေးထိုးရပ် လိုက်ပါသည်။
“အား မရတော့ဘူးဗျာ၊ မရတော့ဘူး”
သူ့ပခုံးကိုဆွဲဖမ်းကာ ကျွန်တော်နှင့်အနီးစပ်ဆုံးအနေအထားဆီကိုယူလိုက်သည်။ ထို့နောက် ကျွန်တော် အပြောချင်ဆုံးစကားတစ်ခွန်းကို အားအင်ပါပါပြောချလိုက်ပါသည်။
“အစ်ကို့ကို ကျွန်တော်ချစ်တယ်”
>>>>>