“ညီဖန်တီးသော Love Story” အပိုင်း (၂၇)

(၂၇)

ကျွန်တော့အတွက် ဝမ်းအနည်းဆုံးသောညတစ်ညဖြစ်ခဲ့ပါလိမ့်မည်။ ပြီးခဲ့သောရှစ်နှစ်ကိုပြန်ပြောင်းတမ်း တရင်း သူတို့ရှေ့တွင်ကျွန်တော်ငိုမိသည်။ သက်ကိုနှင့်အောင်ခန့်ကတော့ ကျွန်တော့ကိုနှစ်သိမ့်ရင်းကူ သောက်ပေးရုံမှအပ ဘာမျှမတတ်နိုင်။

“ငါ….ငါသူ့ကိုအခုထိမေ့မရနိုင်သေးဘူးကွာ”

ညဈေး၏ ဆူဆူညံညံအသံက ကျွန်တော်တို့ထိုင်နေသည့်နေရာကိုတစ်ချက်တစ်ချက်ထိုးဖောက်လာလေ သည်။ Ladies Market ညဈေးသည် ဟောင်ကောင်၏အထင်ကရဈေးတစ်ခုဖြစ်ပြီး အစ်ကိုနှင့်လည်းတစ် ခါလာဖူးသောနေရာဖြစ်သည်။ စိတ်မွန်းကြပ်လာပါက ထိုဈေးကိုမကြာမကြာလာတတ်သည်။ ဟိုဟိုဒီဒီ ငေးကြည့်ရင်း တစ်ခါတစ်ရံတွင်အစ်ကို့ကိုသတိရပါသည်။ ဟောင်ကောင်၏နေရာတော်တော်များများကို အစ်ကိုနှင့်ကျွန်တော်သွားလာခဲ့ဖူးကြသည်လေ။ ညဈေးတွင် ပေါချောင်ကောင်းအဝတ်အထည်များကို ရွေးချယ်ဝယ်ယူရင်း မုန့်များလျှောက်စားရင် ဟောင်ကောင်၏ညဦးပိုင်းကိုဖြတ်သန်းတတ်သည့်အလေ့ အထမှာ ရောက်ခါစ တစ်နှစ်၊ နှစ်နှစ်ဆီကမရှိခဲ့သော်လည်း နောက်ပိုင်း Central ကိုပြောင်းလာပြီးသည့် နောက်တွင်တော့ ခဏခဏရောက်ဖြစ်ခဲ့သည်။

ဟောင်ကောင်သည် ခရီးသွားဧည့်များအဖို့ ဇိမ်မြို့တော်ဖြစ်သည်။ လိုချင်သည့်အရာ လိုချင်သည့်ပုံစံကို ပိုက်ဆံများများသုံးပါက အလွယ်တကူရနိုင်သည့်နေရာပင်။ သို့သော်လည်း ဟောင်ကောင်တွင်အခြေချ နေထိုင်ရသည့်နိုင်ငံသားများ၊ အလုပ်သမားများအဖို့တော့ မလွယ်ကူပေ။ ကျွန်တော်တို့လိုမျိုးအရံသင့်ရှိ နှင့်နေပြီးသော နိုင်ငံခြားသားလုပ်သားများအတွက်လည်း အတော်ရုန်းကန်လှုပ်ရှားရသည့်နေရာဟုဆိုရ မည်ပင်။

“ကြည့်လိုက်ရင်တော့ နေရာတိုင်းမိုးမျှော်တိုက်တွေ၊ ပင်လယ်ပြင်ကြီးကိုဖြတ်ဆောက်ထားတဲ့အံမခန်း တံတားကြီးတွေနဲ့အရမ်းကိုထည်ဝါခမ်းနားနေတာပေါ့၊ ခရီးသွားတွေအကြိုက် ခဏတစ်ဖြုတ်လာလည် သူတွေသဘောကျနှစ်သက်မယ့်အနေအထားပေါ့၊ ဒါပေမဲ့ ဟောင်ကောင်ကိုအလုပ်လာလုပ်တဲ့သူတွေက နေ့စဉ်ငရဲကျနေသလိုပါပဲ”

ကျွန်တော်နေထိုင်ခဲ့သည် လန်တုကျွန်းမှ မြန်မာလူမျိုးအစ်ကိုတစ်ဦးကရင်ဖွင့်ပါသည်။ ဟောင်ကောင်၏ လူနေမှုပုံစံမှာမြင့်မားသကဲ့သို့ စရိတ်စားခလည်းအင်မတန်ကြီးမားလေသည်။ ဉပမာအားဖြင့် သာမာန် လုပ်သားတစ်ယောက်၏လစာမှာ မြန်မာငွေ ၂၅ သိန်းဆိုလျှင် သူနေထိုင်ရသောအခန်းစရိတ်မှာလည်း ၂၅ သိန်းခန့်ကုန်ကျပါသည်။ ထိုလုပ်သားရှာထားသောပိုက်ဆံမှာ အိမ်လခဖြင့်ကုန်နေပြီဖြစ်၍ အပိုငွေရှာ ဖွေရသည်။ နေ့စဉ်နှင့်အမျှ နေထိုင်စားသောက်စရိတ်အတွက်ကုန်းရုန်းရှာဖွေကာ ပူပန်ရလေသည်။ ထို့ ကြောင့် ဟောင်ကောင်ဆန္ဒပြပွဲများခဏခဏကြုံရပါသည်။ အထူးသဖြင့် ပြည်ပမှလာရောက်အခြေချ လုပ်ကိုင်သူများကို ဒေသခံများကမကျေနပ်ချင်ကြ။ တစ်လ ၂၅ သိန်းခန့်ပေးရသည့် အိမ်ခန်းမှာလူတစ် ယောက်စာနေထိုင်ရုံသာကျယ်ဝန်းပါသည်။ ၁၀ ပေပတ်လည်သာသာရှိပြီး တစ်ခါတစ်ရံမီးဖိုချောင်နှင့် အိမ်သာကို အကန့်မခြားနိုင်သည့်အခန်းခပ်စုတ်စုတ်များလည်းရှိလေသည်။

အိမ်ခန်းခကြီးမြင့်မှုမှာ ဟောင်ကောင်တွင်နေထိုင်သော လူတိုင်း၏ပြသနာဖြစ်လေသည်။ ကျွန်တော်တို့ ရုံးချုပ်ရှိရာ Central ဟောင်ကောင်မှာ ဈေးနှုန်းအမြင့်ဆုံးထဲတွင်ပါဝင်ပြီး နိုင်ငံ၏အချက်အချာနေရာတစ် ခုလည်းဖြစ်လေသည်။

“ငါတို့ လန်တုကျွန်းမှာခဏသွားနေရအောင် သက်ကို”

အခန်းဖော်ဖြစ်သည့် သက်ကိုနှင့်တိုင်ပင်ကာ လန်တုကျွန်းတွင်ခဏတာသွားနေဖူးသည်။ ဗဟိုဟောင် ကောင်ဒေသထက်စာလျှင်ဈေးသက်သာပြီး သစ်ရိပ်ဝါးရိပ်လည်းပေါသည်။ အစ်ကိုနှင့်အမှတ်တရများ လည်းရှိခဲ့သည့်နေရာ။ ပြီးတော့ ဘုရားကြီးလည်းရှိသည့်နေရာပင်။ လန်တုကျွန်းတွင်ဝယ်သောက်ခဲ့သည့် အအေးဘူးခွံကို မြန်မာနိုင်ငံသို့ယူဆောင်သွားခဲ့ပြီး ဟောင်ကောင်သို့ပြန်လာသည့်အခါတွင်လည်း ပြန် လည်ယူဆောင်လာခဲ့သည်။ ထိုအအေးဘူး၏ရင်းမြစ်ရှိရာနေရာတွင် အခြေချလိုစိတ်များလည်းဖြစ်ပေါ် နေခဲ့သည်ကြောင့် လန်တုကျွန်းတွင်နေထိုင်ရန် စုံစမ်းခဲ့သည်။

ရုံးအဆောင်သည် နိုင်ငံအရပ်ရပ်ရှိရုံးခွဲများမှ ဧည့်သည်များအဖို့ ခဏတစ်ဖြုတ်လာတည်းရန်စီစဉ်ထား ခြင်းဖြစ်ပြီး ကျွန်တော်တို့အတွက်ရေရှည်နေထိုင်ရန်မှာအဆင်မပြေ။ အဆောင်ရှိသော်လည်း သေသေချာ ချာမပြင်ရသေ။ အကြမ်းထည်ဆောက်ပြီးရုံသာရှိသေးသည်။ ထိုကြောင့် ရုံးချုပ်အဆောင်တွင်တစ်လခန့် နေပြီး လန်တုကျွန်းရှိ ကမ်းခြေနှင့်သိပ်မဝေးသော အိမ်လေးတစ်လုံးကိုငှားရမ်းနေထိုင်ခဲ့ဖူးပါသည်။

ထိုနေရာမှသည် ရုံးချုပ်ကိုလာရန်အတော်အသင့်ဝေးသော်လည်း ပြသနာမရှိ။ ရုံးက ရထားစရိတ်စိုက် ကာ အိမ်ခန်းစရိတ်ကိုတော့ တစ်ဝက်ချေပေးလေသည်။

“မင်းရွေးချယ်မှုတော်လိုက်တာ”

“အစ်ကိုနဲ့လာဖူးခဲ့တဲ့နေရာပေါ့ကွာ”

အေးချမ်းဆိတ်ငြိမ်သောဒေသဖြစ်သောကြောင့် လတ်ဆတ်သောလေကိုရသည်။ မြို့ပြ၏အငွေ့အသက် နှင့်ခဏတာဝေးကွာသွားစေသည်။ အစ်ကို့အငွေ့အသက်များ လန်တုကျွန်းတွင်ရှိကာ ဘုရားသွားဖူးတိုင်း အစ်ကို့ကိုလွမ်း၍ ငိုရသည်။ အလုပ်ပိတ်ရက်များတွင် စက်ဘီးငှားကာကမ်းဘေးတစ်လျှောက်ပတ်၍ရ သည်။ တစ်ခါတစ်ရံ ကမ်းခြေတွင်ရေကူးကာ မလှမ်းမကမ်းတွင်မြင်ရသည့် ဟောင်ကောင်မြို့ပြ၏မိုး မျှော်တိုက်များကိုငေးမောသည်။ ပြီးတော့ မြန်မာနိုင်ငံတည်ရှိရာကောင်းကင်ဆီကိုမော့ကြည်လျှင်အစ် ကို့အကြောင်းများကိုတွေးနေမိသည်။

သက်ကိုကတော့ ပထမနှစ်များတွင် ကျွန်တော့အတွက်သောက်ဖော်သောက်ဖက် အချိန်တော်တော်များ များပေးနိုင်သူဖြစ်သော်လည်း အောင်ခန့်နှင့်ငြိပြီးနောက်ပိုင်း ကျွန်တော့ကိုပေးသောအချိန်များကိုပြန် ရုပ်သိမ်းသွားလေသည်။ ချစ်သူနှင့်စကားပြောချိန်ကများနေသည်မို့ အားကျမုဒိတာပွားရုံမှအပမတတ် နိုင်ပေ။ တကယ်တော့ ရှစ်နှစ်ဆိုသောအချိန်ကာလသည် မနေ့တစ်နေ့ကလိုပင်။

လန်တုကျွန်းတွင် နှစ်နှစ်ခန့်နေပြီးသည့်နောက် ရုံးချုပ်အဆောင်လည်းပြီးသွား၍ ရုံးချုပ်နားရှိမူလနေရာ ကိုပြန်ရသည်။ ထိုအချိန်ကျမှ ပိုက်ဆံစပြီးဖောဖောသီသီသုံးနိုင်လေသည်။ ကျွန်းတွင်နေထိုင်သည့်စရိတ် ကလည်း မြို့ပြအိမ်ငှားစရိတ်နှင့်သိပ်မခြားနားပါ။

“သတိရတယ်ကွာ”

ကမ်းခြေတွင်ရေကူးလိုက် ကမ်းပေါ်တက်ကာ ပက်လက်လှန်ကောင်းကင်ကိုမော့ကြည့်လိုက် နှင့် အစ်ကို့ ကိုသတိရသည့်ရက်များကမရေမတွက်နိုင်အောင်ပင်။

“သူဘာလုပ်နေလဲ စုံစမ်းပေးရမလား၊ အောင်ခန့်ရှိတယ်လေ”

“ဟင့်အင်း၊ ဝေဒနာတွေထပ်မတိုးချင်တော့ပါဘူးကွာ”

“မင်းရည်းစားအသစ်ရမှပဲအဆင်ပြေမယ်၊ ဟောင်ကောင်မှာ အချောလေးတွေများပါတယ်ကွ၊ ရုံးချုပ်မှာ ပဲ ငါတို့မာကတ်တင်းဌာနမှာတော်တော်များများရှိတယ်”

“နေပါစေ သက်ကိုရာ၊ ငါ သူ့လောက်ဘယ်သူ့ကိုမှမချစ်နိုင်တာသေချာတယ်”

ငယ်စဉ်ကတည်းက အစွဲအလန်းကြီးသူမို့ သူကလွဲ၍အခြားသူဝင်လာရန် ကျွန်တော့ရင်ဘတ်ကခွင့်မပြု ခဲ့ပါချေ။

“ကိုယ်ကဘယ်လောက်ပဲချစ်နေနေ သူက ကိုယ်မကြိုက်တာတွေလုပ်တာများလာရင် ကိုယ့်ကိုအလေး မထားတော့ရင်အချစ်တွေတစ်ဖြည်းဖြည်းလျော့ကျတတ်တယ်တဲ့၊ မင်း သူ့ကို နာစရာနဲ့ဖြေလေ”

“သိပ်နာတာပေါ့ကွာ၊ သူ့လုပ်ရပ်ကို ငါတော်တော်နာကျဉ်းတယ်၊ ဒါပေမဲ့ အဲဒါက သူ့ကိုချစ်တဲ့အချစ်နဲ့ တစ်ခြားစီဖြစ်နေတယ်သူငယ်ချင်း”

“အေးကွာ ငါလည်းဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး”

ရန်ကုန်ကိုလည်းမကြာမကြာရောက်ရပါသည်။ သို့သော်လည်း သူရှိသည့်အရပ်သို့ယောင်လိုတောင်မ သွားခဲ့သလို သူ့အကြောင်းကိုလည်းလိုက်မစုံစမ်းဖြစ်ခဲ့။ ဟောင်ကောင်ကိုသွားလိုက် ရန်ကုန်ကိုပြန်လာ လိုက်ဖြင့် အချိန်တစ်ရွေ့ရွေ့ကုန်ဆုံးခဲ့ခြင်းပင်။ သက်ကိုက ခြောက်လတစ်ခါပြန်သလို ကျွန်တော်က လည်း ခြောက်လတစ်ခါ၊ တစ်ခါတစ်လေ တစ်နှစ်ကိုသုံးလေးခေါက်လောက်တောင် ရန်ကုန်ကိုလာဖြစ်ပါ သည်။ ရောက်တိုင်းလည်းသူဘာလုပ်နေသလဲဆိုသည်ကိုသိချင်စိတ်ပြင်းပြမိ၏။ သို့သော်လည်း သူအိမ် ထောင်တစ်ခုနှင့်နေသားတကျဖြစ်နေပြီဟူသည့် အသိက သူ့ကိုလျစ်လျူရှုရန်တွန်းအားဖြစ်သွားတော့ သည်။

“မင်း သူ့ကိုမေ့မရနိုင်တာငါသိတယ် ပြီးတော့….ပြီးတော့…”

ညအမှောင်ထုက ပိုပိုကြီးစိုးလာသည်နှင့်အမျှ ကျွန်တော်တို့အားလုံး၏ ခံစားမှုကလည်းရီဝေဝေဖြစ်လို့နေ သည်လေ။ မိုးချုပ်လေ ပိုစည်လေဖြစ်သည့် ညဈေးကတော့ အသံပေါင်းစုံ၊ အနံ့ပေါင်းစုံတို့ဖြင့်လာသမျှ ဧည့်သည်များကိုကြိုဆိုနေဆဲ။ လူကစိတ်အားနည်းနေ၍လားမပြောတတ် ဟောင်ကောင် Craft Beer ၏ တန်ခိုးကအရှိန်ပြလာလေသည်။ ပုံမှန်သွားနေကျ ဘားများတွင် ဆိုင်အပိတ်အထိသောက်လည်း လူက လန်းလန်းဆန်းဆန်းပင်။ ရှစ်နှစ်တာကာလအတွင်း ပုံမှန်သွားဖြစ်သည့် ဆိုင်များမှာ အက်ရှလေလမ်းမ (Ashley Road) တွင်ရှိသည့် Kowloon Taproom ဘား၊ ဟက်ပိုလမ်း (Hak Po Street) တွင်ရှိသည့် Mong Kok ဘား၊ The Beer Bay (ကျွန်တော်တို့နေထိုင်သည့် Central တွင်ရှိသည်) နှင့် HK Brewcraft (Central တွင်ပင်ရှိသည်) တို့ကိုအသွားများပါသည်။ လူအများပျားပန်းခတ်လှုပ်လှုပ်ရှားရှားဖြစ်နေသည် ကို ကြည့်ကာ စိတ်ဖိစီးမှုကိုဖြေဖျောက်ချင်သည့်အခိုက်အတန့်မျိုးကိုတွေ့လိုပါက Ladies Market ကို လာ၍ ဟောင်ကောင်ဒေသထုတ် Craft Beer ကိုမြည်းစမ်းသည့်အလေ့အထရှိခဲ့ကြသည်။ ဈေးလည်းပုံ မှန်ထက်သက်သာသည်ကိုး။

အောင်ခန့်နှင့်သက်ကိုတို့သည် “ပြီးတော့…ပြီးတော့” ဟူဆိုကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့် ကြလေသည်။ နှစ်ယောက်သားလည်းရီဝေဝေဖြစ်နေကြပြီ။ တစ်ယောက်ကိုတစ်ယောက်ကျီဇယ်ကလူ ပြုကာအမြည်းခွံကျွေးလိုက်၊ လက်ချင်းချိတ်ကာသောက်လိုက်နှင့်သာယာနေသော သူငယ်ချင်းစုံတွဲ။

“ပြီးတော့လေ ဆန်းနေရောင်”

သက်ကိုက အောင်ခန့်ကိုမေးငေါ့ မျက်ခုံးပင့်ပြကာ မင်းပြောလိုက်ဟူသည့်အထာဖြင့် အရိပ်အကဲလှမ်းပြ လေသည်။

“မင်းကို ကိုဝေယံမင်းထင်ကြီးကလည်း တစ်ရက်မှမေ့မရခဲ့ဘူးတဲ့”

“သူပြောတာလား”

“ဟုတ်တယ် သူပြောတာ”

“ဘယ်တုန်းကလဲ”

သာမန်မျက်ခုံးထက်နှစ်ဆခန့်ထူပြီး စကားပြောလျှင်ရှိသမျှမျက်လုံးကို အစွမ်းကုန်ပြူးကာပြောတတ် သည့် အောင်ခန့်သည် ကျွန်တော့အမေးကြောင့်မျက်လွှာချသွားသည်။ သူချစ်သူ သက်ကိုကတော့ ခေါင်း ထောင်လာကာ ကျွန်တော့မေးခွန်းကိုကူဖြေပေးရန်ချောင်းဟန့်လိုက်သည်။

“ဆန်းနေရောင်…မင်း ..မင်းစိတ်မဆိုးနဲ့ သားကြီး”

“အေး ဘာကိုလဲ”

“တကယ်တော့…တကယ်တော့လေ…အောင်ခန့် မင်းပြောလိုက်ကွာ၊ မင်းက ပိုပြောလို့ကောင်းမှာ”

“အာ…မင်းတို့နှစ်ကောင်ကိုတော့ ငါလုပ်မိတော့မယ်”

ကျွန်တော့စိတ်တိုခြင်း၊ ဂျီကျခြင်းများကို ထိုနှစ်ကောင်ကအများဆုံးခံရသည်။ အောင်ခန့်က ရန်ကုန်တွင် အလုပ်လုပ်၍ရသမျှသောပိုက်ဆံကိုစုကာဆောင်းကာဖြင့် ဟောင်ကောင်ကိုမကြာမကြာလာလည်တတ် သည်။ သူ့ချစ်သူရှိရာကိုလာခြင်းဖြစ်ပြီး နောက်ပိုင်းတော့ ဟောင်ကောင်နှင့် ရန်ကုန်ကိုအကြောင်းပြုကာ စီးပွားရေးလုပ်ငန်းများတောင်လုပ်နေလေပြီ။

“ကိုဝေယံက မင်းကိုလိုက်ရှာနေတာကြာပြီ၊ မင်းအကြောင်းစုံစမ်းနေတာကြာပြီ၊ မင်းနဲ့တွေ့အောင်ငါတို့ က တိတ်တိတ်လေးစီစဉ်ပေးကြတာ”

“ဟင်”

အရက်မူးလျှင်ကျွဲခိုးပေါ်နေသည့်နှစ်ကောင်ကြောင့် မှေးနေသောမျက်လုံးများပြူးကျယ်သွားခဲ့သည်။

“ဒါဆို Avenue of stars မှာတွေ့ခဲ့တာက ငါတို့အမှတ်တမဲ့တွေ့တာမဟုတ်ဘဲ တမင်တကာစီစဉ်ထားခဲ့ တာပေါ့ ဟုတ်လား”

“အင်း ဟုတ်တယ်၊ အား နည်းနည်းမူးလာပြီ ပြန်ကြရင်ကောင်းမလား”

အောင်ခန့်က အခုမှ မူးချင်ယောင်ဆောင်ကာ မျက်နှာလွှဲသည်။ ဝက်ဆာတေးတစ်ချောင်းကိုကိုက်ကာ သူ့ဘဲဖြစ်သူကိုလှမ်းကြည့်နေလေသည်။ ကျွန်တော်စိတ်ဆိုးလျှင် ကမူးရှူးထိုးမို့ နှစ်ယောက်စလုံးကခပ် လန့်လန့်ဖြစ်တတ်ကြသည်။

“ငါမေးတာကိုဖြေဦး”

“မင်းက စိတ်တိုတဲ့အသံနဲ့မေးနေတာကိုး၊ ငါ့ဘဲလေး ကြောက်နေပြီလေ၊ ဖြည်းဖြည်းပြောပါဟ၊ ပြီးတော့ စိတ်မဆိုးဘူးလို့ကတိပေး”

ကျွန်တော်တစ်ချက်ရယ်ကာ သက်ကို အင်္ကျီကိုတစ်ချက်ဆောင့်ဆွဲပြီးကျီဇယ်လိုက်သည်။

“မဆိုးဘူး မဆိုးဘူး ခွေးကောင်တွေရဲ့”

ထို့နောက် နှစ်ယောက်သားသံပြိုင်ထွက်လာသည်။

“ကိုဝေယံက မင်းကိုတွေ့ချင်တယ်ပြောလို့ ငါတို့စီစဉ်ပေးတာ”

သူ့ကြောင့်ငိုခဲ့ရသည့် ဝမ်းနည်းခဲ့ရသည့် ခံစားမှုများသည် ပဟေဠိများဖြစ်ကုန်တော့သည်။

>>>>>